ဒီကနေ့ နေပြည်တော်မှာ သက်ဆိုင်ရာ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့တွေက မဲပေးရွေးချယ်လိုက်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)က စာရင်းတင်သွင်းသူ ဦးထင်ကျော်နဲ့ ဦးဟင်နရီဗန်ထီးယူတို့ ဒုသမ္မတ အသီးသီးဖြစ်လာကြပါပြီ။ တပ်မတော်ဘက်က တင်မယ့် ကိုယ်စားလှယ်ကိုလည်း မကြာခင် သိရမှာပါ။
ဒီ ၃ ဦးကို အရည်အချင်းစိစစ်ပြီးရင် ပြည်ထောင်စုလွှတ်တော်မှာ သမ္မတရွေးကြမှာပါ။ ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၆၅၇ ဦး ရှိပါတယ်။ အဲ့ဒီမှာမှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၃၉၀ ဦး၊ ပြည်ခိုင်ဖြိုးက ၄၁ ဦး၊ အခြားနိုင်ငံရေးပါတီတွေနဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် ၆၀ ဦးရှိပါတယ်။ တပ်မတော်သားကိုယ်စားလှယ်က ၁၆၆ ဦး ဖြစ်ပါတယ်။
သမ္မတရာထူးအတွက်ကတော့ NLD က တင်သွင်းသူတဦးတော့ သေချာနေပါပြီ။ ဒါပေမယ့် မဲအနည်းအများအလိုက် တာဝန်ယူရမယ့် ဒုတိယသမ္မတ (၁) လား၊ ဒုတိယသမ္မတ (၂ ) လားဆိုတာကတော့ မသေချာသေပါဘူး။
ဒါကြောင့် ဒုသမ္မတတွေရဲ့ အရည်အချင်းတွေ၊ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေ ဘာတွေလဲဆိုတာသိရှိဖို့ အခြေခံဥပဒေမှာ ရှာကြည့်ပါတယ်။ အခြေခံဥပဒေမှာတော့ ဒုသမ္မတတွေအတွက် အရည်အချင်းတွေ၊ သက်တမ်းတွေလောက်သာ ပြဌာန်းထားပြီး အခြားတာဝန်တွေ၊ သတ်မှတ်ချက်တွေကို တိတိကျကျပြဌာန်းမထားပါဘူး။ တကယ်ဆိုရင် အခြေခံဥပဒေမှာ တိတိကျကျပြဌာန်းဖို့ လိုနေပါတယ်။
လက်ရှိမြန်မာနိုင်ငံ နိုင်ငံရေးအခင်းအကျင်းနဲ့ အခြေအနေတွေအရ ဒုတိယသမ္မတတွေဟာ ceremonial role လောက်ပဲ ခန့်ထား တာဝန်ပေးထားသလို ဖြစ်နေပါတယ်။ ceremonial role ဆိုတာ သမ္မတကိုယ်စား အခမ်းအနား ပွဲတက်ရုံလောက်တင် တာဝန်ယူရတဲ့ နေရာမျိုးဖြစ်နေပါတယ်။ မဖြစ်သင့်ပါဘူး။ အမေရိကန်နိုင်ငံလိုမျိုးမှာ သမ္မတ ရက်ရှည်ခရီးထွက်ရင်၊ မကျန်းမာရင် ဒုသမ္မတဟာ သမ္မတတာဝန်ကို ကိုယ်စားယူပေးရပါတယ်။
အခြေခံဥပဒေအရ ဒုသမ္မတတွေဟာ ထောက်ခံမဲအရေအတွက် အနည်းအများကြောင့်သာ သမ္မတမဖြစ်ခဲ့ကြသူတွေပါ။ ဒုသမ္မတတွေဟာ သမ္မတက ခန့်အပ်သူတွေမဟုတ်ပါဘူး။ လွှတ်တော်က ရွေးချယ် တာဝန်ပေးအပ်သူတွေဖြစ်ပါတယ်။ တနည်းအားဖြင့် ပြည်သူက ရွေးချယ်ပေးထားတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေက ရွေးချယ်တာဝန်ပေးထားတာကြောင့် ပြည်သူက သွယ်ဝိုက်ပြီး တာဝန်ပေးတယ်လို့တောင် ဆိုနိုင်ပါတယ်။ ဒါကြောင့် ဒုသမ္မတတွေဟာ လွှတ်တော်ကို တိုက်ရိုက်တာဝန်ခံသင့်ပါတယ်။ အခြေခံဥပဒေ ပုဒ်မ ၂၀၃ မှာတော့ ဒုသမ္မတတွေဟာ သမ္မတကို အရင်တာဝန်ခံရပြီး သမ္မတကတဆင့် လွှတ်တော်ကို တာဝန်ခံဖို့ ပြဌာန်းထားပါတယ်။ ဒါဟာ ဒုသမ္မတတွေကို သမ္မတက ရွေးချယ်တာဝန်ပေးထားသကဲ့သို့ ဖြစ်နေပါတယ်။
ဒုသမ္မတတွေအတွက် တာဝန်နှစ်ခုယူဖို့ အခြေခံဥပဒေမှာ ပြဌာန်းထားတာကိုတွေ့ရပါတယ်။ တခုကတော့ ကာလုံလို့ လူသိများတဲ့ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီမှာ အဖွဲ့ဝင်တွေအဖြစ် ပါဝင်ရပြီး နောက်တာဝန်တခုကတော့ ဘဏ္ဍာရေးကော်မရှင်မှာ ဒုဥက္ကဌတွေအဖြစ် တာဝန်ယူရပါတယ်။
ဒုသမ္မတ (၁) နဲ့ ဒုသမ္မတ (၂ ) တူတူပါပဲလို့ အချို့ကပြောကြပါတယ်။ အမှန်တကယ်တော့ မတူပါဘူး။ ဥပမာအနေနဲ့ အခြေခံဥပဒေက ပေးထားတဲ့အခွင့်အရေးအရဆိုရင် တကယ်လို့ သမ္မတနေရာ လစ်လပ်သွားခဲ့ပါက ဒုသမ္မတနှစ်ဦးထဲကနေ ဒုတိယမဲအများဆုံးရခဲ့တဲ့ ဒုသမ္မတက ယာယီသမ္မတအဖြစ်တာဝန်ယူရမယ်လို့ ပြဌာန်းထားတာကြောင့် ဒုတိယမဲအများဆုံးရခဲ့တဲ့ ဒုသမ္မတ(၁)ကသာ ယာယီသမ္မတ တာဝန်ယူခွင့်ရမှာဖြစ်ပါတယ်။
သမ္မတဦးသိန်းစိန် အစိုးရလက်ထက်မှာ တပ်မတော်သားအစုအဖွဲ့ကတင်မြောက်တဲ့ သီဟသူရဦးတင်အောင်မြင့်ဦးက ဒုသမ္မတ(၁)ဖြစ်ခဲ့ပြီး ဒေါက်တာစိုင်းမောက်ခမ်းက ဒုသမ္မတ(၂) ဖြစ်ခဲ့ပါတယ်။ အဲ့ဒီအချိန် ၂၀၁၁ က ဒုသမ္မတ(၁)က နိုင်ငံရေး၊ စီးပွားရေးကဏ္ဍတွေ တာဝန်ယူခဲ့ပြီး ဒုသမ္မတ(၂)ကတော့ ပညာရေး ကျန်းမာရေးစတဲ့ လူမှုရေးကဏ္ဍတွေ တာဝန်ယူခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒုသမ္မတ(၁) သီဟသူရဦးတင်အောင်မြင့်ဦး တာဝန်ကအနားယူတဲ့အခါ ဒေါက်တာစိုင်းမောက်ခမ်းဟာ ဒုသမ္မတ(၁)ဖြစ်လာခဲ့ပြီး တပ်မတော်ကိုယ်စားလှယ်အစုအဖွဲ့က တင်သွင်တဲ့ ဦးဉာဏ်ထွန်း(ဗိုလ်ချုပ်ကြီးအငြိမ်းစား)က ဒုသမ္မတ(၂) ဖြစ်လာပါတယ်။
ဒေါက်တာစိုင်းမောက်ခမ်းဟာ ဒုသမ္မတ(၁)ဖြစ်လာပေမယ့် နဂိုကဏ္ဍတွေဖြစ်တဲ့ ကျန်းမာရေး ပညာရေးတွေကိုသာ ဆက်လက်ကိုင်တွယ်ရပြီး၊ ဦးဉာဏ်ထွန်း(ဗိုလ်ချုပ်ကြီးအငြိမ်းစား)က နိုင်ငံရေးရာ၊ စီးပွားရေး စတဲ့ကဏ္ဍတွေကို တာဝန်ယူခဲ့ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ဒုသမ္မတတွေဟာ (၁)တွေ (၂)တွေ အလိုက် တာဝန်ယူရတာမဟုတ်ပဲ တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့က တင်မြောက်တဲ့ ဒုသမ္မတဟာ နိုင်ငံရေးရာ၊ စီးပွားရေး စတဲ့ကဏ္ဍတွေကိုပဲ တာဝန်ယူတဲ့ပုံစံမျိုးဖြစ်နေပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက တင်မြောက်မယ့် သမ္မတအသစ်ရဲ့ သက်တမ်းငါးနှစ်အတွင်း တာဝန်ယူကြမယ့် ဒုသမ္မတနှစ်ဦးဟာ သမ္မတဦးသိန်းစိန်အစိုးရလက်ထက်ကလိုပဲ ကဏ္ဍတာဝန်ခွဲဝေယူကြမလား။ ကဏ္ဍတွေအပြောင်းအလဲရှိလာနိုင်မလားဆိုတာ မကြာခင်မြင်တွေ့ကြရတော့မှာဖြစ်ပါတယ်။
(မောင်ဉာဏသည် မန္တလေးအခြေစိုက် သတင်းစာဆရာတဦး ဖြစ်သည်)