အိုဘားမားရဲ့ အာရှ ဗဟိုပြုပေါ်လစီနှင့် မြန်မာ

ညီစောလွင်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

နောက်ဆုံးမှာတော့ အမေရိကန်သမ္မတ ဘာရတ် အိုဘားမားဟာ အာရှကို ခြေဦး ပြန်လှည့်လာပါတယ်။ မနှစ် နှစ်ကုန်ပိုင်းက ပြည်တွင်း ဘတ်ဂျက်ပြဿနာကြောင့် အင်ဒိုနီးရှား နိုင်ငံ ဘာလီကျွန်းမှာ ကျင်းပတဲ့ အာရှ-ပစိဖိတ်အစည်းအဝေးကို သမ္မတ အိုဘားမား မတက်ရောက်နိုင်ခဲ့ပါဘူး၊ ဒီကိစ္စနဲ့ပတ်သက်လို့ မနှစ် အောက်တိုဘာလထုတ် Time မဂဇင်းမှာ မျက်နှာဖုံး ဆောင်းပါး ဖော်ပြခဲ့ပါတယ်။

အာရှဗဟိုပြုမူဝါဒ (Asian ‘pivot’) လမ်းဆုံး သွားတော့မလား ဆိုပြီး မေးခွန်းထုတ်ခဲ့ပါတယ်။ ဒါပေမယ့် ဧပြီလအတွင်းမှာ ဆီးရီးယားနဲ့ အရှေ့အလယ်ပိုင်း ပြဿနာတွေ ရှုပ်ထွေးနေချိန်၊ အရှေ့ဥရောပ ယူကရိန်းမှာ အခြေအနေ တင်းမာနေချိန်မှာပဲ သမ္မတ အိုဘားမားက အာရှလေးနိုင်ငံကို ခရီးထွက်လာပါတယ်။ အာရှဗဟိုပြု မူဝါဒ လမ်းမဆုံးသေးဘူးဆိုတာကို သက်သေပြလိုက်တာပါ။

အာရှဗဟိုပြုမူဝါဒရဲ့ အကျဉ်းချုပ် ဆိုလိုရင်းကတော့ ကန္တာရကနေ ပင်လယ်ဘက်ကို ထွက်လာတာပါပဲ။ စက်တင်ဘာ ၁၁ ရက် အဖြစ်အပျက်နောက်ပိုင်း အီရတ်နဲ့ အာဖဂန်နစ္စတန်၊ ကမ္ဘာ့အနှံ့မှာ အကြမ်းဖက် သမားတွေကို နောက်ကို တကောက်ကောက်လိုက်ရင်း ခြေကုန်လက်ပမ်းကျနေချိန်မှာ၊ အီဂျစ်၊ ဆီးရီးယားနဲ့ အရှေ့အလယ်ပိုင်း ပြဿနာ၊ အီရန် နယူးကလီးယား ပြဿနာတွေကိုလည်း တပြိုင်တည်း ရင်ဆိုင်ရပြီး ကန္တာရထဲကနေ ရုန်းမထွက်နိုင်ဖြစ်နေတယ်။ အာရှဒေသကို ခြေဦးမလှည့်နိုင်ဖြစ်နေတယ်။

ဒီအချိန်မှာ စီးပွားရေး အလျင်အမြန် တိုးတက်လာတဲ့ တရုတ်ဟာ အာရှမှာ သြဇာစက်ကွင်းကို ချဲ့ထွင်ခွင့်ရနေတယ်။ အာရှမှာ တရုတ်သြဇာကြီးထွားလာတာကို စိုးရိမ်နေတဲ့ ဒေသတွင်း အမေရိကန်ရဲ့ မဟာမိတ်တွေလည်း ရှိနေတယ်။ အမေရိကန်အနေနဲ့ အာရှကို ခြေဦးပြန်လှည့်ဖို့ တောင်းဆိုတာတွေလည်း ရှိတယ်။ ဒီလိုနဲ့ အာရှဗဟိုပြုမူဝါဒ (Asian ‘pivot’) တနည်းအားဖြင့် ကန္တာရမှ ပင်လယ်ဆီသို့ ပေါ်လစီ ပေါ်ထွက်လာပါတယ်။

ဒီပေါ်လစီရဲ့ ဗိသုကာတွေထဲမှာ အရင် နိုင်ငံခြားရေး ဝန်ကြီး ဟယ်လာရီကလင်တန်က ထိပ်ဆုံးက ပါဝင်ပါတယ်။ ၂၀၁၁ ခုနှစ် အကုန်ပိုင်းမှာ နိုင်ငံခြားရေးမူဝါဒ (Foreign Policy) မဂဇင်းမှာ ဟယ်လာရီကလင်တန်ရဲ့ ဆောင်းပါးတပုဒ် (America’s Pacific Century) ပါလာပါတယ်။ ဆိုလိုရင်းက အမေရိကန်ဟာ ပစိဖိတ် ဒေသမှာ နဂိုက “အဆုံးအဖြတ် နေရာ” မှာ ရှိခဲ့တယ်။ ၂၀၁၁ စက်တင်ဘာ ၁၁ ရက်နေ့ အကြမ်းဖက်မှုနောက်ပိုင်းမှာတော့ အာရုံပြောင်းသွားခဲ့တယ်။ အခုတော့ ပစိဖိတ်ဒေသကို ပြန်ရုံပြန်စိုက်ပြီး သံတမန်ရေး၊ ကုန်သွယ်ရေး၊ စစ်ရေး တို့ကို တိုးချဲ့ဖို့ တိုက်တွန်းခဲ့ပါတယ်။

ဒီ ဆောင်းပါးကို ရေးပြီး ရက်သတ္တပတ်တွေအတွင်းမှာပဲ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟာ မြန်မာပြည်ကို ရောက်လာပါတယ်။ နှစ်ပေါင်း ၅၀ အတွင်းမှာ မြန်မာပြည်ကို ပထမဆုံးရောက်လာတဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်ထဲမှာ မြန်မာသမ္မတ ဦးသိန်းစိန်ကို အိမ်ဖြူတော်ကို ဖိတ်ခေါ်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှာတော့ အမေရိကန်သမ္မတ ဘာရတ် အိုဘားမားကိုယ်တိုင် မြန်မာပြည်ကို ရောက်လာပါတယ်။ ဆိုလိုတာက အမေရိကန်ရဲ့ အာရှဗဟိုပြုမူဝါဒ (Asian ‘pivot’) ပေါ်လစီကို အကောင်အထည်ဖော်တဲ့နေရာမှာ မြန်မာပြည်ဟာ အရေးကြီးတဲ့ နိုင်ငံ ဖြစ်နေတယ်ဆိုတာကို ပြနေတာပါ။ မြန်မာပြည်မှာ ဒီမိုကရေစီ ဖော်ဆောင်တဲ့ အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ အာရှဗဟိုပြုမူဝါဒ (Asian ‘pivot’) ပေါ်လစီဟာ လာမယ့် နှစ်တွေအတွင်း အမေရိကန်ရဲ့  မြန်မာပြည်ဆိုင်ရာ ပေါ်လစီတွေ ချမှတ်တဲ့ နေရာမှာ  အဆုံးအဖြတ် နေရာမှာ ရှိနေပါလိမ့်မယ်။  တနည်းအားဖြင့် မြန်မာ့ဒီမိုကရေစီ အနာဂတ်နဲ့ပတ်သက်နေပါတယ်။

အကြောင်းကတော့ မြန်မာပြည်ဟာ ပစိဖိတ်ဒေသထဲမှာ မဟာဗျူဟာအရ အရေးကြီးတဲ့ နေရာမှာ ရှိနေရုံသာမက ဒေသတွင်းမှာ အရေးပါတဲ့ အာဆီယံ အဖွဲ့ဝင်ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ နှစ်တချို့ကို ပြန်ကြည့်ရင် ပိုရှင်းပါတယ်။ အိုဘားမားရဲ့ ရှေ့က သမ္မတ ဂျော့ဒဗလျူဘုရှ် လက်ထက်မှာ အစဉ်အလာအရ အမေရိကန်သမ္မတလည်း တက်ရောက်တဲ့ အာဆီယံ ထိပ်သီးဆွေးနွေးပွဲတွေကို လံုံး၀ မတက်ရောက်ခဲ့ပါဘူး။ အကြောင်းကတော့ အဲဒီအချိန်က မြန်မာစစ်အစိုးရကို ရီပက်ဗလစ်ကန် အစိုးရက အသိအမှတ်မပြုတဲ့အတွက် မြန်မာခေါင်းဆောင်တက်မယ့် အစည်းအဝေးကို မတက်ခဲ့တာမျိုးဖြစ်ပါတယ်။

နောက်ပိုင်း ဒီမိုကရက်အစိုးရ တက်လာတဲ့ အခါကျတော့မှ နှစ်လမ်းသွား မူဝါဒကို ပြောင်းလဲလိုက်ပါတယ်။ မြန်မာပြည်နဲ့ ထိတွေ့ ဆက်ဆံရေးကို ပြောင်းလာပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ဟယ်လာရီ ကလင်တန်ဟာ အာဆီယံ ထိပ်သီးအစည်းအဝေးတိုင်းကို မပျက်မကွက်တက်ခဲ့ပါတယ်။ သမ္မတ အိုဘားမားကလည်း သုံးကြိမ် တက်ခဲ့ပါတယ်။ မနှစ် နှစ်ကုန် ပိုင်းမှာ ဘာလီထိပ်သီး ဆွေးနွေးပွဲကိုလည်း တက်ဖို့ စီစဉ်ထားပြီးတော့မှ ပြည်တွင်း ပြဿနာကြောင့် မတက်ဖြစ်ခဲ့တာဖြစ်ပါတယ်။ တရုတ်သမတလည်း တက်ရောက်တဲ့ ဘာလီ ထိပ်သီးဆွေးနွေးပွဲကို အမေရိကန် သမ္မတ မတက်နိုင်တာကို အခွင့်အရေးကြီးတရပ် ဆုံးရှုံးမှုအဖြစ် အမေရိကန် မီဒီယာတွေက သုံးသပ်ရေးသားကြပါတယ်။

အခုတော့ ထိပ်သီးအစည်းအဝေးမရှိလည်း အာရှဒေသကို ငါးကြိမ်မြောက်အဖြစ် သမ္မတ အိုဘားမား ပြန်ရောက်လာပါတယ်။ အာရှဒေသထဲက ဂျပန်နဲ့ တောင်ကိုရီးယား၊ အရှေ့တောင်အာရှ နိုင်ငံအာရှဒေသထဲက မလေးရှားနဲ့ ဖိလစ်ပိုင်တို့ကို သွားပါတယ်။ အိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက်အရ မဟာမိတ်အဆင့်တိုးမြှင့်ဖို့၊ ဒီမိုကရေစီဖွံ့ဖြိုးမှုကို အားပေးဖို့၊ ကုန်သွယ်ရေးတိုးမြှင့်ရေး၊ ယဉ်ကျေးမှုဖလှယ်ရေး၊ ပြည်သူအချင်းချင်း ဆက်ဆံရေး တိုးမြှင့်ရေး၊ အာဆီယံအဖွဲ့မှာ ရင်းနှီးမြှုပ်နှံရေးကိစ္စတွေ ပါဝင်ပါတယ်။

ဖေဖော်ဝါရီလမှာလည်း ရှေ့ပြေးအဖြစ် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီဟာ တောင်ကိုရီးယား၊ တရုတ်နဲ့ အင်ဒိုနီးရှားတို့ကို သွားရောက်ခဲ့ ပါတယ်။ ဧပြီလဆန်းပိုင်းမှာ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဟာ အာဆီယံ နိုင်ငံတွေရဲ့ ကာကွယ်ရေး ဝန်ကြီးတွေနဲ့ ဟာဝိုင်အီမှာ အစည်းအဝေးပြုလုပ်ခဲ့ပါတယ်။

အမေရိကန် ကာကွယ်ရေး ဝန်ကြီးက “ အာရှပစိဖိတ်ဒေသမှာ အမေရိကန် စစ်သည်အင်အား ၃၃၀၀၀၀ ချထားတယ်။ စစ်သင်္ဘောအစင်း ၁၈၀၊  စစ်လေယာဉ်အစင်းပေါင်း ၂၀၀၀ ချထားတယ်။ တခြား ဘယ်ဒေသမှာမှ ဒီလောက်များတဲ့ အင်အားကို ချထားတာ မရှိပါဘူး” လို့ ပြောခဲ့တယ်။ အမေရိကန် ကာကွယ်ရေး အသုံးစရိတ်ကို လျှော့ချချိန်မှာ အာရှပစိတ်ဖိတ်ဒေသမှာ အင်အား တိုးထားတာဖြစ်ပါတယ်။ ဆိုလိုတာက ၂၀၁၁ နှစ်ကုန်ပိုင်းမှာ ကြေညာထားတဲ့ အမေရိကန်ရဲ့ “အာရှဗဟိုပြုမူဝါဒ” ဘယ်မှ ထွက်ပြေးသွားတာမဟုတ်ပါဘူး။ သမ္မတ အိုဘားမားလက်ထက်မှာ ဆက်ရှိနေပါဦးမယ်။ အကယ်၍ ဒီပေါ်လစီရဲ့ ဗိသုကာဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟယ်လာရီ ကလင်တန်သာ ရွေးကောက်ပွဲဝင်ပြီး အနိုင်ရခဲ့ရင်  ပိုလို့တောင် အာရုံစိုက်လာမယ့် သဘောရှိပါတယ်။

မြန်မာပြည်အပေါ် သက်ရောက်လာမှာလည်းရှိပါတယ်။ အရေးအကြီးဆုံးကတော့ မြန်မာ့ ဒီမိုကရေစီအရေးနဲ့ ပတ်သက်လို့ အမေရိကန် ပေါ်လစီမှာ အလျှော့အတင်း (compromise) ဖြစ်လာနိုင်ပါတယ်။ အတိအကျပြောရရင် မြန်မာပြည်မှာ ဒီမိုကရေစီမကျတဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ နိုင်ငံရေးမှာ စစ်တပ်က ဆက်ပြီး ပါဝင်နေမယ့် ကိစ္စမျိုးတွေကို ပြောင်းလဲဖို့ အမေရိကန် အစိုးရဆီက တွန်းတွန်းတိုက်တိုက် ဖိအားမပေးတာမျိုး ဖြစ်နိုင်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်မျှတမှုမှာ နိုင်ငံတကာစံနှုန်းနဲ့ စရွေးကိုက် မဖြစ်ရင်တောင် အမေရိကန်ဘက်က လက်ခံမယ့် သဘောတွေကိုလည်း တွက်ထားဖို့ လိုပါတယ်။  ဆိုလိုတာက မြန်မာပြည် နိုင်ငံရေးဟာ အခြေအနေထက် ပိုဆိုးမသွားရင် အမေရိကန် အစိုးရက အသိအမှတ်ပြုသွားမယ့် သဘောရှိပါတယ်။ အခုတင်ပဲ အရှေ့တောင်အာရှဒေသ စစ်ရေးလေ့ကျင့်မှု (Cobra Gold) မှာ မြန်မာစစ်တပ်ကို လေ့လာသူအနေနဲ့ ဖိတ်ကြားခဲ့ပါတယ်။ အမေရိကန် နိုင်ငံခြားရေး ဌာနက နောက်ဆုံး ထုတ်ပြန်ထားချက်အရ ပြုပြင်ပြောင်းလဲမှုတွေ ဆက်လုပ်သွားရင် လက်နက် ရောင်းချတာမျိုးတောင် ဖြစ်လာနိုင်တယ်လို့ သုံးသပ်ကြပါတယ်။

အရေးကြီးတာက မြန်မာစစ်တပ်နဲ့ အမေရိကန် စစ်တပ်ကြားမှာ ယုံကြည်မှုတည်ဆောက်ပြီး မြန်မာစစ်တပ်နဲ့ တရုတ်စစ်တပ် သီးသန့် ဆက်ဆံနေတာမျိုးကို တဖြည်းဖြည်းနဲ့ လျှော့ချဖို့ ဖြစ်ပါတယ်။ ဒါကြောင့် လာမယ့် နှစ်တွေအတွင်းမှာ အမေရိကန် အစိုးရအနေနဲ့ မြန်မာပြည်မှာ စစ်မှန်တဲ့ ဒီမိုကရေစီဖြစ်ထွန်းတိုးတက်ရေး၊ စစ်မှန်တဲ့ ပြည်ထောင်စု တည်ဆောက်ရေးထက် အာရှဗဟိုပြုမူဝါဒကို အကောင်အထည် ဖော်ရေးအတွက် တက်လာတဲ့ အစိုးရနဲ့ အဆင်ပြေရေးကို ဦးစားပေး မလားဆိုတဲ့ ဖြစ်နိုင်ခြေကို ထည့်တွက်ဖို့ လိုပါတယ်။ ဒီမိုကရေစီအင်အားစုတွေအနေနဲ့ နိုင်ငံတကာ ဖိအား၊ အထူးသဖြင့် အမေရိကန်အစိုးရဆီက သံတမန်ရေးရာ ဖိအားအကူအညီကို ရဖို့ မျှော်လင့်ထားရင် နောက်တကြိမ် စိတ်ပျက်စရာနဲ့ ကြုံရဖို့ များပါတယ်။

(ညီစောလွင်သည် မြန်မာ့အရေးနှင့် ကမ္ဘာ့ရေးရာ သုံးသပ်ချက်များကို ရေးသားနေသူ ဖြစ်သည်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် လတ်တလော နေထိုင်သူဖြစ်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading