လွှတ်တော်အသီးသီးမှာ တက်ရောက်နေတဲ့ အမတ်များ အနေနဲ့ ယခုထက်ပိုပြီး ပြည်သူတွေအတွက် အလုပ်အကျွေးပြုဖို့ လိုအပ်နေကြောင်း သမ္မတ အမည်စာရင်း တင်သွင်းတဲ့နေ့က သက်သေ ပြလိုက်ကြပါတယ်။ အထူးသဖြင့် ပြည်သူ့မဲနဲ့ လွှတ်တော်ထဲရောက်လာကြတဲ့ အရွေးချယ်ခံအမတ်တွေ ပိုပြီး အာရုံစိုက်ခံရတော့မှာ ဖြစ်ပါတယ်။
အကြောင်းက ၂၀၁၆ ခုနှစ် မတ်လ ၁၁ ရက်နေ့က ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်မှာ ဒုတိယသမ္မတလောင်း အမည်စာရင်းတင်သွင်းတော့ ပယ်မဲတွေ များလို့ပါပဲ ဒုသမ္မတလောင်းရွေးချယ်ပွဲအတွက် ပြည်သူ့လွှတ်တော်မှာ အရွေးချယ်ခံအမတ်တွေရဲ့ မဲတွေကို မဲခွဲဆုံးဖြတ်ကြတော့ ပယ်မဲ ၁၄မဲ ရခဲ့တယ်။ အမျိုးသားလွှတ်တော်မှာလည်း ဒုသမ္မတလောင်း မဲခွဲဆုံးဖြတ်ရာမှာ ပယ်မဲ ၆ မဲ ဖြစ်ခဲ့တယ်။ ပယ်မဲတွေကြောင့် မဲရလဒ် မပြောင်းပေမယ့် ပယ်မဲဖြစ်အောင် လုပ်ခဲ့ကြတဲ့ အမတ်တွေ လွှတ်တော်အသီးသီးမှာ ရှိနေတာ
မကောင်းပါဘူး။
ဒုသမ္မတလောင်းရွေးချယ်မဲပေးကြရာမှာ မဲစာရွက်တရွက်ထဲမှာ ထောက်ခံသူကို အမှန်ခြစ် ပေးကြရပြီး ကန့်ကွက်သူကို အမှားခြစ် ကြက်ခြေခတ်ကြရပါတယ်။ ဆန္ဒမဲစာရွက်ပေါ်မှာ အမှန်ခြစ် တခုထဲကိုဖြစ်စေ၊ အမှားခြစ် တခုထဲကိုဖြစ်စေ မဲပေး ရွေးချယ်ခဲ့ရင် ပယ်မဲအဖြစ် သတ်မှတ်ပါတယ်။ ပြည်သူ့လွှတ်တော်မှာ ပယ်မဲအဖြစ် သတ်မှတ်ခဲ့တဲ့ မဲ ၁၄ မဲရှိပြီး မဲစာရွက်မှာ ဘာအမှတ်အသားမှ မပါတဲ့ မဲစာရွက် ၁၀ မဲကျော်ပါဝင်ခဲ့တယ်လို့ မဲစာရင်းစာရွက် ကိုယ်တိုင် ကြည့်ခဲ့တဲ့ မန္တလေးတိုင်းဒေသကြီးက အရွေးချယ်ခံတဲ့တဲ့ ကိုယ်စားလှယ် တယောက်က ပြောပါတယ်။
လွှတ်တော်အသီးသီးမှာရောက်ရှိနေတဲ့ အရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ ပြည်သူ့အရေးအရာတွေကို ဦးစားပေးလုပ်ဆောင်ရန်မှတပါး အခြားမရှိပါ။ တသီးပုဂ္ဂလပဲဖြစ်ဖြစ် ပါတီကပဲဖြစ်ဖြစ် လွှတ်တော်ထဲရောက်နေတာဟာ ပြည်သူက ရွေးချယ်လိုက်လို့ ရောက်နေကြတာပါ။ ပြည်သူ့အရေးထက် ဘယ်အရေးကမှ အရေးမကြီးနိုင်ဘူး။ ပြည်သူ့အရေးကို စွမ်းစွမ်းတမံဆောင်ရွက်မယ်လို့ ပိုင်းဖြတ်ထားရင် သမ္မတရွေးချယ်ပွဲလို အရေးကြီးတဲ့ မဲပေးဆုံးဖြတ်မှုတွေမှာ ပယ်မဲမဖြစ်အောင် သေချာဂရုစိုက်ကြဖို့ လိုပါတယ်။
ဒုသမ္မတရွေးချယ်ပွဲအတွက် ပြည်သူ့လွှတ်တော်မှာ ပယ်မဲ ၁၄ မဲရှိခဲ့သလို အမျိုးသားလွှတ်တော်မှာ ပယ်မဲ ၆ မဲရှိခဲ့တယ်။ ပယ်မဲအရေအတွက်က ရလဒ်ကို မပြောင်းနိုင်ဘူးဆိုတာ မှန်ပေမယ့် ပြည်သူဆန္ဒတွေနဲ့ လွှတ်တော်ထဲရောက်လာတဲ့ အမတ်တွေအနေနဲ့ ကိုယ်ပေးလိုက်တဲ့မဲဟာ အရေးပါတဲ့မဲဖြစ်ကြောင်း အမတ်မင်းတွေ သိဖို့လိုအပ်တယ်။ ပြည်သူတွေက
ယုံကြည်လို့ မဲတွေနဲ့ ပုံအပ်ခဲ့ပြီးပြီမို့ ကိုယ့်မဲဆန္ဒရှင်တွေကို တန်ဖိုးထားလေးစားကြောင်း ပြသရမယ့် တာဝန် လွှတ်တော်ကိုယ်စားလှယ်အသီးသီးမှာ တာဝန်ရှိတယ်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အမည်စာရင်းတင်သွင်းလိုက်လို့ လွှတ်တော်ထဲမှာ တာဝန်အရ တက်ရောက်နေတဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေသည်ပင် ပြည်သူ့အရေးအရာကိစ္စတွေကို ဆောင်ရွက်ကြရာမှာ ပြည်သူ့မျက်နှာကိုသာ ကြည့်စေချင်တာ ပြည်သူ့ဆန္ဒပါ။
အရွေးချယ်ခံ လွှတ်တော်အသီးသီးမှာတက်ရောက်နေတဲ့ အမတ်မင်းတွေ လွှတ်တော်ထဲရောက် နေတာဟာ မဲပေးရွေးချယ်လိုက်တဲ့ မဲဆန္ဒရှင်တွေကြောင့်သာ ဖြစ်ပါတယ်။ ဘယ်ပါတီကပဲဖြစ်ဖြစ် ပြည်သူ့ဘက် ကိုသာ မျက်နှာမူကြရပါမယ်။ အမတ်မင်းတွေ လွှတ်တော်သက်တမ်း ၅ နှစ်အတွင်းမှာ ပြည်သူ့ထံက ကောက်ခံရရှိတဲ့ အခွန်အတုတ်တွေနဲ့ လစာ ရိက္ခာတွေကိုလည်း ထိုက်ထိုက်တန်တန် ခံစားကြရဦးမှာပါ။ ဒီလို အခြေအနေမျိုးမှာ ပြည်သူ့အကျိုးကို မကြည့်ရင် ဘယ်သူ့အကျိုးကို ကြည့်ကြမလဲ။ မဲဆန္ဒရှင် ပြည်သူလူထုထက် အရေးကြီးတာမရှိလို့ ခံယူထားကြရမှာ ဖြစ်ပါတယ်။
အားနာနာနဲ့ ပြောပါရစေ။ အရင် ပထမအကြိမ် လွှတ်တော်မှာတော့ လွှတ်တော်အတွင်း အိပ်ငိုက်သူတွေ၊ ခွင့်ရက်ရှည် ပျက်ကွက်သူတွေ ရှိခဲ့တယ်။ ဘာအဆိုမှ မတင်၊ ဘာမေးခွန်းမှ မထုတ်ပဲ လွှတ်တော်အတွင်း ငုတ်တုပ်ထိုင် လစာယူတဲ့ တေမိအမတ်တချို့ ရှိခဲ့တယ်။ တချို့အမတ်မင်းတွေက အရေးမပါ အရာမရောက်တဲ့ အဆိုတွေ မေးခွန်းတွေ မေးခဲ့ကြတယ်။ ဒုတိယအကြိမ်လွှတ်တော်မှာ ဒီမိုကရက်တစ် အမတ်တွေ ကြီးစိုးတဲ့ လွှတ်တော်ဖြစ်လို့ အရင်လွှတ်တော်ထက် ပြည်သူတွေက ပိုမျှော်လင့်တယ်။ ရုပ်ရှင်ဇာတ်ကားပြပြီး စားသုံးသူကို ဆွဲဆောင်တဲ့ လဘက်ရည်ဆိုင်တွေက တီဗီတွေသည်ပင် လွှတ်တော်ချယ်နယ် အချိန်ပြည့်လွှင့်ပြီး ပရိတ်သတ်ကို ဖမ်းစားနေရတယ်ဆိုတာ သိစေချင်တယ်။
ပြည်သူတွေအတွက် တကယ်အလုပ်လုပ်ကြတဲ့ အမတ်တွေ ဖြစ်စေချင်တယ်။ ဒုတိယအကြိမ် လွှတ်တော်သက်တမ်း အစပိုင်းမှာ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်က အမတ်တွေကို မဲကွာဟမှုနဲ့ပါတ်သတ်လို့ တရားဝင် သတိပေးထားတယ်။ လွှတ်တော်ထဲမှာ ရှိနေလျက်နဲ့ မဲမပေးခဲ့ရင် ပြည်သူကို တိုက်ရိုက်စော်ကားတာဖြစ်တယ်။ ထောက်ခံ၊ ကန့်ကွက်၊ ကြားနေ မဲအမျိုးမျိုးပေးခွင့်ရှိပါလျက်နဲ့ မဲလုံး၀ မပေးပဲ နေခဲ့ရင် ပြည်သူပေးလိုက်တဲ့ မဲတွေ အဟောသိကံဖြစ်စေပါတယ်။ အမတ်မင်းတွေအနေနဲ့ ပြည်သူ့ဆန္ဒထက် ဘယ်အရာကမှ
အရေးမကြီးကြောင်း သဘောပေါက်ဖို့ လိုကြောင်းနဲ့ အိမ်စာကောင်းကောင်း လုပ်ကြဖို့ မေတ္တာရပ်ခံပါရစေ။
(သန်းနိုင်ဦးသည် မန္တလေးအခြေစိုက် သတင်းစာဆရာတဦးဖြစ်သည်)