ဒီမိုကရေစီသို့ အသွင်ပြောင်းလာနေပြီဖြစ်တဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအရေး စိတ်ကူး အိပ်မက်တွေ အကောင်အထည်ဖော်ချင်လို့ တက်ကြွလှုပ်ရှားသူတွေဟာ ဘဝတွေ၊ အသက်တွေ စတေးခဲ့ကြရ၊ စတေးနေဆဲ ဖြစ်တယ်ဆိုတာ ယုံမှား သံသယပွားစရာ လိုမည်မထင်ပါ။
မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှု ၁၉၈၈ ခုနှစ် က ကျောင်းသားတွေ သွေးစွန်းခဲ့ရာ အထိမ်းအမှတ်ဖြစ်တဲ့ တံတားနီနေ့ မတ်လ ၁၆ နံနက်ပိုင်းက သတင်းဆိုးတခုကို မိတ်ဆွေများဆီက ရလိုက်တဲ့အခါ မှင်တက်မိပြီး ဝမ်းနည်းမဆုံး ဖြစ်ရတယ်။
အကြောင်းကတော့ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ လှုပ်ရှားမှုကြီးကာလက ရန်ကုန်နဲ့မလှမ်းမကမ်း သာယာဝတီ သုံးဆယ်နယ်ဘက်က နာမည်ကြီး သပိတ်ခေါင်းဆောင် အသက် ၅၉ နှစ် အရွယ် ကိုဂျော်လီထွန်းတယောက် ရုတ်တရက် နှလုံးအောင့်တယ်ဆိုပြီး အသက်ပါ ဆုံးရှုံးသွားလို့ပါပဲ။ ကိုဂျော်လီထွန်းဆိုတာ ထောင်ဒဏ် စုစုပေါင်း ၅၃ နှစ်ကို သီးခြားစီ ကျခံရန် အမိန့်ချမှတ်ခံခဲ့ရသူ နိုင်ငံရေး အကျဉ်းသားဟောင်းတဦးဖြစ်ပါတယ်။
သူဟာ သာယာဝတီ၊ အင်းစိန်၊ သရက် အကျဉ်းထောင်တွေမှာ စုစုပေါင်း ၂၃ နှစ်နီးပါး နေခဲ့ရသူလည်း ဖြစ်ပါတယ်။ အဲဒီကာလတလျှောက် သံခြေကျင်းနဲ့ ၁၁ နှစ်ကျော် နေခဲ့ရသူဖြစ်လို့ ကျနော့်လို သေဒဏ်ကျခဲ့သူ အကျဉ်းသားထက်တောင် သူ့ရဲ့ထောင်တွင်း ဖြတ်သန်းမှုက ပိုကြမ်းတယ်လို့ပြောနိုင်ပါတယ်။
မြန်မာ့ နိုင်ငံရေး စီးပွားရေး ပြုပြင်ပြောင်းလဲရေးကို စတင် အကောင်အထည်ဖော်ခဲ့တဲ့ သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီး ၂၀၁၂ ခုနှစ် နှစ်ဦးပိုင်းမှာ သူ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ ထောင်က လွတ်လာပြီး သတင်းထောက်လုပ်ရင်း ထောင်တွင်း အတွေ့အကြုံတွေကို ရေးသားစာအုပ် ထုတ်ဝေကာ ကိုယ်တိုင် နယ်လှည့်ပြီး ရောင်းချခါ ဘဝခါးခါးကို အပြုံးမပျက် ဖြတ်သန်းကျော်လွှားနေသူလည်း ဖြစ်ပါတယ်။
အကျဉ်းထောင်က ပြန်လွတ်လာပြီး မကြာခင်မှာပဲ ထောင်တွင်းက ပါလာတဲ့ ကျန်းမာရေး ချို့ယွင်းချက်တွေကြောင့် အသက်ဆုံးရှုံးသွားရတာ ကိုဂျော်လီထွန်း တယောက်တည်းတော့ မဟုတ်ပါဘူး။ နိုင်ငံရေးအကျဉ်းသားအတော်များများဟာ အကျဉ်းထောင်တွေထဲ နှစ်ရှည်လများနေထိုင်ခဲ့ရလို့ ထောင်ဆွေးပြီး ထောင်တွေက ပြန်ထွက်လာချိန် သိပ်ကြာကြာမနေလိုက်ရပဲ တယောက်ပြီး တယောက် ကွယ်လွန်အနိစ္စရောက် နေကြပါတယ်။
၂၀၁၅ ခုနှစ် ဒီဇင်ဘာလကလည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင် သံလျင်မြို့နယ်က ညီညီဦးဆိုရင်လည်း ထောင်က ထွက်လာပြီး သိပ်မကြာခင်မှာပဲ သေဆုံးခဲ့တယ်။ ညီညီဦးဟာ ရေနံချက်စက်ရုံ ဗုံးခွဲမှုနဲ့ ဗို်လ်ချုပ် ခင်ညွန့် ဦးစီး ခဲ့တဲ့ စစ်ထောက်လှမ်းရေးများက မဟုတ် မမှန် မတရား စွပ်စွဲပြီး သေဒဏ်နဲ့ထောင်ဒဏ် နှစ်ရှည် ထောင်ချခဲ့လို့ ထောင်ထဲ နှစ်ပေါင်း ၂၀ ကျော် နေခဲ့ရသူလည်း ဖြစ်ပါတယ်။
နိုင်ငံရေး အကျဉ်းသားများဟာ ဖမ်းဆီးခံရစဉ်ကာလအတွင်း ယခင် စစ်အစိုးရများရဲ့ စစ်ထောက်လှမ်းရေးများ၊ ရဲ အထူးတပ်ဖွဲ့များရဲ့ ညှင်းပန်းနှိပ် စက်မှုတွေကိုလည်း အကျဉ်းထောင်တွင်း နှစ်ရှည်ဖြတ်သန်းနေထိုင်ခဲ့ကြရတာပါ။
သူတို့တွေဟာ အကျဉ်းထောင်ရဲ့ အာဟာရမပြည့်မီတဲ့ ကျွေးမွေးမှု၊ ညံ့ဖျင်းတဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေကို ကြံ့ကြံ့ခံ ဖြတ်သန်းရင်း တချို့လည်း အကျဉ်းထောင်ထဲမှာပဲ ကြွေလွင့်ခဲ့ကြရပါတယ်။
ကံကောင်းထောက်မစွာနဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP)၊ NLD ပါတီနဲ့တကွ အခြား နိုင်ငံရေး အဖွဲ့အစည်းတချို့ရဲ့လူမှုအထောက် အကူပြုအဖွဲ့နဲ့ စေတနာရှင်တချို့ တို့ရဲ့ အထောက်အပံ့ တချို့ရခဲ့ကြတာ စိတ်ခွန်အား ဖြစ်စေပါတယ်။
သတင်းစာ ဆရာကြီး ဦးဝင်းတင်၊ ဦးသာဘန်း၊ မောင်ဝံသ၊ ဦးထွေးမြင့်၊ ကိုလှမျိုးနောင်၊ ကိုမျိုးမင်း၊ ဦးခင်ကျော် ခေါ် ရစ်ချတ် ကျော်၊ ကိုခင်ဇော် ခေါ် ကိုရစ်၊ ကိုမင်းဟန်၊ ကြီးသန်း ခေါ် ကိုသန်းတင်၊ X2O မဏ္ဍပ်ဗုံးခွဲမှုနဲ့မတရား အဖမ်း ခံခဲ့ရတဲ့ ကိုဖြိုးဝေအောင် စသဖြင့် စသဖြင့် ရာဂဏန်းချီ ရှိတဲ့ နာမည်ကြီး နိုင်ငံရေးအကျဉ်းသားဟောင်း တွေရော၊ မထင်မရှား နိုင်ငံရေး အကျဉ်းသားဟောင်းတွေဟာ အကျဉ်းထောင်က ထွက်လာပြီးနောက် သေဆုံး နေကြတာ အထင်အရှားပါ။
ဒီလို ကိစ္စတွေအပေါ် တာဝန်ရှိသူကလည်း တာဝန်မယူ၊ တာဝန်သိသူတွေအတွက်လည်း မနိုင်နင်းတဲ့ အဖြစ်မျိုးနဲ့ ကြုံတွေ့နေရပြီး လျစ်လျူရှုခံနေရတာ စိတ်မကောင်းစရာပါ။
အကျဉ်းကျခံနေရစဉ် ကာလတွေတုန်းကလည်း နိုင်ငံရေး အကျဉ်းသားတွေရဲ့ မိသားစုတွေဟာ ပိုက်ဆံ မပြည့်စုံ၊ လုံခြုံမှုမရှိ၊ ဘဝအာမခံချက် မရှိတဲ့ အခြေအနေဆိုးတွေကို ခါးခါးသီးသီး ရင်ဆိုင်ဖြတ်သန်းခဲ့ကြရတယ်။ ထောင် က ပြန်ထွက်လာတော့လည်း မိသားစုနဲ့အတူ လူမှုဝန်းကျင်ထဲ တန်းတူနေနိုင်ဖို့ အတော်ပဲ ရုန်းကန်ကြရပါတယ်။
ဒီအပြင် ကျန်းမာရေး စောင့်ရှောက်မှုအတွက် အာမခံချက် ရှိတဲ့ ပတ်ဝန်းကျင် မရှိတာကြောင့် အချိန်မတန်ခင် သေဆုံးကြရတာပါ။
အကျဉ်းကျခံခဲ့ရဖူးသူတွေရဲ့ ဘဝတွေဟာ တကယ့်ကို အစိပ်စိပ်အမွှာမွှာ ပြိုကွဲခဲ့ရတယ်ဆိုတာ တချို့လူတွေ ပြောပြရင် ယုံနိုင်ဖွယ် မရှိပါဘူး။ အကျဉ်းထောင်တွေက ပြန်လွတ်လာပြီးနောက်ပိုင်း နိုင်/ကျဉ်းဟောင်းများအနေနဲ့ မနည်း အားတင်းပြီး ပြန်ကောက်ထားတဲ့ ဘဝအကြေအမွတွေနဲ့ ခရီးဆက်နေကြရတာ အထူး စိတ်မကောင်းစရာပါပဲ။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) နဲ့တကွ တတ်နိုင်သမျှ စာနာကူညီနေသူ တွေအနေနဲ့ကလည်း ထောင်ဂဏန်းချီရှိတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ နဲ့ပတ်သက်ပြီး တဦးချင်းစီအတွက် ဘဝရပ်တည်ရေးထိ အကူအညီမပေးနိုင်ပါဘူး ။
မြန်မာ့ဒီမိုကရေစီ နိုင်ငံတော်သစ်အတွက် ပေးဆပ်ခဲ့ရသူတွေထဲ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခန်းကဏ္ဍကလည်း ကြီးမားတဲ့ အစိပ်အပိုင်းတခုလို့ပြောရင် မမှားနိုင်ပါဘူး။ ဒီကနေ့မြင်တွေ့နေရတဲ့ ဒီမိုကရေစီ ခပ်ပါးပါး အဖူးအညွှန့် ကလေးတွေဟာ တကယ်တော့ တချိန်က နိုင်ငံ့အရေး အတွက် ဘဝတွေ ရင်းပြီး လမ်းမတွေပေါ်၊ အကျဉ်းထောင် တွေထဲ၊ တောတောင်တွေထဲ ပေးဆပ်ခဲ့ကြသူတွေ ကြောင့်ဆိုတာ ဘယ်လိုမှ ငြင်းမရပါဘူး။
ယခင် စစ်အစိုးရများလက်ထက်က နိုင်ငံရေးအကျဉ်းသားဟူသည် မရှိ၊ ရာဇဝတ်အကျဉ်းသားသာ ရှိ၏ လို့ တစိုက်မတ်မတ် ကြွေးကြော်လာခဲ့သော်လည်း သမ္မတ ဦးသိန်းစိန် လက်ထက် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထင်ရှားတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အပါအဝင် အတော် များများ ပြန်လွတ်လာပါတယ်။
နောက်ပိုင်း သမ္မတ ဦးသိန်းစိန်က လက်ကျန် နိုင်ငံရေးအကျဉ်းသား စိစစ်ရေး ကော်မတီကိုဖွဲ့စည်းပြီး နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်မြောက်ရေးလုပ်ဆောင်မယ်ဆိုပေမယ့် အစပိုင်း ကောင်းမလိုလိုနဲ့ နောက်ပိုင်း အဖျားရှုးသွားတာ သတိထားမိပါတယ်။ ပိုဆိုးတာက နောက်ထပ် နိုင်ငံရေးအကျဉ်းသားတွေ တိုးများလာတာပါ။
ဒီမိုကရေစီ ပြန်လည်တည်ဆောက်မှု စတင်နေတဲ့ မြန်မာနိုင်ငံအနေနဲ့ လိုအပ်ချက်တွေ များစွာ ရှိတဲ့ အနက် နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများနဲ့ ပတ်သက်တဲ့ မူဝါဒ အခိုင်အမာတရပ်ရှိရေး အထူးပင် လိုအပ်နေတယ်လို့ ထောက်ပြလိုပါတယ်။
အထူးသဖြင့် နိုင်ငံရေးအကျဉ်းသား အဓိပ္ဗာယ်ဖွင့်ဆိုချက်ကို အင်အားစုအားလုံးက ဘုံသဘောတူညီမှု ရရှိရန် လိုအပ်ပြီး ထိုမှတဆင့် မှတ်တမ်းပြုစုခြင်း အပါအဝင် အဆိုပါ နိုင်ငံရေးအကျဉ်းသားဟောင်းတွေရဲ့လူမှုဘဝ ပြန်လည် ပြုစုပျိုးထောင်ရေး လုပ်ငန်းစဉ်များ ပီပီပြင်ပြင် လုပ်ဆောင်နိုင်ရန်အတွက် ဥပဒေ တခုခု အတည်ပြုပြဌာန်းရန်လည်း လိုအပ်နေတယ်။ ဒါကို တာဝန်သိသူရော တာဝန်ရှိသူတွေကပါ အလေးအနက်ထားဖို့ လိုပါတယ်။
ကတ္တီပါ တော်လှန်ရေးနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုတွင် ထင်ရှားသည့် တချိန်က ချက်ကိုစလိုဗက်ကီးယား အစိပ်အပိုင်းတခုဖြစ်သည့် ချက် သမ္မတ နိုင်ငံမှာ နိုင်ငံအတွက် အသက်၊ ဘဝများပေးဆပ်ခဲ့ကြရရင်း နစ်နာခဲ့ရသူများအတွက် ဥပဒေ ပြဌာန်းထားပြီး အကောင်အထည်ဖော်ပါတယ်။ အခြားသော ဒီမိုကရေစီ အသွင်ကူးပြောင်း တဲ့ နိုင်ငံတွေမှာလည်း အလားတူ လုပ်ဆောင်နေကြတာကို မြန်မာနိုင်ငံ အနေနဲ့လည်း သင်ခန်းစာယူပြီး လုပ်ဆောင် သင့်ပါတယ်။
ဒီလိုပဲ မြန်မာပြည်မှာလည်း အစိုးရ၊ လွှတ်တော်များ၊ လွှတ်တော် အမတ်များ၊ နိုင်ငံရေးပါတီများ၊ လူထုအခြေ ပြု လူမှုအဖွဲ့အစည်းများ၊ ပညာရှင်များ အားလုံးက နိုင်ငံသစ်အတွက် ပေးဆပ်သူများရဲ့ နေရာကို နွေးထွေးလှိုက်လှဲစွာ ပူးပေါင်းရှာဖွေ ဖော်ထုတ်ပေးကြပါလို့ တိုက်တွန်းနှိုးဆော်လိုက်ပါရစေ။ အလင်းလာလို့ နေ့သစ်ရောက်တဲ့အခါ အမှောင်မှာ ကြွေလွင့်သွားတဲ့ ကြယ်စင်တွေနဲ့ အမှောင်မှာ ထွန်းလင်းခဲ့တဲ့ ကြယ်စင်တွေကို မေ့မပစ်ကြပါနဲ့။
(လင်းသန့်သည် နိုင်ငံရေးအကျဉ်းသားဟောင်းတဦး ဖြစ်ပြီး လက်ရှိ ချက်နိုင်ငံ ပရာဟာမြို့တွင် နေထိုင်လျက်ရှိသည်)