ကိုယ်ပိုင်ဖော်ထုတ်မှု စံတန်ဖိုးများနှင့် ဒီမိုကရက်တစ် အင်စတီကျူးရှင်းများ နှစ်ချက်အကြားမှ အဆက်အစပ် နွယ်ယှက်နေခြင်းကို ဇာစ်မြစ်မကျ၊ မူမမှန်ဟု စဉ်းစား၍ ရကောင်းရနိုင်ပါသည်။ သို့သော် နောက်ပြန်ဆုတ်မှုကို လေ့လာ သုံးသပ်ကြရာ၌ ဒီမိုကရေစီ aကျာကပ်ဘက်ခြမ်း သက်ရောက်မှု အဆိုးတို့အတွက် ထိန်းချုပ်ခြင်း၊ နိုင်ငံတော် အင်စတီကျူးရှင်း များကို စိတ်ချယုံကြည်ချက်၊ စေတနာ့ဝန်ထမ်း အင်စတီကျူးရှင်းများတွင် ပူးပေါင်းပါဝင်မှု၊ ဒီမိုကရက်တစ် အင်စတီကျူးရှင်း များအောက်၌ ကာလတရပ် ကြာရှည်ဖြစ်ထွန်းခဲ့ပြီးသော လူ့အဖွဲ့အစည်းတရပ် စသည်တို့ကို ထည့်သွင်း တွက်ချက်ကြ၏။
ကျနော်တို့ တွေ့ရှိ ဖော်ထုတ်နိုင်ခဲ့ကြသည်မှာ ကိုယ်တိုင်ထုတ်ဖော်မှု စံတန်ဖိုးများအနေဖြင့် ထိရောက်အားကောင်း ဒီမိုကရေစီတွင် စိတ်ဝမ်း ပိုမိုကွဲပြားမှုနှင့် အလှမ်းဝေးကွာလှပြီး တခြား မတည်မငြိမ် ဒီမိုကရေစီ၌ လုပ်ဆောင်နေကျ လုပ်နေကြသည်ထက် သာလွန်ကြောင်း ကောင်းစွာ ရှင်းပြနိုင်ခြင်းပင်ဖြစ်ပါသည်။
ထိုနည်းတူစွာ လူ့အဖွဲ့အစည်း တရပ်၏ စီးပွားရေးဖွံ့ဖြိုးမှုရေချိန်၊ ဝင်ငွေမညီမျှမှု၊ ပညာရေး အဆင့်အတန်း၊ တိုင်းရင်းသား ဘာသာစကားစာပေများ ပြန်မြှင့်တင်အားပေးခြင်း၊ ဘာသာရေးဆိုင်ရာ ထုံးတမ်းစဉ်လာ (များ) စသော ဒီမိုကရေစီ နောက်ပြန် မဆုတ်ရေး ထိန်းသိမ်းကြဖို့ ကောင်းကျိုးဆိုးပြစ်များကို ကိုင်တွယ်ရသော နယ်ပယ်များစွာ၌လည်း ထိရောက် အားကောင်း ဒီမိုကရေစီ အသန်စွမ်းဆုံးဖြစ်အောင် ကိုယ်တိုင်ဖော်ထုတ်မှု စံတန်ဖိုးများက ဖြစ်တည်ပေါ်ထွန်းစေပြန်ပါ၏။ ထိရောက်အားကောင်း ဒီမိုကရေစီနှင့် အကောင်းဆုံး ခန့်မှန်းနိုင်စေပါသည်။
ကိုယ်ပိုင်ဖော်ထုတ်မှု စံတန်ဖိုးများနှင့် ဒီမိုကရက်တစ် အင်စတီကျူးရှင်းများ နှစ်ရပ်အကြား ဆက်စပ်နေမှုကို စံတန်ဖိုးများ ပေါ်ထွန်းရန် အင်စတီကျူးရှင်းများက အခြေခံပေးရသည်ဟူသော အဖြေတရပ် ထုတ်ကြည့်ပုံမျိုးလည်း မမြင်ရပြန်ပါ။ ဒီမိုကရက်တစ် အင်စတီကျူးရှင်းများ အောက်၌ ကာလတရပ် ရှည်ကြာအောင် ဖြစ်တည်ပြီးခဲ့သော လူ့အဖွဲ့အစည်းတရပ် အနေဖြင့် စီးပွားဖွံ့ဖြိုးမှုရေချိန်ကို ထိန်းသိမ်းရာ၌ ကိုယ်တိုင် ထုတ်ဖော်မှု စံတန်ဖိုးများအပေါ် ဆိုးကျိုးသက်ရောက်မှု တွေ့လည်း မတွေ့ရ၊ ရှိလည်း မရှိပါ။
ဒီမိုကရေစီ (သို့မဟုတ်) အာဏာပိုင် ဘယ်လူ့အဖွဲ့အစည်းမှာပဲ နေထိုင်ကြရသည်ဖြစ်စေ လူတွေအနေဖြင့် အသိအမှတ်ပြု လေးစားမှု ကင်းမဲ့တတ်ကြသည်ဖြစ်စေ စီးပွားရေးဖွံ့ဖြိုးမှုက ကိုယ်တိုင်ဖော်ထုတ်မှု စံတန်ဖိုးများ တိုးပွားပျံ့နှံ့ အောင် ရှေးရှုစေလေတော့ ဟူသည့်ပုံစံ ရှိပြန်သည်။
ဤတွေ့ရှိ ဖော်ထုတ်ချက်များက ဒီမိုကရေစီနှင့် စီးပွားရေးဖွံ့ဖြိုးမှု ဘာကြောင့် ချိတ်ဆက်နေကြောင်း ရှင်းလင်းပြသနေပါ၏။ ဖွံ့ဖြိုးမှုက ပြည်သူလူထု၏ ရင်းမြစ်များကို မြှင့်တင်ပေးသည်။ ကိုယ်တိုင်ဖော်ထုတ်မှု စံတန်းဖိုးများကို မြင့်မားစေသည်။ လွတ်လွတ်လပ်လပ် ရွေးချယ်မှုကို ဦးစားပေးမြင့်တက်စေသည်။
ဒီမိုကရက်တစ် အင်စတီကျူးရှင်းများက အကျယ်ပြောဆုံး လွတ်လပ်သော ရွေးချယ်ခွင့်ကို တပြေးညီ အပ်နှင်းပေးလိုက် ကတည်းက ကိုယ်တိုင်ဖော်ထုတ်မှု စံတန်းဖိုးများနှင့်အတူ ပြည်သူလူထု အနေဖြင့် ဒီမိုကရေစီကို ဦးတည်ရှာဖွေစေ ခဲ့တော့သည်။ နောက်ပြန်ဆုတ်မှု လေ့လာသုံးသပ်ချက်အရ ထိရောက်အားကောင်း ဒီမိုကရေစီတွင် စံမတူပြောင်းလဲချက် ၇၅ ရာခိုင်နှုန်းခန့်သည် လှုပ်ရှားဆောင်ရွက်ချက် အရင်းအမြစ်များ၏ လူ့အဖွဲ့အစည်းတရပ် ရေချိန်၌ ၎င်းတို့ဘာသာ ပြန်ရှင်းပြ အဖြေထုတ်ပေးနိုင်ကြောင်း တွေ့ရှိရသည်။ သို့သော် နောက်ပြန်ဆုတ်မှုတွင် ကိုယ်တိုင် ဖော်ထုတ်မှု စံတန်ဖိုးများ၏ အင်အား တရပ်ရပ် ပါဝင်နေပါက လှုပ်ရှားရင်းမြစ်တို့၏ ရှင်းပြနိုင်ဖွယ်ပါဝါမှာ ၃၅ ရာခိုင်နှုန်း ကျဆင်းသွားသည်။
ကိုယ်တိုင်ဖော်ထုတ်မှု စံတန်ဖိုးများ ၎င်းတို့ကိုယ်တိုင် ၄၅ ရာခိုင်နှုန်း မညီမညွတ် ဖြစ်လာပါကလည်း ထိရောက်အားကောင်း ဒီမိုကရေစီအရောက်၌ ကိုယ်တိုင် တာဝန်ပြန်ယူ မျှခြေညီသွားကြောင်း တွေ့ရ၏။ အရင်းအမြစ်များ ကြီးထွားခြင်းကြောင့် ထိရောက်အားကောင်း ဒီမိုကရေစီကို ဖြည့်ဆည်းပေးတတ်ကြောင်း၊ ကိုယ်တိုင်ဖော်ထုတ်မှု စံတန်ဖိုးများကိုလည်း ဖွံ့ဖြိုးစေကြောင်း တွေ့ရှိရသည်။
ထိရောက်အားကောင်း ဒီမိုကရေစီဟူသည် အီလစ်တို့က ဒီမိုကရေစီကို ခုတုံးလုပ် ဆင့်ပွားမွေးစား၍ လေဟာနယ်တရပ် အတွင်း ရွေးချယ်လိုက်ခြင်းကြောင့် ပေါ်ထွန်းလာခြင်းမျိုးမဟုတ်။ လူထုက ဒီမိုကရေစီကို တပ်မက်ခြင်း ကြီးမား၍ ကောင်းစွာစုဖွဲ့၊ အားပေး၊ မြင့်မားစွာ ရည်မှန်းဆောင်ရွက်ကြရာမှ ဖြစ်ပေါ်လာခြင်းသာ ဖြစ်သည်။ ပေါ်ထွန်းလာသည်။ ဤအရေးအရာ ကိစ္စတွင် အီလစ်တို့ ရွေးချယ်ခွင့် နည်းပါးသွားပြီဖြစ်သည်။
ကိုယ်တိုင်ဖော်ထုတ်မှု စံတန်ဖိုးများ၏ အခန်းကဏ္ဍ
နိုင်ငံရေးယဉ်ကျေးမှု စာပေက အမြဲတာဝန်ယူတတ်ခြင်း တရပ်ရှိသည်။ လူထု၏ ရေရာသေချာသော ကျင့်ကြံပုံများ အနေဖြင့် ဒီမိုကရေစီကို တိုက်ရိုက်သွယ်တန်းနေ၏ ဟူသော အယူဖြစ်၏။ သို့ငြား ဤယူဆချက်သည် ယူဆချက်သာ ဖြစ်နေဆဲဖြစ်ပြီး လုံးဝ တာဝန်ခံယူနိုင်ပြီဟု ယနေ့အထိ ခိုင်ခိုင်မာမာ ပြော၍မရသေးခြင်းမှာ သစ္စာတရားနှင့်၊ ကံကြမ္မာအလုပ် နှင့် လှုပ်ရှားနေကြရဆဲ ဖြစ်သောကြောင့်ဟု မြင်ရပါသည်။
အယ်လ်မန်ဒ်နှင့် ဗာဘာတို့ ရေးသားခဲ့ပြီး နာမည်ကျော် သြဇာကြီးလှသောစာအုပ် “ပြည်သူ့ ယဉ်ကျေးမှု” (၁၉၆၃ ထုတ်) တွင်ပင် နိုင်ငံ ၅ နိုင်ငံကိုသာ လေ့လာပြခဲ့ခြင်းဖြစ်ပြီး အချက်အလက် ကိန်းဂဏန်း သက်သေ သာဓကအရ အားကိုးနိုင်သည်ဟု မဆိုနိုင်ပါ။ လူ့အဖွဲ့အစည်းကို ဗဟိုပြု၍ ယေဘုယျရေချိန်ဖြင့် ဖော်ပြထားခြင်းဖြစ်ပြီး တသီးပုဂ္ဂလ လူသား၏ သေချာရေရာသော ကျင့်ကြံမှုဟန်ပန်နှင့် ဒီမိုကရေစီ ဆက်နွယ်ချက်ကို အတိအပ မဖော်ထုတ်နိုင်ခဲ့ပါ။ (ထိုစာအုပ်ကို နိုင်ငံရေး ယဉ်ကျေးမှု ပညာရပ်နယ်ပယ်၌ ယနေ့တိုင် အကိုးအကားအဖြစ် လူပြောများနေဆဲဖြစ်သည်။)
ယနေ့ ကျနော်တို့၏ ကမ္ဘာ့စံတန်ဖိုးများ စစ်တမ်းကောက်ယူရေး (WVS) အနေဖြင့် ကမ္ဘာ့လူဦးရေ ၉၀ ရာခိုင်နှုန်းကျော် နေထိုင်သော နိုင်ငံပေါင်း ၈၀ ကျော်ကို လွှမ်းခြုံ ဖြန့်ကြက်၍ တိုင်းတာဆောင်ရွက်နေရာတွင် ဖြစ်နိုင်ခြေ အရှိဆုံး ဒီမိုကရက်တစ် ပိုဆန်မှုကို ဦးစားပိုပေး လုပ်ကိုင်သည်။ ဘယ်သို့သော ဆက်စပ်ကျင့်ကြံပုံများ ရှိသည့်နိုင်ငံဖြစ်စေ၊ တကယ့် လက်တွေ့နှင့် ကျယ်ပြန့်လွှမ်းခြုံနိုင်မှုကို ဂရုပြုလေ့လာ ဆန်းစစ်သည်။
တွေ့ရှိချက်များက အမှန်တကယ် ရေရာသော လူထုကျင့်ကြံ ဆောင်ရွက်ပုံများသည် ဒီမိုကရေစီနှင့် အားကောင်းမောင်းသန် ဆက်စပ်နေကြောင်း ထုတ်ဖော်ပြသပါသည်။ ဘယ်သို့သော ကျင့်ကြံမှုပုံစံများက ဆိုးရွားလှသည် ဆိုခြင်းမျိုးကို ဝေါဟာရတရပ်ဖြင့် ပြောဆိုရန် သိပ်မလွယ်ကူလှကြောင်းကိုလည်း တွေ့ရှိရပြန်သည်။
နောက်ဆုံး သုတေသနများအရ ဆိုလျှင်တော့ ဒီမိုကရေစီကို ပိုမျက်နှာမူကြသော လူ့အဖွဲ့အစည်းများက ဒီမိုကရက်တစ် ပိုဖြစ်လာဖို့ ရှိကြောင်း တာဝန်ခံယူနိုင်သော စစ်တမ်းများဖြင့် သိရှိရပါ၏။ ထိုတင်ကူး တွေ့ရှိချက်က သြဘာပေးဖွယ် ဖြစ်ပုံရသည်။ ဥပမာအဖြစ် နှိုင်းယဉ်ပြရပါက ဆွီဒင်နှင့် ဆွစ်ဇာလန်မှာထက် အယ်လ်ဘေးနီးယားနှင့် အဇာဘိုင်ဂျန်တို့တွင် ဒီမိုကရေစီရေးကို ပိုမိုဖော်ထုတ်လာကြ၊ ပြောဆိုလုပ်ကိုင် ရှေးရှုလာကြသူ ရာခိုင်နှုန်း ပိုမြင့်မားလာနေခြင်းမျိုးဖြစ်သည်။
သမိုင်း၌ ဤသို့ ထောက်ပြစရာများအရ ပြည်သူလူထုအများစုက ဒီမိုကရေစီကို နှုတ်ဖျားမှ ပြောနေကြသည်ထက် နိုင်ငံ အများစုကြီးထဲမှ အားကောင်းသန်မာ လူများစုအနေဖြင့် ဒီမိုကရေစီသည် အကောင်းဆုံးအစိုးရ ပုံစံတရပ်ဟု အမြင်များ ဖော်ထုတ်ခံယူ ကြိုးပမ်းလာကြခြင်းက ဆန္ဒပိုပြည့်နိုင်ခြေများကြောင်း တွေ့ရှိရသည်။ သို့သော် ဤအချက်ကို နက်ရှိုင်း အမြစ်တွယ် ဦးတည်ချက်များ (သို့မဟုတ်) အားကောင်းသော လှုံ့ဆော်မှုများဟု တိတိပပ လိုအပ်ချက်အဖြစ် ဖော်ပြရန် မရှိပါ။ ဖော်ပြချက် မဟုတ်ပါ။ တချို့ကိစ္စရပ်များတွင် ဤအချက်က လူမှုဆန္ဒပြုနိုင်သည့် ဦးတည်ရာ သက်ရောက်ချက်များကို ခပ်ရိုးရိုးရှင်းရှင်း ရောက်ပြန်ဟပ် ရိုက်ခတ်သောကြောင့် ဖြစ်ပါသည်။
ဂလိုဘယ်အရ လွှမ်းခြုံဆိုပါမည်။ ဒီမိုကရေစီကျောကပ် မကွယ်မထောက် လူထုရေချိန်တရပ်ကို အတိအလင်း မြင်ရသည်မှာ လူ့အဖွဲ့အစည်းတရပ်လုံး အဆင့်သို့ ဒီမိုကရေစီ ဝင်ရောက်ဖြစ်တည် ပေါ်ထွန်းလာနေကြောင်း ပြယုဂ်များအရ ထင်ရှားလှပါ၏။ သို့ငြား ရုတ်တရက် ကြည့်လျှင်တော့ ကိုယ်တိုင်ဖော်ထုတ်မှု စံနှုန်းများသည် ဒီမိုကရေစီနှင့် တိုက်ရိုက် ကူးပြောင်းလွှဲအပ် မှုမရှိသလို မြင်ကြရသည်။ ဒီမိုကရေစီကို အတိအလင်း ထောက်ကူပြု ပံ့ပိုးသည်ထက် အင်အား ပိုကြီးသော ဟောကိန်းထုတ်သူ တရပ်သဖွယ် ပိုထင်မြင်ယူဆနိုင်သည်။
ဒီမိုကရေစီကို တခြားတဖက်မှ ပြောပါက အတွင်းကျပုဂ္ဂိုလ်ချင်း ယုံကြည်ချက် တွဲဖက်နေမှုနှင့် အတိအကျ လိုအပ်သည် မဟုတ်ပြန်။ အခြားအုပ်စုများ၏ သဘောထားကြီးမှု၊ နိုင်ငံရေး တက်ကြွလှုပ်ရှားဝါဒ စသော ကိုယ်တိုင်ဖော်ထုတ်မှု ဗဟိုချက် စံတန်ဖိုးများနှင့်လည်း ထိုနည်းတူ ပူးပေါင်း အဖော်ပြုနေခြင်းဟု တိတိပပ မဆိုနိုင်။
လက်တွေ့ကျ ခွဲခြမ်းစိတ်ဖြာ သုံးသပ်ချက်က ဤကိစ္စများသည် နှုတ်ဖျား စကားကြွယ်သည်ထက် ဒီမိုကရက်တစ် အင်စတီကျူးရှင်းများ ပေါ်ထွန်းဖြစ်တည်စေရန် များစွာ ပိုအရေးပါလှပါ၏။ ကိုယ်တိုင် ကိုယ်ပိုင်ထုတ်ဖော်မှု စံတန်ဖိုးများဟူသည် ဒီမိုကရေစီ လိုလားသော လူထုလှုပ်ရှားမှု ဆောင်ရွက်ချက်တို့ကို ပိုသက်ဝင် ထိရောက်စေသောကြောင့် တစိတ်တကဏ္ဍ တပိုင်းမက မှန်ကန်နေသည်ဟု တွေ့မြင်ရပါ၏။
ဤတန်ဖိုးများက လွတ်လပ်ခြင်းနှင့် မိမိကိုယ်ကို အစိုးရခြင်းတို့ကို ၎င်းတို့ဘာသာပြု၍ မြင့်မြင့်မားမား ဦးစားပေးစွမ်းစေပါသည်။ ဒီမိုကရေစီ၏ တခြားတဖက် အတိအကျ၌ အတိအလင်း ဆိုရလျှင် တခြားဝေါဟာရအားဖြင့် တပါးသော လှုံ့ဆော်အားပေးမှုများ ဆောင်ရွက်ဖြစ်စေအောင် တိုက်တွန်းသည်များ ထင်ဟပ်ရိုတ်ခတ်မှု ရှိကောင်းရှိပါမည်။
စစ်တမ်းကောက် လေ့လာရရှိသည်တို့မှ ထွက်ပေါ်လာသော အဖြေများအရ လူ့အဖွဲ့အစည်း တရပ်လုံးအဆင့်၌ ဒီမိုကရက်တစ် အင်စတီကျူးရှင်းများ အမှန်တကယ် တည်တံ့နေစေရေးတွင် ကြိုတင် ဟောကိန်းထုတ်နိုင်သူအဖြစ် ကိုယ်တိုင် ဖော်ထုတ်မှု စံတန်ဖိုးများထက် အာဏာရှင် ဒီမိုကရေစီပုံစံများ တလှည့်စီ ဖြစ်နေခြင်းကို ရွေးချယ်မိခြင်းက ကာလရှည်ကြာ ချည့်နဲ့အားနည်းနေတတ်စေကြရမြဲဟူ၍ ခပ်ရှင်းရှင်း မြင်တွေ့ရပါသည်။
ကိုယ်တိုင်ဖော်ထုတ်မှု စံတန်ဖိုးများ ပေါ်ထွန်းခြင်း
ကိုယ်ပိုင်ဖော်ထုတ်မှု စံတန်ဖိုးများနှင့် ထိရောက်အားကောင်း ဒီမိုကရေစီအကြားတွင် မှတ်ချက်ပြုလောက်သည့် အားကောင်းလက်တွေ့ကျ အပြန်အလှန် ဆက်စပ်နေမှုတရပ် အထင်အရှားရှိသည်။ ကိုယ်တိုင်ဖော်ထုတ်မှု စံတန်ဖိုးများမှ ဒီမိုကရေစီသို့ ပင်မရေစီး အခြေခံအကြောင်းရင်း ဆက်နွယ်မှုသည် တခြားနည်းလမ်း ဝန်းကျင်များနှင့် တူသယောင် ကွဲပြား၏။ ဒီမိုကရက်တစ် အင်စတီကျူးရှင်းများ အနေဖြင့် ကိုယ်တိုင် ဖော်ထုတ်မှု စံတန်ဖိုးများ ပေါ်ထွန်းလာနိုင်စေအောင် နေရာချ သတ်မှတ်ပေးဖို့ မလိုအပ်။ ဤသည်မှာ လက်တွေ့သာဓက ရရှိပြသနေခဲ့သော ပြယုဂ်ဖြစ်၏။
ကမ္ဘာ့စံတန်ဖိုးများ စစ်တမ်းကောက်ယူရေး (WVS) ၏ ကိန်းဂဏန်း အချက်အလက်တို့က ဒီမိုကရက်တိုက်ဇေးရှင်း နောက်ဆုံးလှိုင်း၏ ဖြတ်သန်းလာရာ နှစ်ကာလများကို အသေအချာ ထုတ်ပြ ပုံဖော်ပေးထားသည်။ ကိုယ်တိုင် ဖော်ထုတ်မှု စံတန်ဖိုးများ အတွင်းကျကျ ဖြည်းဖြည်းမှန်မှန် တန်ဖိုးမြင့်ပြောင်းလဲလာသော နည်းလမ်းဖြစ်စဉ် တရပ်ကို ဖြတ်သန်း၍ ပေါ်ထွန်းလာသည်မှာ အနောက်ဒီမိုကရေစီ နိုင်ငံကြီးများ၌သာမက အာဏာရှင် ပုံစံခွက်ထဲမှ လူ့အဖွဲ့အစည်း များထဲတွင်လည်း ဖြစ်တည်လာနေခဲ့ခြင်းဖြစ်၏။
၁၉၉၀ ပြည့်နှစ်များတွင် ကမ္ဘာ့အာဏာရှင် အဆန်ဆုံး နိုင်ငံများထဲမှ အရှေ့ဂျာမနီနှင့် ချက်ကိုစလိုဗက်ကီးယား နှစ်နိုင်ငံတို့ ကိုယ်တိုင်ဖော်ထုတ်မှု စံတန်ဖိုးများကို ရေချိန်မြင့် ဖွံ့ဖြိုးစေခဲ့သည်။ အဓိကကိစ္စက နိုင်ငံရေးစနစ်မဟုတ်။ ထိုနှစ်နိုင်ငံသည် ကွန်မြူနစ်ကမ္ဘာတွင် စီးပွားရေးရှေ့ အပြေးဆုံးနိုင်ငံများ ဖြစ်ခဲ့ကြသော်လည်း ရှုပ်ထွေးပွေလီလှသော ပညာရေးနှင့် လူမှုဖူ လုံရေးစနစ်တို့အကြား ရပ်တည်ခဲ့ကြရ၍ ဆိုဗီယက်စစ်ရေး ကျူးကျော်သိမ်းသွင်းမှု ဆုတ်ခွာသွားသည်နှင့် တပြိုင်နက် ဒီမိုကရေစီသို့ ဦးတည် ရှေးရှုလာကြတော့သည်။
ကြီးမားကျယ်ပြန့် မျှဝေနိုင်ကြသော လူဦးရေတရပ်က ရှင်သန်ရပ်တည်ရေး အာမခံချက်ရယူလိုမှု မြင့်လာချိန်တွင် ကိုယ်တိုင်ဖော်ထုတ်မှု စံတန်ဖိုးများ ပေါ်ထွန်းလာတော့သည်။ နိုင်ငံရေးအရ အဖိနှိပ်ဆုံး အစိုးရများ လက်အောက်၌ပင် ဤကမ္ဘာ့ အမြင်အယူအဆက ရုပ်ဝတ္ထုဆန်ဆန်ပြုမှုဆီ ဦးတည် တိမ်းညွတ်လာခြင်းမှာ လှုပ်ရှားမှုရင်းမြစ်များ ဖွံ့ဖြိုးလာစေကဲ့သို့ ဖြစ်လာရခြင်းပင်။ ထိုဖွံ့ဖြိုးမှု ဖြစ်လာသည်မှာလည်း လူတွေအနေဖြင့် စီးပွားရေး ပိုခိုင်လာရန်၊ အသိဉာဏ်ပညာ ပိုမြင့်မား လွတ်လပ်လာစေရန်၊ ပို၍ နေပျော်လာရန်၊ လူမှုအဆက်အစပ်များ ပိုချိတ်ဆက်မိစေရန် အာသီသများ ပိုဖြစ်ထွန်းပေါ်ပေါက်ရရှိ နိုင်စေရေး နားလည်သိမြင်လာ၍ ဖြစ်သည်။
ဤလွတ်မြောက် ကြီးပွားလိုသူ ပြည်သူလူထုအနေဖြင့် ဘာကို ယုံကြည်ရမည်လဲ၊ ဘယ်သူနဲ့ ချိတ်ဆက်ရမည်လဲ ဆိုခြင်းအပေါ် လုံ့လပြုလာကြခြင်းသည် အချိန်နှင့်ဓနကို မည်သို့ သုံးစွဲမည်၊ ထိုအရာရရှိရန် ဘာကိုရွေးချယ်ရမည် ဆိုသည်များကို သဘောပေါက်လာခဲ့ကြပြီဖြစ်သည်။
နှိပ်ကွပ်အုပ်ချုပ် အစိုးရတို့အတွက် ဤလိုလားချက်များကို စောကြောစစ်ဆေးရန် ခက်ခဲလာသည့်တိုင် ၎င်းတို့အနေဖြင့် ခေတ်မီတိုးတက်ရေးကို အချိန်မီ ချိတ်ဆက်ဖွင့်ဟပြလိုက်ကြသည်။ ထို့နောက် ထိရောက်အားကောင်း ဆောင်တာတရပ် ပေါ်ထွက်မလာရေး ပိတ်ဆို့နိုင်ရန် တခြားတနည်းဖြင့် ဖိနှိပ်ဖို့ ဦးတည်ကြပြန်၏။
ပြည်သူလူထု (လူတွေ) ၏ ရုပ်ဝတ္တုတန်ဖိုး အဓိပ္ပာယ်များ၊ လုံလောက်ကြွယ်ဝစေမည့် ကျွမ်းကျင်မှုများ၊ လူမှု ချိတ်ဆက်ရေးများ (တခြားတနည်းဖြင့် ပြောလျှင်) ၎င်းတို့၏ လှုပ်ရှား လုပ်ကိုင်ရင်းမြစ်များ တိုးပွားသိမြင် ရယူလိုလာသည်နှင့်အမျှ ခေတ်မီ တိုးတက်ရေး ခေါင်းစဉ်အောက် လူတို့၏တန်ဖိုးများ ချိန်ညှိကောင်းမွန် ပြောင်းလဲလာပြီး လှုပ်ရှားမှုတို့လည်း ပိုကျယ်ပြန့်ကြီး ထွားလာတော့သည်။ မတိုင်ပင်ဘဲ ဇာတ်တိုက်ထားသလို ဖြစ်လာသည့် လူတွေအနေဖြင့်လည်း လွတ်လပ်သော ရွေးချယ်မှု နှင့် တသီးပုဂ္ဂလ မိမိကိုယ်တိုင် ကိုယ်ပိုင်အစိုးရမှုတို့၌ လှပကောင်းမွန်သော စိတ်ဓာတ်ခွန်အား ရှိသည်ဆိုခြင်းကို သိလာသဖြင့် လှုပ်ရှားဆောင်ရွက် ရင်းမြစ်တို့ကို အသုံးပြုရန် ဦးတည် ရွေ့လျားလာကြတော့သည်။ လူထု၏အပြုဆောင် ကောင်းစွာ ဖြစ်တည်ချက်ကို ယူနီဗာဆယ် စိတ်ဓာတ်ရေးရာ ကောင်းမွန် တိမ်းညွှတ်မှု တရပ်အဖြစ် မြင်လာကြသောကြောင့် ထပ်မံ ဆင့်ပွားတိုးမြှင့်လိုက်ကြသည်။
ဤနေရာ၌ စီးပွားဖွံ့ဖြိုးမှုနှင့် ခေတ်မီတိုးတက်မှုတို့ ကျိန်းသေ ဖြစ်ထွန်းလာမည်ဟု လုံးလုံးလျားလျား အာမခံချက်တော့ မရှိပါ။ တချို့သော အာဏာရှင် အုပ်ချုပ်ရေး နိုင်ငံများ ဖွံ့ဖြိုးလာကြသော်လည်း တချို့၌ ဖြစ်မလာ။ သို့သော် ခေတ်မီရေး လုပ်ကိုင်လာကြသော စာရင်းပေါက်နိုင်ငံများ၌ မော်ဒန်နိုက်ဇေးရှင်း၏ ဖြေလျှော့မှု သက်ရောက်ချက်တို့ကိုတော့ တွေ့မြင်ကြရသည်။ အုပ်ချုပ်မှု အာဏာပိုင်များ အနေဖြင့် ဖွံ့ဖြိုးရေးတံဆိပ် ကပ်နှိပ် ဆွဲခတ်လိုက်ရုံအပြင် လုပ်နိုင်တာ သိပ်မရှိလှတော့ခြင်းကြောင့် ဖြစ်သည်။
၂၀ ရာစုကာလ အတော်များများ၌တော့ ဖက်ဆစ်နှင့် ကွန်မြူနစ်ဝါဒတို့ တလှည့်စီ ရှင်သန် ထောင်ထခဲ့ကြသည်ဟု ဆိုနိုင်သော်လည်း မြို့ပြဖွံ့ဖြိုးရေး၊ လူထုပညာရေး၊ စီးပွားရေးဖွံ့ဖြိုးမှုတို့နှင့် တဆက်တစပ်တည်း စက်မှုခေတ် ထူထောင်နိုင်သည်ကတော့ ကိုယ်စားပြု ဒီမိုကရေစီ၌သာ ဖြစ်ထွန်းနိုင်ခဲ့ကြပါ၏။ ပညာအခြေခံ (သို့မဟုတ်) စက်မှုခေတ်လွန် လူ့အဖွဲ့အစည်း မြင့်မြင့်မားမား တိုးတက်လာခြင်းနှင့်အတူ လစ်ဘရယ် ဒီမိုကရေစီနိုင်ငံများ ပြန့်ပွားမှုက ပိုမိုနှစ်ခြိုက် ရွေးချယ်လာကြသည့် လမ်းကြောင်း ဖြစ်လာခဲ့သည်။
(ဆက်လက်ဖော်ပြပါမည်)
(ခရစ္စတီယန် ဝယ်လ်ဇယ် (Christian Welzel) သည် ဂျာမနီနိုင်ငံ၊ ဘရီမင်းမြို့၊ ဂျက်ကော့ဘ်စ်တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ ပါမောက္ခဖြစ်ပြီး ကမ္ဘာ့တန်ဖိုးစံများ စစ်တမ်းကောက်ယူရေး အမှုဆောင်ကော်မတီဝင် တဦးလည်းဖြစ်သည်။ ရော်နယ်အင်း ဂဲဟာ့တ် (Ronald Inglehart) သည် မီချီဂန်တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ ပါမောက္ခဖြစ်ပြီး ကမ္ဘာ့တန်ဖိုးစံများ စစ်တမ်း ကောက်ယူရေး ဒါရိုက်တာလည်းဖြစ်သည်။ ၂၀၀၅ ခုနှစ်ထုတ် “ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊ ယဉ်ကျေးမှု အပြောင်းအလဲနှင့် ဒီမိုကရေစီ” စာအုပ်ကို ခရစ္စတီယန်ဝယ်လ် ဇယ်နှင့် ရော်နယ် အင်ဂဲဟာ့တ်တို့ ပူးတွဲရေးသားခဲ့ပြီး တခြားထင်ရှားသော စာအုပ်များကိုလည်း ပြုစုခဲ့သည်။ ယခု ဆောင်းပါးကို Journal of Democracy နှင့် Johns Hopkins University Press တို့၏ ခွင့်ပြုချက်ကို ရယူပြီး Educational Initiatives (ပညာရှေ့ဆောင်) က ဘာသာပြန်ဆိုခဲ့ခြင်း ဖြစ်သည်။ Educational Initiatives (www. eduinitiatives.org) အဖွဲ့သည် ဒီမိုကရေစီနှင့် ပတ်သက်သော သင်တန်းများ၊ အရည်အသွေးမြှင့် သင်တန်းများကို ပို့ ချပေးနေသော ရန်ကုန်အခြေစိုက် အဖွဲ့အစည်းဖြစ်သည်။)