၂၀၁၆ မတ်လ ၁၅ ရက်ဟာ မြန်မာနိုင်ငံအတွက် မင်္ဂလာရှိသော၊ သမိုင်းဝင်သော နေ့တနေ့အဖြစ် ကမ္ဗည်းထိုးနိုင်ခဲ့ပါပြီ။ နေပြည်တော်မှာ ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကနေ နောက် ၅ နှစ်သက်တမ်း တာဝန်ယူမယ့် အရပ်သား သမ္မတစစ်စစ်ကို အောင်မြင်စွာ ရွေးချယ်ပေးခဲ့ပြီဖြစ်ပါတယ်။ မှန်ပါတယ်။ ယနေ့လို နေ့ရက်မျိုးကို မြန်မာပြည်သူ ပြည်သားများ မျှော်လင့်တောင့်တခဲ့တာ နှစ်ပေါင်း ၅၀ ကျော်ခဲ့ပါပြီ။
ပြည်သူရွေးချယ်ပေးလိုက်တဲ့ ပါတီကနေ ရွေးချယ်တင်မြောက်လိုက်တဲ့ အရပ်သားသမ္မတစစ်စစ် ဦးထင်ကျော်ဟာ ပြည်ထောင်စုလွှတ်တော် မဲပေးခွင့်ရှိသူ ကိုယ်စားလှယ် ၆၅၂ ဦးမှာ ထောက်ခံမဲ ၃၆၀ မဲနဲ့ သမ္မတအဖြစ် အရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။ ဦးမြင့်ဆွေ(ဒုဗိုလ်ချုပ်ကြီး အငြိမ်းစား)ကတော့ ထောက်ခံမဲ ၂၁၃ မဲနဲ့ ဒုသမ္မတ -၁၊ ဦးဟင်နရီဗန်ထီးယူကတော့ ထောက်ခံမဲ ၇၉ မဲနဲ့ ဒုသမ္မတ -၂ တွေ အဖြစ် အရွေးချယ်ခံရတာဖြစ်ပါတယ်။
၁၉၆၂ နောက်ပိုင်းကစပြီး ၂၀၁၀ ခုအထိ မြန်မာပြည်ဟာ နိုင်ငံဦးဆောင်မယ့် အစိုးရကို ပြည်သူက ပြည်သူ့ဆန္ဒနဲ့အညီ ရွေးချယ်ခွင့်မရခဲ့ကြဘဲ အခွင့်အရေးတွေဆုံးရှုံးခဲ့တာ အားလုံးအသိဖြစ်ပါတယ်။ ၂၀၁၀ မှာတော့ ရွေးကောက်ပွဲရှိလာပြီး ပြည်သူတွေက ရွေးချယ်တဲ့အခွင့်အရေး စတင်ရခဲ့ပါတယ်။ ဒါပေမယ့် အကြောင်းကြောင်းကြောင့် နိုင်ငံတော် သမ္မတအပါအဝင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေးကဏ္ဍတွေ အားလုံးနီးပါးမှာ စစ်တပ်ယူနီဖောင်းချွတ် ဗိုလ်ချုပ်ကြီးတွေ၊ ဗိုလ်ချုပ်တွေကပဲ လွှမ်းမိုးနေရာယူခဲ့ပြီး နိုင်ငံကို ဦးစီးခဲ့ပြန်ပါတယ်။
၂၀၁၅ ရွေးကောက်ပွဲမှာတော့ မြန်မာပြည်သူတွေဟာ အရပ်သား တကယ့်နိုင်ငံရေးသမားတွေကို ပြည်သူ့ကိုယ်စားလှယ်အဖြစ် လွှတ်တော်ထဲရောက်အောင် ရွေးချယ်ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ အဲ့ဒီကိုယ်စားလှယ်တွေကနေတဆင့် ပြည်သူတွေ တွေ့ချင် မြင်ချင် ဖြစ်ချင်နေတဲ့ အရပ်သား သမ္မတ ဦးစီးအုပ်ချုပ်မယ့် နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့ပါပြီ။
အမှန်တကယ်တော့ မြန်မာနိုင်ငံဟာ ဒီလိုမျိုးသမိုင်းတွင်တဲ့နေ့၊ နိုင်ငံအတွက် မင်္ဂလာရှိတဲ့နေ့ကို ရောက်ဖို့ဆိုတာ ပန်းခင်းသောလမ်းကို လျှောက်လှမ်းခဲ့ရတာမဟုတ်ပါဘူး။ ကြမ်းတမ်းလွန်းလှပါတယ်။ ခက်ခဲလွန်းလှပါတယ်။ အာဏာရှင်တွေရဲ့ ဖိနှိပ်ညင်းပန်းမှုအမျိုးမျိုးကို ကြံ့ကြံ့ခံ တွန်းလှန်ခဲ့ရပါတယ်။ သွေးစက်ပေါင်းများစွာ မြေကျခဲ့ရပြီး အသက်ပေါင်းများစွာ ပေးဆပ်ခဲ့ရပါတယ်။ ဘဝပေါင်းများစွာ စတေးခံခဲ့ရပြီး ထောင်တွေတန်းတွေနဲ့ နပမ်းလုံးခဲ့ကြရသူတွေဟာ ဒုနဲ့ဒေးပါ။
၂၀၁၅ ရွေးကောက်ပွဲ ရလာဒ်တွေနဲ့အတူ အရပ်သားသမ္မတတယောက်ကို ပိုင်ဆိုင်နိုင်တော့မယ်လို့ ပြည်သူတွေဟာ သိရှိခဲ့ကြပေမယ့် ယနေ့လို သမိုင်းအတင်ခံရမယ့်နေ့မျိုး ရောက်လာအောင် အခက်အခဲမျိုးစုံကို ကျော်လွှားကာ ရင်တထိတ်ထိတ်နဲ့ အောင့်အီးသည်းခံ စောင့်စားမျှော်လင့်ခဲ့ကြရပါတယ်။ အာဏာရှင် အကင်းမသေသေးတဲ့နိုင်ငံအဖို့ နိုင်ငံရေးမှာ ဘာမဆိုဖြစ်လာနိုင်တာကြောင့်ဖြစ်ပါတယ်။ ပြည်သူတွေမျှော်လင့်ကြတာကတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာရေးပါ။ ပြည်သူ့ဆန္ဒအတိုင်း သမ္မတဖြစ်လာဖို့ကိုလည်း နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးစားခဲ့ကြတာ အားလုံးအသိပါ။ ဒါပေသည့် ပြည်သူတွေ ရင်ကွဲခဲ့ရပါတယ်။
ပြည်သူကြားက ပေါက်ဖွားလာတယ်လို့ တဖွဖွပြောကြားလေ့ရှိတဲ့ တပ်မတော် ခေါင်းဆောင်တွေဟာ ပြည်သူဖြစ်ချင်တဲ့ ရင်ထဲက ဆန္ဒအမှန်တွေကို လှည့်မကြည့်ခဲ့ပါဘူး။ ပစ်ပယ်ထားခဲ့ပါတယ်။ လစ်လျူရှုခဲ့ပါတယ်။ ပြည်သူဆန္ဒရှိတဲ့ လူထုခေါင်းဆောင်၊ အရွေးချယ်ခံကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့် မပေးခဲ့ပါဘူး။
ပြည်သူအများစုဟာ ဘယ်လောက်ပဲ ဆန္ဒတွေကို အလစ်လျူရှုခံခဲ့ရစေကာမူ လိုတာထက်ပိုပြီး စောဒက မတက်ခဲ့ကြပါဘူး။ အေးဆေးတည်ငြိမ်စွာနဲ့ပဲ လူထုခေါင်းဆောင်ရဲ့ အတွေးခေါ် အမျှော်အမြင်တွေနဲ့ နိုင်ငံတည်ငြိမ်ရေး ဦးစားပေးပြီး ဆန္ဒတွေကို မြိုသိပ် ဖြေလျော့ခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်ခဲ့စေကာမူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နည်းဗျူဟာတွေနဲ့အတူ ပြည်သူက လက်ခံယုံကြည် လေးစားကြရမယ့် အရပ်သား သမ္မတအသစ်ကို ရရှိခဲ့ကြပြီဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ သမ္မတအသစ်ဟာ အရပ်သား ပညာတတ်ဖြစ်ရုံသာမက ဒေါ်အောင်ဆန်းစုကြည်ရဲ့ဦးဆောင်လမ်းပြမှုနဲ့အတူ ဒေသတွင်းအာရှနိုင်ငံတွေကြား ပွဲလယ်တင့်နိုင်တော့မှာ ဖြစ်ပါတယ်။ အနှစ်နှစ် အလလ ခေါင်းမမော်နိုင်ခဲ့တဲ့ မြန်မာနိုင်ငံဟာ ပြည်သူကထောက်ခံရွေးချယ်ပေးခဲ့တဲ့ သမ္မတအသစ်စက်စက်ရဲ့ ဂုဏ်ပုဒ်၊ ပြည်သူရဲ့ထောက်ခံမှု၊ လူထုခေါင်းဆောင်ရဲ့ ဦးဆောင်လမ်းပြမှုနဲ့အတူ ပြန်လည်နိုးထ ရှင်သန်လာဖို့ အစပျိုးနေပြီဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ မင်္ဂလာရှိသော သမိုင်းဝင်မည်ဖြစ်သော နေ့နဲ့အတူ ပြည်သူထဲက သမ္မတကြီးကို ယနေ့လို အခါသမယမှာ ရရှိခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့် စစ်အာဏာရှင်လက်ထဲ နှစ် ၆၀ နီးပါး သက်ဆင်းခဲ့ရပြီး အစစအရာရာ ဆင်းရဲနုံချာခဲ့တဲ့ မြန်မာနိုင်ငံဟာ ဆင်းရဲတွင်းက ရုန်းထွက်ဖို့ များစွာကြိုးစားရဦးမှာပါ။ အရပ်သားသမ္မတရွေးချယ်ပေးနိုင်ပြီးနောက် ပြည်ထောင်စုအစိုးရ၊ တိုင်းနဲ့ပြည်နယ်အစိုးရတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကူညီလမ်းပြမှုနဲ့အတူ သမ္မတက ဦးဆောင်ဖွဲ့စည်းရဦးမှာဖြစ်ပါတယ်။ ပြည်သူတွေရဲ့ ယုံကြည်အားထားမှုတွေနဲ့အညီ အပြောင်းအလဲရဲ့အစခရီးကို စတင်မောင်းနှင်ရတော့မှာဖြစ်ပေမယ့် နိုင်ငံကို ကိုယ်ကျိုးစီးပွားအတွက် အပိုင်စီးထားလိုသူတွေရဲ့ ကဖျက်ယဖျက် လုပ်မယ့် အန္တရာယ်က အချိန်တိုင်းရှိနေဦးမှာပဲ ဖြစ်ပါတယ်။
ရှေ့မှာ ရင်ဆိုင်ရဦးမယ့် အခက်အခဲနဲ့ စိန်ခေါ်မှုတွေ ကြီးကြီးမားမား ဆက်ရှိနေမယ်ဆိုတာ သိပေမယ့် အရပ်သားသမ္မတ အသစ်စက်စက် ဦးထင်ကျော်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်လမ်းညွှန်မှုနဲ့အတူ ပြည်သူတွေ ဝမ်းသာပျော်ရွှင်အောင်၊ ကိုယ်စိတ်နှစ်ပါးချမ်းသာလာအောင်၊ ဒီမိုကရေစီရဲ့ အသီးအပွင့်တွေကို သာတူညီမျှ ခံစားခွင့်ရအောင် ဆက်လက် ဆောင်ရွက်တာဝန်ယူပေးနိုင်တဲ့သူ ဖြစ်ပါစေကြောင်း ဆုတောင်းရင်း သမိုင်းဝင်နေ့ကို ကြိုဆိုလိုက်ရပါတယ်။
(မောင်ဉာဏသည် မန္တလေးအခြေစိုက် သတင်းစာဆရာ တဦးဖြစ်သည်)