ကန့်သတ် ချုပ်ချယ်မှုတွေကြောင့် အဝေဖန်ခံနေရတဲ့ ပညာရေး ဥပဒေမူကြမ်း

နန္ဒာဘုန်းမြင့်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ဆယ်စုနှစ်များစွာ ဥပဒေမရှိဘဲ ဗဟိုချုပ်ကိုင်မှုနဲ့သာ ရှင်သန်ခဲ့ရတဲ့ မြန်မာနိုင်ငံ ပညာရေးစနစ်ဟာ အာဏာရှင်စနစ်နဲ့ စစ်အာဏာရှင်တွေရဲ့ တသွေးတသံတမိန့် အောက်မှာ ချွတ်ချုံကျမှုများစွာနဲ့ ခေတ်နောက်ကျခဲ့ရတယ် ဆိုတာ အားလုံး အသိပဲ ဖြစ်ပါတယ်။

အစိုးသစ် တက်လာပြီးနောက်ပိုင်း ပညာရေးနဲ့ ပတ်သက်လို့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ ဖိအားပေးမှုတွေ ရှိခဲ့တဲ့ နောက်မှာ ပညာရေးဥပဒေ အတည်ပြုပြဌာန်းနိုင်ရေးကို ဦးစားပေး လုပ်ဆောင်ခဲ့ပေမယ့် အမျိုးသားပညာရေး ဥပဒေဟာ မူကြမ်း အဆင့်မှာတင် ဝေဖန်မှုများစွာ ရှိနေတာကြောင့် ရှေ့ဆက် မတိုးနိုင်ဖြစ်နေခဲ့ရပါတယ်။

ဘာကြောင့် အမျိုးသား ပညာရေး ဥပဒေဟာ ရှေ့ဆက်မတိုးနိုင် ဖြစ်နေရပါသလဲ။ ဝေဖန်သူ အများစုကတော့ ဗဟိုချုပ်ကိုင်မှု များလွန်းတာ၊ ကန့်သတ်ချုပ်ချယ်မှုတွေ များလွန်းတာနဲ့ ရှေ့နောက် ညီညွတ်မှုအားနည်းတာ တွေကြောင့်လို့ ဆိုကြပါတယ်။ ဒါ့အပြင် လတ်တလော ပညာရေးမှာ ပါဝင်ဆောင်ရွက်နေတဲ့ ဆရာ၊ ဆရာမတွေရဲ့ ဂုဏ်သိက္ခာကို ထိပါးစေတဲ အသုံးအနှုန်းတွေ သုံးနှုန်းထားတယ်လို့လည်း ဆိုထားပါတယ်။

ပညာရေး ဥပဒေဟာ မူကြမ်းအဆင့်ကနေ ရှေ့ဆက်မတိုးနိုင်တဲ့ အကြောင်းအရင်းကတော့ အမျိုးသား ပညာရေး ဥပဒေမူကြမ်းကို အဓိက ပြုစု ရေးဆွဲသူတွေဟာ စစ်အာဏာရှင် လက်ထက်မှာ သြဇာအာဏာ ကြီးထွားခဲ့တဲ့ ပညာရေး လောကမှာ တာဝန်ကြီးကြီး ယူထားခဲ့သူတွေ ဖြစ်ပြီး အရိုးစွဲနေတဲ့ ဗဟိုချုပ်ကိုင်မှုနဲ့ ကန့်သတ်ချုပ်ချယ်မှုတွေကို ဒီဥပဒေမှာ ထည့်သွင်း ရေးဆွဲပြဌာန်းထားတယ် ဆိုတာလည်း ဥပဒေပါ အချက်များက သက်သေခံနေပါတယ်။

အမျိုးသား ပညာရေး ဥပဒေမူကြမ်းမှာ ဗဟိုချုပ်ကိုင်မှုဆိုတဲ့ စကားလုံးတွေကို ပေါ်ပေါ်တင်တင် သုံးစွဲထားတာကို တွေ့ရပါတယ်။ ဒါ့အပြင် လက်ရှိ ပညာရေး လောကအပေါ်မှာ လွမ်းမိုးချုပ်ကိုင်ထားတဲ့ အခြေခံပညာ ဦးစီးဌာနနဲ့ အဆင့်မြင့်ပညာ ဦးစီးဌာနတို့ကို ဖျက်သိမ်းမယ်လို့ ဆိုထားပေမယ့် အခြေခံပညာ ဦးစီးဌာနကို ဖျက်သိမ်းပြီး “အခြေခံပညာ အဆင့်ကျောင်းများ၏ စီမံခန့်ခွဲမှုကို သက်ဆိုင်ရာ ဝန်ကြီးဌာနက စီမံခန့်ခွဲမှုနှင့် ကြီးကြပ်မှုကို ဆောင်ရွက်ရမည်” အဆင့်မြင့်ပညာဦးစီးဌာနကို ဖျက်သိမ်းပြီး “တက္ကသိုလ်၊ ကောလိပ်များ၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ဖို့အတွက် ပြည်ထောင်စုအစိုးရမှ သင့်လျှော်သော ပုဂ္ဂိုလ်များပါဝင်သည့် ပညာရေး ကောင်စီကို ဖွဲ့စည်းမည်” လို့ဆိုထားပြီး “ထိုပညာရေး ကောင်စီမှ သင့်လျော်သော လူပုဂ္ဂိုလ်များပါဝင်ပြီး လွတ်လပ်စွာ ရပ်တည်သော အဆင့်မြင့်ပညာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီကို ဖွဲ့စည်းပြီး ထိုကော်မတီမှ သက်ဆိုင်ရာတက္ကသိုလ်များ၏ ဘဏ္ဍာရေး၊ စီမံခန့်ခွဲရေးနှင့် အထွေထွေကိစ္စရပ်များကို ဆောင်ရွက်မည်” လို့ ဆိုထားတာကို တွေ့ရပါတယ်။

အဲဒီ ကောင်စီရဲ့ လုပ်ငန်းတာဝန်နဲ့ လုပ်ပိုင်ခွင့်တွေဟာ အရင်က အဆင့်မြင့်ပညာဦးစီးဌာနရဲ့ လုပ်ငန်းတာဝန်နဲ့ လုပ်ပိုင်ခွင့်တွေကို လွှဲပြောင်းထားခြင်းသာဖြစ်ပြီး လုပ်ပိုင်ခွင့်နဲ့ အခွင့်အာဏာတွေကတော့ အရင်က အဆင့်မြင့် ပညာ ဦးစီးဌာနရဲ့ လုပ်ပိုင်ခွင့်ထက်တောင် ပိုမိုကျော်လွန်နေတာကို တွေ့ရပါတယ်။ ဒါ့အပြင် “သင့်လျော်သည့် လူပုဂ္ဂိုလ်များ ပါဝင်သော” ဆိုတဲ့ ကိစ္စရပ်မှာတော့ ပြည်ထောင်စု အစိုးရက ခန့်အပ်မှာ ဖြစ်တဲ့အတွက် အစိုးရအဖွဲ့ကို ဖွဲ့ခွင့်ရထားတဲ့ သက်ဆိုင်ရာ ပါတီက လူပုဂ္ဂိုလ်တွေ ဖြစ်နိုင်ချေ အလွန်များပြားသွားပါတယ်။ ဒီအတွက် ပညာရေးမှာ သက်ဆိုင်ရာ ပါတီရဲ့ သဘောတရားတွေ ပါဝင်ဖို့ဖြစ်နိုင်ချေများလွန်းသလို အထူးသဖြင့် လတ်တလောကို ကြည့်မယ်ဆိုရင်ပဲ ပညာရေးဒုတိယ ဝန်ကြီးအဖြစ် စစ်တပ်က အငြိမ်းစားယူထားတဲ့ ဗိုလ်မှူးကြီး သန့်ရှင်းကို ခန့်လိုက်ထားတာ၊ သူက ပညာဝန်ရေးထမ်းတွေ အပေါ်မှာ လူပေါ်လူဇော်လုပ်နေတာမျိုးတွေ၊ စစ်တပ်မှာလိုပဲ အမိန့်အာဏာကို အလွန်အကျွံ သုံးတာတွေ တွေ့မြင်ရ ပါတယ်။ ဒီကော်မတီ ဖွဲ့စည်းမှုမှာ စစ်တပ်က စစ်ဗိုလ်တွေ အများအပြား ပါဝင်လာနိုင်သလို အထက်မှာ ဖော်ပြခဲ့တဲ့ ကိစ္စမျိုးတွေလည်း အများကြီး ဖြစ်လာနိုင်ပါတယ်။

ဘာကြောင့်လဲဆိုတော့ လတ်တလော ဝန်ကြီးဌာနတွေမှာ စစ်တပ်က အငြိမ်းစားယူထားတဲ့ စစ်ဗိုလ်အများစုက နေရာကြီးကြီး တွေမှာ ဝင်ရောက်ယူထားပြီး စစ်တပ်မှာလို သြဇာအာဏာပြမှုတွေ၊ ဗဟိုချုပ်ကိုင်မှုတွေ ပြုလုပ် နေတာတွေကို တွေ့မြင်ရမှာပါ။ ပညာရေး ဝန်ကြီးဌာနမှာတော့ ဒုဝန်ကြီး၊ ဝန်ကြီးနေရာက လွဲလို့ စစ်တပ်က အငြိမ်းစား ယူထားတဲ့ စစ်ဗိုလ်တွေ နေရာယူခြင်း မရှိသေးပါဘူး။ ဥပဒေမူကြမ်းအရ ပညာရေးကောင်စီမှာ စစ်တပ်က စစ်ဗိုလ်တွေ အများအပြား နေရာယူလာနိုင်တာကို သတိပြုသင့်ပါတယ်။

နောက်တခုကတော့ ပညာရေး ဥပဒေမူကြမ်းဟာ ကန့်သတ်ချုပ်ချယ်မှု များလွန်းနေတဲ့ ကိစ္စပါပဲ။

ပညာရေး ဥပဒေမူကြမ်းရဲ့ အခန်း (၉)၊ ပုဒ်မ (၅၆)၊ ပိုဒ်ခွဲ (က) မှာ “နိုင်ငံသားတိုင်းဟာ အရည်အသွေးပြည့်ဝသော ပညာရေးကို သင်ယူရန် တန်းတူအခွင့်အရေးရှိခြင်း၊ ပိုဒ်ခွဲ (ခ) တွင် မိမိသင်ယူလိုသမျှ ပညာရပ်များကို ဘ၀ တလျှောက်လုံးတွင် သင်ယူနိုင်ခွင့်ရှိခြင်း” လို့ ပြဌာန်းထားပေမယ့်လည်း အခန်း (၃)၊ ပုဒ်မ (၄)၊ ပိုဒ်ခွဲ (ဇ) မှာတော့ “လွတ်လပ်စွာ ရပ်တည်သော ကိုယ်ပိုင်စီမံခန့်ခွဲသည့် တက္ကသိုလ်များအဖြစ် ရပ်တည်ခြင်းနှင့် တက္ကသိုလ်ဝင်ခွင့် စနစ်ကို သင်ယူလိုသူ၏ အရည်အချင်းနှင့် ဆန္ဒကို အခြေခံပြီး ရွေးချယ်နိုင်ခွင့်ရှိသော စနစ်ကျင့်သုံးခြင်း” လို့ ပြဌာန်းထားတဲ့ အပြင် ပုဒ်မ (၅၇)၊ ပိုဒ်ခွဲ (ဃ) မှာတော့ “ကျောင်းသားများ အနေနှင့် မိမိစိတ်ပါဝင်စားသော ဘာသာရပ်ကို ရွေးချယ်ခွင့်ရှိပြီး အရည်အချင်း ကိုက်ညီပါက တက်ရောက်ခွင့်ရှိခြင်း” လို့ ပြဌာန်းထားတဲ့အတွက် လက်တလော ကြုံတွေ့နေတဲ့ တက္ကသိုလ် ဝင်ခွင့်ပုံစံ အတိုင်းပဲဖြစ်နေတာ တွေ့ရပါတယ်။ နှစ်သက်တဲ့ ဘာသာရပ်ကို ရွေးချယ်ခွင့် ပြုပေမယ့်လည်း အရည်အချင်း ကိုက်ညီမှ တက်ရောက်ခွင့်ပြုမယ် ဆိုတာက တက္ကသိုလ်ဝင်တန်း အောင်မှတ်ကို အဓိကထားပြီး စီစစ်ရွေးချယ်မှုမှ တပါး တခြား နည်းလမ်းမရှိတဲ့အတွက် လတ်တလော အသုံးပြုနေတဲ့ ပညာသင်ကြားရေးစနစ်ကိုပဲ အတည်ပြုထားခြင်း ဖြစ်ပါတယ်။

ဒါ့အပြင် အခန်း (၉)၊ ပုဒ်မ (၆၅)၊ ပိုဒ်ခွဲ (င) မှာ “ကျောင်းသားများသည် ကျောင်းစည်းကမ်းကို တိကျစွာ လိုက်နာရမည်” လို့ ပြဌာန်းထားတဲ့ အတွက် ရိုးသားမှုမရှိဘူးလို့ ဝေဖန်လိုပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အခန်း (၁၄)၊ ပုဒ်မ (၈၀)၊ ပိုဒ်ခွဲ (ခ) မှာ “သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာန၊ အမျိုးသား ပညာရေးကောင်စီနှင့် အဆင့်မြင့်ပညာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီတို့သည် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်း များကို ထုတ်ပြန်နိုင်သည်” လို့ ပြဌာန်းထားလို့ ပါပဲ။ ကျောင်းသား၊ ကျောင်းသူတွေ၊ ဆရာ၊ ဆရာမတွေ အနေနဲ့ လွတ်လပ်တဲ့ အသင်းအဖွဲ့ ဖွဲ့စည်းနိုင်ခွင့် မရှိတဲ့အတွက် အကယ်၍ ဖွဲ့စည်းဆောင်ရွက်ခဲ့မယ် ဆိုရင် ကျောင်းစည်းကမ်း ချိုးဖောက်မှုနဲ့ ပြင်းထန်စွာ အရေးယူခြင်း ခံစားရနိုင်ဖွယ် ရှိပါတယ်။ ဒီပညာရေး ကောင်စီမှာ ပါဝင်သူတွေဟာ လိုအပ်သလို အမိန့်ထုတ်ပြန်နိုင်တဲ့ အခွင့်အာဏာ ရှိသူတွေ ဖြစ်တာကြောင့် ပညာရေးကို ပုံဖော်နေတဲ့ ဆရာ၊ ဆရာမတွေ၊ ကျောင်းသား၊ ကျောင်းသူတွေ အပေါ်မှာ အမိန့် အာဏာနဲ့ ကန့်သတ်ချုပ်ချုယ်မှု များစွာကို တင်းကြပ်စွာ ပြုလုပ်နိုင်တာကို သတိပြုရမှာပဲ ဖြစ်ပါတယ်။

ဆက်လက်ပြီးတော့ အမျိုးသား ပညာရေး ဥပဒေမူကြမ်းကို တစုံလုံး ခြုံကြည့်မယ်ဆိုရင် ရှေ့နောက်ညီညွတ်မှု အားနည်းချက် များစွာ ရှိနေတာကို တွေ့ရပါတယ်။ တက္ကသိုလ်ဝင်ခွင့် ရွေးချယ်ရေး၊ ဘာသာရပ် ရွေးချယ်ရေးနဲ့ ပညာသင်ကြားရေး ဆိုင်ရာ ကိစ္စတွေမှာ ရှေ့နောက် မညီတာတွေ တွေ့ရပါတယ်။

လွတ်လပ်တဲ့ တက္ကသိုလ်အုပ်ချုပ်ရေးကို ပေးမယ်လို့ ဆိုထားပေမယ့် ပြည်ထောင်စုအစိုးရက ဖွဲ့စည်းပေးမယ့် ပညာရေးကောင်စီ၊ အဲဒီ ပညာရေးကောင်စီက အဆင့်မြင့်ပညာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ စသဖြင့် အဆင့်ဆင့် ဖွဲ့စည်းထားတဲ့အပြင် အဲဒီ ကော်မတီတွေကို စီမံကွပ်ကဲ ညွှန်ကြားနိုင်တဲ့ ပညာရေးဝန်ကြီးဌာန စသဖြင့် ဖွဲ့စည်းထားတာ တွေက လွတ်လပ်တဲ့ တက္ကသိုလ်အုပ်ချုပ်ရေးကို ဟန့်တားနေပါတယ်။

