စစ်အုပ်ချုပ်ရေးမှ ကူးပြောင်းရာလမ်း - မြန်မာအတွက် လေ့လာစရာများ (၂)

ဇိုလ်တန် ဘာရာနီ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ကိုရီးယား စစ်ဖက်-အရပ်ဖက် ဆက်ဆံရေးကို ကင်မ် အောင်အောင်မြင်မြင် ပြုပြင်ပြောင်းလဲရာမှာ အချက်အလက် များစွာက အထောက်အကူ ပြုခဲ့ပါတယ်။ ပထမအချက်၊ ပြည်သူတွေက ကျယ်ကျယ်ပြန့်ပြန့် ခိုင်ခိုင်မာမာ ထောက်ခံခဲ့ပါတယ်။ ဒုတိယအချက်၊ အင်စတီကျူးရှင်း ပြုပြင်ပြောင်းလဲရေးကို ဦးစားပေး လုပ်ကိုင်နေကြတဲ့ အရပ်ဖက် အဖွဲ့အစည်းတွေက သဘောထား အစွန်းမရောက်တာကြောင့် ကင်မ်ရဲ့ အားထုတ်ကြိုးပမ်းမှုတွေ ခရီးရောက်သွားပြီး စစ်တပ်အနေနဲ့ အာခံဆန့်ကျင်တာ မလုပ်အောင် တားဆီးနိုင်ခဲ့ပါတယ်။ တတိယ၊ ကျစ်လစ်ခိုင်မာပြီး ပရော်ဖက်ရှင်နယ် ဆန်လာတဲ့ စစ်တပ်က ၎င်းအပေါ် အရပ်သားတွေရဲ့ ကျယ်ကျယ်ပြန့်ပြန့် ချုပ်ကိုင်မှုကို အလိုက်သင့် လက်ခံခဲ့ပါတယ်။

စတုတ္တအချက်၊ ပြည်ပရန်က အနည်းအကျဉ်းပဲ ရှိနေတာကြောင့် ကိုရီးယားနိုင်ငံက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို အာရုံစိုက် လုပ်ကိုင်နိုင်ခဲ့ပြီး နိုင်ငံရေးကနေ စစ်တပ်ဆုတ်ခွာသွားတဲ့ စနစ်ကိုလည်း တည်ဆောက်နိုင်ခဲ့ပါတယ်။ နောက်ဆုံးအချက်၊ ပြုပြင်ပြောင်းလဲမှုတွေကို ကင်မ် လုပ်နေချိန်မှာ တိုင်းပြည်စီးပွားရေးကလည်း တိုးတက် ကောင်းမွန်နေချိန်နဲ့ သွားတိုက်ဆိုင်နေပါတယ်။ ဒါကြောင့် လက်နက်နဲ့ ထောက်ပံ့ရေးပစ္စည်း အများအပြားကို လက်နက်ကိုင် တပ်ဖွဲ့အတွက် ဝယ်ယူနိုင်မဲ့ ဘတ်ဂျက်ကို ပြဌာန်းပေးနိုင်ခဲ့ပြီး စစ်တပ်ထဲက အဓိကကျတဲ့ အုပ်စုတွေအများစု စိတ်ကျေနပ်အောင် လုပ်ပေးနိုင်ခဲ့ပါတယ်။

ဒီမိုကရေစီ ခိုင်မာအောင် တည်ဆောင်ရေး လုပ်ငန်းစဉ်တွေအများစု ပြီးမြောက် အောင်မြင်သွားခဲ့တာက ကင်မ်ဒေးယုံ သမ္မတဖြစ်နေစဉ် ၁၉၉၈-၂၀၀၃ ကာလ အတွင်းမှာ ဖြစ်ပါတယ်။ ကင်မ်ယုံဆမ်နဲ့ မတူတာက ကင်မ်ဒေးယုံက စစ်တပ်တွင်း ပြုပြင်ပြောင်းလဲမှုတွေကို အမြစ်ကနေ လှန်တဲ့သဘောမျိုး မလုပ်ခဲ့တာပါ။ တိုင်းပြည်လုံခြုံရေးရာ ကိစ္စတွေနဲ့ ပတ်သက်လာရင် သူ့ရဲ့ အရေးအကြီးဆုံး ဆန်းသစ်တီထွင်မှုက “နေခြည်ဖြာမူဝါဒ” ကို စတင်ကျင့်သုံးခဲ့တာ ဖြစ်ပါတယ်။ မူဝါဒသစ်အရ မြောက်ကိုရီးယားနိုင်ငံနဲ့ ဆက်ဆံရေးကို အခြေခံအုတ်မြစ် အသစ်ပေါ်မှာ တည်ဆောက်ပေးနိုင်ခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံရဲ့ လုံခြုံမှုကို ရယူနိုင်ဖို့ဆိုရင် မြောက်ကိုရီးယားနိုင်ငံ ခံစားနေရတဲ့ မလုံခြုံမှုကို ဖြေလျှော့ပေးနိုင် ရမယ်ဆိုတာ မူဝါဒအသစ်က ရှင်းရှင်းလင်းလင်း လက်ခံ အသိအမှတ်ပြုပါတယ်။ အဲဒီလိုမျိုး အပြောင်းအလဲမြန်သွားတဲ့ နိုင်ငံခြားရေး ပေါ်လစီကို ကွန်ဆာဗေးတစ်စ် ပါတီတွေကတောင် အသည်းအသန် ဆန့်ကျင်ကန့်ကွက်ခဲ့တာပါ။ ဒါပေမဲ့ “နေခြည်ဖြာမူဝါဒ” ကို ကျင့်သုံးလိုက်ရင် ဖြစ်ပေါ်လာမဲ့ ရလဒ်တွေကို တောင်ကိုရီးယား ဗိုလ်ချုပ်ကြီးတွေက စိတ်ပူပန်မယ်ဆို ပူပန်စရာဖြစ်ပေမဲ့ ဘာမှမပြောဘဲ နှုတ်ဆိတ်နေပေးခဲ့ပါတယ်။ တောင်ကိုရီးယား ရေပိုင်နက်ကို မြောက်ကိုရီးယား ရေယာဉ်တွေ ကျူးကျော်ဝင်ရောက်လာတော့ စိတ်လိုက်မာန်ပါ မလုပ်ဆောင်ဘဲ ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖိ့ု ကင်ဒေးယုံ အမိန့်ပေးခဲ့တာကို ထိပ်တန်းစစ်ဖက် ခေါင်းဆောင်တွေကလည်း လိုက်နာခဲ့ပါတယ်။

တချိန်တည်းမှာပဲ လက်နက်ကိုင် တပ်ဖွဲ့တွေကို ဖြေသိမ့်ပေးဖို့ ကင်ဒေးယုံက အများကြီး လုပ်ဆောင်ပေးခဲ့ပါသေးတယ်။ ကင်ယုံဆမ် လက်ထက်တည်းက ဖမ်းဆီးထောင်ချထားခဲ့တဲ့ စစ်တပ်ခေါင်းဆောင်တွေကို သမ္မတရာထူး ရယူပြီးနောက် ၄ ရက်အကြာမှာ ကင်ဒေးယုံက ပြန်လွှတ်ပေးခဲ့ပြီး အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးအတွက် ရည်ရွယ် လုပ်ဆောင်ခဲ့ပါတယ်။ ဟင်းနဟိုး အုပ်စုဝင်တွေကို ခွဲခြား ဆက်ဆံတာမျိုးလည်း မလုပ်တော့ပါ။ ရာထူးခန့်အပ်တာတွေ၊ ရာထူးတိုးပေးတာတွေကို ပရော်ဖက်ရှင်နယ် အရည်အချင်းအပေါ် မူတည်ပြီးတော့ပဲ စဉ်းစားဆုံးဖြတ်ခဲ့ပါတယ်။ ဒေသအလိုက် မစဉ်းစား မဆုံးဖြတ်တော့ပါ။ ဒါပေမဲ့ ဒီနေရာမှာ တခုမှတ်သားဖို့ ကောင်းတာက သူ့လက်ထက်မှာ စစ်တပ်နဲ့ ပတ်သက်ပြီး အနှစ်သာရရှိတဲ့ အပြောင်းအလဲတွေကို ကင်မ်ယုံဆမ်က သတ္တိရှိရှိနဲ့ လုပ်ဆောင်ခဲ့လို့ သူ့ကိုဆက်ခံသူ ကင်မ်ဒေးယုံက လက်နက်ကိုင် တပ်ဖွဲ့တွေအပေါ်ကို သဘောထားကြီးကြီးနဲ့ ဆက်ဆံနိုင်ခဲ့တာပါ။

ကင်ဒေးယုံ လက်ထက်မှာ ဥပဒေပြုလွှတ်တော်က နိုင်ငံတော်လုံခြုံရေး ကိစ္စတွေနဲ့ပတ်သက်ပြီး ထဲထဲဝင်ဝင် လုပ်ကိုင်လာနိုင်ပါတယ်။ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း NGO တွေကလည်း ကာကွယ်ရေးကိစ္စတွေကို အများပြည်သူရှေ့ ဆွေးနွေးရာမှာ ပိုပြီးသြဇာအာဏာ ကောင်းကောင်းနဲ့ ပါဝင်လာနိုင်ပါတယ်။ ဒါ့အပြင် နိုင်ငံတော်လုံခြုံရေးဆိုတဲ့ များပြားကျယ်ပြန့်တဲ့ ကိစ္စတွေကို စဉ်းစားဆုံးဖြတ်စေဖို့ သမ္မတအကြံပေးအဖဲ့ွကို ၂၀၀၁ ခုနှစ်မှာ ဖွဲ့လိုက်ခြင်းအားဖြင့်လည်း အရပ်သား ထိန်းချုပ်မှုကို ပိုပြီးမြဲမြံစေခဲ့ပါသေးတယ်။ “နိုင်ငံတော်လုံခြုံရေးကောင်စီ” လို့ နာမည်ပေးထားတဲ့ သမ္မတ အကြံပေးအဖဲ့ွမှာ သမ္မတ၊ ပြန်လည်ပေါင်းစည်းရေး ဝန်ကြီး၊ နိုင်ငံခြားရေးရာဝန်ကြီး၊ ကုန်သွယ်ရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး၊ ထောက်လှမ်းရေးညွှန်မှူး၊ နိုင်ငံတော်လုံခြုံရေးနဲ့ နိုင်ငံခြားရေးရာ အကြီးတန်း သမ္မတ၊ အတွင်းရေးမှူးတို့ ပါဝင်ပါတယ်။

ကိုရီးယားနိုင်ငံက ချမ်းသာကြွယ်ဝပြီး တိုင်းရင်းသားလူမျိုး တမျိုးတည်း နေထိုင်တဲ့ တိုင်းပြည်ပါ။ ဒါကြောင့် အခု ဒီဆောင်းပါးမှာ ဆွေးနွေးပြောဆိုတဲ့ တခြားနိုင်ငံတွေနဲ့ ကွာခြားတယ်ဆိုတာ အလွယ်တကူ သိသာနေပါတယ်။ ဒါပေမဲ့လည်း တောင်ကိုရီးယားနိုင်ငံမှာ စစ်အုပ်ချုပ်ရေးကနေ အရပ်သား ထိန်းချုပ်မှုဆီကို ရောက်အောင်သွားခဲ့ရာမှာ ရရှိလာတဲ့ အတွေ့အကြုံတွေက မြန်မာနိုင်ငံနဲ့ တခြားနေရာက ဒီမိုကရေစီ သမားတွေအတွက် အထောက်အကူ ဖြစ်စေပါလိမ့်မယ်။ အကြောင်းကတော့ တောင်ကိုရီးယားလိုမျိုး အနေအထားကို မြန်မာနိုင်ငံရဲ့ လတ်တလော အနာဂတ်မှာ တည်ဆောက်လို့ မရနိုင်သေးပေမဲ့ တကယ်လို့သာ တည်ဆောက်ဖြစ်မယ်ဆိုရင် ရည်မှန်းသင့်တဲ့ အမြင့်ဆုံးပန်းတိုင် အနေအထားကို ၎င်းက ကိုယ်စားပြုနေတာကြောင့်ပါ။

တောင်ကိုရီးယား အောင်မြင်မှုဇာတ်လမ်းမှာ ဘာတွေနဲ့အဓိက ဖွ့ဲစည်းထားသလဲ ဆိုတာကို မေးခွန်းထုတ်သင့်ပါတယ်။ လက်နက်ကိုင် တပ်ဖွဲ့တွေကို အမိန့်ပေး အုပ်ချုပ်နိုင်တဲ့ အခွင့်အရေး ကိုရီးယားသမ္မတကို ပေးထားပါတယ်။ ရင့်ကျက် ခိုင်မာပြီးသား ဒီမိုကရေစီ နိုင်ငံတွေမှာလိုပါပဲ၊ ကာကွယ်ရေး၊ လုံခြုံရေးနဲ့ သက်ဆိုင်တဲ့ အထွေထွေမူဝါဒ၊ စီမံခန့်ခွဲမှု၊ အဖွဲ့အစည်းတွေ တည်ဆောက်ပုံ၊ ပြည်သူလူထုနဲ့ ထိတွေ့ဆက်ဆံမှုဆိုတဲ့ ကိစ္စတွေကို တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက တာဝန်ယူထားရပါတယ်။ စစ်ဝတ်စုံ ဝတ်ထားသူတွေ အားလုံးက ကာကွယ်ရေးဝန်ကြီးလောက် လုပ်ပိုင်ခွင့်အာဏာ မရှိကြပါ။ ကာကွယ်ရေး မူဝါဒတွေကို အကောင်အထည် ဖော်ခြင်းနဲ့ လက်တွေ့ လုပ်ဆောင်မှုတွေကို ပူးတွဲစစ်ဦးစီးချုပ်များ အဖွဲ့က လုပ်ဆောင်ပါတယ်။ သဘာ၀ ကပ်ဘေးအန္တရယ်တွေ ကျရောက်လာရင် နိုင်ငံအဆင့် ဒါမှမဟုတ် ဒေသဆိုင်ရာအဆင့် အုပ်ချုပ်ရေး အကြီးအကဲတွေက စစ်တပ်ဆီမှာ အကူအညီ တောင်းခံနိုင်ပါတယ်။ အခြေအနေအရ တနိုင်ငံလုံးအတွက် အရေးပေါ်အခြေအနေ ကြေညာဖို့ သမ္မတက လိုအပ်လာရင် သမ္မတနဲ့ ပါလီမန်က သဘောတူညီချက်ရဖို့ လိုပါတယ်။ အဲဒီနောက် သဘောတူညီချက်အရ လက်နက်ကိုင် တပ်ဖွဲ့တွေကို ဖြန့်ကျက်ချထားဖို့ ကာကွယ်ရေးဝန်ကြီးကို စေခိုင်းနိုင်ပါတယ်။

ကိုရီးယား ဥပဒေပြုလွှတ်တော်ကလည်း တဖြည်းဖြည်းနဲ့ အမှီအခိုကင်းလာပြီး သြဇာအာဏာ ကြီးမားတဲ့ နိုင်ငံရေး အင်စတီကျူးရှင်းတခု ဖြစ်လာပါပြီ။ လက်နက်ကိုင်တပ်ဖွဲ့တွေကို စောင့်ကြည့်ရာမှာ တက်ကြွလာပြီး နိုင်ငံတော်လုံခြုံရေး ပေါ်လစီကို ချမှတ် အကောင်အထည်ဖော်ရာမှာ သြဇာလွှမ်းမိုးလာနိုင်ပါတယ်။ ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဘတ်ဂျက်ကို ရေးဆွဲရာမှာ၊ စစ်ဆေးရာမှာ၊ ကြီးကြပ်ရာမှာ လွှတ်တော်ကာကွယ်ရေး ကော်မတီက အပြည့်အ၀ ပါဝင်ပါတယ်။ အတွေ့အကြုံ ရင့်ကျက်များပြားတဲ့ စာရင်းစစ်ဌာနကို ကာကွယ်ရေး ဝန်ကြီးဌာနအတွင်း ထည့်သွင်းဖွဲ့စည်း ထားနိုင်တာကလည်း စစ်တပ်အတွင်း ဘဏ္ဍာရေး အလွဲသုံးစားမှု ကြီးကြီးမားမား ဖြစ်မထားသေးတဲ့ အကြောင်းရင်း တခုပါပဲ။ စစ်တပ်အတွင်း အလွဲသုံးစားမှု၊ လိမ်ညာမှုတွေ ဖြစ်ပေါ်မလာစေတဲ့ နောက်ထပ်အကြောင်းရင်း တခုကတော့ ကိုရီးယားစစ်ဖက် အမှုထမ်းတွေရဲ့ လစာတွေက အတော်လေး ကောင်းမွန်များပြားပြီး လူလတ်တန်းစားအဆင့်ကို ပြည့်မီအောင် နေနိုင်ကြတာပါပဲ။ စစ်တပ်ကနေ အငြိမ်းစား ယူသွားပြီးနောက် ၅ နှစ်အတွင်းမှာ စစ်သားတွေအနေနဲ့ ကာကွယ်ရေး ကုမ္ပဏီတွေမှာ တာဝန် မထမ်းဆောင်စေရလို့ ဥပဒေနဲ့ တားမြစ်ထားပါသေးတယ်။ အဲဒီ တားမြစ်ချက်ကတော့ ကိုရီးယားနိုင်ငံ ထက်အရင် ဒီမိုကရေစီကို တည်ထောင်ကျင့်သုံးနေတဲ့ နိုင်ငံတွေတောင် ကိုရီးယားဆီကနေ ပြန်ပြီး အတုခိုးသင့်တဲ့ နမူနာကောင်းတခုပါပဲ။

ထိုင်းမှာတော့ ဗိုလ်ချုပ်ကြီးတွေက ပြန်သွားလိုက် … ပြန်လာလိုက်

၁၉၃၂ ခုနှစ်ကနေ စတင်ပြီး ရေတွက်လိုက်မယ်ဆိုရင် ထိုင်းနိုင်ငံမှာ အာဏာသိမ်းဖို့ ကြိုးစားမှုတွေ အကြိမ် ဒါဇင်ပေါင်းများစွာ ဖြစ်ပွားခဲ့ပြီး အနည်းဆုံး တဒါဇင်က အထမြောက်သွားခဲ့ပါတယ်။ ၁၉၈၉ ခုနှစ်ကနေ ၁၉၉၁ ခုနှစ်အတွင်း လေ့လာကြည့်လိုက်မယ်ဆိုရင် ထိုင်းဥပေဒပြု အထက်လွှတ်တော် ဆီးနိတ် အမတ်တွေ ၆၀ ရာခိုင်နှုန်းက ယူနီးဖောင်းဝတ် စစ်သားတွေ ဖြစ်နေခဲ့ကြပြီး ဝန်ကြီး ၄၆ ယောက်မှာ ၁၁ ယောက်က အငြိမ်းစားစစ်သားတွေ ဖြစ်ခဲ့ပါတယ်။ ၁၉၉၂ ခုနှစ် မေလ လူထုအုံကြွမှု (ဝမ်းနည်းကြေကွဲဖွယ် မေလအရေးအခင်း) ကို ရက်ရက်စက်စက် နှိမ်နှင်းပြီးနောက်မှာ တော်ဝင်ထိုင်းတပ်မတော် (RTAF) က လူ့အဖွဲ့အစည်းရဲ့ ကြည်ညိုလေးစားမှုနဲ့ နိုင်ငံရေးအရ ယုံကြည်ကိုးစားမှုတွေ တော်တော်များများကို လက်လွှတ် ဆုံးရှုံးခဲ့ပါတယ်။ အဲဒီလို အဖြစ်ပျက်တွေ ဖြစ်ပြီးနောက်မှာမှ ထိုင်းနိုင်ငံရဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေး ဖြစ်စဉ်ကို စတင်ခဲ့တာပါ။

တကယ်တော့ ကန့်ကွက်ဆန္ဒပြပွဲတွေက ၁၉၉၁ ဖေဖော်ဝါရီလ အာဏာသိမ်းမှုမှာ မြစ်ဖျားခံခဲ့တာပါ။ အဲဒီနောက် ရွေးကောက်တင်မြှောက်ခံ ကိုယ်စားလှယ်မဟုတ်တဲ့ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီး ဆူချင်ဒါ ကရာပရာရွန်ကို စစ်တပ်လိုလားတဲ့ နိုင်ငံရေးပါတီ ၅ ခုက ဝန်ကြီးချုပ်အဖြစ် ပါလီမန်မှာ ခန့်အပ်လိုက်တဲ့ နောက်မှာတော့ အခြေအနေတွေ ပေါက်ကွဲထွက်ကုန်ပါတော့တယ်။ ထိုင်းစစ်တပ် ထောက်ခံမှုနဲ့ တက်လာတဲ့ အစိုးရက ရက်ပိုင်းအတွင်းမှာတင် နုတ်ထွက်ပေးခဲ့ရပြီး ဆယ်စုနှစ်တစ်ခု နီးပါးကြာ (၁၉၉၁-၂၀၀၁) စိတ်မပါ့တပါနဲ့ ဖော်ဆောင်တော့မယ့် ဒီမိုကရေစီ ဖြစ်စဉ်လည်း စတင်ခဲ့ပါတော့တယ်။

လူထုအုံကြွမှုဖြစ်ပြီးနောက် လပိုင်းအကြာမှာပဲ အာနန့်ပန်ရာရာချွန် ဦးဆောင်တဲ့ အရပ်သားအိမ်စောင့် အစိုးရအဖွဲ့ (၁၉၉၂ မေလမှ ဒီဇင်ဘာအထိ) ဟာ အများထင်မှတ် မထားခဲ့တာတွေကို အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ပါတော့တယ်။ ၁၉၉၂ လူသတ်ပွဲမှာ ပါဝင်ပတ်သက်ခဲ့တဲ့ အဆင့်မြင့် စစ်အရာရှိတွေကို အာနန့် ဖယ်ရှားခဲ့ပြီး ကာကွယ်ရေးဦးစီးချုပ် အပါအဝင် အရာရှိကြီးတွေကို လုပ်ပိုင်ခွင့် ရာထူးတွေ လျှော့ချခဲ့ကာ နိုင်ငံရေးမှာ ပါဝင်နိုင်တဲ့ အခွင့်အလမ်းတွေကို ကန့်သတ်ခဲ့ပါတယ်။ လစ်လပ်သွားတဲ့ စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင် နေရာတွေကို အရည်အချင်း ပိုမိုပြည့်ဝပြီး နိုင်ငံရေး စွက်ဖက်ချင်စိတ် နည်းပါးတဲ့ ဗိုလ်ချုပ်ကြီးတွေနဲ့ အစားထိုးခဲ့ပါတယ်။ ထိုင်းစစ်တပ်ကို ပရောဖက်ရှင်နယ် ပိုဆန်အောင် တွန်းအားပေးလိုက်တဲ့ လှုပ်ရှားမှုတခုပါပဲ။

ဝန်ကြီးချုပ်ရာထူးကို ရွေးကောက်တင်မြှောက်ခံ လွှတ်တော်အမတ်တွေကိုသာ ခန့်အပ်ရမယ်ဆိုတဲ့ အခြေခံဥပဒေ ပြင်ဆင်ချက်က လွှတ်တော်အသစ်ရဲ့ ပထမဆုံး လှုပ်ရှားမှုပါပဲ။ ဒါကြောင့် ဗိုလ်ချုပ်ကြီးတွေက နိုင်ငံရေးမှာ တိုက်ရိုက် ပါဝင်ပတ်သက်တာ မလုပ်အောင် ကာကွယ်တားဆီး နိုင်ခဲ့ပါတယ်။ ၂၂၅ ဦးပါဝင်တဲ့ အထက်လွှတ်တော် ဆီးနိတ်ကို အရင်တုန်းကဆိုရင် ဘုရင့်နန်းတော်ကနေပဲ ခန့်အပ်ထားတာ ဖြစ်ပါတယ်။ အဆိုပါ ဆီးနိတ်ရဲ့ လုပ်ပိုင်ခွင့် အာဏာတွေကို ကန့်သတ်နိုင်ဖို့ နောက်ထပ် အပြောင်းလဲတွေ လုပ်ဆောင်ခဲ့ပြီး အစိုးရကို ဝေဖန်ကန့်ကွက်တဲ့ ဆွေးနွေးပြောဆိုမှုတွေ၊ အယုံအကြည်မရှိ အဆိုတွေ တင်သွင်းပြီး မဲခွဲဆုံးဖြတ်တာတွေ လုပ်နိုင်အောင် လမ်းဖွင့်ပေးခဲ့ပါတယ်။ ဒါကြောင့် ဥပဒေပြုလွှတ်တော်ကို စစ်တပ်ခေါင်းဆောင်တွေ မထိန်းချုပ်အောင် ကာကွယ် တားဆီးနိုင်လိုက်ပါတယ်။ ဒါ့အပြင် တိုင်းပြည် အကျပ်အတည်း ကျရောက်နေတဲ့ အခြေအနေတွေမှာ လက်နက်ကိုင် တပ်ဖွဲ့တွေကို အသုံးပြုခွင့်ပေးထားတဲ့ အာဏာတွေက အခြေခံဥပဒေဘောင်အပြင်ကို ကျော်လွန်တာတွေ ရှိနေခဲ့ပြီး သူတို့ကို ပြန်လည်ပြင်ဆင် မွမ်းမံတာတွေလည်း လုပ်လိုက်နိုင်ပါတယ်။

ချွမ်လိပိုင် ဦးဆောင်တဲ့ အရပ်သားအစိုးရနှစ်ဖွဲ့ (၁၉၉၂-၉၅ နဲ့ ၁၉၉၇-၂၀၀၁) ကလည်း စစ်တပ်အရာရှိ ရွေးချယ် ခန့်အပ်ရေးနဲ့ မူဝါဒချမှတ်ရေးမှာ စစ်တပ် ပါဝင်ပတ်သက်နေတဲ့ သြဇာအာဏာကို လျှော့ချပြီး စစ်ဖက်-အရပ်ဖက် ဆက်ဆံရေးကို ပြန်လည် ကောင်းမွန်လာအောင် ထိန်းသိမ်းနိုင်ခဲ့ပါသေးတယ်။ အဲဒီလို လုပ်ဆောင်ခြင်းအားဖြင့် နိုင်ငံခြားရေး ပေါ်လစီ ချမှတ်ရာမှာ ဗိုလ်ချုပ်ကြီးတွေ အခွင့်အရေးယူ ဝင်စွက်နေတာတွေကို လျှော့ချနိုင်ပြီး ယူနီဖောင်းဝတ် စစ်သားတွေက ဝန်ကြီးအဖွဲ့နဲ့ ဆီးနိတ်မှာ ပါဝင်နေတာကိုလည်း ရပ်တန့်နိုင်ခဲ့ပါတယ်။ ဆီးနိတ်ထဲမှာ အငြိမ်းစား စစ်ဖက်အရာရှိတွေ ကိုယ်စားပြု ပါဝင်နေတာကိုလည်း အစုလိုက်အပြုံလိုက် လျှော့ချနိုင်ခဲ့ပါတယ်။ ချွမ်အနေနဲ့ ဒုတိယမြောက် ဝန်ကြီးချုပ်သက်တမ်း ထမ်းဆောင်နိုင်အောင် လမ်းဖွင့်ပေးခဲ့တာ ၁၉၉၇ ဘဏ္ဍာရေး အကျပ်အတည်းပါ။ သူက ဝန်ကြီးချုပ် တာဝန်တွေအပြင် ကာကွယ်ရေးဝန်ကြီး တာဝန်တွေကိုပါ ဒုတိယသက်တမ်းမှာ ပူးတွဲထမ်းဆောင်ခဲ့ပြီး စစ်တပ်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်မှုကို လျှော့ချဖို့ ရည်ရွယ်ထားတဲ့ ပြုပြင်ပြောင်းလဲရေးတွေ တသီတသန်းကြီးကို စစ်တပ် လက်ခံလာအောင် တွန်းအားပေးခဲ့ပါတယ်။

ဒီလိုအောင်မြင်မှုတွေ ရှိထားပေမဲ့ နိုင်ငံရေးမှာ လုံးဝမပါအောင်၊ နိုင်ငံရေးစိတ် ကုန်ခမ်းသွားအောင် စစ်တပ်ကို တားမြစ်နိုင်ခြင်း မရှိခဲ့တဲ့အတွက် စစ်တပ်က နိုင်ငံရေးမှာ အခရာကျတဲ့ အင်အားတခု ဖြစ်နေဆဲပါ။ “စစ်တပ်ကို ပြုပြင်ပြောင်းလဲမှု လာမလုပ်သရွေ့ ကန့်သတ်မှုတွေ ထိန်းချုပ်မှုတွေကို လက်ခံချင်ယောင် ဆောင်နေမယ်” ဆိုတဲ့ အနေအထားမျိုးနဲ့ပဲ စစ်တပ်က ငြိမ်နေခဲ့တာ ဖြစ်ပါတယ်။ အရပ်သားချုပ်ကိုင်မှုကို ထိုင်းစစ်တပ်အနေနဲ့ တော်တော်များများ လက်ခံပေးဖို့ အရပ်သားအစိုးရက တောင်းဆိုဖို့ အခွင့်မသာဖြစ်ခဲ့ပြီး စစ်တပ်ကို နိုင်ငံရေးကနေ မ “ပ” ထုတ်နိုင်ခဲ့ပါ။ နိုင်ငံတော်လုံခြုံရေး ပေါ်လစီကိုရေးဆွဲရာမှာ အထက်စီး အနေအထားကို ထိုင်းစစ်တပ်က ရယူထားနိုင်ခဲ့ပါတယ်။ အကြောင်းကတော့ ဥပဒေပြု လွှတ်တော်အတွင်းမှာ ကာကွယ်ရေး-လုံခြုံရေးကော်မတီတွေ ထိထိရောက်ရောက် ဖွဲ့မထားနိုင်ခဲ့သလို ကာကွယ်ရေး ကိစ္စရပ်တွေကို ကျွမ်းကျင်တဲ့ လူပုဂ္ဂိုလ်တွေ အစိုးရအဖဲ့ွအတွင်းမှာ ပါမနေတာကြောင့်လည်း ဖြစ်ခဲ့ပါတယ်။

ဒါကြောင့် အရပ်သားတွေက ကာကွယ်ရေးကိစ္စတွေနဲ့ ပတ်သက်ပြီး အကြံဉာဏ်အတွက် စစ်တပ်ကို မှီခိုနေခဲ့ရပါတယ်။ စစ်တပ်ကို အစိုးရက မျက်နှာချိုသွေးနေခဲ့ရပြီး ထောက်ခံမှုရအောင် ကြိုးစားနေခဲ့ရပါတယ်။ ပြင်ပလူပုဂ္ဂိုလ် အဖဲ့ွအစည်းတွေက ဖိအားပေး တိုက်တွန်းတာ မရှိတာကြောင့်လည်း လက်နက်ကိုင် တပ်ဖွဲ့တွေအတွင်း ပြုပြင်ပြောင်းလဲဖို့ ကြိုးစားခဲ့တာတွေက မအောင်မြင်ခဲ့ပါ။ ဒီထက်ပို တိတိကျကျ ပြောရရင်တော့၊ လက်ခံနိုင်ဖွယ်ရာ မရှိဘူးလို့ ၎င်းက ထင်မြင်ယူဆထားတဲ့ အစိုးရအစီအမံတွေကို စစ်တပ်ထဲ ဝင်ရောက်မလာနိုင်အောင် စစ်တပ်က ကာကွယ် ထားနိုင်ခဲ့ပါတယ်။ ဥပမာ၊ ရာထူးလက်ကိုင်နဲ့ တာဝန်အတိအကျ မရှိတဲ့ ဗိုလ်ချုပ်ကြီးတွေ အရေအတွက်ကို လျှော့ချဖို့ ကြိုးစားတာ၊ သူတို့ရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးဖို့ ကြိုးစားတာ စတဲ့ အစိုးရ အစီအမံတွေပါ။ ဒါပေမဲ့ ၎င်းရဲ့ အစီအစဉ်နဲ့ ကိုက်ညီတဲ့ အစိုးရထောက်ခံအားပေး ပြုပြင်ပြောင်းလဲမှုတွေ (ဥပမာ စစ်သားအရေအတွက် လျှော့ချတာ) ကိုတော့ စစ်တပ်က လွယ်လင့်တကူပဲ လက်တွေ့ အကောင်အထည် ဖော်ပေးခဲ့ပြီး အမိန့်နာခံတတ်တဲ့ အင်စတီကျူးရှင်း ဆိုတဲ့ နာမည်ကောင်း လက်မှတ်ကိုပါ စစ်တပ်က ရယူနိုင်ခဲ့ပါတယ်။

ထိုင်းစီးပွားရေး လုပ်ငန်းရှင်တွေထဲမှာ အအောင်မြင်ဆုံး တယောက်ဖြစ်သူ သက်ဆင် ရှင်နာဝပ်က ထိုင်းရက်ခ်ထိုင်းဆိုတဲ့ ပါတီအသစ်ကို တည်ထောင်ပြီး ရွေးကောက်ပွဲကို အပြတ်အသတ် အနိုင်ရသွားတဲ့အခါ ၂၀၀၁ ခုနှစ် ဇန်နဝါရီလမှာ ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။ စစ်တပ်နိုင်ငံရေး သြဇာအာဏာကို ဖြည်းဖြည်းချင်း လျှော့ချဖို့ ရည်ရွယ်ထားတဲ့ လုပ်ငန်းစဉ်ကလည်း သက်ဆင်လက်ထက်မှာ နောက်ကြောင်းပြန်လှည့်ခဲ့ပါတယ်။ စစ်တပ်ကို အထူးအခွင့်အရေး အသစ်တွေ အတော်များများ ပေးလိုက်ပြီး၊ အရင်ပေးထားဖူးတဲ့ အခွင့်အရေးတွေကိုပါ ပြန်လည် အပ်နှင်းလိုက်ခြင်းအားဖြင့် လက်နက်ကိုင် တပ်ဖွဲ့တွေကို သူ့ရဲ့အာဏာခြေကုပ်အဖြစ် သဏ္ဍန်ပြောင်းဖို့ သက်ဆင်တယောက် အရဲကိုး ကြိုးစားခဲ့ပါတယ်။ အရေးအကြီးဆုံးကတော့ စစ်တပ်ရဲ့ ဘတ်ဂျတ်ကို သူက တိုးမြှင့်ပေးခဲ့ပြီး စစ်တပ်ကိုယ်တိုင်က တင်ပြတောင်းခံထားတဲ့ ၂၀၀၅ ကနေ ၂၀၁၃ အထိ လက်နက်ပစ္စည်း ဝယ်ယူရန် စာရင်းကို မြန်မြန်ဆန်ဆန်ပဲ သဘောတူ အတည်ပြုပေးခဲ့တာပါ။ ဥပဒေပြုလွှတ်တော်အတွင်းမှာ ထိုင်းစစ်တပ်ရဲ့ ကိုယ်စားပြုမှုက လျော့နည်းသွားပြီ ဆိုပေမဲ့ ဝန်ကြီးချုပ် အကြံပေးဆိုတဲ့ ဂုဏ်သိက္ခာရှိတဲ့ ရာထူးနေရာတွေမှာ ဗိုလ်ချုပ်ကြီးတွေကို ခန့်အပ်ပေးလိုက်ခြင်း အားဖြင့် ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီးတွေ ပြန်လည်အားကောင်း သွားအောင် ဖြည့်ဆည်းပေးလိုက်နိုင်ပါတယ်။

အဲဒီလို လုပ်ဆောင်မှုတွေ ရှိခဲ့ပေမယ့် သက်ဆင်တယောက် လက်နက်ကိုင်တပ်ဖွဲ့တွေကို ခဏတဖြုတ်ပဲ ချုပ်ကိုင်ထားနိုင် ခဲ့တာကတော့ ကိုယ့်အပြစ်နဲ့ ကိုယ်လို့ ပြောရမှာပါ။ ထိုင်းတပ်မတော်နဲ့ ဆက်ဆံရေးကောင်းပြီး ပြန်လည် ရင်ကြားစေ့နိုင်အောင် သက်ဆင် အတော်များများ ကြိုးစားခဲ့ပေမယ့် အမာခံထောက်ခံသူတွေ အားကောင်းသွားအောင် ရည်ရွယ်ပြီး စစ်တပ်တွင်း ရာထူးတိုးကိစ္စတွေမှာ ထပ်ကာတလဲလဲ ကြားဝင် စွက်ဖက်မိတာကြောင့် ဗိုလ်ချုပ်ကြီးတွေကို ဒေါသထွက်စေခဲ့ပါတယ်။ သူ့ရဲ့လုပ်ရပ်တွေကြောင့် ထိုင်းစစ်ဖက် ခေါင်းဆောင်တွေကြားမှာ အမြစ်တွယ် ပေါ်ပေါက်လာတဲ့ အစာမကြေဖြစ်မှုတွေကို သတိမထားမိခဲ့တာပဲဖြစ်စေ ဒါမှမဟုတ် သိသိကြီးနဲ့ အရေးမစိုက်ခဲ့တာပဲဖြစ်စေ သက်ဆင်က ထောက်ခံသူတွေကို ရာထူးတွေ ဆက်လက်ခန့်အပ်နေခဲ့ပြီး သူ့ရဲ့မိသားစုဝင်တွေကိုတောင် တပ်တွင်းထိပ်တန်းရာထူးတွေ ပေးအပ်ခဲ့ပါတယ်။

အဲဒီလို အန္တရာယ်များတဲ့ အပြုအမူတွေက နောက်ဆုံးမှာ သက်ဆင်အစိုးရအဖွဲ့ကို ဖြုတ်ချခဲ့ရုံတင် မဟုတ်သေးဘဲ ပိုကျယ်ပြန့်တဲ့ အတိုင်းအတာနဲ့ ပြောရရင် ထိုင်းနိုင်ငံက အရပ်သားအုပ်ချုပ်မှုကိုပါ နိဂုံးချုပ်စေခဲ့ပါတယ်။ လူထုဆန္ဒပြပွဲတွေ မတည်ငြိမ်မှုတွေ၊ နိုင်ငံရေး အကောက်ကြံ ခြေပုန်းခုတ်မှုတွေ လပေါင်းများစွာ ဖြစ်ပွားပြီးနောက်မှာတော့ သက်ဆင်တယောက် ပြည်ပရောက်နေတုန်း ၂၀၀၆ ခုနှစ် စက်တင်ဘာလမှာ စစ်တပ်က သွေးမြေမကျ အာဏာသိမ်းမှုကို ဆင်နွှဲလိုက်ပါတယ်။ သက်ဆင်ကို ပြုတ်ကျသွားစေတဲ့ တကယ့်အကြောင်းရင်းခံက တပ်တွင်း ရာထူးတိုးမြှင့်ရေးမှာ အဆက်မပြတ် ဝင်ရောက် စွက်ဖက်နေမှုနဲ့ စစ်တပ်ခေါင်းဆောင်ပိုင်းကို ပြန်လည်တည်ဆောက်ဖို့ သက်ဆင်ရဲ့ အဆက်မပြတ် ကြိုးစားမှုတွေပဲ ဖြစ်ပါတယ်။ အကြောင်းရင်းခံက ဘယ်လိုပဲဖြစ်နေပါစေ စစ်အာဏာသိမ်းမှုကို စီးပွားရေးအသိုင်းအဝိုင်း၊ ပညာတတ်တွေ၊ လှုမှုရေးတက်ကြွလှုပ်ရှားသူတွေနဲ့ မီဒီယာက ထောက်ခံခဲ့ပါတယ်။

အာဏာရသွားပြီဆိုတာနဲ့ ဗိုလ်ချုပ်ကြီးတွေက မူဝါဒချမှတ် အကောင်အထည်ဖော်တဲ့ လုပ်ပိုင်ခွင့်အနေအထားကို ပြန်လည် ရယူခဲ့ပါတယ်။ နိုင်ငံတော်လုံခြုံရေးနဲ့ နိုင်ငံခြားဆက်ဆံရေးလို သူတို့အတွက် အရေးအကြီးဆုံးလို့ သဘောထားတဲ့ မူဝါဒနယ်ပယ်တွေကို လက်ဝါးကြီး အုပ်လိုက်ပါတယ်။ မီဒီယာ လွတ်လပ်ခွင့်အပေါ် တားမြစ်ချုပ်ချယ်မှုတွေ ချမှတ်လိုက်ပါတယ်။ နိုင်ငံရေးပါတီတွေနဲ့ ဆန္ဒပြပွဲတွေကို ၂၀၀၇ခုနှစ် ဇူလိုင်လအထိ ပိတ်ပင်ထားခဲ့ပါတယ်။ စစ်သားတွေနဲ့ ရဲအရာရှိတွေ အများကြီး ကိုယ်စားပြုပါဝင်တဲ့ ဥပဒေပြုလွှတ်တော် အသစ်တခုကို ဖွဲ့စည်းခဲ့ပြီး ၎င်းက (၁၉၉၇ အခြေခံဥပဒေကို အစားထိုးရန်) အခြေခံဥပဒေ အသစ်တခုကို ရေးဆွဲခဲ့ပါတယ်။ စစ်ဖက် ထိပ်တန်းအရာရှိတွေကလည်း အခြေခံ ဥပဒေအသစ်ကို ထောက်ခံပေးခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး နောက်ပိုင်းမှာလည်း ရွေးကောက်တင်မြှောက်ခံ အစိုးရ ၃ ခုကို ဖြုတ်ချခဲ့ပြီး ၂ ခါ (၂၀၁၄ မေလမှာ နောက်ဆုံးအကြိမ်) ကတော့ စစ်အာဏာသိမ်းမှုနဲ့ ဖြုတ်ချခဲ့တာပါ။ အဲဒီနောက်မှာတော့ ထိုင်းနိုင်ငံကလည်း လက်နက်ကိုင် တပ်ဖွဲ့တွေ အုပ်ချုပ်မှုအောက်ကို နောက်တစ်ကြိမ် ကျရောက်သွားပါတော့တယ်။

(ဆက်လက်ဖော်ပြပါမည်)

ဇိုလ်တန် ဘာရာနီ (Zoltan Barany) သည် တက္ကဆပ်တက္ကသိုလ်၊ အုပ်ချုပ်ရေးပညာ လေ့လာမှုဌာနတွင် Frank C. Erwin, Jr. Centennial Professor ဖြစ်သည်။ The Soldier and the Changing State: Building Democratic Armies in Africa, Asia, Europe, and the Americas အပါအဝင် စာအုပ်များ ရေးသားခဲ့သည်။ ယခုဆောင်းပါးကို Journal of Democracy နှင့် Johns Hopkins University Press တို့၏ ခွင့်ပြုချက်ကို ရယူပြီး Educational Initiatives (ပညာရှေ့ဆောင်) က ဘာသာပြန်ဆိုသည်။ အဖွဲ့အကြောင်း ပိုမိုသိရှိလိုပါက www.eduinitiatives.org သို့ ဝင်ရောက်လေ့လာနိုင်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading