တက်လာမယ့် အစိုးရသစ်အတွက် စာမေးပွဲတခုက စောင့်ကြိုနေပါတယ်။ အဂတိလိုက်စားမှုကို ဘယ် လို တိုက်ဖျက်မလဲဆိုတဲ့ မေးခွန်းပါ။ မေးခွန်းက ရိုးရှင်းပေမယ့် အဖြေက နက်ရှိုင်းလှတယ်။ တပါတီနဲ့ စစ်အာဏာရှင် ခေတ်မှာလည်း အဲဒီမေးခွန်းကိုပဲ အပြောင်းအလဲမရှိ မေးခဲ့ပေမယ့် မော်ဒေးရှင်းပင် မရရှိခဲ့ချေ။
ရွေးကောက်ပွဲအနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသစ်ကို ဦးဆောင်ဖွဲ့စည်းနိုင်ဖို့ လပိုင်းမျှသာ လိုပါတော့ တယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲမှာ ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ကြွေးကြော်သံနဲ့ ဝင်ရောက် ယှဉ်ပြိုင် ခဲ့တာဖြစ်တယ်။
ပြည်သူတွေ ကိုယ်တိုင်ကလည်း အပြောင်းအလဲကို လိုချင်လို့ မဲပေးရွေးချယ်ခဲ့ကြပြီးဖြစ်တယ်။ အစိုးရသစ်အနေနဲ့ ပြုပြင် ပြောင်းလဲမှုတွေကို ဖော်ဆောင်ရာမှာ လွယ်လင့်တကူဖြစ်မယ်လို့ မျှော်လင့်ထားလို့မရပါဘူး။ အပြောင်းအလဲကို မလိုချင် တဲ့သူအချို့ ရှိနေတယ်။ သူတို့က အပြောင်းအလဲနဲ့ အတူပါလာမယ့် စွန့်စားမှုတွေကို လုပ်ချင်ကြမှာ မဟုတ်ဘူး။ ပိုနေမြဲ ကျားနေမြဲ အခြေအနေကိုသာ နှစ်သက်ကြတယ်။ အဲဒီလိုလူတွေကို သဘောထား ကြီးကြီးထားပြီး အချိန်ပေး ဆွဲဆောင် စည်းရုံးဖို့လိုပါတယ်။ အချိန်ပေး လက်တွဲခေါ်ဆောင်ပါရဲ့နဲ့ မလိုက်ပါခဲ့ရင် ရဲရဲဝံ့ဝံ့ လက်တွဲဖြုတ်လိုက်ကြတာပေါ့။
အစိုးရအဖွဲ့ဆိုတာ အုပ်ချုပ်ရေးပိုင်းမှာ ရာထူးကြီးကြီး ယူထားသူတွေကိုချည်း ဆိုလိုတာမဟုတ်ဘူး။ ဝန်ထမ်းကြီးငယ် ဟူ သမျှက အစိုးရအဖွဲ့ရဲ့ယန္တရားထဲက ခွေးသွားစိတ်လေးတွေ ဖြစ်ကြတယ်။ ပြည်သူအများစု နေ့စဉ်ထိတွေ့ ဆက်ဆံနေရတာ က ဝန်ထမ်းတွေနဲ့ ပြောဆိုဆက်ဆံနေကြရတာပါ။
လာဘ်လာဘယူတဲ့ အကျင့်ပျက်ဝန်ထမ်းနဲ့ ဆက်ဆံရတဲ့ပြည်သူက အစိုးရ လာဘ်စားတယ်လို့ သတ်မှတ်တယ်။ ငေါက် ငမ်းတတ်တဲ့ ဝန်ထမ်းဆိုးနဲ့ ဆက်ဆံရတဲ့ ပြည်သူတွေက အစိုးရမကောင်းဘူးတံဆိပ်ကပ်ကြတယ်။ ဖော်ဖော်ရွေရွေရှိပြီး ကူညီတတ်တဲ့ဝန်ထမ်းတွေနဲ့ ကြုံရပြန်ရင်လည်း အစိုးရ ကောင်းတယ်လို့ ပြည်သူတွေက ကြော်ငြာထိုးဖို့ ဝန်မလေးကြဘူး။
ဝန်ထမ်းတွေဆိုတာ အစိုးရရဲ့မူဝါဒတွေကို လုပ်ထုံးလုပ်နည်းနဲ့အညီ ဖော်ဆောင်ကြရသူတွေဖြစ်တယ်။ ဝန်ထမ်းကောင်း တွေများရင် အစိုးရပုံရိပ်ကောင်းမှာဖြစ်သလို ပြည်သူ့ဆီက ငွေကို ရသလောက်ညှစ်ပြီး ဂွင်ဖန်တတ်တဲ့ ဝန်ထမ်းတွေ ကြီးစိုး နေရင်လည်း အစိုးရရဲ့ပုံရိပ်ကို ထိခိုက်စေမှာဖြစ်တယ်။
ဝန်ထမ်းလောကမှာ လာဘ်ပေးလာဘ်ယူ ဆိုတာကြီး မရှိအောင် အစိုးရအသစ်က ဖော်ဆောင်ပေးဖို့ လိုအပ်တယ်။ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးအတွက် ခေတ်အဆက်ဆက် အစိုးရအဖွဲ့တွေ အမျိုးမျိုး ဆောင်ရွက်ခဲ့ပေမယ့် အရာ မထင်ခဲ့တာ သမိုင်းသက်သေပဲ။
မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရဲမှူးကြီးအဆင့် တာဝန်ထမ်းဆောင်နေသူကို သူ့လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲအုပ်ဇနီးတယောက်က လာဘ်လာဘယူမှုနဲ့ တရားရုံးမှာ ဦးတိုက်လျှောက်ထားကြောင်း ပြည်တွင်းထုတ် ပုဂ္ဂလိက သတင်းစာတွေမှာ ရေးသားဖော်ပြကြတယ်။ နေရာကောင်းမှာ ခင်ပွန်းသည် ရဲအရာရှိ ရောက်ဖို့ ရဲမှူးကြီးကတော်ကို ကျပ်သိန်းဆယ်ချီပြီး လာဘ်လာဘ ပေးခဲ့ကြရတာပါ။
ငွေပေးပြီး လအတန်ကြာတဲ့အထိ တောင်းဆိုထားတဲ့ နေရာ မရရှိတာကြောင့် အမှုဖြစ်လာရတာပါ။ တကယ်လို့သာ တောင်းဆိုထားတဲ့နေရာ ရဲအုပ်ရခဲ့ရင် ဒီအမှုကို အများပြည်သူ သိခွင့်ရလိုက်မှာ မဟုတ်ပါဘူး။ ပေးထားရတဲ့ လာဘ်လာဘဖိုး ပြန်ရအောင် ရောက်တဲ့နေရာကနေ မရရတဲ့နည်းနဲ့ ငွေ ကြေးတွေ ရှာဖွေပါလိမ့်မယ်။ အခုတော့ ရဲမှူးကြီးကိုလည်း နေပြည်တော်အထိ ခေါ်ယူစစ်ဆေးနေတယ်။ တပ်ဖွဲ့ဝင်မိသားစု အချင်းချင်းပေါ်မှာသည်ပင် အဂတိလိုက်စားပြီး လာဘ်လာဘ ယူတယ်ဆိုရင် အများပြည်သူဆိုရင်တော့ ဆိုဖွယ်မရှိပြီ။
တရားဥပဒေစိုးမိုးရေးကို အဓိက တာဝန်ယူထားတဲ့ လက်နက်ကိုင်တပ်ဖွဲ့အပေါ် အများပြည်သူတွေက ဘယ်လိုအားကိုး အားထားပြုကြရမလဲ။ တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူတွေကို ပြည်သူတွေရွေးချယ်ခွင့်ရခဲ့စဉ်က ကိုယ်ကျင့်သိက္ခာကို တန် ဖိုးထားခဲ့တာတွေ မြန်မာ့သမိုင်းမှာ ဂုဏ်ယူဖွယ် ရှိခဲ့ဖူးတယ်။
ဝန်ကြီးချုပ် ဦးနု တိုင်းပြည်အာဏာ လက်လွှတ်ရတော့ “ဝန်ကြီးချုပ် မလုပ်ခင်က မူလပိုင်ဆိုင်မှုထက် ဝန်ကြီးချုပ် တာဝန် ထမ်းဆောင်ပြီး နောက်ပိုင်းမှာ ငွေတကျပ်ပိုခဲ့ရင် ကျုပ်ကို သူခိုးလို့ စွပ်စွဲပါ” လို့ ရဲရဲတောက်ပြောခဲ့တယ်။ ခေါင်က မိုးလုံပြီ ဆိုမှတော့ တအိမ်လုံး မိုးလုံလေလုံ ဖြစ်ပြီပေါ့။ တပါတီ အာဏာရှင်နဲ့ စစ်အာဏာရှင်တွေ လက်ထက်မှာတော့ အုပ်ချုပ်သူ တွေက ပြည်သူတွေကို ဓားမိုး အုပ်ချုပ်ခဲ့ပြီး အာဏာနဲ့ စီးပွားဖြစ်ခဲ့ကြတယ်။
အခုတော့ သမိုင်းတပတ် ပြန်လည်လာပါပြီ။ ပြည်သူရွေးချယ်လိုက်တဲ့ လွှတ်တော်ရဲ့ ကိုယ်စားလှယ်တွေက ပြည်သူ့သမ္မတ ကို ရွေးချယ်နိုင်တော့မယ်။ သမ္မတက လွှတ်တော်ရဲ့အတည်ပြုချက်နဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ကို ဖွဲ့စည်းလိမ့်မယ်။ အစိုး ရ အဖွဲ့အနေနဲ့ လာဘ်ပေးလာဘ်ယူမှုကို အဓိက ထားဖြေရှင်းပေးဖို့လိုတယ်။ လာဘ်ပေးလာဘ်ယူမှုကို ပြည်သူက တိုင် တန်းမှ အရေးယူတယ်ဆိုတာထက် စုံစမ်းဖော်ထုတ် အရေးယူဖို့လိုတယ်။
အကျင့်ပျက်ခြစားမှုနဲ့ပတ်သက်တဲ့ အညွှန်းကိန်းတွေအရ မြန်မာနိုင်ငံရဲ့ အညွှန်းကိန်းတွေက ကျေနပ်အားရဖွယ် မကောင်း ဘူး။ နိုင်ငံတကာ ပွင့်လင်းမြင်သာမှုအဖွဲ့ (Transparency International) ကြီးရဲ့အဆိုအရ မြန်မာနိုင်ငံရဲ့ အကျင့်ပျက် ခြစားမှု အညွှန်းကိန်းက အောက်ဆုံးနိုင်ငံ နှစ်ဆယ်မှာ ငါးနှစ်ဆက်တိုက် ပါဝင်ထားတယ်။ (Transparency Internation- al) အဖွဲ့ကြီးက နိုင်ငံပေါင်း (၁၈၀)ကျော်ကို လေ့လာ သုတေသနပြုထားတာပါ။ မြန်မာနဲ့အတူ အောက်ဆုံးတန်းမှာ ရှိနေ တဲ့ နိုင်ငံတွေက ဇင်ဘာဘွေ၊ မြောက်ကိုရီးယား၊ ဆူဒန်၊ ဆိုမာလီယာ၊ အာဖဂန်နစ္စတန်နဲ့ လစ်ဗျားတို့ ဖြစ်ကြတယ်။ အကျင့် ပျက်ခြစားမှုနည်းတဲ့ နိုင်ငံတွေရဲ့စာရင်းမှာ ဒိန်းမတ်၊ နယူးဇီလန်၊ ဖင်လန်၊ ဆွီဒင်၊ နော်ဝေ၊ ဆွစ်ဇာလန်၊ စကာၤပူ၊ နယ်သာ လန်၊ လူဇင်ဘတ်နဲ့ ကနေဒါနိုင်ငံတို့က ထိပ်တန်းစာရင်းဝင် နိုင်ငံတွေအဖြစ် အစဉ်လိုက် နေရာယူထားကြတယ်။ ကမ္ဘာ့ထိပ် တန်း (၁၀) နိုင်ငံစာရင်းမှာ အာရှတိုက်က စင်္ကာပူနိုင်ငံ တနိုင်ငံသာပါဝင်တယ်။
အကျင့်ပျက်ခြစားမှုများတဲ့ အောက်ဆုံးနိုင်ငံစာရင်းဝင် အဖြစ်ကနေ ရုန်းထွက်နိုင်ဖို့ အားလုံးဝိုင်းဝန်းဆောင်ရွက်ကြရမှာဖြစ် တယ်။ အကျင့်ပျက်ချစားတယ်ဆိုတာ ရှက်စရာကောင်းတဲ့ ကိစ္စဖြစ်တယ်။ ရှက်စရာကို ရှက်ရကောင်းမှန်း မသိအောင်ထိ အရှက်မဲ့နေကြရင်ဖြင့် ကျနော်တို့ လူ့အဖွဲ့အစည်း ရေစုန်မျောပြီ။ နိုင်ငံဂုဏ်သိက္ခာအတွက် အစိုးရအဖွဲ့ရော ပြည်သူတွေပါ ရုန်းထွက်နိုင်ကြဖို့ တက်ညီလက်ညီ ကြိုးစားကြရမှာဖြစ်တယ်။
ပြည်သူ့ဆန္ဒမဲတွေနဲ့ တက်လာတဲ့ ပြည်သူ့အစိုးရအနေနဲ့ ဆောင်းပါးအစမှာ မေးခဲ့တဲ့မေးခွန်းအတွက် ကြိုတင်ပြင်ဆင်ထား ကြစေလိုပါတယ်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေး(ဝါ) လာဘ်ပေးလာဘ်ယူ ပပျောက်ရေးနဲ့ ပတ်သက်ပြီး ဖြေဆိုရာမှာ ရာပြည့် အမှတ်မရသည့်တိုင် ဂုဏ်ထူးမှတ်တော့ ထွက်စေချင်ပါတယ်။
(သန်းနိုင်ဦးသည် မန္တလေးအခြေစိုက် သတင်းစာဆရာတဦး ဖြစ်သည်)