လာမည့် အစိုးရသစ်ကို ဦးဆောင်ဖွဲ့စည်းမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဇန်နဝါရီလ ၂၅ ရက် နေ့လယ်ပိုင်းတွေ့ဆုံမှုတွင် ထူး ခြားမှုအချို့ ရှိခဲ့သည်။ ထိုသို့ တွေ့ဆုံရာတွင် တွေ့ဆုံချိန် အနည်းငယ်ကြာမြင့်ခဲ့ပြီး နှစ်နာရီခန့်ကြာခဲ့သည်။
တွေ့ဆုံခြင်းသည် လွှတ်တော်အစည်းအဝေးသစ်များ ကျင်းပရန် ရက်ပိုင်းမျှသာ လိုတော့သည့်အချိန် ဖြစ်နေခြင်း၊ တွေ့ဆုံပွဲ ကို တက်ရောက်သူများထဲတွင် အစိုးရသစ်ဖွဲ့၊ လွှတ်တော်သစ် ဖွဲ့စည်းရာတွင် ဦးဆောင်သူများအဖြစ် ပါဝင်မည်ဟု နာမည် ထွက်နေသူများ ပါရှိနေခြင်းနှင့် တပ်မတော်ဘက်မှ ထိပ်သီးခေါင်းဆောင် အားလုံးနီးပါး ပါဝင်နေခြင်းတို့သည် ထူးခြားနေ ခြင်းပင်ဖြစ်သည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဘက်မှ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဗဟိုအလုပ်အမှုဆောင်များ ဖြစ်ကြသည့် ဦးဝင်း ထိန်၊ ဦးဝင်းမြင့်၊ ဒေါက်တာဇော်မြင့်မောင်နှင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုဆရာဝန်ဖြစ်သည့် ဒေါက်တာ တင်မျိုး ဝင်းတို့ တက်ရောက်ပြီး တပ်မတော်ဘက်မှ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အတူ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယ ဗိုလ် ချုပ်ကြီး မြထွန်းဦးနှင့် ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်တို့ တက်ရောက်ခဲ့ကြသည်ကို တွေ့ရပါသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်တို့သည် ပြီးခဲ့သည့် ၂၀၁၅ ဒီဇင်ဘာ ၂ ရက်က ပထမဆုံးအကြိမ် သီးသန့် တွေ့ဆုံခဲ့သော်လည်း တွေ့ဆုံစဉ်မှာ အခြား အဖွဲ့ဝင်များ မပါရှိခဲ့ပါပေ။ ထို့ကြောင့် ယခုတွေ့ဆုံမှုသည် နှစ်ဖက်စလုံးမှ အခြားအဖွဲ့ဝင်များပါနေခြင်း၊ ပါဝင်နေသူ များသည် အစိုးရသစ်၊ လွှတ်တော်သစ်ကို ဦးဆောင်သူများအဖြစ် နာမည်ထွက်နေခြင်း စသည်တို့ကြောင့် ထူးခြားသည်ဟု ဆိုရခြင်း ဖြစ်ပါသည်။
ထိုသို့ တွေ့ဆုံရာတွင် ရွေးကောက်ပွဲလွန်ကာလ Transition နှင့် တည်ငြိမ်အေးချမ်းရေး ကိစ္စရပ်များ၊ လွှတ်တော်နှင့် ပတ် သက်သော ကိစ္စရပ်များ၊ နောင်ဖြစ်ပေါ်လာမည့် အစိုးရ ဖွဲ့စည်းရေးဆိုင်ရာများ၊ NCA လက်မှတ်ရေးထိုးပြီး နောက်ပိုင်း ထာ ဝရငြိမ်းချမ်းရေး ရရှိရန် ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးဘက်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကပါ သတင်းထုတ်ပြန်ထားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်မှ တက်ရောက်သူများကို လေ့လာကြည့်လျှင် ဦးဝင်းထိန်ကလွဲပြီး ကျန်သူများသည် လာမည့်အစိုးရသစ်နဲ့ လွှတ်တော်သစ်တွင် ဦးဆောင်မည့်သူများအဖြစ် ရေပန်းစားနေသူများဖြစ်ကြသည်။ ဦးဝင်းမြင့်သည် ပြည်သူ့လွှတ်တော် ဥက္ကဌအဖြစ်လည်းကောင်း၊ ဒေါက်တာဇော်မြင့်မောင်သည် မန္တလေးတိုင်းဝန်ကြီးချုပ်အဖြစ်လည်း ကောင်း၊ ဒေါက်တာတင်မျိုးဝင်းသည် သမ္မတအဖြစ်လည်းကောင်း ခန့်အပ်ခံရမည်ဟု မီဒီယာအချို့မှာ ခန့်မှန်းဖော်ပြနေ ကြသည်။
အထူးခြားဆုံးမှာ ယခုတကြိမ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်သည် ဒေါက်တာတင်မျိုးဝင်းကို ပွဲထုတ်လာခြင်းပင်ဖြစ်သည်။ ပုံမှန်အားဖြင့် ပါတီကိစ္စများအတွက် ဦးတင်ဦး၊ ဦးဉာဏ်ဝင်း၊ ဦးဝင်း ထိန်၊ ဦးဝင်းမြင့်၊ ဒေါက်တာဇော်မြင့်မောင်တို့ထဲကသာ အဓိက တက်ရောက်လေ့ရှိပြီး ဒေါ်အောင်ဆန်းစုကြည့်၏ မိသားစု ဆရာဝန်တဦးဖြစ်သည့် ခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာတင်မျိုးဝင်းကို ယခုလို ပွဲထုတ်လာခြင်းသည် မီဒီယာတွင် ရေပန်းစားနေသည့် လာမည့် အစိုးရသစ်တွင် ဒေါက်တာတင်မျိုးဝင်းသည် သမ္မတ ဖြစ်နိုင်သည်ဆိုသည့် အချက်ကို ပိုမို အားကောင်းလာစေပါသည်။
သတင်းထုတ်ပြန်မှု အတိအကျမရှိသော်လည်း ဒေါ်အောင်ဆန်းစုကြည်က အနာဂတ်သမ္မတကို တပ်မတော် ခေါင်းဆောင် များနှင့် မိတ်ဆက်ပေးခြင်း၊ တပ်မတော်ဘက်မှလည်း တပ်မတော်က အမည်စာရင်းတင်သွင်းမည့် ဒုတိယ သမ္မတလောင်း စာရင်းကို အစိုးရသစ်ဦးဆောင် ဖွဲ့စည်းရမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ပြောကြားခြင်းများဖြစ်နိုင်သည်ဟု နိုင် ငံရေး လေ့လာသုံးသပ်သူတွေ၊ နိုင်ငံရေးစိတ်ဝင်စားသူတွေက ခန့်မှန်းပြောဆိုနေကြသည်။
တပ်မတော်ဘက်က တက်ရောက်သူများကို ကြည့်လျှင်လည်း လက်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပြင် ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော် အရာရှိကြီးအချို့ တက်ရောက်ခြင်းသည်လည်း အလွန်ထူးခြားသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တပ်မတော်မှ မကြာခင် လပိုင်းအတွင်း အငြိမ်းစားယူတော့မည်ဖြစ်ရာ တပ်မတော်ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိလာမည်ဖြစ်သည်။ လက်ရှိ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာနိုင်သလို ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးတို့သည်လည်း ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ခန့်အပ်ခံနိုင်ရသည်ဟု မီဒီယာများတွင် ခန့်မှန်းနေကြပါသည်။
ထို့အပြင် တွေ့ဆုံပွဲတွင် တပ်မတော်ဘက်မှ ကိုယ်စားပြုတက်ရောက်သူများထဲကနေ အစိုးရသစ်ဖွဲ့ရာတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကသာ ခန့်အပ်ခွင့်ရသည့် ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာ ဝန်ကြီးများ အဖြစ် ပါဝင်လာဖွယ်ရာလည်း ရှိနိုင်သည်ဟု ခန့်မှန်းနေကြပါသည်။
နှစ်ဖက်ထုတ်ပြန်သည့် သတင်းများ၊ သတင်းဓာတ်ပုံများအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံမှုသည် နှစ်ဖက်စလုံးအတွက် အောင် မြင်သော တွေ့ဆုံမှုဖြစ်သည်ဟု ခန့်မှန်းနိုင်ပါသည်။ အထူးသဖြင့် တွေ့ဆုံမှုတွင် တပ်မတော်နှင့် ပြည်သူထောက်ခံမှု ရထား သည့် ပါတီတို့အကြား အပြန်အလှန် ယုံကြည်မှုပိုရှိလာပြီး ကောင်းမွန်သော ဆက်ဆံရေးပုံစံဖြစ်လာနိုင်ကာ အနာဂတ် မြန် မာနိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မည့် လက္ခဏာ အရိပ်အယောင်များ တွေ့ရှိနေရပါ သည်။
ချုပ်၍ဆိုရလျှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံမှုသည် ပြည်သူနှင့် တပ်မတော်တွေ့ဆုံမှုပင်ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ မြန်မာနိုင်ငံအနာဂတ်အတွက်၊ ပြည်သူများအတွက်၊ တပ်မတော်အတွက်၊ အပြုသဘောဆောင်သည့် အောင်မြင်သည့် တွေ့ဆုံမှုကနေ ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ဖို့ လမ်းစများပေါ်ထွက်လာပြီဟု ဆိုရမည်ဖြစ်သည်။
(မောင်ဉာဏသည် မန္တလေးအခြေစိုက် သတင်းစာဆရာတဦးဖြစ်သည်)