မွန်ဂိုလီးယားရောက် အတွေးများ

မွန်မွန်မြတ်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မြို့တော် “အူလမ်ဘာတာ”က ထွက်လာပြီး ကျောက်တောင်တွေ စတက်(ပ) မြက်ခင်းလွင်ပြင်တွေ ရှိရာကို ကျော်လာပြီးတဲ့နောက် မှာတော့ ငွေရောင် သတ္တုရည်ဝင်းလို့ အလျှံတညီးညီး တောက်ပနေတဲ့ ရုပ်တု အကြီးကြီးတစ်ခုကို သစ်ပင်တစ်ပင်မှ မရှိတဲ့  လွင်တီးခေါင်ထဲမှာ ထီးတည်းကြီးတွေ့လိုက်ရတယ်။ သူဟာ မွန်ဂိုလီးယားနိုင်ငံရဲ့ အထင်ကရ သမိုင်းပြယုဂ်တစ်ခုပေါ့။ သူဟာ ၁၂ ရာစုလောက်ကတည်းက မွန်ဂိုအင်ပါယာကို ထူထောင်ခဲ့တဲ့ (မြန်မာ့သမိုင်းထဲမှာ ဂျင်ဂျစ်ခန်လို့သင်ရတဲ့) စစ်ဘုရင် ဂျင်ဂစ်(ခ)ဟန်ပေါ့။

သူဟာ နေထွက်ရာအရပ်ကို မျက်နှာမူလို့ နယ်မြေသစ်တွေရှာဖွေဖို့ ခရီးထွက်တော့မယ့်ဟန် စစ်မြင်းကြီးကိုစီးလို့  ဝံ့ဝံ့ကြွားကြွား၊ ဒါပေမယ့် စစ်ဘုရင်မျိုးဆက်ကို ငြီးငွေ့လှသူတွေအတွက်တော့ ဂျင်ဂစ်(ခ)ဟန်ဟာ အထီးကျန်စစ်ဘုရင်ကြီးတစ်ပါးပါ။ တံလျှပ်တငြီးငြီးထနေတဲ့ လွင်ပြင်ကျယ်ကြီးထဲက သနားစဖွယ် အထီးကျန်စစ်ဘုရင်ကြီးတစ်ပါးပါပဲ။

မွန်ဂိုလီးယားနိုင်ငံဟာ ရာစုနှစ်ပေါင်းများစွာ နယ်မြေသစ်တွေချဲ့ထွင်ခဲ့ကြတဲ့ ဂျင်ဂစ်(ခ)ဟန်တို့၊ သူ့မြေး ကူဘလိုင်(ခ)ဟန်တို့လို စစ်ဘုရင်မင်းဆက်တွေရဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့ဖူးသလို၊ မန်ချူးမင်းဆက်အောက်မှာ ရာစုနှစ်၂ စု နီးပါးနဲ့ ဆိုဗီယက်ယူနီယံရဲ့ ထိန်းချုပ်ခံနယ်မြေ (Soviet Satellite State) တစ်ခုအဖြစ် နှစ်ပေါင်း ၇၀ နီးပါး ကျရောက်ခဲ့ဖူးပါတယ်။

မွန်ဂိုလီးယားနိုင်ငံအတွက်တော့ ဂျင်ဂစ်(ခ)ဟန်ဟာ မွန်ဂိုအင်ပါယာကို ထူထောင်နိုင်ခဲ့တဲ့ သူရဲကောင်းတစ်ဦး အဖြစ် ဂုဏ်ယူဝံ့ကြွားဖွယ် ဖြစ်နေပါလိမ့်မယ်။ တစ်နည်းအားဖြင့်ဆိုရရင်တော့ ဂျင်ဂစ်(ခ)ဟန်ဟာ မတည်မြဲတတ်တဲ့ အာဏာရဲ့ သရုပ်သကန်ပါပဲ။ အဲဒီ မတည်မြဲတတ်တဲ့အာဏာရဲ့ သရုပ်သကန်ကို ထိန်းညှိဖို့ရာအတွက် Rule of Law ကို အခြေခံပြီးရေးဆွဲတဲ့ အခြေခံဥပဒေနဲ့ စစ်ဘုရင်မျိုးဆက်ကို ဖြတ်နိုင်ခဲ့တဲ့ ပညာတတ်မွန်ဂိုခေါင်းဆောင်များရဲ့ အမျော်အမြင်ကတော့ အင်မတန်မှ လေးစားဖွယ်ကောင်းလှပါတယ်။

လူဦးရေ သုံးသန်းလောက်ပဲရှိပေမယ့် ကမ္ဘာ့ ၁၉ နိုင်ငံမြောက် အကြီးဆုံးနိုင်ငံတစ်နိုင်ဖြစ်တဲ့ မွန်ဂိုလီးယားနိုင်ငံ ဟာ မြန်မာနိုင်ငံထက် တနှစ်နောက်ကျပြီးမှ ဒီမိုကရေစီရေးဆန္ဒပြအုံကြွမှုတွေ စတင်ခဲ့တဲ့နိုင်ငံ ဖြစ်ပါတယ်။

အိမ်နီးချင်းတရုတ်ပြည်မှာ တီအန်မင်ရင်ပြင် အရေးအခင်းဖြစ်နေချိန်နဲ့ ဆိုဗီယက်ယူနီယံပြိုကွဲချိန် ၁၉၈၉ခုနှစ်မှာ “ရုရှားနဲ့တရုတ်အခက် မွန်ဂိုအချက်” ဆိုသလိုမျိုး အချိန်ကိုက်ယူပြီး ဒီမိုကရေစီရေးလှုပ်ရှားမှုတွေ စတင်ခဲ့ပါတယ်။

သွေးမြေတစက်မှမကျရပဲနဲ့ ဒီမိုကရေစီရေး ပြောင်းလဲမှုတွေလုပ်နိုင်ခဲ့တယ်လို့ မွန်ဂိုလူမျိုးတွေ ဂုဏ်ယူနိုင်ရ လောက်အောင်ပဲ အာဏာအလွှဲအပြောင်းကချောမွေ့ခဲ့သလို ရွေးကောက်ပွဲဥပဒေသတွေပါဝင်တဲ့ အခြေခံဥပဒေအသစ်ကို ၁၉၉၀ မှာ စတင်ရေးဆွဲခဲ့ပြီး ၁၉၉၂ နှစ်မှာ ပထမဆုံးအကြိမ် ရွေးကောက်ပွဲကျင်းပနိုင်ခဲ့ပါတယ်။

သွေးမြေတစ်စက်မှမကျခဲ့ဖူး ဆိုကတည်းက မွန်ဂိုလီးယားနိုင်ငံရဲ့ ဒီမိုကရေစီရေး ဆန္ဒထုတ်ဖော်ပွဲတွေမှာ စစ်တပ်ရဲ့ပါဝင်စွက်ဖက်မှု လုံးဝမရှိခဲ့တာ သိသာပါတယ်။ အဲဒီအချိန်တုန်းက မွန်ဂိုလီးယားမြေပေါ်မှာ မွန်ဂိုလီးယားစစ်တပ်အပြင် ရုရှားတပ်တွေ တပ်စွဲထားတုန်းပါပဲ။

၁၉၉၂ခုနှစ်ရွေးကောက်ပွဲအပြီး အစိုးရသစ်တက်လာကတည်းက ရုရှားစစ်တပ်တွေကို ဆုတ်ခွာစေခဲ့ပြီး မွန်ဂိုလီးယားစစ်တပ်တွေဟာ နိုင်ငံနယ်နမိတ်ကို ကာကွယ်ရုံကလွဲလို့ နိုင်ငံရေးအာဏာကို ဝင်ရောက် စွက်ဖက်ပိုင်ခွင့်မရှိခဲ့ပါဘူး၊ ၁၉၉၂ ရွေးကောက်ပွဲအပြီးကစပြီး ကာကွယ်ရေးဝန်ကြီးဋ္ဌာနဟာ အရပ်သားဝန်ကြီးရဲ့ လက်အောက်ကိုရောက်လာခဲ့ပါတယ်။

သူတို့အခြေခံဥပဒေထဲမှာ ပြဋ္ဌာန်းထားတာက “မွန်ဂိုးလီးယားစစ်တပ်သည် တိုင်းပြည်ရဲ့လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနဲ့ နိုင်ငံနယ်နမိတ်တို့ကို ကာကွယ်ဖို့ ဖွဲ့စည်းထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သည်” လို့ပြဋ္ဌာန်းထားပါတယ်။ အခြေခံဥပဒေကို ကာကွယ်ဖို့ ဆိုတဲ့အချက်တော့ မပါဝင်ခဲ့ပါဘူး။ ဒါကြောင့်မို့လည်း သူတို့နိုင်ငံမှာ အခြေခံဥပဒေကို ပိုမိုကောင်းမွန်လာအောင် ပြင်ဆင်ဖြည့်စွက်မှုတွေ မကြာခဏ ပြုလုပ်နိုင်ခဲ့ပါတယ်။

မွန်ဂိုလီးယားနဲ့ မြန်မာနိုင်ငံရဲ့ အဓိကခြားနားချက်ကတော့ “စစ်တပ်ရဲ့အခန်းကဏ္ဍ” ပါပဲ။ မွန်ဂိုလီးယားနိုင်ငံကတော့ ရှင်းပါတယ်။ စစ်တပ်သည် နိုင်ငံ့ခြံစည်းရိုးကိုပဲ စောင့်ရမယ်။ နိုင်ငံရေးမှာ ဝင်ရောက်စွက်ဖက်ခွင့် လုံး၀ မရှိစေရ။ မြန်မာနိုင်ငံမှာတော့ ၁၉၆၂ ခုနှစ်ကနေ အခုအချိန်ထိ စစ်တပ်ဟာ နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍမှာ လူမပြောင်း မူပြောင်း လမ်းစဉ်နဲ့ တစိုက်မတ်မတ် ပါဝင်လာခဲ့ပါတယ်။ အိမ်စောင့်အစိုးရကို ဦးဆောင်တဲ့ ဗိုလ်ချုပ်နေဝင်းဟာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အကြီးအကဲဖြစ်လာခဲ့သလို၊ စစ်အစိုးရ ဝန်ကြီးချုပ်ဟောင်းဦးသိန်းစိန်ကပဲ အစိုးရသစ်လက်ထက်မှာ သမ္မတပြန်ဖြစ်လာတာဟာ

နိုင်ငံရေးဦးဆောင်မှုကို ချုပ်ကိုင်လိုတဲ့ စစ်တပ်ရဲ့လုပ်ရိုးလုပ်စဉ် ဗျူဟာဟောင်းတစ်ခုပဲ ဖြစ်ပါတယ်။

နိုင်ငံတော်ကာကွယ်ရေးလို့ ဆိုပြန်ရင်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တလျှောက်လုံး တိုက်လာခဲ့တဲ့ ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်ပဲ ရှိပါတယ်။ တစ်ကယ်တော့ အဲဒီပြည်တွင်းစစ်ကိုက အင်အားအတောင့်တင်းဆုံး မြန်မာစစ်တပ်နဲ့ အင်အားပြန့်ကျဲနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ငယ်လေးတွေကြားက နယ်မြေလုပွဲတွေပါပဲ။ နိုင်ငံရဲ့နယ်နမိတ်ကို ကာကွယ်ဖို့ အခြားတိုင်းတပါးနိုင်ငံတွေနဲ့ တိုက်တဲ့စစ်ပွဲ မဟုတ်ပဲ၊ အင်အားနည်းတဲ့ တိုင်းရင်းသား လက်နက်ကိုင် စစ်တပ်တွေကို အနိုင်ကျင့်တဲ့ ကြီးနိုင်ငယ်ညှင်း စစ်ဘုရင်ဝါဒနဲ့ တိုက်တဲ့ စစ်ပွဲတွေပါပဲ။ ဒါဟာ နိုင်ငံရဲ့ခြံစည်းရိုးကို ကာကွယ်တာ မဟုတ်ပါဘူး။ စစ်ဘုရင်တစ်ပါးရဲ့ အာဏာကို ကာကွယ်တာ၊ သက်တမ်းတိုးတာပဲဖြစ်ပါတယ်။

ဒါကြောင့်လည်း ၁၉၈၉ ခုနှစ်လောက်က စပြီးလုပ်လာခဲ့တဲ့ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအကြား ရေးထိုးခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ်တွေက အလုပ်မဖြစ်ခဲ့တာဖြစ်ပါတယ်။ လက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ကြားက အပစ်အခတ်ရပ်စဲရေးစာချုပ်ဆိုတာ တကယ်တော့ နယ်မြေပိုင်ဆိုင်မှုသတ်မှတ်ပြီး ကိုယ့်နယ်မြေထဲက သယံဇာတတွေကို လက်နက်ကိုင်အဖွဲ့တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအတူ ပူးပေါင်းပြီးရောင်းစားကြဖို့ ချုပ်ဆိုတဲ့ စာချုပ်တစ်ခုဆိုလည်း မမှားပါဘူး။

လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ဥပဒေသဆိုတာ သူတို့ကိုင်ထားတဲ့လက်နက်တွေပေါ်မှာပဲ မူတည်ပါတယ်။

ဒါကြောင့်လည်း စစ်အစိုးရလက်ထက်က အထူးဒေသလို့ သတ်မှတ်ထားတဲ့နယ်စပ်ဒေသတွေမှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖေါက်ကားမှုတွေ၊ လက်နက်မှောင်ခို၊ ကျောက်မှောင်ခို၊ လူမှောင်ခို၊ သစ်တောထွက်ပစ္စည်းမှောင်ခို၊ ရှားပါးဇီဝမျိုးကွဲ သတ္တဝါမျိုးစုံမှောင်ခို၊ တရားမဝင် ရောင်းဝယ်ဖေါက်ကားမှု မှန်သမျှကို လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အကာအကွယ်ယူပြီး တွင်တွင်ကျယ်ကျယ် လုပ်နိုင်ခဲ့ကြပါတယ်။

တချိန်တည်းမှာပဲ ၁၉၉၀ ဝန်းကျင်လောက်က လုပ်ခဲ့တဲ့ စစ်အစိုးရရဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုဆိုတဲ့ ခေါင်းစဉ်အောက်မှာ  စစ်တပ်အကျိုးစီးပွားအတွက် ဖွဲ့စည်းထားတဲ့ မြန်မာ့စီးပွားရေးဦး ပိုင်လီမိတက်နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဆိုတာ ပေါ်လာခဲ့တယ်။ ဈေးကွက်စီးပွားရေးစနစ်ဆိုတာ စစ်တပ်အကျိူးစီးပွားအတွက်ဖွဲ့စည်းထားတဲ့ ကုမ္ပဏီကြီးတွေနဲ့ နီးစပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ မြန်မာစစ်တပ်နဲ့ ပလဲနံပသင့်တဲ့ နိုင်ငံတွေသာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်နိုင်တဲ့ လက်သင့်ရာစားတော်ခေါ်တဲ့ စနစ်တစ်ခုသာဖြစ်တယ်။

ဥပမာတစ်ခုပြောရရင် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအတွက် တရုပ်နိုင်ငံက ဝမ်ဘောင်ကုမ္ပဏီနဲ့ ဦးပိုင်ကုမ္ပဏီတို့အကြားချုပ်ဆိုခဲ့တဲ့စာချုပ်ဟာ ၁၉၈၉ ခုနှစ်က နိုင်ငံတော်စီးပွားရေးလုပ်ငန်းများဆိုင်ရာ လုပ်ထုံးလုပ်နည်းများနဲ့အညီ လုပ်ဆောင်ခဲ့တာမဟုတ်ပဲ ဝင်ငွေခွန်ရဲ့ထက်ဝက်ကို လျော့ချပြီး  သာမန်စာချုပ်ပုံစံ (Production Sharing Contract – PSC)ချုပ်ဆိုထားခဲ့တာ၊ သတ္တုတွင်းဝန်ကြီးဋ္ဌာနနဲ့မဟုတ်ပဲ ဦးပိုင်နဲ့ နိုင်ငံခြားကုမ္ပဏီတစ်ခုနဲ့ ချုပ်ဆိုတဲ့စာချူပ်ဖြစ်လို့ ခွင့်ပြုမိန့်ကို အစိုးရက ပြန်တမ်းဝင် အမိန့်ကြော်ငြာစာ ထုတ်ပြန်ပေးဖို့ လိုအပ်တာကို မထုတ်ပြန်ခဲ့ပဲ  EIA, SIA, Feasibility Study စတဲ့ အသေးစိတ် အချက်အလက်တွေ မပါပဲ  တိတ်တိတ်ပုန်း သူခိုးဈေးနဲ့ ချုပ်ဆိုထားခဲ့တာတွေဟာ စီးပွားရေးပြုပြင်ပြောင်းလဲမှု ဆိုတဲ့ခေါင်းစဉ်အောက်ကနေ နိုင်ငံတော်ရဲ့ စီးပွားရေးလုပ်ငန်းကြီးတွေကို စစ်တပ်က လက်ဝါးကြီးအုပ်ခဲ့တာတွေရဲ့ မြင်သာတဲ့ သာဓကတစ်ခုဖြစ်ပါတယ်။

မွန်ဂိုလီးယားနိုင်ငံမှာ အနှစ်၂၀ အတွင်း စီးပွားရေး နိုင်ငံရေး တစ်ပြိုင်တည်း ပြုပြင်ပြောင်းလဲမှုလုပ်နိုင်ခဲ့တာကို နှစ်ထပ်ကွမ်းပြုပြင်ပြောင်းလဲမှု (Dual Transition) လို့ ဂုဏ်ယူဝံ့ကြွားစွာပြောလေ့ရှိပါတယ်။ မွန်ဂိုလီးယားနိုင်ငံနဲ့ တပြိုင်တည်း မှာပဲ မြန်မာနိုင်ငံမှာလည်း နှစ်ထပ်ကွမ်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့ပါတယ်။ အဲဒါကတော့ နိုင်ငံရဲ့ အုပ်ချုပ်ရေးနဲ့ စီးပွားရေးကဏ္ဍတွေမှာ ယူနီဖေါင်းချွတ် စစ်အရာရှိတွေအစားထိုးပြီး “စစ်တပ်ရဲ့အခန်းကဏ္ဍ” ကိုမြှင့်တင်ခဲ့ပါတယ်။ စစ်တပ်ကနေ အရပ်ဘက် အုပ်ချုပ်ရေးဖက် ပြောင်းလာတဲ့အရာရှိတွေ စကားအရပြောရရင်တော့ “နှစ်သီးစား”လို့ပြောရမှာပါပဲ။ နှစ်သီးစားပြုပြင်ပြောင်းလဲမှုတွေ လုပ်အပြီးမှာတော့ အခြေခံဥပဒေပုဒ်မ ၉(ခ) မှာ အခြေခံဥပဒေကိုကာကွယ်ဖို့က တပ်မတော်ရဲ့ အဓိကတာဝန်ပါလို့ အတိအလင်းရေးဆွဲပြီး အတည်ပြုပြဋ္ဌာန်းခဲ့ပါတော့တယ်။ မြန်မာစစ်တပ်ဟာ ဒီလို နှစ်သီးစားပြုပြင်ပြောင်းလဲမှုတွေလုပ်ပြီး ချည်ပြီးတုပ်ပြီး ၂၀၀၈ အခြေခံဥပဒေ ရေးဆွဲပြီးကာမှ ၂၀၁၀ ရွေးကောက်ပွဲကိုကျင်းပခဲ့တာပါ။

အချုပ်ပြောရရင် မွန်ဂိုလီးယားနိုင်ငံရေးပြုပြင်ပြောင်းလဲမှုဟာ မြန်မာနိုင်ငံနဲ့ ပြောင်းပြန်အချိူးကျပါတယ်။ နိုင်ငံရေးမှာ စစ်တပ်ပါဝင်ခွင့်မရှိတဲ့ အခြေခံဥပဒေကို အခိုင်အမာ ရေးဆွဲပြီးမှ ရွေးကောက်ပွဲလုပ်ခဲ့တဲ့ အရပ်သားမွန်ဂိုလီးယားအစိုးရနဲ့ စစ်တပ်ဟာ နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍမှာ ပါဝင်ခွင့်ရှိရမယ့် အခြေခံဥပဒေကို ရေးဆွဲပြီးမှ ရွေးကောက်ပွဲ လုပ်ခဲ့တဲ့ မြန်မာ စစ်အစိုးရဟာ ဆီနဲ့ရေလို ကွာခြားပါတယ်။

မြန်မာနိုင်ငံမှာ စစ်ဘုရင်မျိုးဆက်ကို ထူထောင်မယ့် မူဝါဒကို အခြေခံတဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေသမျှ ဒီမိုကရေစီနဲ့ နီးစပ်မှာမဟုတ်ပါဘူး။ တဖက်မှာ အစိုးရရဲ့ ငြိမ်းချမ်းရေးဖေါ်ဆောင်တဲ့အဖွဲ့က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချုပ်တွေချုပ်နေပေမယ့်လည်း တဖက်မှာ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေမရပ်သေးဘူးဆိုရင်တော့ အဲဒီစာချုပ်တွေဟာ  လက်မှတ်ထိုးထားတဲ့ စာရွက်တွေဆိုတာထက်ပိုပြီး တန်ဖိုးမရှိပါဘူး။

စစ်ဘုရင်တွေ စစ်ပမ်း မပမ်းမသေချာလှပေမယ့် မြေဇာပင်ပြည်သူတွေအဖို့တော့  စစ်ဘုရင်မျိုးဆက် နိုင်ငံရေးအပေါ် ငြီးငွေ့ပင်ပန်းလှပါပြီ။ တကယ်တော့ စစ်ဘုရင်စနစ်ဆိုတာ ဒီမိုကရေစီခေတ်မှာ ရုပ်တုကြီးတစ်ခုအဖြစ်သာ ချန်ရစ်ရမယ့် သင်ခန်းစာယူဖွယ် သမိုင်းတစိတ်ဒေသသာ ဖြစ်သင့်ပါတယ်။

(စာရေးသူသည် ရန်ကုန်အခြေစိုက် ကဗျာဆရာ၊ သတင်းစာဆရာ ဖြစ်ပြီး လူ့အခွင့်အရေးဆိုင်ရာ ရုပ်သံမှတ်တမ်းများကိုလည်း စီစဉ်ရိုက်ကူးထုတ်လုပ်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading