ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ် လက်ခံခြင်းဖြင့် တပ်မတော်က အမှတ်ယူပါ

ရဲနည်

This article has been converted from Zawgyi One to Unicode

ဖေဖော်ဝါရီတွင် ကျင်းပမည့် လွှတ်တော်သစ်တွင် နိုဝင်ဘာ ရွေးကောက်ပွဲ အနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အစိုးရဖွဲ့စည်းရေး သမ္မတလောင်းစာရင်း တင်သွင်းရမည့် အချိန်နီးကပ်လာလေ မည်သူသမ္မတဖြစ်မည်ကို ထင်ကြေးပေး ပြောဆိုမှုများ ကြားလာရလေဖြစ်သည်။

အမှန်တကယ်တွင် မည်သူပင် သမ္မတဖြစ်လာစေ ဒေါ်အောင်ဆန်းစုကြည်၏ ခေါင်းဆောင်မှုအောက်ကပင် လုပ်ဆောင်ရမည်ကို လတ်တလော အာဏာအကူးအပြောင်းကာလ နိုင်ငံရေးဇာတ်ခုံတွင် မြင်နေရသည်များက သက်သေပင်။ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုအား ၂၈ နှစ်ကြာ မဆုတ်မနစ် ဦးစီးခဲ့ပြီး လွတ်လပ်မျှတသော ရွေးကောက်ပွဲများတွင်လည်း မဲဆန္ဒရှင် အများစု၏ တခဲနက် ထောက်ခံမှုကို ရရှိထားကာ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း လေးစား တန်ဖိုးထား အသိအမှတ်ပြုသော တဦးတည်းသော နိုင်ငံရေးခေါင်းဆောင်ဖြစ်ပါသည်။

ထိုခေါင်းဆောင်အား ၅၉ (စ) က ပိတ်ပင်ထားသောကြောင့် သမ္မတတာဝန် အစားထိုးထမ်းဆောင်နိုင်မည့်သူများ မည်သူဖြစ်နိုင်ပြီး အနာဂတ်တွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာနိုင်ခြေ နည်းလမ်းများ မည်မျှရှိသနည်းဟု တွေးခေါ်ရှာကြံပြီး ထင်မြင်မှန်းဆချက်များ ဖြစ်နေရသည်မှာ အနာဂတ်နိုင်ငံရေးဦးတည်ချက် မငြိမ်သေးသည်ကို ပြသနေခြင်းဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်က “သမ္မတ အထက်”မှာ ရှိမယ်ဟု ကနဦး ပြောဆိုချက်များ ရှိခဲ့သော်လည်း လတ်တလော အာဏာ အကူးအပြောင်းကာလ ချောမွေ့တည်ငြိမ်စေရေး ဦးသိန်းစိန်အစိုးရ၊ လွှတ်တော်၊ တပ်မတော်ခေါင်းဆောင်များနှင့် တွေ့ဆုံညှိနှိုင်းမှုများအပြင် အာဏာရှင်ဟောင်းကြီး ဦးသန်းရွှေနှင့်ပါ တွေ့ဆုံခဲ့မှုရလဒ်များက လက်တွေ့နိုင်ငံရေးတွင် ဒေါ်အောင်ဆန်းစုကြည်သာ ဒီမိုကရေစီ အစိုးရသစ်၏ ခေါင်းဆောင် ဖြစ်ကြောင်း ငြင်းမရသော အတည်ပြုချက်ဖြစ်သည်။

သမ္မတ ဖြစ်ခွင့်ကန့်သတ်ခံထားရသော်လည်း ဒေါ်အောင်ဆန်းစုကြည်သာ အဓိက ဦးဆောင်သူဖြစ်နေသောကြောင့် တိုက်ရိုက် အုပ်ချုပ်မှု မရသော် သွယ်ဝိုက် အုပ်ချုပ်နေမည်သာ။ ဤနေရာတွင် ပြောစရာ ရှိလာပါသည်။ အကယ်၍ ဒီမိုကရေစီ အစိုးရသစ်၏ ဆောင်ရွက်ချက်များ အောင်မြင်ခဲ့သည်ရှိသော် ဒေါ်အောင်ဆန်းစုကြည်သာမက တပ်မတော်အပါအဝင် နိုင်ငံရေးအသိုင်းအဝိုင်းတခုလုံး မျက်နှာကောင်းရမည်မှာ သေချာသော်လည်း ကျရှုံးခဲ့လျှင် မည်သူ တာဝန်ခံမည်နည်း။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ခေါင်းဆောင်ကောင်း ပီသစွာ တာဝန်ခံမည်ကို သံသယ မရှိပါ။ သို့ရာတွင် ဖွဲ့စည်းပုံအရ ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရခေါင်းဆောင် မဟုတ်သောကြောင့် သူ့တွင် တာဝန်မရှိဟု အငြင်းပွားဖွယ်ရာများ ပေါ်ပေါက်နိုင်ပါသည်။ နိုင်ငံရေးသမိုင်းတွင် ကျရှုံးမှုတိုင်းကို တာဝန်မခံသော ခေါင်းဆောင်မှုများနှင့်သာ ကြုံတွေ့ခဲ့ရမှုကို ရပ်တန့်သင့်ပြီဖြစ်သည်။

လတ်တလော ညှိနှိုင်းဆွေးနွေးနေမှုများအရ ၂ ဘက် အပြန်အလှန် အဆင်ပြေကြသည်ဟုဆိုလျှင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်ကို ပိတ်ပင်ထားသော ၅၉ (စ)ကို ကျော်လွှားနိုင်ရေး နည်းလမ်းရှာသင့်ပါသည်။ တပ်မတော်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ် လက်ခံခြင်းဖြင့် အမှတ်ယူပါဟု တိုက်တွန်းပါသည်။ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ် လက်ခံခြင်းဖြင့် တိုင်းပြည်တွင် ဆုံးရှုံးစရာ မရှိဘဲ လက်မခံမှသာ စစ်ဘက်-အရပ်ဘက် ဆက်ဆံရေး အဖုအထစ် ဆက်ဖြစ်နေပြီး နိုင်ငံပြန်လည်ထူထောင်ရေး မထိရောက်ဘဲ နေလိမ့်မည်။

သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အတူတကွ သွားခဲ့သလို သမ္မတ ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့လည်း မြန်မာ့မိတ်ဆွေနိုင်ငံများ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုသို့ အတူတကွ သံတမန်ရေး ခရီးထွက်ကာ နိုင်ငံအတွက် ကျက်သရေ မင်္ဂလာနှင့် ပြည့်စုံမည့် နိုင်ငံရေးအနာဂတ်ကို သယ်ဆောင်ယူနိုင်ကြပါစေကြောင်း ဆုတောင်းလိုက်ရပါသည်။

Loading