ရခိုင်သူရဲကောင်း အလိုရှိသည်

စည်သူအောင်မြင့်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

၂၀၁၁ သမ္မတ ဦးသိန်းစိန် အစိုးရသစ် တက်မလာခင် ရခိုင်ပြည်နယ် နဲ့ ဒီနေ့ ရခိုင်ပြည်နယ် အခြေအနေကိုကြည့်ရင် အတော့်ကို အံ့သြစရာ အလှည့်အပြောင်း အခြေအနေကြီး တစ်ခုကို တွေ့ကြရမယ် ဖြစ်ပါတယ်။

ကိုယ့်အသက် ကိုယ့်ခန္ဓာကိုယ်ကို မငဲ့ကွက်ပဲ အသေခံ၊ ထောင်အကျခံပြီး ဒီမိုကရေစီရေးအတွက် ဖိနှိပ်ရက်စက်တဲ့ စစ်အာဏာရှင်တွေကို ရဲရဲတောက် တိုက်ပွဲဝင်ခဲ့ကြတဲ့ ရခိုင်ခေါင်းဆောင်တွေနဲ့ ရခိုင်ပြည်သူတွေဟာ ၂၀၁၄ ခုနှစ်ရောက်တော့ ဘင်္ဂလီ ဆန့်ကျင်ရေး အကြီးအကျယ် လုပ်ကိုင်နေကြတာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။

ဘင်္ဂလီတွေကို ဘက်လိုက် အကူအညီပေးတဲ့သူတွေ ထွက်သွား၊ တရားမဝင် အကူအညီပေးနေသူတွေကို ဖော်ထုတ်၊ သန်းခေါင်စာရင်း ကောက်တဲ့အခါ ဘင်္ဂလီတွေကို ရိုဟင်ဂျာ နာမည် ဖြည့်ခွင့်ပေးလိုက်ရင် ရခိုင်တစ်ပြည်နယ်လုံး သပိတ်မှောက်ပစ်မယ် စတဲ့ ကြွေးကြော်သံတွေ ညံစီနေပြီး ရခိုင့်နိုင်ငံရေးဟာ ဒီမိုကရေစီရေး၊ ရခိုင်တွေ စီးပွားရေး ဖံွ့ဖြိုးတိုးတက်ရေး၊ ရခိုင်ပြည်နယ် တည်ငြိမ်ဖံွ့ဖြိုးတိုးတက်ရေး၊ ရခိုင်တွေ ပညာတတ်ရေး ဆိုတာတွေထက် ဘင်္ဂလီ ဆန့်ကျင်ရေးဘက်ကို ဦးတည်သွားနေတာ တွေ့ကြရပါတယ်။ ဝမ်းနည်းစရာပါ။ (၃) နှစ်တာ ကာလ အတွင်း ခုလို ဘာကြောင့် ပြောင်းသွားလဲ ဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။

သမ္မတ ဦးသိန်းစိန် ရာထူးတာဝန် မယူခင်က မြန်မာတစ်ပြည်လုံး စစ်အာဏာရှင် စနစ် လက်အောက် ကျရောက်ခဲ့သလို ရခိုင်ပြည်နယ်ဟာလည်း စစ်အာဏာရှင် စနစ်အောက်မှာပဲ ရှိခဲ့ပါတယ်။ စစ်အာဏာရှင်တွေရဲ့ ကြမ်းတမ်းတဲ့ ဖိနှိပ်မှုကို ကြံ့ကြံ့ခံ ရင်ဆိုင်ရင်း ဒီမိုကရေစီရေး အတွက် တိုက်ပွဲဝင်တဲ့ဆီမှာ ပြည်မက အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ အင်န်အယ်လ်ဒီ နဲ့ မင်းကိုနိုင်ခေါင်းဆောင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဟာ တပ်ဦးမှာ ရှိနေခဲ့ပါတယ်။

တိုင်းရင်းသားတွေရဲ့ ဒီမိုကရေစီ အရေး တိုက်ပွဲဝင်မှုမှာတော့ ရခိုင်တိုင်းရင်းသားတွေဟာ ရှေ့တန်း အရောက်ဆုံးလို့ ပြောနိုင်ပါတယ်။ ဒီလိုဖြစ်ရတာဟာ ရခိုင်တိုင်းရင်းသားတွေကိုယ်တိုင် ရဲစွမ်းသတ္တိ ရှိတာက တကြောင်း၊ ကရင်၊ကချင်နဲ့ အခြားပြည်နယ်တွေမှာ လက်နက်ကိုင် ပုန်ကန်မှုတွေရှိနေတော့ စစ်အစိုးရရဲ့ ဖိနှိပ်မှုဟာ အဲဒီဒေသတွေမှာ ပိုကြမ်းတမ်း၊ ပိုရက်စက်ကြမ်းကြုတ်တာတွေ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီမိုကရေစီ တောင်းဆိုတိုက်ပွဲဝင်ခဲ့တဲ့ နှစ်ကာလ တွေမှာ ရခိုင်တိုင်းရင်းသား ခေါင်းဆောင်နဲ့ ပြည်သူတွေ ရှေ့တန်းမှာ ရှိခဲ့တယ် ဆိုတာ ဘယ်သူမှ ငြင်းလို့မရတဲ့ အချက်ပါ။

ဒီလိုနဲ့ ၂၀၁၀ ရွေးကောက်ပွဲ ကာလ ရောက်လာပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲဝင် အနိုင်ရခဲ့တဲ့ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ALD ရွေးကောက်ပွဲ ဝင်မပြိုင်ပါဘူး။ အင်န်အယ်လ်ဒီ အပါအဝင် အခြား ၁၉၉၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသားပါတီ တွေနဲ့ အတူ စစ်အစိုးရက ဦးစီးကျင်းပတဲ့ ရွေးကောက်ပွဲကို သပိတ်မှောက်ပါတယ်။ ဒေါက်တာအေးမောင် ခေါင်းဆောင်တဲ့ အင်အားစုက ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ တည်ထောင်၊ ရွေးကောက်ပွဲ ဝင်ပါတယ်။

ပြည်ခိုင်ဖြိုးကတော့ စစ်အစိုးရက ကြိုတင် ရေးဆွဲပေးထားတဲ့ “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ”ပါ White Card ခေါ် ယာယီ သက်သေခံလက်မှတ် ကိုင်ဆောင်သူတွေ နိုင်ငံရေးပါတီ တည်ထောင်နိုင်၊ မဲပေးနိုင်တယ် ဆိုတဲ့ အချက်ကို ကိုင်စွဲပြီး ၇ သိန်းခွဲ အင်အားရှိတဲ့ ဘင်္ဂလီတွေကို စည်းရုံးပါတယ်။ ဘင်္ဂလီ အများစုကလည်း ပြည်ခိုင်ဖြိုးကို ထောက်ခံကြပါတယ်။ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီကတော့ ရခိုင်တိုင်းရင်းသားတွေကို အဓိက ထား စည်းရုံးပါတယ်။ ဒီနေရာမှာ လူတွေ သိပ်မသိလိုက်တာကတော့ ပြည်နယ် တစ်ခုထဲ နေနေကြတဲ့ ရခိုင်တိုင်းရင်းသားတွေနဲ့ ဘင်္ဂလီတွေဟာ လူမျိုး၊ ဘာသာ ကွဲပြားမှုအရ အမုန်းတရား ဓာတ်ခံ ရှိနေရာကနေ နိုင်ငံရေးအရ အကျိုးစီးပွားခြင်း ကွဲပြားတဲ့ အမုန်းတရား နောက်တစ်ခု တိုးလာခဲ့တယ် ဆိုတာပါ။ ဒီလိုဖြစ်အောင်လည်း အရင် စစ်အစိုးရက White Card ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ နဲ့ ဖန်တီးခဲ့တာပါ။

ရွေးကောက်ပွဲကာလအတွင်း ရခိုင်ပြည်နယ်မှာလည်း မသမာမှု မျိုးစုံ ပေါ်ပေါက်ခဲ့ပါတယ်။ ဒါပေမယ့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ နဲ့ ရခိုင်ပြည်သူတွေရဲ့ တွန်းတွန်းတိုက်တိုက် ကြိုးစားမှုကြောင့် အမတ်နေရာ အများစု အနိုင်ရခဲ့ပါတယ်။ ရွေးကောက်ပွဲ ရလာဒ်အရ ရခိုင်ပြည်နယ်မှာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ပြည်ထောင်စု အဆင့် အမတ် ၁၆ ယောက်၊ ပြည်နယ်အဆင့် ၁၈ ယောက် ပေါင်း ၃၄ ယောက် အရွေးခံရပြီး ပြည်ခိုင်ဖြိုးပါတီက ပြည်ထောင်စုအဆင့် အမတ် ၁၃ ယောက်၊ ပြည်နယ်အဆင့် ၁၄ ယောက် ပေါင်း ၂၇ ယောက်ပဲ အရွေးခံရပါတယ်။ တကယ်လို့သာ ဘာအဆင့်အတန်းမှန်း မစိစစ်ရေသေးတဲ့ White Card ကိုင်ထားတဲ့ ဘင်္ဂလီတွေသာ မဲပေးခွင့်မရဘူးဆိုရင် ပြည်ခိုင်ဖြိုး ပါတီ အဲဒီထက် အခြေအနေ ဆိုးမှာပါ။ တိုင်းရင်းသားတွေ အားလုံးမှာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရွေးကောက်ခံရမှု ရလာဒ် အချိုးအစားဟာ အမြင့်ဆုံး ဖြစ်ခဲ့ပါတယ်။

ရွေးကောက်ပွဲပြီးသွားတဲ့အခါ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဝင်တစ်ချို့ ပြည်နယ် ဝန်ကြီးနေရာ ရကြပါတယ်။ ပြည်နယ် လွှတ်တော်ထဲမှာလည်း မနည်းတဲ့ အင်အား နေရာရလာတော့ ဒီမိုကရေစီ အရေး၊ ရခိုင်တိုင်းရင်းသားတွေနဲ့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အားသွန်ခွန်စိုက် တွန်းတွန်းတိုက်တိုက် လုပ်ကိုင်နိုင်ကြတော့မယ်လို့ စိတ်ကူးယဉ်တုန်း ရှိသေး၊ ရခိုင်တိုင်းရင်းသူ မသီတာထွေး အသတ်ခံလိုက်ရတဲ့ ကိစ္စက စ ပြီး ဘာသာရေး လူမျိုးရေး အကြမ်းဖက်မှုကြီးတွေ ရခိုင်ပြည်နယ်မှာ ပေါ်ပေါက်လာပါတော့တယ်။ အဲဒီ ကိစ္စ စ ပြီး ပေါ်ပေါက်လာတဲ့ ပြသနာမှာ အစိုးရ သတင်းစာ ဖော်ပြချက်ကလည်း အတော်လေးကို သံသယ ဖြစ်စရာ ကောင်းပါတယ်။ သတင်းစာ စာမျက်နှာ တစ်မျက်နှာတည်းမှာ ရခိုင်တိုင်းရင်းသူ အသတ်ခံရမှု၊ တောင်ကုတ်မှာ အစ္စလာမ်ဘာသာဝင်တွေ အသတ်ခံရမှု၊ စစ်တွေမှာ ရခိုင်တိုင်းရင်းသားတွေ ဆန္ဒပြမှု အားလုံး တစ်နေရာထဲ ဖော်ပြရုံမက လူသတ်၊ မုဒိန်းမှု သတင်းမှာ ဘာ ဘာသာ ကိုးကွယ်သူ၊ ဘာလူမျိုး ဆိုတာကိုပါ ဖော်ပြခဲ့ပါတယ်။ ဒါဟာ အစိုးရ သတင်းစာအနေနဲ့ ဘယ်တုန်းကမှ ဖော်ပြခဲ့ဖူးတဲ့ အစဉ်အလာ မရှိတာမို့ အကြမ်းဖက်မှုတွေ ဖြစ်အောင် လှုံ့ဆော်သလား ဆိုပြီး သံသယ ဖြစ်စရာ ရှိခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ ဆက်တိုက်ဖြစ်ခဲ့ပါတယ်။ နှစ်ဖက် လူမျိုးစုတွေ သေကြေ၊ ဒါဏ်ရာတွေ ရကြပါတယ်။ နေအိမ်တွေ မီးရှို့ခံရပါတယ်။ ဒုက္ခသည် စခန်းတွေမှာ ခိုလှုံကြရပါတယ်။ ရခိုင်ဒုက္ခသည် ထောင်ဂဏန်းလောက်ပဲ ရှိပေမယ့် ဘင်္ဂလီ ဒုက္ခသည်တွေကတော့ သိန်းဂဏန်းအထိ ရောက်သွားပါတယ်။ ပြောရရင် ရခိုင်မှာရှိနေတဲ့ ဘင်္ဂလီ ၁၅ ရာခိုင်နှုန်းလောက် ဒုက္ခသည် ဖြစ်သွားတာပါ။ ရခိုင်ပြည်နယ် မီးဟုန်းဟုန်းတောက်သွားတယ် လို့ ဆိုရင်တောင် မမှားပါဘူး။ ဝမ်းနည်းစရာ တစ်ခုက လူမျိုးစု နှစ်စုအကြား အမုန်းတရား လျော့သွားအောင်၊ ပျောက်သွားအောင် ဘယ်သူကမှ ထိထိရောက်ရောက် မကြိုးစားကြပါဘူး။ ရခိုင်ခေါင်းဆောင်တွေထဲက ကြိုးစားကြတာလဲ မတွေ့ရပါဘူး။

နောက်ပိုင်း ရခိုင်တိုင်းရင်းသားတွေရဲ့ ဒေါသဟာ ဒုက္ခသည်တွေကို ကူညီနေတဲ့ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေဘက်ကို လှည့်လာပါတယ်။ မြောက်ဦးမှာဆိုရင် အင်န်ဂျီအိုတွေ ထွက်သွား၊ အဲဒီ အင်န်ဂျီအိုတွေကို လက်ခံထားတဲ့ ဟော်တယ်တွေကိုပါ သပိတ်မှောက်မယ် ဆိုတာမျိုး ဖြစ်လာပါတယ်။ နောက်ဆုံး ရခိုင်တိုင်းရင်းသားတွေ လိုလားချက် တစ်ခု ပြည့်သွားပါတယ်။ အစိုးရဟာ နယ်စည်းမခြားဆရာဝန်များအဖွဲ့ MSF ရဲ့ ရခိုင်ပြည်နယ်မှာ အကူအညီပေး လုပ်နေတဲ့ လုပ်ငန်းတွေကို သက်တန်းတိုးမပေးတော့ပါဘူး။ MSF ရခိုင်က ထွက်သွားရပါတယ်။ ဒါလည်းမရသေးပါဘူး။ တကယ်ထွက်မထွက် စောင့်ကြည့်မယ်၊ နောက် အခြား အင်န်ဂျီအိုတွေကိုလည်း စောင့်ကြည့်မယ် ဆိုတာမျိုး ဆက်ဖြစ်နေပါတယ်။

အခုနောက်ဆုံးဖြစ်လာတာက သန်းခေါင်စာရင်း ကိစ္စပါ။ သန်းခေါင်စာရင်း ကောက်ရာမှာ ဘင်္ဂလီတွေကို ရိုဟင်ဂျာလို့ ဖြည့်ခွင့်ပေးရင် ရခိုင်တိုင်းရင်းသားတွေ အားလုံးက သန်းခေါင်စာရင်း ကောက်ယူရေးကို သပိတ်မှောက်မယ်လို့ ခြိမ်းခြောက်လိုက်တာပါ။ ခြုံပြီးပြောရရင် ရခိုင်တိုင်းရင်းသားတွေရဲ့ နိုင်ငံရေး လှုပ်ရှားမှုဟာ ဒီမိုကရေစီရေး၊ ရခိုင်တိုင်းရင်းသားနဲ့ ရခိုင်ပြည် ဖံွ့ဖြိုးတိုးတက်ရေး ဆိုတာထက် ဘင်္ဂလီ ဆန့်ကျင်ရေး ဘက်ဆီကို ဦး လှည့်သွားတာပါ။ ရခိုင်ခေါင်းဆောင်တွေကိုယ်တိုင် လူထုထောက်ခံမှု ကျသွားမှာစိုးလို့ ရခိုင်တွေ ဘင်္ဂလီတွေဘက် လှည့်နေတာကို ဒီအတိုင်း ရေစုံမျှော ကြည့်နေကြပုံလည်း ရပါတယ်။ ထူးထူးခြားခြား ရန်ကုန်မှာလုပ်တဲ့ ရခိုင်အမျိုးသားကွန်ယက် နှစ်နှစ်ပြည့် အခန်းအနားမှာ ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဒေါက်တာ ဇော်အေးမောင်က “ ရခိုင်တိုင်းရင်းသားများ အနေနဲ့ အရပ်ဘက် အဖွဲ့အစည်းများအား ဆန့်ကျင်နေမည့်အစား ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက် အားလုံးနှင့် လက်တွဲပူးပေါင်း ဆောင်ရွက်ရန် လိုကြောင်း” ဆိုပြီး ပြောတာမျိုးတော့ ရှိခဲ့ပါတယ်။

သူရဲကောင်းဆိုတာ အမှန်တရားအတွက် ကိုယ့်လူမျိုး၊ ကိုယ့်တိုင်းပြည်အတွက် ကိုယ်ကျိုးမငဲ့၊ ဝေဖန်ခံရမှာ မကြောက် အသက်စွန့်ရမှာ မကြောက်၊ ရဲရဲတောက် လုပ်ကိုင်ဆောင်ရွက်သူတွေကို ခေါ်တာပါ။ ရခိုင်ပြည်နယ်မှာ ရခိုင်သူရဲကောင်းတွေ လိုနေပြီ ဖြစ်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

စာရေးသူသည် ရန်ကုန် အခြေစိုက် သတင်းစာဆရာ တဦးဖြစ်သည်။ လတ်တလော နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး အဖြစ်အပျက်များ အပေါ် ဝေဖန် သုံးသပ်ချက် ဆောင်းပါးများကို အပတ်စဉ်ထုတ် သတင်း ဂျာနယ်များတွင် ရေးသားလျက် ရှိသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading