မြန်မာနိုင်ငံမှာ တကယ်လိုတာ လွတ်လပ်တဲ့ စာနယ်ဇင်းပါ

ကျော်စွာမိုး

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

လွတ်လပ်တဲ့ စာနယ်ဇင်း Independent Journalism ဟာ မြန်မာနိုင်ငံမှာ အနာဂတ်ရှိပါ့မလား။ ဒါက ကျနော်တို့ ပြည်တွင်း သတင်းစာတိုက်တချို့က အယ်ဒီတာတွေနဲ့ မီဒီယာဖွံ့ဖြိုးရေး အဖွဲ့အစည်း ်တချို့က နိုင်ငံခြားသားတွေ မြန်မာနိုင်ငံရဲ့ မီဒီယာလောက အကြောင်း ဆွေးနွေးကြစဉ် မေးမိတဲ့ မေးခွန်းပါ။

ကျနော်တို့ အတော့်ကို အပြုသဘောဆောင်ပြီး ကြည့်တဲ့အခါမှာ Independent Journalism က မြန်မာနိုင်ငံမှာ ရှင်သန်ဖြစ်တည်ဖို့ အခွင့်အရေး ရှိလောက်တယ်လို့ ယေဘုယျ လက်ခံမိကြတယ်။ ဒါပေမယ့် လက်တွေ့အခြေအနေကတော့ ဒီအကောင်းမြင်မှုနဲ့ ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။

အတိတ်ကိုပြန်ကြည့်မယ်ဆိုရင် ၁၉၆၂ ခုနှစ်မှာ အာဏာရှင် ဦးနေဝင်း အာဏာသိမ်းချိန် နိုင်ငံရဲ့သတင်းစာတွေကို “နိုင်ငံတော်ပိုင်” လုပ်လိုက်ပြီးနောက် နှစ်ပေါင်း ၅၀ အတွင်း Independent Journalism ဆိုတာ မြန်မာနိုင်ငံမှာ လုံးလုံးမရှိခဲ့တာပါ။ စစ်အစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ အစိုးရ မီဒီယာဟာ စစ်အစိုးရကို ဟိမဝန္တာ ချီးမွန်းခန်းဖွင့်ထားတဲ့ ဝါဒဖြန့်ချီမှုတွေကို အဆက်မပြတ် ထုတ်လွှင့်ခဲ့ပြီး ၁၉၈၈ ခုနှစ် နောက်ပိုင်းမှာ ပြန်လည်ခွင့်ပြုခြင်းခံရတဲ့ ပုဂ္ဂလိကမီဒီယာတွေကလည်း အမြဲလိုလို ဆင်ဆာနဲ့ နှစ်ပါးသွားနေခဲ့ရပါတယ်။

အဲဒီ သတင်းအမှောင်ချတဲ့ခေတ်အတွင်းမှာ စစ်အစိုးရရဲ့ မကောင်းမှုတွေကို ရေးသားဝံ့တဲ့ သတင်းစာဆရာတွေကိုတော့ အကျဉ်းထောင်တွေက အမြဲတမ်း တံခါးဖွင့်ကြိုနေခဲ့ပါတယ်။ သတင်းလွတ်လပ်ခွင့်ဆိုတာ လုံးလုံးမရှိခဲ့ဘဲ စာနယ်ဇင်းပညာရပ်ဆိုတာ အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခုလို့တောင် ပြောလို့မရတဲ့ အခြေအနေပါ။

ဒါပေမယ့် အဲဒီလို မီဒီယာလွတ်လပ်ခွင့်ဟာ အဆိုးဆုံးကို ရောက်နေခဲ့တဲ့အချိန်မှာတောင် မှန်ကန်တဲ့ သတင်းအချက်အလက်တွေကို ရရှိလိုတဲ့ ပြည်သူတွေရဲ့ ဆန္ဒက ဘယ်တော့မှ ရပ်တန့်မသွားခဲ့ပါဘူး။ ဒီလိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ နိုင်ငံရဲ့ပြင်ပမှာ ပြည်ပအခြေစိုက်မီဒီယာအုပ်စုတွေ အလျိုလျိုပေါ်ပေါက်လာခဲ့ပါတယ်။ အသံလွှင့်ဋ္ဌာနတွေ ဖြစ်တဲ့ BBC, VOA နဲ့ RFA မြန်မာပိုင်း အစီအစဉ်တွေက မြန်မာအစိုးရ မီဒီယာရဲ့ အလိမ်အညာတွေကို ဖယ်ရှင်းပေးနိုင်ခဲ့တယ်။

၂၀၁၂ ခုနှစ်မှာ အရပ်သားအစိုးရအမည်ခံ ဦးသိန်းစိန်အစိုးရက မီဒီယာပြုပြင်ပြောင်းလဲရေးတွေ စတင်လုပ်ဆောင်တဲ့အချိန်မတိုင်မီအထိ နိုင်ငံခြားမှာရှိနေတဲ့ မြန်မာဂျာနယ်လစ်တွေ မြန်မာနိုင်ငံထဲကို ဝင်ခွင့်မရခဲ့ပါဘူး။ ဒါ့အပြင် နိုင်ငံအတွင်းမှာရှိနေတဲ့ ဂျာနယ်လစ်တွေကိုလည်း လုံးဝ အသံတိတ်နေအောင် အစိုးရက ကောင်းကောင်းလုပ်ထားပါတယ်။

ဒီနောက်မှာတော့ အခြေအနေတွေ အားလုံးက ပြောင်းလဲသွားပါတယ်။ စာနယ်ဇင်းတွေမထုတ်ဝေခင် အစိုးရရဲ့ စာပေစိစစ်ရေးဋ္ဌာနကို အရင်တင်ပြရတဲ့ တင်းကြပ်တဲ့ စာပေစိစစ်ရေးစနစ်ကို ဖျက်သိမ်းခဲ့ပြီး ၂၀၁၃ ခုနှစ်မှာတော့ ပုဂ္ဂလိက မီဒီယာတချို့ နေ့စဉ်သတင်းစာထုတ်ဝေခွင့် ရခဲ့ပါတယ်။ နှစ်ပေါင်း ၂၀ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဧရာဝတီအပါဝင် ပြည်ပအခြေစိုက်မီဒီယာတွေဟာလည်း မြန်မာနိုင်ငံအတွင်း ရုံးဖွင့်ခွင့် ရရှိခဲ့ပါတယ်။

ဒီလိုထင်ရှားတဲ့ ဖြစ်ပေါ်တိုးတက်မှုတွေ ရှိခဲ့ပေမယ့်လို့ အဲဒါဟာ အစိုးရအနေနဲ့ မြန်မာနိုင်ငံမှာ Independent Journalism ကို ခွင့်ပြုဖို့ အဆင်သင့်ဖြစ်နေပြီဆိုတဲ့ အာမခံချက်တော့ မဟုတ်ခဲ့သေးပါဘူး။ ကျနော်တို့ အတွေ့အကြုံအရ တချိန်က မီဒီယာတွေကို တင်းကျပ်စွာ ထိန်းချုပ်ထားခဲ့တဲ့ ပြန်ကြားရေးဝန်ကြီးဌာန ဟာ ပုဂ္ဂလိက မီဒီယာတွေကို အတိုင်းအတာတခုအထိ ဆက်လက်ထိန်းချုပ်ဖို့အတွက် ရည်ရွယ်နေတုန်းပါ။

အစိုးရသစ်တက်လာပြီးနောက်ပိုင်းမှာတော့ အနောက်နိုင်ငံအခြေစိုက် မီဒီယာလွတ်လပ်ခွင့် အဖွဲ့အစည်းတွေက မြန်မာနိုင်ငံရဲ့ ခရီးသိပ်မတွင်လှသေးတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အင်တိုက်အားတိုက် ထောက်ခံပြီး အစိုးရရဲ့ ဝါဒဖြန့်ချိရေးယန္တရားကြီးကို စွမ်းဆောင်ရည်မြှင့်တင်ပေးဖို့ အစီအစဉ်တွေကိုတောင်မှ စတင်လုပ်ဆောင်လာခဲ့ကြပါတယ်။ ဒီအခြေအနေအပေါ် အစိုးရရဲ့ ကန့်သတ်မှုတွေအောက်မှာ ရုန်းကန်လှုပ်ရှားနေခဲ့ရတဲ့ တကယ့် မီဒီယာသမားစစ်စစ်တွေက နားမလည်နိုင်ဖြစ်ခဲ့ရပါတယ်။

အစိုးရသတင်းစာတွေနဲ့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားတို့ကို “အများပြည်သူဝန်ဆောင်မှု” မီဒီယာအဖြစ် ပြောင်းရန်လို့ ခေါင်းစဉ်တပ်ထားတဲ့ UNESCO (ကုလသမဂ္ဂစာပေ၊ သိပ္ပံ နဲ့ ယဉ်ကျေးမှုအဖွဲ့အစည်း)က ဦးဆောင်တဲ့ ဒီအကူအညီပေးမှုအစီအစဉ် တွေဟာ မြန်မာအစိုးရအနေနဲ့ ပြည်သူတွေကို ပိုပြီးထိထိရောက်ရောက် လှည့်ဖြားနိုင်ဖို့ကိုသာ အကူအညီ ဖြစ်စေပါလိမ့်မယ်။ တချိန်တည်းမှာပဲ အခြားပုဂ္ဂလိက မီဒီယာတွေဟာ အရင်တုန်းကအတိုင်း နှိပ်ကွပ်ခံနေရဦးမယ့် အနေအထားပါပဲ။

သီအိုရီအရတော့ အများပြည်သူ ဝန်ဆောင်မှုမီဒီယာဟာ မြန်မာနိုင်ငံမှာ အလုပ်ဖြစ်မှာ အသေအချာပါပဲ။ ပြည်သူတွေကို သတင်းမှန်နဲ့ အသိဉာဏ်တိုးစေဖို့ ဗဟုသုတ ဖြန့်ဖြူးရာမှာ စိတ်ရင်းအမှန်နဲ့ ပိုင်းဖြတ်ထားတဲ့ မီဒီယာဖြစ်တယ်ဆိုရင်ပေါ့။ BBC, AP, ကျိုဒိုနဲ့ အခြားဂုဏ်သရေရှိ နိုင်ငံတကာသတင်းဌာနတွေက လေ့ကျင့်သင်ကြား ပေးနေတဲ့သူတွေ တော်တော်များများဟာ စစ်အစိုးရဟောင်းရဲ့ စိတ်ဓာတ်စစ်ဆင်ရေး စစ်မျက်နှာပြင်မှာ ဂျာနယ်လစ်တွေအဖြစ် ထမ်းဆောင်ခဲ့တဲ့ အစိုးရဝန်ထမ်းတွေပါ။ မြန်မာနိုင်ငံမှာ Independent Journalism ပေါ်ပေါက်ဖို့အတွက် သူတို့ကို မဖြစ်မနေ သင်တန်းပေးရမယ်ဆိုရင်တောင်မှ သူတို့ကို နောက်ဆုံးမှသာ သင်တန်းပေးသင့်ပါတယ်။

စစ်အစိုးရရ အရာရှိဟောင်းတွေကို “ပရော်ဖက်ရှင်နယ်” စာနယ်ဇင်းသမားတွေအဖြစ် ပြောင်းလဲပေးဖို့ အကူအညီပေးဆောင်ရွက်နေတဲ့ UNESCO နဲ့ အခြားပါတနာ အဖွဲ့အစည်းတွေအနေနဲ့ မြန်မာနိုင်ငံမှာ မီဒီယာလွတ်လပ်ခွင့် ပေါ်ပေါက်ရေးအတွက် အမှန်တကယ် အကူအညီပေးချင်တယ်ဆိုရင် လက်ရှိမှာ စစ်တပ်အရာရှိဟောင်းတွေကို မြန်မာနိုင်ငံမှာ ပွင့်လင်းမြင်သာမှုတွေ ပိုရှိလာပြီလို့ ပြည်သူတွေ ထင်ယောင်ထင်မှားဖြစ်လာအောင် ဘယ်လိုလှည့်ဖြားမှုတွေ လုပ်ရမလဲလို့ သင်ပေးနေတာထက်တော့ ပိုပြီးလုပ်ပေးဖို့ လိုအပ်နေပါတယ်။

လေ့လာသူတွေက အစိုးရသတင်းစာတွေ အရင်ကလောက် တဖက်သတ် မဆန်တော့ဘူးဆိုတာကို သတိပြုမိခဲ့ပါတယ်။ အရင်က အစိုးရရဲ့ ဝါဒဖြန့်ချိရေးသတင်းစာလို့တောင် အမည်တပ်ခံရတဲ့ ဒီသတင်းစာဟာ အခုအချိန်မှာတော့ လူ့အခွင့်အရေးဖောက်ဖျက်မှုနဲ့ မြေသိမ်းမှုကိစ္စရပ် (ဒီကိစ္စတွေ ဘာကြောင့် မြန်မာနိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ဖြစ်ပွားနေဆဲဆိုတဲ့ အကြောင်းရင်းကို အသေးစိတ် မဖော်ပြဘဲ) လိုကိစ္စမျိုးတွေကို နည်းနည်းပါးပါး ဖော်ပြလာပါတယ်။ ဒါပေမယ့် မြန်မာဘာသာနဲ့ထုတ်ဝေတဲ့ အစိုးရ သတင်းစာတွေကတော့ အစိုးရ ဒါမှမဟုတ် စစ်တပ်အပေါ် ဝေဖန်မှုတွေ ပေါ်ပေါက်လာနိုင်စေတဲ့ ကိစ္စရပ်တွေကို ဖော်ပြလေ့မရှိတဲ့ အစဉ်အလာကိုတော့ ဆက်လက်ထိန်းသိမ်းထားဆဲပါ။ အဲဒါဟာ မြန်မာပြည်သူလူထု အတွက်တော့ ကောင်းတဲ့အခြေအနေမဟုတ်ဘူးဆိုတာ အထင်အရှားပါပဲ။

၂၀၁၂ ခုနှစ်မှာ ကျနော် ပြန်ကြားရေးဝန်ကြီးဌာနက အရာရှိတချို့နဲ့ ပထမဆုံး တွေ့ဆုံဖြစ်ခဲ့တဲ့ အချိန်က သူတို့အနေနဲ့ တကယ်စစ်မှန်တဲ့ ပြည်သူ့ဝန်ဆောင်မှု မီဒီယာတခုကို တည်ဆောက်ချင်တယ်ဆိုရင် အစိုးရမီဒီယာကို အသွင်ပြောင်းဖို့ ကြိုးစားရင်း အချိန်ကုန်မနေသင့်ဘူးလို့ ကျနော် အကြံပေးခဲ့ပါတယ်။ ပရော်ဖက်ရှင်နယ် စာနယ်ဇင်းသမားတွေက နိုင်ငံတကာမီဒီယာအဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့ လွတ်လပ်တဲ့ ပြည့်သူ့ဝန်ဆောင်မှု မီဒီယာသစ်ကို ဖန်တီးတာကို ခွင့်ပြုပေးဖို့ သူတို့ကို ပြောခဲ့ပါတယ်။

ကျနော့်အကြံပေးမှုက သူတို့အပေါ် ဘယ်လိုသက်ရောက်မှုမှ မရှိခဲ့ဘူးဆိုတာတော့ ပြောစရာလိုမယ် မထင်ပါဘူး။ ကျနော့် အကြံပေးမှုကို လက်မခံတာကိုလည်း ကျနော် မအံ့သြပါဘူး။ အစိုးရအနေနဲ့ မီဒီယာအပေါ်ထိန်းချုပ်လိုတဲ့ အကျင့်ကိုဖျောက်ပြီး ပြုပြင်ပြောင်းလဲရေးတွေဆက်လုပ်သွားဖို့လိုပါတယ်။ လက်ရှိမှာ ပုဂ္ဂလိက ရုပ်သံမီဒီယာတွေကို ခွင့်ပြုထားတယ်ဆိုပေမယ့် သူတို့ခွင့်ပြုပေးထားတဲ့ ပုဂ္ဂလိကဆိုတာကလည်း ခရိုနီတွေပိုင်တဲ့ ရွှေသံလွင် ကုမ္ပဏီရဲ့ Skynet နဲ့ Forever Group ကပိုင်တဲ့ MRTV-4 လောက်ပဲ ရှိတာပါ။

ဒီနေ့ ဒီအချိန် မြန်မာနိုင်ငံမှာ Independent Media ဆိုတာ လက်ချိုးရေတွက်လို့ရတဲ့ အနေအထား ဖြစ်နေတာပါ။ တကယ်လို့ မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီကို ကူးပြောင်းနိုင်ပါ့မလားလို့ ခင်ဗျားစိတ်ထဲမှာ ပူပန်ကြောင့်ကြရှိနေတယ်ဆိုရင်တော့ တကယ်ကို စိုးရိမ်စရာ အခြေအနေကို တွေ့ရမှာပါ။ အာဏာဆုပ်ကိုင်ထားသူတွေကို စောင့်ကြည့်ဖို့ လွတ်လပ်တဲ့ မီဒီယာမရှိရင်တော့ လာမယ့်နှစ် ရွေးကောက်ပွဲဟာ ၂၀၁၀ တုန်းကလိုပဲ ဆိုးဆိုးဝါးဝါး ဖြစ်သွားဦးမှာပါ။

တကယ်တမ်းမှာ မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ မီဒီယာကို ပြန်လည်တည်ဆောက်ဖို့က ခက်ခဲတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ မီဒီယာကို ဒီမိုကရေစီ လူ့အဖွဲ့အစည်းရဲ့ မဏ္ဍိုင်တခုအဖြစ် နေရာမှန်ကို ပြန်ပို့နိုင်ဖို့ သူ့ကို တတ်စွမ်းသလောက် အားထုတ်ကြိုးပမ်းဖို့ စိတ်အားထက်သန်နေတဲ့ လူငယ်စာနယ်ဇင်းသမားတွေ အတော်အသင့် ရှိပါတယ်။ သူတို့လိုနေတာကတော့ လွတ်လပ်ခွင့်နဲ့ အတွေ့အကြုံရှိ ပြည်တွင်း ပြည်ပ စာနယ်ဇင်းသမားတွေရဲ့ ကူညီထောက်ပံ့မှုပဲ ဖြစ်ပါတယ်။ အစိုးရအနေနဲ့က ဘာမှတောင် ဝင်လုပ်စရာမလိုပါဘူး။

မီဒီယာကို ကြီးကြပ်ဖို့၊ မီဒီယာအကြောင်း တကယ်တမ်း ဘာမှနားမလည်ခဲ့ဘဲ “မီဒီယာ ကျင့်ဝတ်စံနှုန်း” တွေကို အရမ်းကာရော သတ်မှတ်ပြီး စာနယ်ဇင်းသမားတွေကို ကျင့်သုံးခိုင်းဖို့ဆိုတာ အစိုးရရဲ့အလုပ်မဟုတ်ပါဘူး။ တကယ်လို့ စာနယ်ဇင်းသမားတွေက အမှားလုပ်မိတယ်ဆိုလို့ရှိရင် လည်း အဲဒါဟာ ဗျူရိုကရက်တွေက ပြင်ရမှာမဟုတ်ပါဘူး။ အတွေ့အကြုံရှိ စာနယ်ဇင်းသမားတွေက တည်ထောင်ထားတဲ့ အဖွဲ့တွေကနေတဆင့်သာ ပြုပြင်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

မြန်မာမှာ သတင်းထောက်တွေ မရှားပါဘူး။ လေ့ကျင့်သင်တန်းပေးခြင်းခံထားရတဲ့ ပရော်ဖက်ရှင်နယ် စာနယ်ဇင်းသမားတွေရော၊ CJ လို့ခေါ်တဲ့ အလွတ်သတင်းထောက်တွေရောဟာ အချို့က ဖုံးကွယ်လျို့ဝှက်ထားလိုတဲ့ အချက်တွေကို ဖော်ထုတ်နိုင်စွမ်း ရှိကြပါတယ်။ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးအတွင်းမှာရော၊ ၂၀၀၈ ခုနှစ် နာဂစ်ဆိုင်ကလုန်းပြီး နောက်ပိုင်းကာလတွေမှာရောပါ အစိုးရဟာ သူ့ရဲ့ ရက်စက်မှုနဲ့ လူ့အသက်ပေါင်းများစွာ ဆုံးရှုံးရမှုအပေါ် အလေးမထား ဂရုမပြုမှုကို မဖုံးကွယ်နိုင်ခဲ့ပါဘူး။ အကြောင်းကတော့ နိုင်ငံသားတွေအများအပြားဟာ သူတို့ရဲ့ အသက်ကို ဂရုမထား၊ ထောင်ဒဏ်ကျခံရမှာကိုမကြောက်ဘဲ အမှန်တရားကို မှတ်တမ်းတင်နိုင်ဖို့ ရဲရဲဝံဝံ့ စွန့်စားခဲ့ကြလို့ပဲဖြစ်ပါတယ်။ အရည်အချင်းပြည့်ဝတဲ့ စာနယ်ဇင်းသမားတွေကသာ မှန်ကန်တဲ့ ဦးဆောင်မှုကို ပေးမယ်ဆိုရင် သူတို့ဟာ နိုင်ငံရဲ့ အနာဂတ်အတွက် ပိုမိုကြီးမားတဲ့ အင်အားတွေ ဖြစ်လာဦးမှာပါ။

ဒီမိုကရေစီ လူ့အဖွဲ့အစည်းတိုင်းအတွက် ဘက်မလိုက်စိတ်ဓာတ်ရှိတဲ့ စာနယ်ဇင်းသမားတွေဟာ တန်ဖိုးကြီးမားတဲ့ အရာတခုပါ။ တကယ်လို့ နိုင်ငံတကာ အသိုင်းအဝန်းအနေနဲ့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီနဲ့ထိုက်တန်ပြီး ဒီမိုကရေစီကို လိုအပ်နေတယ်လို့ ယုံကြည်ရင် ဒီမိုကရေစီ ကို အကောင်းဆုံး ကာကွယ်ပေးနိုင်တဲ့သူတွေအပေါ် ရင်းနှီးမြုပ်နှံသင့်ပါတယ်။ အထက်ကပြောသမျှ လိုက်လုပ်ဖို့သာသိတဲ့ အစိုးရဝန်ထမ်းတွေကို စာနယ်ဇင်းသမားတွေအဖြစ် လေ့ကျင့်သင်ကြားပေးဖို့ဆိုတာကတော့ အချိန်ဖြုန်းမှုသက်သက်သာဖြစ်ပြီး အဲ့ဒီလိုအချိန်ဖြုန်းဖို့ ကျနော်တို့ အချိန်မရှိတော့ဘူးဆိုတာ အားလုံးအသိပဲဖြစ်ကြမှာပါ။ မြန်မာနိုင်ငံလိုအပ်နေတာ လွတ်လပ်တဲ့ မီဒီယာတွေ Independent Media ပါ။ “အများပြည်သူဝန်ဆောင်မှု”လို့ ခေါင်းစဉ်လှလှတပ်ထားတဲ့ ဝါဒဖြန့်ချီရေး ယန္တရားမဟုတ်ပါဘူး။

Did you find apk for android? You can find new Free Android Games and apps.
Loading