အမျိုးသားပညာရေး ဥပဒေမှာ ပါဝင်တဲ့ အဆိုးရွားဆုံး ကိစ္စကတော့ အခန်း (၃)၊ ပုဒ်မ (၄)၊ ပုဒ်ခွဲ (ထ) မှာ ပါဝင်တဲ့ “ပညာရေး ဝန်ထမ်းများသည် အရည်အသွေးပြည့်ဝပြီး ကိုယ်ကျင့်တရား ကောင်းမွန်ကာ ကိုယ်ပိုင် ဆုံးဖြတ် ဆောင်ရွက်နိုင်မှုနှင့် ကိုယ်တိုင်တာဝန် ယူတတ်မှုတို့ ဖွံ့ဖြိုးလာမှုအပေါ် မူတည်၍ဗဟိုချုပ်ကိုင်မှုကို လျှော့ချသည့်စနစ် ကျင့်သုံးခြင်း” ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ဒီလို စကားလုံးကို သုံးပြီး ဥပဒေမှာ ပြဌာန်းခြင်းဟာ လတ်တလော ပညာရေးကို အဓိကပုံဖော်နေတဲ့ ဆရာ၊ ဆရာမထု တရပ်လုံးကို စော်ကားခြင်းပဲ ဖြစ်တယ်လို့ ဆရာ၊ ဆရာမ အများစုက ခံစားကြရပါတယ်။

ဒီဥပဒေပါ အချက်နဲ့ပတ်သက်ပြီး ဆရာ၊ ဆရာမများအဖွဲ့ချုပ်ရဲ့ ပြန်ကြားရေးတာဝန်ခံ ဆရာဦးသန်းထိုက်အောင်က “ကျနော်တို့ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်ကနေ အမျိုးသားပညာရေး ဥပဒေက အချက်တွေကို ကန့်ကွက်ထားတဲ့ သတင်း ထုတ်ပြန်ချက်တွေ ရှိပါတယ်။ အဓိကကတော့ အခန်း (၃)၊ ပုဒ်မ (၄)၊ ပုဒ်ခွဲ (ထ) မှာ ပါဝင်တဲ့ အချက်ကို လုံး၀ ပယ်ဖျက် ပေးဖို့ တောင်းဆို ထားပါတယ်။ ဒါဟာ ဆရာ၊ ဆရာမများ အားလုံးကို စော်ကားတဲ့ အသုံးအနှုန်းတခုပါ။ ဒါကို လက်ခံနေတဲ့ ပါမောက္ခချုပ်၊ ပါမောက္ခတွေကိုလည်း ကျနော် နားမလည်နိုင်ဘူး။ သူတို့ရော ဆရာ၊ ဆရာမလို့ မခံယူဘဲ ဆရာ၊ ဆရာမ တွေကို လက်ညှိုးထိုး ညွှန်ကြားနိုင်တဲ့ အာဏာရှင်တွေလို့ ကိုယ့်ကိုယ်ကိုယ် ထင်နေသလားပဲ၊ ဒါပဲ ကျနော် မေးချင်တော့ တယ်။ ကိုယ့်ကိုယ်ကိုယ် အာဏာရှင်လို့ ယူဆထားတဲ့ ပါမောက္ခ၊ ပါမောက္ခချုပ်တွေကို ဘယ်လိုယုံကြည်မှုနဲ့ ကျနော်တို့ အလုပ် ဆက်လုပ်သွားကြမလဲ” လို့ ပြောပါတယ်။

အမျိုးသားပညာရေး ဥပဒေမူကြမ်းမှာ အခန်း (၁)၊ ပုဒ်မ (၂)၊ အပိုဒ်ခွဲ (ထ) မှာတော့ ဆရာ ဆိုတဲ့ ဝေါဟာရကို ဒီလိုအဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။

“ဆရာ ဆိုသည်မှာ ကျောင်းပညာရေး၊ ကျောင်းပြင်ပ ပညာရေးနှင့် ကိုယ်တိုင်သင်ယူ ပညာရေး အစီအစဉ် သုံးရပ် စလုံးတွင် အသိပညာ၊ ကျွမ်းကျင်မှုနှင့် သဘောထား အယူအဆ အမြင်များကို သင်ကြားပို့ချပေးသူ၊ လက်ဆင့်ကမ်း သင်ကြားပို့ချပေးသူ ဆရာ၊ ဆရာမ အားလုံးကို ဆိုလိုသည်” လို့ အဓိပ္ပာယ် ဖွင့်ထားတာပါ။ ဒီလို ဖော်ပြထားပေမယ့်လည်း ပညာရေး ဝန်ထမ်းတွေဟာ အရည်အသွေးပြည့်ဝပြီး ကိုယ်ကျင့်တရား ကောင်းမွန်ပြီး ကိုယ်ပိုင်ဆုံးဖြတ် ဆောင်ရွက် နိုင်မှု၊ ကိုယ်တိုင် တာဝန်ယူတတ်မှုတွေ ဖွံ့ဖြိုးလာမှသာ ဗဟိုချုပ်ကိုင်မှု လျှော့ချပေးမယ့် ဖော်ပြလိုက်ခြင်းအားဖြင့် လတ်တလော ပညာရေးစနစ်ကို ပုံဖော်နေကြတဲ့ ဆရာ၊ ဆရာမတွေဟာ အသိပညာ၊ ကျွမ်းကျင်မှုနဲ့ သဘောထား အယူအဆ အမြင်တွေကို သင်ကြားပို့ချပေးသူ၊ လက်ဆင့်ကမ်း သင်ကြားပို့ချပေးသူတွေ မဟုတ်ဘူးလို့ သုံးနှုန်းလိုက်ခြင်းပါပဲ။ ဒီတော့ ဥပဒေ အတွင်းမှာကို ရှေ့နောက်ညီညွတ်ခြင်း မရှိတဲ့ ဘာသာစကား အသုံးအနှုန်းတွေကို သုံးနှုန်းထားတယ်လို့ ဆိုရခြင်းပဲ ဖြစ်ပါတယ်။

ဆရာ၊ ဆရာမများ အဖွဲ့ချုပ်ရဲ့ အတွင်းရေးမှုး (၂) ဒေါက်တာ အာကာမိုးသူကတော့ “ ဒီလို အရေးအသားက ဥပဒေမှာ ပြဌာန်း ရေးဆွဲစရာ မလိုတဲ့ အသုံးအနှုန်းပါ။ ဥပဒေရဲ့ အသုံးအနှုန်းလည်း မဟုတ်ပါဘူး။ ဒါက သက်သက်မယ့် ဆရာ၊ ဆရာမထု တရပ်လုံးကို စော်ကားသလို ဖြစ်နေပါတယ်” လို့ ပြောပါတယ်။

ပညာရေးဥပဒေဟာ နိုင်ငံမှာ မဖြစ်မနေ လိုအပ်တဲ့ ဥပဒေ တရပ်ဖြစ်ပါတယ်။ ပညာရေးဟာ နိုင်ငံသားတိုင်း အတွက် အလွန်တရာမှ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်။ ဗဟိုချုပ်ကိုင်မှုနဲ့ ကန့်သတ်ချုပ်ချယ်မှုတွေ ကြားမှာ နှစ်ပေါင်း များစွာ ရှင်သန်လာခဲ့ရတဲ့ မြန်မာ့ပညာရေးဟာ ချွတ်ချုံကျမှုများစွာနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါ့ကြောင့် ဒီမိုကရေစီ ခေတ်ပြောင်း ကာလမှာ ပေါ်ထွက်လာမယ့် ပညာရေးဥပဒေဟာ မြန်မာနိုင်ငံသားတွေရဲ့ အနာဂတ် ခေတ်ပြောင်း ပညာရေး မျှော်မှန်းချက် တခုလည်း ဖြစ်ပါတယ်။ ပညာရေးအတွက် မျှော်လင့်မှုတွေသာ မက နိုင်ငံရေး၊ စီးပွားရေး အပါအဝင် အနာဂတ် မျှော်လင့်ချက်များစွာ ပါဝင်တာကြောင့် ခေတ်ဟောင်းက အရိုးစွဲခဲ့တဲ့ ဗဟိုချုပ်ကိုင်မှု၊ ကန့်သတ် ချုပ်ချယ်မှု တွေကို ဖြေလျှော့စဉ်းစားဖို့ လိုအပ်နေပြီ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading