စာလုံးပေါင်း မှားတာအစ အစိုးရက

K ငြိမ်းချမ်း

This article has been converted from Zawgyi One to Unicode

ဘာသာစကားတိုင်းမှာ စာလုံးပေါင်း လွဲမှားတာ ရှိတတ်ပေမယ့် မလွဲရင်တော့ အကောင်းဆုံးပေါ့။ ပြည်သူပြည်သားတွေ တဦးချင်းနဲ့ ပုဂ္ဂလိက မှားတာကို ခင်ဗျားရေးထားတဲ့ ဆိုင်းဘုတ်/စာက မှားနေတယ်၊ လွဲနေတယ်လို့ သွားပြောရတာ ကိစ္စမရှိပေမယ့် အစိုးရတရပ်၊ ဝန်ကြီးဌာနတခုက မှားနေလွဲနေရင် ဝန်ထမ်းဦးရေနဲ့ အမှုထမ်း၊ အရာထမ်းတွေလည်း ရှိရဲ့သားနဲ့၊ ဒီအမှားကို မတွေ့ကြတာလား၊ မှန်နေတယ်လို့ ထင်နေကြတာလား မေးစရာဖြစ် တတ်ပါတယ်။

ကျနော် မြို့ထဲကို အလုပ်သွားရင် ရန်ကုန်မြို့တော်ရဲ့ ကားကျပ်မှုကို မခံနိုင်လို့ ရထားနဲ့ သွားလေ့ရှိပါတယ်။ ရထား စီးတဲ့အခါတိုင်းလည်း ဟိုဆိုင်းဘုတ် ဒီဆိုင်းဘုတ်၊ ဟိုကြေညာချက် ဒီကြေညာချက်တွေ မြင်သမျှ လှမ်းလှမ်း ဖတ်လေ့ရှိပါတယ်။ ကျနော်က စာပြင်အလုပ်လည်း လုပ်ခဲ့ဖူးတော့ အမြင်မတော် လွဲနေတဲ့ ဆိုင်းဘုတ်တွေမြင်ရင် ရင်ထဲ ကလိကလိ ဖြစ်ရပါတယ်။

မြို့ပတ်ရထား အချိန်စာရင်းမှာ စေတနာပိုပြီး ‘ပတ်’ မှာ မောက်ချထည့်ပြီး ‘ပါတ်’ လို့ရေးထားတာ။ ကွန်ရက်မှာလည်း ‘ရက်’ ကို ‘ယ’ နဲ့ ‘ယက်’ ထားတာတွေ့ရ။ အမိန့်ကြော်ငြာလို မျိုးမှာတောင် အမှားမကင်းစင်တာ တွေ့ရတတ်ပါတယ်။ ကွမ်းမစားရ၊ ဆေးလိပ်မသောက်ရ၊ ဒဏ်ငွေ ဘယ်လောက်ဆိုတဲ့ ဆိုင်းဘုတ်မှာလည်း ‘ဒဏ်’ ကို မောက်ချလေး အဆစ်ထည့်ပြီး ‘ဒါဏ်’ လို့ ရေးထားတာ။ ဘယ်ဟာက အမှန်၊ ဘယ်လို ရေးရလဲဆိုတာ မသိတာလား၊ စာလုံးပေါင်း မှန်ဖို့ မလိုဘူး ထင်တာလားတော့ မပြောတတ်ပါ။

လမ်းတွေ၊ တံတားတွေခင်းပြီး ကျောက်စာတိုင်လေးတွေ လုပ်ထားတော့လည်း အဲဒီကျောက်စာတိုင်မှာ ရေးထားတာက ‘ကမ္ဗည်း’ လို့ရေးထားကြတာ အများကြီးတွေ့နေရပါတယ်။ ‘ကမ္ပည်း’ လို့ အမှန်ကို ရေးထားတာက အနည်းစုပဲ တွေ့ရပါတယ်။ အစိုးရ၊ အဖွဲ့အစည်း တော်တော်များများမှာလည်း ထုတ်ပြန်ချက်တွေ၊ ကြေညာချက်တွေ ထုတ်လို့ ဖတ်ကြည့်တိုင်းလည်း ‘ကြော်ငြာချက်’ လို့ ရေးထားကြတာ စိတ်ပျက်ဖွယ် တွေ့နေရပါတယ်။

တခြားနေရာ တော်တော်များများမှာလည်း တွဲမသုံးတဲ့ စကားလုံးတွေ မှားသုံးထားတာတွေလည်း မကြာခဏ တွေ့ရတတ်ပါသေးတယ်။ ဓာတ်ကို မောက်ချတပ်ပြီး ဓါတ်ပုံ၊ ဓါတ်လှေကား၊ စိတ်ဓါတ် ဆိုပြီးရေးထားကြတာ။

မဖြစ်စဖွယ်အမှားလို့ စောဒက တက်ချင်တက်နိုင်ပေမယ့် ကိုယ့်မိခင်ဘာသာစကားကို ကိုယ့်လူမျိုးက မှန်အောင် မပေါင်းတတ်၊ မရေးသားတတ်တာကတော့ မြင်မကောင်းတာ အမှန်ပါပဲ။

နိုင်ငံပိုင်ရုပ်သံတွေမှာ လွှင့်တဲ့ အစီအစဉ်တွေမှာ အချိန်နာရီနဲ့ ပတ်သက်တဲ့ ‘နေ့လယ်’ ကို ရေးတဲ့အခါ ‘နေ့လည်’ ဟု မှားယွင်းစွာ ရေးသားနေကြတာလည်း အခုထိ မြင်နေရဆဲဖြစ်ပါတယ်။

ထုတ်ပြန်ချက်၊ ကြေညာချက်တွေထုတ်တဲ့အခါမှာ ရေးသားပြီး စာစီပြီးတဲ့အခါ ပြန်လည်စစ်ဆေး၊ အတည်ပြုသူက မှားယွင်းမှုကို မသိတာလား၊ မမြင်တာလားဆိုတာတွေက မေးစရာဖြစ်နေပါတယ်။

ဟိုတလောက စာမေးပွဲ ဖြေဆိုခဲ့တဲ့ မေးခွန်းတွေမှာလည်း တရုတ်ပြည်သူ့သမ္မတမြန်မာနိုင်ငံ၊ နေပြည်တော်ပြည်ထောင်စု၊ ဆောက်ပုဒ်များဖြင့်ဖြေပါ၊ သိုး တစ်အုတ် စတဲ့ စာလုံးပေါင်းအလွဲတွေ အများကြီး ပါဝင်နေတာ တွေ့လာရပါတယ်။

ပညာရေးဆိုင်ရာ အတန်းတင် မေးခွန်းများ ပြုစုထုတ်ဝေတဲ့အခါ ကြီးကြပ်သူ၊ စစ်ဆေးသူ၊ အတည်ပြု လက်မှတ်ထိုးရသူ စသဖြင့် လူအင်အားများစွာ ပါရှိတယ်ဆိုတာ သိရပါတယ်။ ဘာကြောင့် အရေးမကြီးဟန် မှားယွင်းခဲ့တာကိုတော့ ကာယကံရှင်တွေမှ သိနိုင်မှာပါ။

ဖေဖော်ဝါရီ ၂၇ ရက်ကလည်း အစိုးရပိုင် သတင်းစာတစောင်ထဲမှာ ကဗျာဆရာကြီး မောင်လင်းယုန် (ရှမ်းပြည်) ရဲ့ ဈာပနကို ပြန်ကြားရေးဝန်ကြီးဌာနက ဝမ်းနည်းကြောင်း ထည့်သွင်းဖော်ပြရာမှာ ‘ပန်ကြားရေးဝန်ကြီးဌာန’ လို့ မှားပါလာတာကို တွေ့လိုက်ရပါတယ်။

အခု ကျနော်တို့ သုံးနေတဲ့ ငွေစက္ကူမှာကိုက စာလုံးပေါင်း လွဲနေပါတယ်။ ငွေစက္ကူတိုင်းမှာ ‘မြန်မာနိုင်ငံတော် ဗဟိုဘဏ်’ လို့ပါပါတယ်။ အဲဒီမှာပါတဲ့ ‘နိုင်’ ဆိုတာက အမှားပါ။ နငယ်အပြတ်ကို တချောင်းငင်နဲ့ ပေါင်းတဲ့ ‘နိုင်’ က အမှန်ဖြစ်ပါတယ်။
ဒါတွေက ကျနော် ဖြတ်သွားဖြတ်လာ တွေ့မိတဲ့ စာလုံးပေါင်းအမှားတွေသာ ဖြစ်ပါတယ်။ တခြား တတ်ကျွမ်းသူ ပညာရှင်တွေ တွေ့ရှိထောက်ပြ ပြောဆိုစရာတွေ ရှိနေပါလိမ့်မယ်။

ဒီလောက် စာလုံးပေါင်း အမှားအယွင်းတွေ ဖြစ်နေတာတောင် ဟိုတလောလေးက သူငယ်တန်း မြန်မာစာမှာ ကျက်ရမှတ်ရ ခက်ခဲတဲ့ ဗျည်း ၈ လုံးကို ချန်ခဲ့မယ်လို့ အသံထွက်လာပါတယ်။ အကြောင်းပြချက်က ကလေးတွေ ရွတ်ဆို ဖတ်မှတ်ရတာ ခက်ခဲလို့ပါတဲ့။ ခက်ခဲရင် အဲဒီ အခက်အခဲကို ဘယ်လို အဆင်ပြေချောမွေ့အောင် ကြံစည်နည်းလမ်းရှာမလဲ မစဉ်းစားဘဲ ရှိနေတဲ့ ဗျည်း ၃၃ လုံးထဲက ၈ လုံးကို အလွယ်တကူ ချန်ပစ်ဖို့ စိတ်ကူး အံ့ဖွယ်ပါပဲ။

၁၉၆၄ ခုနှစ်က အာဏာရှင် ဦးနေဝင်းက ပညာရှင်တွေအပေါ် ဓားမိုးပြီး လုပ်သွားခဲ့တဲ့ စာလုံးပေါင်း သတ်ပုံကျမ်းမှာလည်း တခု၊ တယောက်၊ တဦးကို တစ်ခု၊ တစ်ယောက်၊ တစ်ဦး လုပ်ခဲ့သလို ကျနော်၊ ကျမ ကိုလည်း ကျွန်တော်၊ ကျွန်မ တွေ လုပ်ခဲ့ဖူးပါပြီ။ နိုင်ငံတနိုင်ငံမှာ မိခင်ဘာသာစကား ရေးသားပြောဆိုမှုတွေကို တဦးတယောက်က စိတ်ထင်တိုင်းလုပ်လို့ မရပါဘူး။ ပြင်သင့်လို့ ပြင်တယ်ဆိုရင်တောင် တတ်သိပညာရှင်တွေ၊ ကျွမ်းကျင်သူတွေလည်း ပါဝင်ပြီး ပြန်လည်ရေးဆွဲ အတည်ပြုမှ ရမှာပါ။

သာမန်ပြည်သူ တဦးတယောက်၊ အသေးစား အဖွဲ့အစည်းတခု မှားနေတာထက် အစိုးရ လက်အောက်က ဌာနဆိုင်ရာတွေမှာ မြန်မာစာ အသုံးအနှုန်းတွေ မှားနေတာက မသင့်လျော်ပါဘူး။ စာလုံးပေါင်း အသုံးအနှုန်းက အစိုးရတရပ်၊ ဝန်ကြီးဌာနတခု အတွက် အရေးပါပါတယ်။ အရာလည်း ရောက်ပါတယ်။ တိုင်းသူပြည်သားတွေ စာမတတ်ရင်ကိုက အစိုးရတာဝန် မဟုတ်ပါလား။

Loading