မြန်မာတွေ စဉ်းစားရမယ့် ခရိုင်းမီးယား သင်ခန်းစာ

ညီစောလွင်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

လတ်တလောဖြစ်ပွားနေတဲ့ ရုရှားလက်နက်ကိုင်တွေ ယူကရိန်းနိုင်ငံရဲ့ ခရိုင်းမီးယားဒေသကို ဝင်တပ်စွဲတာကိုကြည့်ပြီး မြန်မာ့နိုင်ငံရေးအတွက် နှိုင်းယှဉ် သင်ခန်းစာထုတ်စရာတွေ ဖြစ်လာနေပါတယ်။ နိုင်ငံရေးစနစ်နဲ့ ပထဝီ နိုင်ငံရေးရူ့ထောင့် ကြည့်ရင် ရုရှားနဲ့ တရုတ်တို့ ကြားမှာ တူညီချက်များစွာရှိသလို ယူကရိန်းနဲ့ မြန်မာတို့ကြားမှာ တူညီချက်များစွာ ရှိပါတယ်။ ဒီလိုပဲ ရုရှား-ယူကရိန်း ဆက်ဆံရေးနဲ့ တရုတ်-မြန်မာဆက်ဆံရေးမှာ နှိုင်းယှဉ်စဉ်းစားစရာ အချက်တွေ တော်တော်များများတူနေလို့ ခရိုင်းမီးယား အရေးက မြန်မာပြည်အတွက် စိုးရိမ်စရာရော၊ သင်ခန်းစာ ယူစရာတွေရော အမြောက်အမြား ရှိပါတယ်။

ရုရှားဟာ ယူကရိန်းနဲ့ ခြံစည်းရိုးချင်း ကပ်နေတဲ့ ဂရိတ်ပါဝါ ဖြစ်သလို တရုတ်ဟာလည်း မြန်မာနဲ့ ခြံစည်းရိုးချင်း ကပ်နေတဲ့ ဂရိတ်ပါဝါဖြစ်နေတယ်။ ရုရှားဟာ ယူကရိန်းရဲ့ အဓိက ကုန်သွယ်ဖက် ဖြစ်သလို တရုတ်ဟာလည်း မြန်မာရဲ့ အဓိက ကုန်သွယ်ဖက်ဖြစ်တယ်။ ရုရှားဟာ ယူကရိန်းရဲ့ အကြီးဆုံး ကြွေးရှင်ဖြစ်သလို၊ တရုတ်ဟာ မြန်မာရဲ့ အကြီးဆုံး ကြွေးရှင်ဖြစ်တယ်။ ရုရှားနဲ့ တရုတ်တို့ဟာ အာဏာရှင်ဆန်တဲ့ နိုင်ငံတွေ ဖြစ်ပြီး ယူကရိန်းနဲ့ မြန်မာတို့ဟာ ဒီမိုကရေစီစနစ်ကို ကူးပြောင်းဖို့ အားယူနေဆဲ နိုင်ငံတွေဖြစ်တယ်။

ဒီမိုကရေစီအသွင်ကူးပြောင်းတဲ့ နိုင်ငံနဲ့ ခြံစည်းရိုးချင်း ကပ်လျက်မှာ အားကြီးတဲ့ အာဏာရှင်နိုင်ငံ ရှိခြင်း၊ မရှိခြင်းဆိုတဲ့ အချက်ဟာ ပညာရှင်တွေ ထည့်သွင်း စဉ်းစားကြတဲ့ အချက်ဖြစ်ပါတယ်။ ဒီအချက်ဟာ တရုတ်ပြည် နောက်ဖေးပေါက်နားက မြန်မာပြည်အတွက် အထူး စဉ်းစားသင့်တဲ့ အချက်ဖြစ်ပါတယ်။ ဒီလို ပြောလို့ အင်အားကြီးတဲ့ အာဏာရှင်နိုင်ငံနဲ့ အိမ်နီးချင်းမို့လို့ ဒီမိုကရေစီ မျှော်လင့်ချက်တွေကို စွန့်လွှတ်လိုက်ဖို့ မဆိုလိုပါဘူး။ သင်ခန်းစာယူဖို့နဲ့ သတိရှိနိုင်ဖို့ လိုတယ် ဆိုတာကို ပြောချင်တာပါ။

ယူကရိန်းရဲ့ ပထမအမှားက ရုရှားရဲ့ အကျိုးစီးပွားကို လျစ်လျူရူ့ခဲ့တယ်။ ယူကရိန်းမှာ အကျင့်ပျက်ပြီး ညံ့ဖျင်းတဲ့ အစိုးရကို လူထုအုံကြွမှုနဲ့ ဖြုတ်ချနိုင်ခဲ့ပါတယ်။ ကောက်ခါငင်ခါ အာဏာရလာတဲ့ အစိုးရ တရပ်အနေနဲ့ ခြံစည်းရိုးချင်းကပ်နေရုံသာမက အင်အားကြီးတဲ့ အိမ်နီးချင်းနဲ့ ဆက်ဆံတဲ့နေရာမှာ လက်တွေ့ကျပြီး ပူးပေါင်းဆောင်ရွက်တဲ့ ပုံစံမျိုး မဖြစ်ခဲ့ဘဲ ရုရှားဆန့်ကျင်ရေး စိတ်ဓာတ်တွေကို ပြသခဲ့တယ်။ တကယ်တော့ ယူကရိန်း နိုင်ငံတည်ငြိမ်ရေးအတွက် ရုရှားရဲ့ ပူးပေါင်း ဆောင်ရွက်မှုကို မရရင် မဖြစ်နိုင်ပါဘူး။

ဒုတိယအမှားက လူနည်းစု အခွင့်အရေးနဲ့ ဆိုင်ပါတယ်။ ကိယက်မြို့တော်ကနေ ယန်နိုကူဗစ် ထွက်ပြေးသွားတယ်ဆိုရင်ပဲ ယူကရိန်း လွှတ်တော်က ရုရှားဘာသာစကားနဲ့ တခြား လူနည်းစုတွေရဲ့ ဘာသာစကားကို တရားဝင်အဆင့်အတန်းကနေ ဖျက်သိမ်းခဲ့တယ်။ ခရိုင်းမီးယား ဒေသမှာ ရုရှားလူဦးရေက ၆၀ ရာခိုင်နှုန်း၊ ယူကရိန်းက ၂၅ ရာခိုင်နှုန်း၊ တာတာ (မွတ်စလင်) တွေက ၁၂ ရာခိုင်နှုန်း ရှိပြီး လူဦးရေရဲ့ ၉၇ ရာခိုင်နှုန်းဟာ ရုရှားစကားကို အဓိက ဘာသာစကားအနေနဲ့ အသုံးပြုကြပါတယ်။

ကီယက်မြို့မှာ ယူကရိန်း အစိုးရသစ်က ရုရှား ဘာသာစကားကို တရားဝင် ဘာသာစကားအဖြစ်ကနေ ဖျက်သိမ်းလိုက်တဲ့အခါ ခရိုင်းမီးယားက ရုရှားလိုလားတဲ့ အရပ်သားတွေကပဲ လွှတ်တော်ကို ဝင်သိမ်းဖို့ ကြိုးစားကြတယ်။ ယူကရိန်းမြေပေါ်မှာ ရုရှားတွေအတွက် အန္တရာယ် ကျရောက်တော့မယ့် အရိပ်အယောင်တွေ တွေ့နေရတယ်ဆိုပြီး ပူတင်အတွက် အကြောင်းပြ တခါတည်း ရသွားပါတယ်။

လွန်ခဲ့တဲ့ နှစ်တွေကတည်းက ပထဝီ နိုင်ငံရေးနဲ့ ရှေ့ဖြစ်ဟော စာရေးဆရာတွေက အင်အားကြီး နိုင်ငံတွေကြားက အာဏာပြိုင်တွေကို ကြိုတင်နိမိတ်ဖတ်ခဲ့ပါတယ်၊ ရောဘတ်ကာဂန် (Robert Kagan) ရေးတဲ့ “သမိုင်းတကျော့ပြန်နှင့် အိပ်မက်များ နိဂုံး” (The Return of History and the End of Dreams) စာအုပ်နဲ့ သိပ်မကြာခင်က ထွက်ထားတဲ့ ဂျော့ ဖရိုင်းမင်း (George Friedman) ရဲ့ နောက်လာမယ့် နှစ် ၁၀၀ ( The Next 100 years) စာအုပ်မှာ ဒီနေ့ ခရိုင်းမီးယား ပြဿနာကို ကြိုတင် နိမိတ်ဖတ်ထားပါတယ်၊ ဂျော့ဖရိုင်းမင်းဆိုရင် ၂၀၂၀ မတိုင်ခင်မှာ ရုရှားက ဆိုဗီယက် ပြည်ထောင်စုအဖွဲ့ဝင်ဟောင်းတွေအပေါ် သြဇာစက်ကွင်းချဲ့ထွင်တာကို အထင်အရှားတွေ့ရလတ္တံလို့ နိမိတ်ဖတ်ခဲ့ပါတယ်၊ ရုရှားလိုပဲ သတိထားရမယ့် နိုင်ငံက တရုတ်နိုင်ငံလို့ ဆိုထားပါတယ်။

“ရုရှားက ခရိုင်းမီးယား ဒေသကို ကျူးကျော်ခွင့်ရသွားရင် ဒါက ပထမ ခြေလှမ်းပဲ။ အကျိုးဆက်က ယူကရိန်း ပိုင်နက်တခုတည်း မဟုတ်ဘူး၊ တကမ္ဘာလုံးအပေါ် ဂယက်ရိုက်သွားမယ်လို့ ပြောရဲတယ်” လို့ ယူကရိန်းရဲ့ အထင်ရှားဆုံး အတိုက်အခံ နိုင်ငံရေးသမားလည်းဖြစ်၊ ဝန်ကြီးချုပ်ဟောင်းလည်း ဖြစ်တဲ့ တီမိုရှန်ကိုက သတိပေးတယ်။ အလားတူ သတိပေးတဲ့ တယောက်ကတော့ နာမည်ကျော် စာရေးဆရာ ဇာကာရီယာ ဖြစ်ပါတယ်။

သူက “ ရုရှားက အိမ်နီးချင်းနိုင်ငံဆီကကနေ အစိတ်အပိုင်းတခုကို သိမ်းသွင်းတာကို လက်ပိုက်ကြည့်နေကြရင် တရုတ်နိုင်ငံလို တခြား ဂရိတ်ပါဝါတွေကလည်း အလားတူ လိုက်လုပ်ကြရင် မခက်ကုန်ဘူးလား” လို့ သတိပေးပါတယ်။ ဇာကာရီယာရဲ့ ခန့်မှန်းချက်သာ အမှန်ဖြစ်ခဲ့ရင် ယူကရိန်လို ကံကြမ္မာမျိုး ပထမဆုံးကြုံရမယ့် နိုင်ငံဟာ မြန်မာနိုင်ငံလို့ ထင်ပါတယ်။ ခရိုင်းမီးယား ဒေသလိုပဲ သမိုင်းကြောင်းအရရော၊ ပထဝီ နိုင်ငံရေးအရရော အမှားမခံတဲ့ နယ်နိမိတ်မျဉ်းတွေ (fault lines) မြန်မာပြည်နဲ့ တရုတ်ပြည် နယ်နိမိတ်မျဉ်း တလျှောက်လုံးမှာ ရှိနေပါတယ်။

တရုတ်နဲ့မြန်မာတို့ ကြားက နယ်နိတ်မျဉ်းကို သတ်မှတ်နိုင်တာ နှစ်ပေါင်း ၆၀ ရှိပြီ ဆိုပေမယ့် မြန်မာပြည် တည်ငြိမ်ရေးဟာ ယူကရိန်းလိုပဲ တရုတ်ရဲ့ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ပါတယ်။ ဥပမာ ၀ နယ်ဆိုရင် ခရိုင်းမီးယား ဒေသနဲ့ အတော်လေး ဆင်တူပါတယ်။ “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှာ အစိုးရက ရွေးကောက်ပွဲတွေကို မကျင်းပနိုင်ပါဘူး။ “ဝ”တွေ မြန်မာစကားကို မပြောကြပါဘူး။ မြန်မာအစိုးရက ကချင်နယ်ကို စစ်ဆင်နေတဲ့အချိန်မှာ တရုတ်က ၀ တပ်ကို ခေတ်မီ လက်နက်တွေကို တပ်ဆင်ပေး နေတယ်ဆိုတဲ့ ထိုင်းအခြေစိုက် လုံခြုံရေးဆိုင်ရာ သုတေသန အဖွဲ့ (HIS Jane’s Intelligence Review) က အစီရင်ခံပါတယ်။ တရုတ်သံရုံးက ဒါကို ငြင်းဆန်ပါတယ်။

သေချာတာကတော့ ၀ နယ်ဟာ တရုတ်ငွေ၊ တရုတ်ဆဲလ်ဖုန်းကို သုံး၊ တရုတ်ပြည်က လျှပ်စစ်ကို သွယ်ယူပြီး တရုတ်ပြည်က အင်တာနက်နဲ့ ချိတ်ထား ပါတယ်။ ဒါက ဥပမာ တခုကိုပဲ ထုတ်ပြတာပါ။ တကယ်တော့ တရုတ်-မြန်မာ နယ်စပ်က မိုင်ပေါင်း (၁၃၀၀) ရှည်ပြီး နယ်စပ်တလျှောက်မှာ အစိုးရကို ဆန့်ကျင်နေတဲ့ တိုင်းရင်းသားတပ်တွေ ရှိနေပါတယ်။

တကယ်တော့ ယူကရိန်းနဲ့ ရုရှားတို့ကြားမှာ လွန်ခဲ့တဲ့ နှစ် ၂၀ က နယ်မြေ မကျူးကျော်ရေး အကျုံးဝင်တဲ့ စာချုပ်ချုပ်ဆိုထားတာရှိပါတယ်။ ယူကရိန်းက နယူးကလီးယား လက်နက်ကို စွန့်လွှတ်ရေးနဲ့ ယူကရိန်းရဲ့ လွတ်လပ်ရေးနဲ့ နယ်မြေပိုင်နက်ကို အာမခံရေး နားလည်မှု စာချုပ် Budapest Memorandum (1994) ရှိပါတယ်၊ ဒါကြောင့် ခရိုင်းမီးယား အရေးအခင်းက စာချုပ်စာတမ်းတွေဟာ ဘာ အာမခံချက်မှ မရှိဘူးဆိုတဲ့ အဓိပါယ် သက်ရောက်ပါတယ်။

အဲဒီစာချုပ်မှာ ယူကေနဲ့ အမေရိကန် ပြည်ထောင်စုတို့လည်း လက်မှတ် ထိုးထားလို့ သူတို့ ဘာတတ်နိုင်မလဲ ဆိုတာကို စောင့်ကြည့်ရမယ့် သဘောရှိပါတယ်။ “သမိုင်းတကျော့ပြန်နှင့် အိပ်မက်တွေရဲ့ နိဂုံး” စာအုပ်ထဲက အဖြေက စိတ်ပျက်စရာပါ၊ “ အကယ်၍ ယူကရိန်း ဒါမှမဟုတ် ဂျော်ဂျီယာမှာ ရုရှားက စွန့်စွန့်စားစား နိုင်ငံရေးကစားလာရင် အမေရိကားရော၊ ဥရောပနိုင်ငံတွေပါ ဘာလုပ်နိုင်မလဲလို့ မေးရင် အဖြေက ဘာမှ မလုပ်နိုင်ပါဘူး” တဲ့။

ဆိုဗီယက်ပြိုကွဲပြီးခါစ (၁၉၉၂-၁၉၉၃) နှစ်တွေမှာ ရုရှားဝန်ကြီးချုပ် Yegor Gaidar ရဲ့ အကြံပေး တာဝန်ယူခဲ့ဖူးတဲ့ ထင်ရှားတဲ့ စီးပွားရေးပညာရှင် ဂျက်ဖရီဆာ့ချ်စ်ကတော့ ခရိုင်းမီးယား ပြဿနာကို ပဋိပက္ခမကြီးထွားစေဘဲ ဖြေရှင်းဖို့ဆိုရင် ရုရှားဘက်က ယူကရိန်းရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်နက်ကို လေးစားဖို့နဲ့၊ ယူကရိန်းကလည်း ရုရှားရဲ့ အကျိုးစီးပွားနဲ့ စိုးရိမ်သောကတွေကို နားလည်ဖို့လိုတယ် ဆိုတာပါပဲ။

ယူကရိန်းနဲ့ ရုရှားဆက်ဆံရေးလိုပဲ မြန်မာနဲ့ တရုတ်ဆက်ဆံရေးမှာလည်း တရုတ်အကျိုးစီးပွား ဆိုတာကို လျစ်လျူမရူ့ဖို့ လိုပါလိမ့်တယ်။ မြန်မာပြည်မှာ တရုတ်အကျိုးစီးပွား ၄ မျိုး ရှိတယ်လို့ Brookigns Institution က သုတေသီ ယန်ဆန်ရဲ့ စာတမ်းမှာ ဖော်ပြပါတယ်။ နယ်စပ်တည်ငြိမ်ရေး၊ စွမ်းအင်ဖူလုံရေး၊ စီးပွားရေးရင်းနှီးမြှုပ်နှံမှု၊ ပထဝီ နိုင်ငံရေးအရ မဟာဗျူဟာမြောက် အသုံးဝင်မှုတို့ ဖြစ်ပါတယ်။ ခရိုင်းမီးယား ပြဿနာကို နမူနာယူပြီး မြန်မာပြည် အကူးအပြောင်းကာလမှာ တရုတ်ရဲ့ အရေးကြီးတဲ့ အကျိုးစီးပွားတွေကို သတိနဲ့ ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ရမယ့် သဘောရှိပါတယ်။

တဖက်မှာ မြန်မာပြည်အပေါ် တရုတ်ရဲ့ သြဇာလွှမ်းမိုးမှု ကြီးထွားလာရတဲ့ သမိုင်းကြောင်းကို ခြေရာပြန်ကောက်ဖို့ လိုပါလိမ့်မယ်။ “တရုတ်ဖဲ” ဗျူဟာကို ပြန်သုံးသပ်ဖို့ လိုပါတယ်။ မြန်မာတိုင်းရင်းသား အချင်းချင်း စစ်မှန်တဲ့ ပြည်ထောင်စု တည်ဆောက်ရေး အတွက် အပေးအယူလုပ် ညှိနှိုင်းတာ မလုပ်ဘဲ တရုတ်အားကိုးနဲ့ ပြိုင်ဖက်ကို အနိုင်ယူဖို့ ကြိုးစားရင်း နောက်ဆုံးတော့ ဘယ်သူ့ဘယ်သူမှ အနိုင်မရဘဲ တရုတ်ရဲ့ အသုံးချဘဝကို ရောက်မှန်းမသိ ရောက်သွားရတဲ့ အဖြစ်ကို နောင်တရကြဖို့ အချိန်တန်ပါပြီ၊ ဒီလိုမှမဟုတ်ရင်တော့ အမျိုးသား အကျိုးစီးပွားချင်း ယှဉ်တဲ့ အခါတိုင်း မြန်မာတွေကပဲ တရုတ်ကို အလျှော့ပေး တပမ်းရှုံးနေရတဲ့ ဘဝကနေ ရုန်းထွက်နိုင်မှာ မဟုတ်ပါဘူး။ ဒီမိုကရေစီနဲ့ အလှမ်းဝေးနေပါလိမ့်မယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading