စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပရန်နှင့် တိုင်းရင်းသားလက်နက်ကိုင်များအား နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရန် မကြာခဏ ဖိတ်ခေါ်နေချိန် တော်လှန်ရေးအင်အားစုများက ၂၀၂၅ ၌ ပိုမိုကောင်းမွန်သည့် စစ်ရေးရလဒ်များ ရရှိရေး ကြိုးပမ်းသွားမည်ဟု ပြောဆိုထားသည်။
ထိုအတွက် ၂၀၂၅ ၏ ပြည်တွင်းစစ်အခြေအနေနှင့် နိုင်ငံရေးပြောင်းလဲမှုများ အပါအဝင် လူထုလိုလားသည့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေးဆိုင်ရာကိစ္စများနှင့် ပတ်သက်၍ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဥက္ကဌ ခွန်းဘီထူးကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားသည်။
မေး ။ ။ ၇၇နှစ် ကြာပြီဖြစ်တဲ့ ပြည်တွင်းစစ် ရပ်စဲရေး အဓိကအဖြေက ဘာဖြစ်မလဲ။
ဖြေ ။ ။ ပြည်တွင်းစစ်ရပ်ဖို့က ဒီနေ့နိုင်ငံမှာ အားလုံးတောင်းဆိုနေတဲ့ တိုင်းရင်းသားတန်းတူ အခွင့်အရေးတွေကို အသိအမှတ်ပြုပေးပြီး အားလုံးကို ရင်ကြားစေ့အောင်၊ ပြန်လည်သင့်မြတ်အောင်လုပ်ရင်းနဲ့ နိုင်ငံရေးအဖြေကိုပေးဖို့က အဓိကကျပါတယ်။
ဒီနေ့ဒီအချိန်မှာ ကျနော်တို့နိုင်ငံကို ဖက်ဒရယ်စနစ်တခု လက်ခံပြီးမှ အဖြေရှာမယ်ဆိုရင် ဒီနေ့တော်လှန်ရေး၊ တိုက်ပွဲ တွေက ရပ်စဲသွားနိုင်ပါတယ်။ ပြီးရင် လွတ်လပ်တဲ့၊ သာယာအေးချမ်း တဲ့ တိုင်းပြည်တခုလည်း ဖြစ်နိုင်ပါတယ်
မေး ။ ။ လူထုလိုလားတဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို ဘယ်လိုပုံဖော်ချင်လဲ။
ဖြေ ။ ။ နိုင်ငံရေးအရ အခြေခံမူအားဖြင့် သဘောတူဖို့တော့ လိုတယ်။ ဘယ်လိုဖက်ဒရယ်မျိုးနဲ့ ချဉ်းကပ်မလဲ၊ ဘယ် လောက်အထိ အာဏာခွဲဝေရေး သွားကြမလဲဆိုတာ တကယ်ပဲ အဖြေရှာနိုင်ဖို့လိုတယ်။ ဒီနေ့စစ်ရေးနဲ့ အဖြေရသလောက် ညှိယူကြတဲ့ အခြေအနေမှာ တချို့ နေရာတွေက မဖြစ်မနေ ကွန်ဖက်ဒရေးရှင်းသွားရမယ့် အနေအထား ဖြစ်လာတယ်။ တချို့ နေရာတွေကတော့ ဗဟိုချုပ်ကိုင်မှုနဲ့ Decentralized လုပ်တဲ့ပုံစံမျိုးနဲ့ ပြည်ထောင်စုရဲ့ မတူကွဲပြားတဲ့ အာဏာခွဲဝေမှု တွေနဲ့ ပြည်နယ်ဖွဲ့စည်းမှုတွေနဲ့ သွားရတော့မယ့် အခြေအနေဖြစ်တယ်။
ကျနော်တို့ ကရင်နီပြည်မှာလည်း အုပ်ချုပ်နေတဲ့ အုပ်ချုပ်ရေးတွေ၊ စစ်ရေးတွေ အားလုံးသည် ကိုယ့်ဒေသမှာ မျှတအောင်၊ လူတွေကို ဖွံ့ဖြိုးတိုးတက်အောင် အနည်းဆုံး စားဝတ်နေရေးတွေ၊ ပညာရေး၊ ကျန်းမာရေး ပြေလည်အောင် စွမ်းဆောင်ရည် ပေးနိုင်တဲ့ အုပ်ချုပ်ရေးတွေကို ပြည်နယ်အသီးသီး၊ ဒေသအသီးသီးမှာလည်း လုပ်နိုင်တဲ့အတွက် အရာရာက ဗဟိုကနေ ချုပ်ကိုင်တဲ့ဟာနဲ့ မပြီးတော့ဘူး။ အဲဒါတွေကို လက်သင့်ခံပြီးမှ နိုင်ငံရေးသဘောတူညီမှုတွေ ပေးနိုင်ရင်တော့ ဖက်ဒရယ်ဒီမို ကရေစီရဲ့ အစကတော့ စလို့ရပါပြီ။
မေး ။ ။ ၂၀၂၅ မှာ ပြည်တွင်းစစ်အခြေအနေနဲ့ နိုင်ငံရေးပြောင်းလဲမှုတွေ ဘယ်လိုဖြစ်နိုင်တယ်လို့ ထင်ပါသလဲ။
ဖြေ ။ ။ စစ်ကောင်စီက ရွေးကောက်ပွဲလုပ်မယ်ဆိုပြီး ပြောနေသလို တော်လှန်ရေးအဖွဲ့တွေကို အပစ်အခတ်ရပ်စဲရေး လုပ်ဖို့ ခေါ်နေတာတွေရှိတယ်။ ဒါပေမယ့် စစ်ကောင်စီရဲ့ နောက်ကွယ်မှာက သူတို့ရဲ့ အာဏာတည်မြဲရေးအတွက်ရယ်၊ ဗဟိုချုပ်ကိုင်မှုရှိတဲ့ နိုင်ငံရေးစနစ်ကို ပြန်သွားဖို့ပဲ ဖြစ်တော့ ကျနော်တို့ အပါအဝင် ဒီနေ့ မြန်မာနိုင်ငံမှာရှိတဲ့ လူထုက လက်မခံတဲ့ နိုင်ငံရေးပလက်ဖောင်းမျိုး ဖြစ်နေတဲ့အတွက် ထိပ်တိုက် တိုက်ပွဲ တွေကတော့ ဆက်ရှိနိုင်သေးတယ်။
ဒီလိုရှိတဲ့အချိန်မျိုးမှာ သေချာတာက လူထုထောက်ခံမှုရှိတဲ့ နိုင်ငံရေးလမ်းကြောင်းက ပိုပြီးအောင်မြင်နိုင်မယ်၊ ပိုပြီးမှ လည်း ရှေ့ရောက်မယ့်အနေအထားမျိုးဆိုတော့ ၂၀၂၅ ထဲမှာ တိုက်ပွဲတွေ အတိုင်းအတာတခုအထိ ရှိပြီးမှ နိုင်ငံရေး ဘက်ကတော့ လူထုထောက်ခံမှုရှိတဲ့ နိုင်ငံရေးလမ်းစဉ်နဲ့ လမ်းကြောင်းကတော့ ပိုပြီးမှခိုင်မာတဲ့ နိုင်ငံရေးအုတ်မြစ်ချ နိုင်မှုတခုကို စလုပ်နိုင်မယ့်နှစ်လို့တော့ ယုံကြည်ပါတယ်။
မေး ။ ။ မြန်မာနိုင်ငံ လွတ်လပ်ရေး ကြေညာစာတမ်းမှာ ဖော်ပြတဲ့အတိုင်း ပြည်သူတွေ လွတ်လပ်ရေးရခဲ့တယ်လို့ ထင်ပါသလား။
ဖြေ ။ ။ နိုင်ငံရဲ့ လွတ်လပ်ရေးကတော့ ရခဲ့တာအမှန်ပဲ။ ကိုယ့်အတွင်းရေးကြောင့်သာ လွတ်လပ်မှုတွေက ပိတ်ပင်နေ ကြတာ၊ အခုခံစားနေရတဲ့ ဖိနှိပ်မှုတွေ၊ မတရားအာဏာသိမ်းမှုတွေ၊ ဒါမှမဟုတ် တပ်ရဲ့အကျိုးစီးပွားတွေ၊ လူတစုရဲ့ အကျိုး စီးပွားတွေကို ဆုပ်ကိုင်တဲ့အချိန်မျိုးမှာ လွတ်လပ်နေတဲ့ အရာတွေအားလုံးကို ဖိနှိပ်တာတွေ၊ လက်နက်အားကိုးပြီးမှ ဖိနှိပ် တဲ့ဟာတွေ ဖြစ်လာတဲ့အတွက် လွတ်လပ်မှုက အမှန်တကယ် မရလာဘူး။ လွတ်လပ်မှုကို အမှန်အကန်ပေးနိုင်ဖို့ က ဒီနေ့ဒီအချိန်မှာ ကောင်းမွန်တဲ့ ခေါင်းဆောင်ကောင်းတွေ လိုတယ်။
၁၉၄၇ လောက်က နိုင်ငံခေါင်းဆောင်တွေရဲ့ အတွေးအမြင်မျိုးနဲ့ ကျနော်တို့ နိုင်ငံသစ်ပုံစံတခုကို ဒီနေ့ခေါင်းဆောင်တွေ အားလုံးလိုက်တွေးပြီးမှ နိုင်ငံရဲ့အစီအမံ အသစ်တွေကို ရေးဆွဲနိုင်ဖို့လိုတယ်။ ကျနော်တို့ ပြည်တွင်းမှာ ဖြစ်နေတဲ့ပြဿနာ တွေကို နားလည်မှုယူပြီး နိုင်ငံရေးပုံစံတခုကို သွားနိုင်ဖို့လိုသလို လူထုတွေအားလုံး ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ ကျား/မ မရွေး အားလုံးရဲ့ အခွင့်အရေးတွေကို တန်းတူအောင်ပေးပြီးလွတ်လပ်မှုကို ဖန်တီးရင်တော့ တကယ့်လွတ်လပ်ရေးတွေက ရရှိမှာဖြစ်တယ်။ လွတ်လပ်ရေး အသီးအပွင့်တွေကို အဲဒီအချိန်မှာ ကောင်းကောင်းမြင်ခွင့်ရပါလိမ့်မယ်။

မေး ။ ။ အမှန်တကယ် လွတ်လပ်မှုကို ပေးနိုင်ဖို့ ဘယ်လိုနိုင်ငံရေး၊ အုပ်ချုပ်ရေးစနစ်တွေကက ပိုပြီးအဆင်ပြေမယ်လို့ ထင်ပါသလဲ။
ဖြေ ။ ။ တနိုင်ငံလုံးရဲ့ အတိုင်းအတာတော့ ဒီနေ့ဒီအချိန်မှာ ပြောရခက်တယ်။ ကျနော်တို့ရဲ့ တိုက်ပွဲက နံပါတ်တစ် အာဏာရှင်စနစ် ပြုတ်ကျရေးပေါ့။ ဒါ အဖြေမရှိသေးဘူး။ ကြိုးစားနေတုန်းပဲ ပြုတ်ကျလိမ့်မယ်လို့ အားလုံး ယုံကြည်တယ်။ ဒါပေမယ့် နိုင်ငံအနာဂတ်ကို ဘယ်လိုပုံစံနဲ့ သွားမလဲဆိုတဲ့ဟာက ကျနော်တို့ အဖြေတော့မသိသေးဘူး။
ဒါပေမယ့် ကျနော့်ရဲ့ ပြည်နယ်၊ ဒေသမှာက လူတိုင်းကိုတော့ လွတ်လပ်ခွင့်ကို အာမခံရဲတယ်။ ကျနော်တို့ လျှောက်ရ မယ့်လမ်း၊ ကျနော်တို့ ထိန်းချုပ်ထားတဲ့နယ်မြေတွေ၊ ကျနော်တို့ လူထုတွေ လိုလားတဲ့ပုံစံကို ကျနော်တို့ ရအောင်ဖန်တီး လို့ရတယ်။
အဲဒါက အစိုးရကို ဒီမိုကရေစီစနစ်နဲ့ ရွေးကောက်တင်မြှောက်ရမယ်။ အာဏာသုံးရပ်ကို ခွဲခြားထားလိုက်မယ်။ ပြီးရင် လူတိုင်းက လွတ်လွတ်လပ်လပ် သွားလာလို့ရတယ်၊ ယုံကြည်လို့ရတယ်၊ စီးပွားရှာလို့ရတယ်။ စီးပွားရှာတဲ့ဟာတွေ ကိုလည်း အစိုးရတရပ်ရပ်က ဥပမာ နေပြည်တော်အစိုးရပဲဖြစ်ဖြစ်၊ ရန်ကုန်အစိုးရပဲဖြစ်ဖြစ် မထိန်းချုပ်ရလေအောင် လူထု တွေရဲ့ ပိုင်ဆိုင်မှုတွေကို အာမခံနိုင်တဲ့ နိုင်ငံရေးပလက်ဖောင်းတခုကို ကျနော်တို့ သွားမယ်။ ရအောင်လည်း တည်ဆောက် နေတယ်။
