အဓမ္မဝါဒ တပ်မတော် ကျင့်သုံးတုန်းလား

ကျော်စွာမိုး

This article has been converted from Zawgyi One to Unicode

သတင်းထောက် ကိုအောင်ကျော်နိုင်ကို မြန်မာစစ်တပ်က ထိန်းသိမ်းထားစဉ်ကာလမှာ ပစ်သတ်လိုက်တဲ့သတင်းကတော့ ကြောက်စရာကောင်းပြီး ဒီနိုင်ငံထဲက ဂျာနယ်လစ်တိုင်းအတွက် တကယ့်ကို စိုးရိမ်စရာကိစ္စတခုဖြစ်ပါပဲ။ ပြီးခဲ့တဲ့တပတ်မှာ လူသိရှင်ကြားထုတ်ပြန်ခဲ့တဲ့ ဒီကြောက်လန့်ဖွယ်ဖြစ်ရပ်ကနေတဆင့် စစ်တပ်ဟာ တရားလက်မဲ့ သတ်ဖြတ်မှုတွေကို ကျုးလွန်ဖို့ လိုင်စင်ရှိနေတုန်းပဲဆိုတာ တွေးတောဆင်ခြင်နိုင်တဲ့ လူတိုင်း သိနိုင်ပါတယ်။ တကယ်တမ်းမှာတော့ တရားဥပဒေအရ ပြစ်ဒဏ်ပေးခြင်းမရှိဘဲ တရားလက်လွတ်သတ်ဖြတ်မှုဟာ မြန်မာနိုင်ငံမှာ ကောင်းကောင်းကြီးရှင်သန်နေတုန်းပါပဲ။

မွန်ပြည်နယ် ကျိုက်မရောမြို့ မှာ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ တိုက်ပွဲကို သတင်းယူနေစဉ် စက်တင်ဘာလ ၃၀ ရက်နေ့မှာ ကိုပါကြီးလို့ လူသိများတဲ့ ကိုအောင်ကျော်နိုင်ဟာ စစ်တပ်ရဲ့ ဖမ်းဆီးခြင်း ခံခဲ့ရပါတယ်။ သူပျောက်ဆုံးသွားတဲ့ သတင်းကို မီဒီယာတွေမှာ ဖော်ပြခဲ့ကြပါတယ်။ သူ့ရဲ့အမျိုးသမီး မသန္တာဟာ အောက်တိုဘာလ ၂၁ ရက်မှာ မီဒီယာသမားတွေနဲ့တွေ့ဆုံခဲ့ပြီး ကိုပါကြီးကို စစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားတာ ရက်သတ္တပတ် အနည်းငယ်ကြာပြီးဖြစ်ကြောင်းနဲ့ သူ့ကို ချက်ခြင်းလွှတ်ပေးဖို့ ပြောဆိုခဲ့ပါတယ်။

တကယ်တမ်းတော့ အဲဒီအချိန်မှာ ကိုပါကြီး အသတ်ခံလိုက်ရတာဟာ ၁၇ ရက်တောင်ရှိပါပြီ။ သူ့ အမျိုးသမီး နဲ့ မီဒီယာကတော့ ဒီကိစ္စကိုမသိဘဲ ကိုပါကြီးဟာ စစ်တပ်ရဲ့ ထိန်းသိမ်းထားခြင်းကို ခံနေရဆဲလို့ ထင်ခဲ့ကြတာပါ။ သူ့ အမျိုးသမီးက မီဒီယာတွေနဲ့တွေ့ပြီး ၂ ရက်အကြာ အောက်တိုဘာလ ၄ရက်နေ့မှာ ကိုပါကြီး စစ်တပ်ရဲ့ထိန်းသိမ်းမှုက ထွက်ပြေးဖို့ ရည်ရွယ်ချက်နဲ့ စစ်သားတယောက်ရဲ့ သေနတ်ကို လုယူဖို့ကြိုးစားစဉ် စစ်သားက သေနတ်နဲ့ပစ်ခတ်လို့ သေဆုံးခဲ့ကြောင်း စစ်တပ်က  ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ကိုအောင်ကျော်နိုင် သေဆုံးပြီးနောက်မှာ ထုတ်ပြန်ခဲ့တဲ့ စာမျက်နှာ ၂ မျက်နှာရှိကြေညာချက်ဟာ စစ်တပ် အနေတဲ့ ဂျာနယ်လစ်တယောက်ကို ဘာကြောင့်သတ်ပစ်ခဲ့ရလဲဆိုတဲ့ ခိုင်လုံတဲ့ အကြောင်းပြချက်ပေးဖို့် ကြိုးပမ်းမှုတခုဆိုတာ ထင်ရှားပါတယ်။

ကြေညာချက်မှာ အဓိကဆိုလိုရင်း အချက် ၂ ချက်ပါပါတယ်။ တချက်က အောင်ကျော်နိုင်ဟာ    DKBA နိုင်ငံရေး ဋ္ဌာနတခုရဲ့ ဆက်သွယ်ရေး အရာရှိ  ဗိုလ်ကြီး လို့ပြောပါတယ်။ ဆိုလိုတာကတော့ သူဟာ ဂျာနယ်လစ်တယောက်မဟုတ်ဘဲ  သူပုန် တယောက်သာဖြစ်တယ်၊ နောက်တချက်ကတော့  သူဟာ စစ်သား တယောက်ဆီကနေ သေနတ်ကို လုယူဖို့ကြိုးစားခဲ့တယ်လို့ ပြောချင်တာပါ။

ဒါဟာ စစ်တပ်က ကို အောင်ကျော်နိုင်ကို သတ်ပစ်ဖို့အတွက် လုံလောက်တဲ့ အကြောင်းပြချက် ဟုတ်ရဲ့လား မေးခွန်းထုတ်စရာပါ။ စစ်တပ်က ဒီလိုမျိုး ကြေညာချက်ထုတ်ပြန်တာတော့ ဒါ ပထမဦးဆုံးပါပဲ။ ပြဿနာကတော့ စစ်တပ်ရဲ့ ထုတ်ပြန်ချက်ဟာ မှန်ကန်မှု ရှိ မရှိ သံသယတွေ ကြီးထွားလာနေတာပါပဲ။

စစ်တပ်ရဲ့ ကာလကြာရှည် လူ့အခွင့်အရေး ချိုးဖောက်မှုမှတ်တမ်းတွေကြောင့် သူရဲ့ကြေညာချက်ကို တော်တော်များများက မယုံကြည်ကြပါဘူး။ မြန်မာစစ်တပ်ဟာ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်သူ တွေကို အကြမ်းဖက်နှိမ်နှင်းမှု၊ များသောအားဖြင့် အပြစ်မဲ့ပြည်သူတွေသာ ဓားစာခံဖြစ်ခဲ့ရတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအပေါ် ထိုးစစ်ဆင်တိုက်ခိုက်မှု စတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားခဲ့ပါတယ်။

ပိုပြီး သံသယဖြစ်စေတဲ့တချက်ကတော့ စစ်တပ်က သူ့ရဲ့ကြေညာချက်မှာ ကိုအောင်ကျော်နိုင်ရဲ့ ကျန်ရစ်တဲ့ ခန္ဓာကိုယ်ကို ကျိုက်မရောမြို့ရဲ့ ကီလိုမီတာ ၂၀ အကွာက  ရွှေဝါချောင်ရွာမှာ ကောင်းကောင်းမွန်မွန် မြှုပ်နှံ သင်္ဂြိုလ်ခဲ့တယ် ဆိုတဲ့အချက်ပါပဲ။ ဒီကောင်းကောင်းမွန်မွန်မြှုပ်နှံတယ်ဆိုတာ တခုခုကို ဖုန်းကွယ်ထားတဲ့ သဘောသက်ရောက်နေပါတယ်။

ကိုအောင်ကျော်နိုင်ကို ဖမ်းဆီးထိန်းသိမ်းမှုနဲ့ သူ့ရဲ့ရုပ်အလောင်းကို ကိုင်တွယ်ပုံကြောင့် “ဘာကြောင့်”ဆိုတဲ့ မေးခွန်းတွေအများအပြားပေါ်ထွက်လာခဲ့ပါတယ်။ စစ်တပ်က ဒီသတင်းကို ဘာကြောင့် ၂ ပတ်လောက် မထုတ်ပြန်ဘဲ ထားခဲ့ရတာလဲ။ ဘာကြောင့် သေဆုံးသူရဲ့မိသားစုကို ချက်ခြင်းအကြောင်း မကြားခဲ့တာလဲ။ ဒေသန္တရအစိုးရ၊ ရဲ၊ ဆေးရုံ ကတာဝန်ရှိတဲ့ ဆရာဝန်တွေ စတဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေကို အကြောင်းမကြားဘဲ ဘာကြောင့်မြေမြှုပ်ခဲ့တာလဲ။

စစ်တပ်ရဲ့ကြေညာချက်မှာ ကိုအောင်ကျော်နိုင်ဟာ သူပုန်လို့ ဆိုပေမယ့် သူဟာ Eleven၊ ရန်ကုန်တိုင်းမ်နဲ့ The Voice စတဲ့ ပြည်တွင်း သတင်းဋ္ဌာနတွေကို   သတင်းနဲ့ ဓာတ်ပုံတွေ ပို့ခဲ့ဖူးတယ်လို့ အတည်ပြုနိုင်ခဲ့ပါတယ်။ သူအဖမ်းမခံရခင်မှာ DKBA တပ်စွဲထားတဲ့ နေရာ တခုကနေ သတင်းပို့နေခဲ့တာပါ။ ပြီးခဲ့တဲ့တပတ်မှာတော့ DKBA ရဲ့ နိုင်ငံရေး လက်ရုံးတခုဖြစ်တဲ့ ကလို့ထူးဘော အဖွဲ့က ကိုအောင်ကျော်နိုင်ဟာ သူတို့အဖွဲ့ဝင် မဟုတ်ဘူးလို့ စစ်တပ်ရဲ့ပြောဆိုချက်ကို ငြင်းခဲ့ပါတယ်။

ကိုအောင်ကျော်နိုင်ဟာ ဂျာနယ်လစ်တယောက်ပဲဖြစ်ဖြစ် လက်နက်ကိုင်တပ်ဖွဲ့တခုကပဲဖြစ်ဖြစ် စစ်တပ်က သူ့ကို သတ်ခွင့်မရှိပါဘူး။ ဒါဟာ တရားလက်မဲ့ သတ်ဖြတ်မှု ဖြစ်ပြီး ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတခုဆိုတာ ထင်ရှားပါတယ်။ ၂၀၀၇ ခုနှစ်မှာ ရွှေဝါရောင်တော်လှန်ရေးအတွင် း ရန်ကုန်မြို့မှာ ဂျပန်သတင်းထောက် ခန်ဂျီ နဂါအိ ပစ်သတ်ခံရပြီးနောက်မှာ ဒါဟာ ပထမဆုံး ဂျာနယ်လစ်တယောက်ကို စစ်တပ်မှ ပစ်သတ်မှုဖြစ်ပါတယ်။

ဖြစ်ချင်တော့ ကိုအောင်နိုင်ကျော်ကို ပစ်သတ်မှုဟာ သမ္မတ ဦးသိန်းစိန်က သူ့ရဲ့အီတလီခရီးစဉ်အတွင်း ဥရောပသမ္မဂ ကို မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေတွေကို အစီရင်ခံစာ တင်သွင်းနေမှုကို ရပ်တန့်ပေးဖို့တောင်းဆိုပြီး တပတ်အကြာမှာဖြစ်ခဲ့တာပါ။

တကယ်လို့ ပြုပြင်ပြောင်းလဲရေးလုပ်နေတဲ့ အစိုးရအနေနဲ့ ယုံကြည်မှုကို ဆက်ထိန်းထားချင်တယ်ဆိုရင်တော့ ကိုအောင်ကျော်နိုင်ရဲ့သေဆုံးမှုအပေါ် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေဆောင်ရွက်ဖို့ အလွန်အရေးကြီးပါတယ်။ မသန္တာက စစ်တပ်ကို သူ့ခင်ပွန်း ရဲ့အလောင်းကိုပြန်ပေးဖို့နဲ့ စစ်တပ်ကို တရားစွဲမယ်လို့ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာတော့ မင်းကိုနိုင်စတဲ့ ထင်ရှားတဲ့ တက်ကြွလှုပ်ရှားသူတွေဦးဆောင်ပြီး ကိုအောင်ကျော်နိုင်ကို သတ်ပစ်မှုအပေါ် ရှုံ့ချတဲ့ ဆန္ဒပြပွဲတခုလုပ်ခဲ့ပြီး ဒီဖြစ်ရပ်အပေါ် စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုခဲ့ပါတယ်။

နယူးယောက်အခြေစိုက် ဂျာနယ်လစ်များ ကာကွယ်ရေး ကော်မတီ (Committee to Protect Journalists) ကလည်း ဒီသတ်ဖြတ်မှုကို ရှုတ်ချခဲ့ပါတယ်။ ဂျာနယ်လစ်များကာကွယ်ရေးကော် မတီ အရှေ့တောင်အာရှ ကိုယ်စားလှယ် ရှောင် ခရစ်စ်ပင်က “မြန်မာစစ်တပ်က အောင်ကျော်နိုင်ကို သတ်လိုက်တာဟာ တော်တော့်ကိုဆိုးဝါးတဲ့ ကိစ္စပါပဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်တပ်ပြောတာ ဟုတ်မဟုတ် အရပ်ဖက်အာဏာပိုင်အနေနဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ရပါမယ်။ စစ်တပ်ရဲ့ပြောပုံအရတော့ တခုခုကို ဖုန်းကွယ်ထားလိုတဲ့ လက္ခဏာတွေ တွေ့ရပါတယ်။ သူ့ကို တရားလက်မဲ့ သတ်ပစ်မှုနဲ့ သူမသေဆုံးခင် သူ့အပေါ် ဆိုးရွားတဲ့ ဆက်ဆံမှုတွေအတွက် တာဝန်ရှိတဲ့ စစ်သားမှန်သမျှကို ဥပဒေနဲ့ အညီ တရားစွဲဆိုရပါမယ်” လို့ပြောပါတယ်။

လက်ရှိအချိန်ထိတော့ ဦးသိန်းစိန်အစိုးရဟာ ကိုအောင်ကျော်နိုင်သေဆုံးမှုနဲ့ ပတ်သက်ပြီး နှုတ်ဆိတ်နေပါတယ်။ အစိုးရမီဒီယာကလည်း စစ်တပ်ရဲ့ ထုတ်ပြန်ချက်အတိုင်း တသွေမတိမ်း ထုတ်ပြန်တာလောက်ပဲရှိပါတယ်။ အစိုးရက ဒီလိုနှုတ်ဆိတ်နေတာဟာ စစ်တပ်ကို အနာဂတ်မှာ ဒီလိုပြစ်မှုမျိုးတွေ ထပ်ကျုးလွန်ဖို့ ခွင့်ပြုထားသလို ဖြစ်စေပါတယ်။

ကျိုက်မရောမြို့ ရဲတပ်ဖွဲ့က ကိုအောင်ကျော်နိုင်ရဲ့ မိန်းမရဲ့ အမှုတိုင်တန်းမှုကို လက်ခံလိုက်တာကတော့ အားတက်ဖွယ် အခြေအနေတခုပါပဲ။

အစိုးရနဲ့ စစ်တပ် ခေါင်းဆောင်တွေဟာ အရက်ဖက်လူ့အဖွဲ့အစည်းတွေနဲ့အတူ ဒီကိစ္စကို သင့်တော်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ရပါမယ်။ ဒါမှသာ စစ်တပ်ဟာ တရားလက်လွတ် သတ်ဖြတ်ခွင့် လိုင်စင် မရှိတော့ဘူးဆိုတာကို နိုင်ငံတကာကို ပြနိုင်မှာပါ။

Loading