ဒီတပတ် ကလေးများနဲ့ ပတ်သက်ပြီးတော့ ကျမ တင်ပြဆွေးနွေးချင်တဲ့ အကြောင်းအရာကတော့ ကလေးတွေကို တံဆိပ်ကပ် နေကြတဲ့ အကြောင်းပါ။ ကျမတို့ ငယ်ငယ်ကတော့ ကလေးတို့ကို ဆုံးမတယ် ဆိုရင်ဖြင့် ဆရာ၊ ဆရာမရော၊ မိဘများကပါ ရိုက်နှက်ပြီးတော့ ကြောက်အောင်လန့်အောင်လို့ ခြောက်လှန့် ဆုံးမတတ် ကြပါတယ်။ ဒါပေမယ့် အခု နောက်ပိုင်းမှာတော့ ကလေး ကျွမ်းကျင်သူ ပညာရှင်များ၊ စိတ်ပိုင်းဆိုင်ရာ ပါရဂူများရဲ့ သုတေသန တွေ့ရှိချက်များ အလိုအရ ကလေးကို မရိုက်ရ မနှက်ရ၊ နားလည်အောင် ပြောဆို ဆုံးမရမယ်လို့ ဆိုလာပါတယ်။ ကျောင်းတွေမှာ၊ အိမ်တွေမှာ ကလေးကို မရိုက်ရပါဘူး။ ရိုက်နှက် ဆုံးမခြင်းအားဖြင့် ကလေးတို့ မလိမ်မာနိုင်ဘူးလို့ ပညာရှင်များက မိဘ၊ ဆရာမများကို သတိပေး ပြောဆို လာခဲ့ကြ ပါတယ်။ ဒါကြောင့်လည်း ဟိုး အရင်ကထက် စာရင်တော့ ကျမတို့ တိုင်းပြည်မှာ ကလေးတို့ကို ကျောင်းတွေမှာ ရိုက်နှက်ဆုံးမတာမျိုး တော်တော်ကို နည်းလာပြီလို့ ဆိုနိုင်ပါတယ်။ အထူးသဖြင့် အပြင်ပုဂ္ဂလိက ကျောင်းများမှာ ကလေးတို့ကို လုံး၀ မရိုက်ကြ၊ မနှက်ကြတော့ပါဘူး။
ဒါပေမယ့် ဆရာ၊ ဆရာမများ၊ မိဘများဟာ ကလေးကို မရိုက်ရဘူး ဆိုတာကို သိကြပေမယ့် ကလေးများရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်၊ ကလေးအတွေး၊ ကလေးရဲ့ အမြင် စတာတွေကို နားလည်နိုင်စွမ်း ကတော့ တော်တော်လေးကိုမှ နည်းပါးလှ ပါသေးတယ်။ ကလေးတို့ရဲ့ အတွေး၊ ကလေးတို့ရဲ့ အမြင်ဟာ လူကြီးတွေရဲ့ အတွေး၊ လူကြီးတွေရဲ့ အမြင်နဲ့ လုံး၀ မတူပါဘူး။ သူတို့လေးတွေဟာ ထိခိုက်လွယ်ကြ၊ ခံစားလွယ် ကြတယ်။ လူကြီး ပြောသမျှကိုလည်း တကယ့် အဟုတ်လို့ ထင်ကြတဲ့ အရွယ်ပါ။ ဒါကြောင့်မို့လို့ လူကြီးများ အနေနဲ့ ကလေးများကို ပြောဆို ဆုံးမတဲ့အခါမှာ အင်မတန်မှကို သတိထားရ ပါတယ်။
ကျမ ကလေးနဲ့ပတ်သက်တဲ့ စာတွေကို အခုလို မဖတ်ရ၊ မလေ့လာရသေးတဲ့ အချိန် ဟိုးလွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က ဂျပန်လူမျိုး မိတ်ဆွေတယောက် အိမ်ကို သွားလည်ခဲ့ဖူးပါတယ်။ သူတို့ အိမ်မှာ ငါးနှစ်အရွယ် အမြွှာ ကလေး နှစ်ယောက်ရှိ ပါတယ်။ နှစ်ယောက်စလုံး ချစ်စရာလေးတွေပါ။ ကျမက ကလေးတွေကို ချစ်စနိုးစိတ်နဲ့ အင်မတန် အသုံးမကျတဲ့ မေးခွန်း တခုကို ကလေးတွေရှေ့မှာပဲ သူ့အမေကို မေးလိုက်မိပါတယ်။ ဒီမေးခွန်းက သူတို့နှစ်ယောက် ဘယ်သူ ပိုတော်လဲ ဆိုတဲ့ မေးခွန်းပါ။ အမျိုးသမီးက မျက်နှာအကြီးအကျယ် ပျက်သွားပြီးတော့ “နှစ်ယောက်စလုံး တော်တယ်” လို့ ဖြေပါတယ်။ ခဏကြာတဲ့ အခါမှာတော့ ဂျပန်အမျိုးသမီးက ကျမကို ပြောပါတယ်။ ကလေးတွေကို နှိုင်းယှဉ် မပြောဖို့၊ အဲဒီလို နှိုင်းယှဉ် ပြောတာကြောင့် ကလေးတွေရဲ့ ရင်ထဲမှာ ငါကတော့ သူ့လောက် မတော်ဘူး ဆိုတဲ့စိတ် ဝင်သွားမယ် ဆိုရင် သူ့ ဘ၀ တလျှောက်လုံးမှာ ဘာကိုပဲ ကြိုးစား ကြိုးစား ဒီ အငုံ့စိတ်နဲ့ မအောင်မြင်နိုင် ဖြစ်သွားတတ်တယ် ဆိုတဲ့ အကြောင်းပါ။ နောက်ပိုင်း ကျမ ကလေးများနဲ့ ပတ်သတ်တဲ့ ကလေးစိတ်ပညာရပ် စာအုပ်တွေ၊ ကလေးပြုစု စောင့်ရှောက်ရေး စာတွေ ကို ဖတ်မှတ်လေ့လာတဲ့ အချိန် ရောက်လာတော့မှ အင်မတန်မှ ရှက်စရာ ကောင်းတဲ့၊ မမေးသင့်တဲ့ မေးခွန်းတခုကို ကျမ မေးခဲ့မိပါလား ဆိုတာကို သိလာရပါတယ်။
ဟုတ်ပါရဲ့။ ကျမတို့ဟာ ဘာရယ်မဟုတ်၊ ကလေးတွေကို လွယ်လွယ်ပဲ တံဆိပ်ကပ်တတ် ကြပါတယ်။ ကလေး တခုခု ကောင်းတာလေး လုပ်ပြလိုက်တိုင်း ဂရုတစိုက်နဲ့ “သားသား လိမ်မာတယ်၊ တော်တယ်” လို့ ချီးကျူးဖို့ မေ့နေပေမယ့်၊ ကလေး မဟုတ်တာ တခုခု လုပ်လိုက်ပြီ ဆိုတာနဲ့ “ဒီကလေး ဆိုးလာပြီ၊ မလိမ်မာတော့ဘူး” လို့ ပြောလိုက်ဖို့ ဝန်မလေးကြပါဘူး။
ကလေးတွေဟာ တနေ့တနေ့ “အသုံးမကျဘူး၊ ညံ့တယ်၊ ဘယ်သူ့လောက် ဘယ်သူက မတော်ဘူး” စသဖြင့် မိဘ၊ ဆရာများ ရဲ့ နိစ္စဓူ၀ တံဆိပ်ကပ် ပြောဆိုမှုများ ခံနေကြရ ပါတယ်။ တချို့ ဆရာများ ပြောတတ်တာ ရှိပါသေးတယ်။
“နင်တို့ အတန်းက အဆိုးဆုံး အတန်းပဲ” ဆိုတာမျိုးပါ။ “သားသား၊ မီးမီးတို့ ဆိုးတာ ဘယ်သူတွေ ဘယ်သူတွေတောင် သိကုန်ပြီ” ဆိုတာမျိုးလည်း ပြောတတ်ကြပါသေးတယ်။ ဆရာ၊ ဆရာမ တယောက် အနေနဲ့ အင်မတန်ကိုမှ မလုပ်သင့် မပြောသင့်တဲ့ အပြောအဆို မျိုးပါပဲ။ ဆရာ၊ ဆရာမတို့ အနေနဲ့ ဒီလို ပြောလိုက်မယ် ဆိုရင်ဖြင့် ကလေးက မခံချင်စိတ်နဲ့ လိမ်မာသွားကြ လိမ့်မယ်၊ ပြောင်းလဲလာကြလိမ့်မယ်လို့ ထင်ကောင်း ထင်ပါလိမ့်မယ်။ ဒါပေမယ့် အဲဒီလို ပြောင်းလဲသွားဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင် ပါဘူး။ ဒီလို ပြောဆိုလိုက်ခြင်းကြောင့် ကလေးရဲ့ ရင်ထဲမှာ မနာလိုစိတ်နဲ့ သိမ်ငယ်စိတ် များသာ ဝင်လာနိုင်ပါတယ်။
ကလေးတို့ရဲ့ ရင်ထဲမှာ သူတို့ ဆိုးတယ်၊ ငါကတော့လူဆိုးပဲ ဆိုတဲ့ အတွေးလေး ရောက်သွားမယ် ဆိုရင် ကလေးတို့ရဲ့ စိတ်ပိုင်းဆိုင်ရာမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်တဲ့စိတ်၊ ကိုယ့်ကိုယ်ကိုယ် အကောင်းမြင်တဲ့စိတ် လျော့နည်းလာပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်တဲ့ စိတ် နည်းတဲ့၊ ကိုယ့်ကိုယ်ကိုယ် အကောင်းမြင်တဲ့ စိတ် နည်းတဲ့ ကလေးမျိုးဟာ ဘာကိုပဲ လုပ်လုပ် အောင်မြင်အောင် လုပ်နိုင်စွမ်းလည်း နည်းလာတတ်ပါတယ်။ စာ သင်ကြားရေးမှာပါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု နည်းလာတတ်ပါတယ်။ ကလေး ဆိုတာမျိုးက ထိလွယ် ရှလွယ်တဲ့ သူများပါ။ ကျမတို့ လူကြီးများတောင်မှ အလုပ်ထဲမှာ ကိုယ်လုပ်သမျှ မကောင်းပြောခံရရင်၊ ကိုယ့်ကို မကြာမကြာ မကောင်း ဝေဖန်ခံရမယ် ဆိုရင် စိတ်ဓာတ်တွေ ကျလာပြီးတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပျောက်လာတတ်ကြပါတယ်။
နောက်တခုကတော့ ကျမတို့ မြန်မာ မိဘတွေ ပြောတတ်၊ လုပ်တတ်ကြတဲ့ တံဆိပ်ကပ်မှုများပါပဲ။
“ဒီကလေး မွေးလာမှ စီးပွားတက်တယ်” တို့၊ “ဒီကလေးက ခိုက်တတ်တယ်” တို့၊ “မိဘကို ငယ်ငယ်ကတည်းက ကောင်းကျိုး မပေးတဲ့သား” တို့ ဆိုတာတွေပါပဲ။ ဒီလို စကားမျိုးတွေနဲ့ ကြီးပြင်းလာတဲ့ ကလေးမျိုးဟာ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုမှ မယုံကြည်နိုင် တော့ပါဘူး။ အငယ်လေးမွေးမှ စီးပွားတက်တယ် ဆိုတဲ့ စကားကို အမြဲ ကြားနေရတဲ့ အကြီး ကလေးများဟာ သူ့ကိုယ်သူ ကံဆိုးတဲ့ ကလေး၊ မိဘကို စီးပွားတက်အောင် လုပ်မပေးနိုင်တဲ့ ကလေးအဖြစ် ဘ၀ တလျှောက်လုံး အပြစ် မလုပ်ပါဘဲနဲ့ အပြစ်ရှိသလို ခံစားနေရတတ်ပါတယ်။ ခိုက်တယ်လို့ အပြောခံရတဲ့ ကလေး ခမြာမှာလည်း ဘဝတလျှောက်လုံး သူ့ကိုယ်သူ အပြစ်သား တယောက်လို ခံစားပြီးတော့ နေလာရတော့ တာပါပဲ။
တကယ်တော့ ကလေးတယောက် လိမ်မာယဉ်ကျေးဖို့၊ ထူးချွန်ထက်မြက်ဖို့၊ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်ပြီးတော့ အကောင်းမြင်စိတ် ရှိဖို့ ဆိုတာ ကလေးနဲ့ နီးစပ်တဲ့ ဆရာ၊ ဆရာမများ၊ မိဘများ အပေါ်မှာ မူတည်ပါတယ်။ ကလေးတို့ အတွက် ပတ်ဝန်းကျင်ဟာ အင်မတန်မှ အရေးကြီး ပါတယ်။ အနာဂတ်မှာ လူကြီးဖြစ်လာမယ့် ကလေးတို့ အတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိဖို့၊ ကိုယ့်ကိုယ်ကိုယ် အကောင်းမြင် စိတ်ရှိဖို့ သိပ်ကို လိုပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိတဲ့သူ၊ ကိုယ့်ကိုယ်ကိုယ် အကောင်းမြင်စိတ် ရှိတဲ့လူများဟာ လူ့လောက လူ့ဝန်းကျင်ကို အငုံ့စိတ်နဲ့ အန္တရာယ် မပြုတတ်ကြ ပါဘူး။ လူတယောက် (ကလေးတယောက်) ရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးဟာ ခန္ဓာကိုယ် သန်စွမ်း ကျန်းမာရေး လိုပဲ အရေးကြီးတာကြောင့် မိဘ၊ ဆရာများ အနေနဲ့ ကလေးများကို လွယ်လွယ်ကူကူ တံဆိပ်ကပ်ခြင်းမှ ရှောင်ကြဉ်ပေးကြပါဦးလို့။