အခုလည်း စစ်ကောင်စီ ဖိနှိပ်နေတဲ့ကြားထဲကပဲ ဒီယန္တရား၊ ဒီစနစ်ကိုတည်ဆောက်ပေးနေတယ်။ လူထုကိုအတတ်နိုင်ဆုံး အစိုးရရဲ့ တာဝန်ဝတ္တရားတွေဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်စောင့်ရှောက်ရမယ့်ဟာတွေကို ကျနော်တို့ လုပ်ပေး နေတယ်။ ဒီနည်းနဲ့ပဲ ကျနော်တို့ လွတ်လပ်မှုတွေကိုရအောင် တိုက်ပွဲဝင်သွားမှာ ဖြစ်တယ်။
ဒီတိုက်ပွဲဝင်ပုံစံကိုပဲ ဒီနိုင်ငံမှာ အပြိုင်အဆိုင် ပြိုင်ကြရအောင်လို့ ကျနော့်အနေနဲ့ ဖိတ်ခေါ်လိုတယ်။ ဘယ်ပြည်နယ်၊ ဘယ် ဒေသမှာ၊ ဘယ်ခေါင်းဆောင်တွေက နိုင်ငံရဲ့လွတ်လပ်မှုတွေ၊ နိုင်ငံရဲ့တန်းတူညီမျှမှုတွေ ဘယ်သူ အကောင်းဆုံး ပေးနိုင်လဲ ဆိုတာကို ကျနော်တို့ ပြိုင်ကြရအောင်။ ဒီနည်းနဲ့ပြိုင်ရင်တော့ တနိုင်ငံလုံးရဲ့ လွတ်လပ်မှုတွေက ရကြလိမ့်မယ်လို့ ကျနော် ယုံကြည်တယ်။ ဒီမှာရှိတဲ့ ခေါင်းဆောင်တွေအားလုံး အထူးသဖြင့် ဒီမိုကရက်တစ်ဘက်မှာနေနေတဲ့ ခေါင်းဆောင်တွေ အားလုံးကလည်း ဒီသဘောထား အပြည့်အဝရှိတယ်လို့ ကျနော့်အနေနဲ့ ယုံကြည်ပါတယ်ခင်ဗျ။
မေး ။ ။ စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်ရေးဆိုတာ ဘယ်လောက်ထိ နီးစပ်နေပြီလို့ သုံးသပ်မိသလဲ။
ဖြေ ။ ။ တတိုင်းတပြည်လုံး လွတ်မြောက်နိုင်ဖို့က အချိန်နီးစပ်နေတယ်။ ဒါကလည်း ဘယ်အပေါ်မှာ မူတည်သလဲဆို ကျနော်တို့ လူထုတွေရယ်၊ ခေါင်းဆောင်တွေရယ် ညီညွတ်ကြဖို့ အရေးကြီး တယ်။ စစ်နည်းဗျူဟာတွေက မတူညီတဲ့ပုံစံနဲ့ ကျနော်တို့ ကျော်ဖြတ်ကြရတယ်။ ပုံစံတွေကလည်း မတူကြဘူး။ တချို့နေရာတွေက ပိုလွတ်လပ်မှုမြန်တယ်လို့ ထင်ရပေ မယ့် တနိုင်ငံလုံးမလွတ်မြောက်ရင် လွတ်မြောက်မှုမဟုတ်ဘူး။ အဲဒါကြောင့် တနိုင်ငံလုံး လွတ်မြောက်ဖို့က အင်မတန်လိုပါ တယ်။
စစ်ကောင်စီက နေပြည်တော်မှာ ရှိနေသေးသရွေ့ သူ့တပ်တွေကိုစုပြီး ရခိုင်ကိုလည်း ပြန်သွားတိုက်နိုင်သလို ကိုးကန့် ကိုလည်း အချိန်မရွေး ဗုံးကြဲနိုင်သေးတယ်။ ကျနော်တို့ ကရင်နီကိုလည်း အချိန်မရွေး စစ်ကြောင်းထိုးနိုင်တယ်။
လွတ်လပ်မှု အမှန်အကန် စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်ချင်တယ်ဆိုရင် တနိုင်ငံလုံးက လက်တွဲညီညီနဲ့ ဆက်သွားနေဖို့လိုတယ်။ လူထုတွေရဲ့ ပံ့ပိုးကူညီမှု သတင်းပေးမှု လှုပ်ရှားမှုပုံစံအမျိုးမျိုးနဲ့ ဆက်ရှိနေဖို့လိုတယ်။ ဒါကြောင့် ဒီစနစ်တွေကို ဖြိုချတဲ့နေရာမှာတော့ ကာလ၊ ရက်တွေသတ်မှတ်ပြီးမှ အပြီးအပြတ်လုပ်နိုင်ဖို့ ခက်လိမ့်မယ်။
နံပါတ်တစ်ကတော့ လူထုတွေ ညီညွတ်သရွေ့ ကျနော်တို့ ကြိုးစားမှု မဆုတ်မနစ်လုပ်သ၍၊ အခုလိုမျိုးပဲ ဟန်ချက်ညီညီ နားလည်မှုရှိရှိ လုပ်နိုင်သရွေ့ကတော့ ဒီကာလလေးမှာ ပိုပြီးမှမြင်ရလိမ့်မယ်။ အထူးသဖြင့် ၂၀၂၅ ကတော့ ကျနော်တို့ မျှော်လင့်ဖို့ ပိုနီးစပ်လာတယ်ဆိုတာကို ပြသတယ်။
စစ်အင်အားအရရော၊ နိုင်ငံရေးအင်အားအရရော ကျနော်တို့မှာ ညီညွတ် နေတယ်ဆိုတာရှိတဲ့အတွက် စစ်ကောင်စီဘက် က ရွေးကောက်ပွဲလည်း လုပ်နိုင်မှာမဟုတ်သလို ပြန်ပြီးမှလည်း လွယ်လွယ်နဲ့ တိုက်စစ်ပြန်ဆင်နိုင်မှာ မဟုတ်ပါဘူး။ ကျနော်တို့ဘက်ကတော့ စုဆောင်းထားတဲ့ဟာလေးတွေနဲ့ အခွင့်ကောင်းတခုယူပြီး တော့ ဆက်ပြီးမှ စစ်ကောင်စီကို ဖိအားပေးရင်တော့ ဒီနေ့ ဒီနိုင်ငံကလွတ်မြောက်မယ်၊ လွတ်လပ်တဲ့ နိုင်ငံတနိုင်ငံလည်း ဖြစ်လာလိမ့်မယ်။
မေး ။ ။ ၂၀၂၅ အတွက် စစ်ရေးအခြေအနေကိုရော ဘယ်လို ပြင်ဆင်ဆောင်ရွက်ထားပါသလဲ။
ဖြေ ။ ။ စစ်ကောင်စီရဲ့ ထိုးစစ်ကို ကျနော်တို့ တလှည့်ပြန်ခံစားရတယ်။ ဒါပေမယ့် ဒီနေ့အထိ အရင် သူတို့ စွန့်လွှတ်ခဲ့ ရတဲ့နယ်မြေတွေရဲ့ ၅ ပုံ ၁ ပုံလောက်တောင်မှ ပြန်ပြီး ယူနိုင်စွမ်းမရှိသေးဘူး။ လမ်းမကြီးကိုထိန်းနိုင်ဖို့ အသည်းအသန် ကြိုးစားနေတယ်။ ဒါကိုတော့ ကျနော်တို့ဘက်က အားရတယ်။
ခံစစ်ကို ကျနော်တို့ ကောင်းကောင်း ဆင်နိုင်တာရှိတယ်။ ရှေ့လျှောက်မှာ ကျနော်တို့ အင်အားကို ချင့်ချိန်ပြီး ရထားတဲ့ လက်နက်ခဲယမ်းတွေရယ်၊ သွားရမယ့်နေရာတွေ၊ စနစ်ကိုဖြိုမလား၊ မြို့ကိုဦးစားပေးသိမ်းမလားဆိုတာ ရွေးချယ်စရာ လေးတွေ ပိုဖြစ်လာတယ်။ ဒီသင်ခန်းစာတွေကို အခြေခံပြီးမှ ၂၀၂၅ ထဲမှာ ကျနော်တို့ အကောင်းဆုံးစစ်ရေးရလဒ်တွေကို ဖော်ဆောင်မှာဖြစ်တယ်။ စစ်ရေးတခုတည်းတော့ မဟုတ်ဘူးပေါ့။ အုပ်ချုပ်ရေးတွေ၊ လူမှုစီးပွားရေးတွေရော ကျနော်တို့ ရပ်တည်ဖို့ ဟန်ချက်ညီညီ သွားဖို့လိုတယ်။
ဒါကြောင့်မလို့ စစ်ကောင်စီက ပြီးခဲ့တဲ့ ၃၁ ရက်နေ့ နှစ်သစ်မကူးခင်မှာ အရပ်သားတွေကို ဦးတည်ပြီးမှ တိုက်ခိုက် တဲ့ဟာ တွေ ပိုများလာတယ်။ စစ်ရှောင်စခန်းတွေ တိုက်တဲ့ဟာတွေ ပိုများလာတယ်။ ဒါဘာကိုပြလဲ ဆိုတော့ ပြည်သူတွေ ရပ်တည် နေတဲ့ လူမှုစီးပွားတွေကို ဖျက်ဆီးဖို့လုပ်သလို ပြည်သူတွေအသုံးပြုနေတဲ့ အင်တာနက်တွေကို ဖြတ်တောက်ဖို့ ကြိုးစားတဲ့ ဟာမျိုးတွေဖြစ်တယ်။ ဒါကကျနော်တို့ရဲ့ ဟန်ချက်ညီသွားနိုင်မှုနဲ့ တောင့်ခံနိုင် စွမ်းကို ပြသတာဖြစ် တယ်။
ကျနော်တို့ဘက်က ၂၀၂၅ မှာ ကျနော်တို့ရဲ့ တိုက်စစ်အင်အားကို သုံးသပ်ပြီးတော့မှ အကောင်းဆုံး လုပ်နိုင်ဖို့ပဲလိုတယ်။
အခု ကချင်ဘက်မှာ တိုက်နေတယ်။ မန္တလေးဘက်မှာ တိုက်ပွဲတွေ များနေတယ်။ ကရင်ဘက်မှာလည်း တိုက်ပွဲတွေ ရှိနေတယ်။ ဒီတိုက်ပွဲတွေအားလုံးက ကျနော်တို့ ဟန်ချက်ညီညီနဲ့ တယောက်နဲ့တယောက် ဖလှယ်ပြီးမှ သွားနေဖို့လိုတယ်။ ဒါက ၂၀၂၅ ထဲမှာ ကျနော်တို့ရဲ့အောင်ပွဲပဲဖြစ်တယ်။
စစ်ကောင်စီရဲ့ထိုးစစ်က အခုချိန်မှာ အရမ်းပျော့ညံ့နေတယ်။ စစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရကြောင့် ခေါ်ဖမ်းပြီးမှ ရောက် လာတဲ့ တပ်သားသစ်တွေ ၆၀ ကျော်လောက်က တပ်ပြေး အဖြစ် ကျနော်တို့ဆီမှာ ရောက်လာကြတာရှိတယ်။ ဒီအင်အားနဲ့ စစ်ကောင်စီက တပ်တွေကို တည်ဆောက်လို့မရဘူး။ ဒီအင်အားနဲ့ စစ်ကောင်စီက နယ်မြေတပ်တွေကို ပြန်ပြီးမှ ထိန်းချုပ်နိုင်စွမ်းမရှိဘူးဆိုတာလည်း ပြသပါတယ်ဗျ။

မေး ။ ။ စစ်ကောင်စီက ကျင်းပဖို့ကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးဆိုတာတွေကို ဘယ်လိုသဘောထားပါသလဲ။
ဖြေ ။ ။ ရွေးကောက်ပွဲ ဖြစ်လာမလားဆိုတာ တော်တော်လေးကို သံသယရှိတယ်။ ဖြစ်လာခဲ့ရင်လည်း ရွေးကောက်ပွဲ ဝင်မယ့် နိုင်ငံရေးပါတီတွေက လက်နက်တွေကိုင်ပြီး ရွေးကောက်ပွဲ ဝင်ပြိုင်ကြမယ်လို့ ကြွေးကြော်ကြတယ် ကျန်အဖွဲ့ တွေက နှောင့်ယှက်မှာစိုးတယ်ဆိုတာမျိုး ပြောကြတယ်။
ဒီရွေးကောက်ပွဲက လက်နက်ကိုင်ပြီးမှ မဲဆွယ်ကြမယ်၊ လက်နက်ကိုင်ပြီးမှ လွှတ်တော်အမတ်တွေ ဖြစ်လာကြမယ် ဆိုရင် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာစရာ အကြောင်းမရှိဘူး။ နိုင်ငံရေးသမားတွေ အားလုံး၊ နိုင်ငံရေးပါတီ တွေအားလုံးကလည်း စစ်ကောင်စီရဲ့ ဘက်တော်သားတွေဖြစ်ပြီးမှ စစ်ကောင်စီလိုလားတဲ့ နိုင်ငံရေး ပုံစံခွက်ထဲကို ရောက် လာကြတော့မယ့်လူတွေ ဖြစ်လာတော့မယ်။ အဲဒီတော့ ဒီဟာက အော်ဂလီဆန်ဖို့ကောင်းတဲ့ ရွေးကောက်ပွဲပုံစံတခု ဖြစ်လိမ့်မယ်။ ဒါက ပထမတချက်ပါ။
ဒုတိယတချက်ကတော့ ဒီလိုရွေးကောက်ပွဲလုပ်နိုင်ဖို့ လက်နက်ကိုင်အဖွဲ့တွေ အင်အားစုတွေကို ငြိမ်ချမ်းရေးစကားပြောဖို့ စစ်ကောင်စီက တချို့နေရာတွေမှာ စာနဲ့သော်လည်းကောင်း၊ နှုတ်နဲ့သော်လည်းကောင်း ထုတ်ဖော်ပြောပေမယ့် သူ့ရဲ့ လုပ်ရပ်က နေ့တိုင်း ဗုံးကြဲ လက်နက်ကြီးတွေ ပစ်နေတယ်၊ နေ့တိုင်း ပြည်သူတွေကို သတ်ဖြတ်နေတယ်။
ဒီလိုနည်းနဲ့ စစ်ကောင်စီကို ယုံကြည်ပြီး “သြော် သူ့ရဲ့ ဖိတ်ခေါ်မှုက ရိုးသားပါတယ်” ဆိုပြီး လက်နက်သွားချ အညံ့ခံရ လောက်တဲ့ ကျနော်တို့က အပေါစားတော်လှန်ရေးသမားတွေ မဟုတ်ကြဘူး။ ကျနော်တို့မှာ ထင်ရှားတဲ့ယုံကြည်မှု၊ ထင်ရှား တဲ့ အကြောင်းပြချက်တွေရှိသလို စစ်ကောင်စီရဲ့ ဖိတ်ခေါ်မှုကို မယုံရတဲ့အကြောင်းအရာတွေ အပြည့်အနှက်ရှိနေတယ်။
ဒီကြားထဲမှာ နိုင်ငံတကာတချို့က ကျနော်တို့အပေါ်မှာ ဖိအားပေးတာတွေ တွေ့ရတယ်။ ဒီနည်းနဲ့ ငြိမ်းချမ်းရေးဆိုတာ ဖြစ်လာနိုင်စရာအကြောင်းမရှိဘူး။ ဒီနည်းနဲ့ နိုင်ငံရေးညှိနှိုင်းဆောင်ရွက်လို့ရတဲ့ ပုံစံမျိုးမဟုတ်ဘူး။ စစ်ကောင်စီဘက်က လုပ်သင့်တာတခုကတော့ နိုင်ငံရေးအာဏာကို စွန့်လွှတ်ဖို့ကြေညာပြီးမှ နိုင်ငံတခုခုမှာ သွားခိုလှုံတာက အကောင်းဆုံးပဲ လို့ ကျနော်အနေနဲ့ မြင်ပါတယ်။
မေး ။ ။ ပြည်တွင်း နိုင်ငံရေးအင်အားစုတချို့ရဲ့ ငွေဆောင်ဆွေးနွေးချက်ဆိုတာကိုရော ဘယ်လိုမြင်ပါသလဲ။
ဖြေ ။ ။ ငွေဆောင်ကြေညာချက်အပေါ်မှာတော့ အထူးတလည် မှတ်ချက်ပေးဖို့မရှိဘူး။ မြေပေါ်မှာ ရပ်တည်နေတဲ့ စစ်ကောင်စီဘက်ကို မလိုက်လိုတဲ့ နိုင်ငံရေးအင်အားစုတချို့ကတော့ နိုင်ငံရေး Space ကို ရှာဖွေဖို့၊ ရတဲ့နိုင်ငံရေး Space ကနေပြီးမှ နိုင်ငံရေးအကြောင်းအရာတွေကို ပြောဆိုညှိနှိုင်းနိုင်ဖို့အတွက် တွန်းကြမှာပဲပေါ့နော်။ ဒါတွေကလည်း နိုင်ငံရေး တွန်းအားတခု ကြိုးစားကြတဲ့ဟာပဲဖြစ်တယ်။
ဒီလိုပြောတဲ့အချိန်မှာ စစ်ကောင်စီကို အရှုံးပေးလို့ ပြောတဲ့ဟာမျိုး မဟုတ်ဘူး တတိယလှိုင်းတခုသွားဖို့ ပြောတဲ့ဟာလည်း မဟုတ်ဘူးလို့ ကျနော်မြင်တယ်။ အဓိကက ဒီနေ့တိုင်းပြည်မှာ သူတို့ရဲ့ မြေပေါ်မှာနေနေတဲ့ အင်အားစုတခုရဲ့ အသံကို ကြားနေရတယ်။ သိနေ ရပြီပေါ့နော်။
စစ်ကောင်စီနဲ့ ကျနော်တို့မှာ အင်အားက နှစ်မျိုးသုံးမျိုးပဲရှိတယ်။ တခုက စစ်ကောင်စီနဲ့ သူ့နောက်လိုက်တဲ့ အင်အားစု တွေရှိမယ်၊ ဒါကတော့ ကျနော်တို့နာမည်တွေ မပြောလိုဘူး။ နိုင်ငံရေးပါတီတချို့ရှိတယ်။ နောက် အသင်းအဖွဲ့တချို့ ရှိမယ် ပေါ့နော်။ ပြီးရင်တော့ လုံးဝမားမားမတ်မတ်ရပ်ပြီး စစ်ကောင်စီကို မပြုတ်ပြုတ်အောင်တိုက်မယ်ဆိုတဲ့ အင်အားစုတွေ ရှိတယ်။ ဒီကြားထဲမှာ မြေပေါ်မှာနေနေရတဲ့ အင်အားစုတွေရှိတယ်။
သူတို့ရဲ့အသံကိုတော့ လစ်လျူရှုလို့မရဘူး။ သူတို့ ပြောခွင့်ရှိစေရမယ်။ ဒါပေမယ့် ဒီနေ့တည်ဆောက်ရမယ့် နိုင်ငံရေး ပလက်ဖောင်းက အခုလိုမျိုး လွတ်လပ်ရေးရကတည်းက ဖြစ်နေတဲ့ ပြဿနာ အကြီးကြီးကို ကျနော်တို့က အပျော့နည်းနဲ့ ဆွဲလို့မရဘူး၊ အညံ့ခံလိုက်လို့မရဘူး။
ကျစ်လစ်မှုမရှိတဲ့ နိုင်ငံတကာရဲ့ ဖိအားတွေ၊ နိုင်ငံရေးအဖြေကို ပေးတာမဟုတ်ဘဲနဲ့ ပြဿနာကိုကျော်လိုတဲ့ နိုင်ငံရေး လုပ်ရပ်တွေ ကတော့ ကျနော်တို့အတွက် အဖြေမဟုတ်ဘူး။ ကျနော်တို့တည်ဆောက်လိုတဲ့ လွတ်လပ်မှုနဲ့ ဖက်ဒရယ်ဒီမိုကရေစီ စနစ်တွေ ကို ရအောင်တည်ဆောက်သွားဖို့ ကျနော်တို့ဘက်ကတော့ လုပ်သွားမှာပဲဖြစ်ပါတယ်ဗျ။
မေး ။ ။ ဘာများ ဖြည့်စွက်ပြောချင်တာ ရှိပါသေးလဲ။
ဖြေ ။ ။ ပြန်သုံးသပ်ရင် ၁၉၄၇ ဝန်းကျင်မှာ ကျနော်တို့ရဲ့ နိုင်ငံ့ခေါင်းဆောင်တွေ၊ တိုင်းပြည်ကို တကယ်လွတ်လပ်လိုတဲ့ ခေါင်းဆောင်တွေက ဖက်ဆစ်စနစ်၊ ကိုလိုနီစနစ်ကို ဆန့်ကျင်ပြီးမှ လွတ်လပ်ရေးရအောင် ယူပေးခဲ့တဲ့ ခေါင်းဆောင်တွေ ရှိခဲ့သလို အခုချိန် အာဏာရှင်စနစ်ကို ဖြိုချဖို့ကြိုးစားနေတဲ့ ကာလဖြစ် တယ်။ ဒီကာလနှစ်ခုက တိုင်းပြည်ရဲ့ အခက်ခဲဆုံး၊ အမှောင်မည်းဆုံးအချိန်တွေ ဖြစ်တယ်။
ဒါပေမယ့် ကျနော်တို့ တိုက်တဲ့ တိုက်ပွဲက မနက်ဖြန်မှာ ပိုလွတ်လပ်တဲ့၊ ပိုပြီးမှတန်းတူမှုရှိတဲ့ တိုက်ပွဲတခုကို သွားနေရတာ ဖြစ်တယ်။ အဲဒီတော့ ဒီလိုတိုက်ပွဲ ဝင်နေတဲ့ ကျနော်တို့ ညီအကိုမောင်နှမတွေအားလုံး၊ ခေါင်းဆောင်တွေအားလုံးကို ကျနော်တို့နဲ့ လွတ်လပ်မှုကို အတူတူရယူ ကြရအောင်။ ဒီတိုင်းပြည်မှာ ကျနော်တို့ လွတ်လပ်ရေးကြေညာလိုက်ပြီးမှ တတိုင်းတပြည်စီ ကွဲနေတဲ့ပုံစံမျိုး မဟုတ်ဘူး။ ကျနော်တို့နိုင်ငံ ပြည်ထောင်စုက တခုတည်းဆက်ရှိပြီးမှ ကျနော်တို့ အသီးသီးရဲ့ လွတ်လပ်မှုတွေကို အတူတူမျှယူကြရ အောင်။ ဒီ ၂၀၂၅ ထဲမှာပဲ ဒီရလဒ်ကိုရအောင် အကောင်အထည် ဖော်ကြရအောင်လို့ ကျနော့်အနေနဲ့ ပြောကြားလိုပါတယ်။
You may also like these stories:
၇၇နှစ်မြောက် လွတ်လပ်ရေးနေ့နှင့် သူတို့အမြင်
မင်းတပ်က ချင်းတောင်ပိုင်းရော၊ ယောနယ်အတွက်ပါ အဓိကကျတယ်
တော်လှန်ရေးခရီးက တဖက်မှာ နိုင်ငံရေး မိုးလေဝသတွေ ရှိနေတယ်