နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြောက်ခံထားရတဲ့ ဦးထင်ကျော်ဟာ အစိုးရအဖွဲ့မှာ ပါဝင်မယ့် ဝန်ကြီးအမည်စာရင်းလျာထားချက်တွေကို မတ်လ ၂၂ ရက် ယနေ့ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ တင်သွင်းလိုက်ပြီဖြစ်ပါတယ်။
တင်သွင်းခံရသူတွေကို လွှတ်တော်ကနေ ဝန်ကြီးအရည်းအချင်းသတ်မှတ်ချက်နဲ့ ညီ မညီ စစ်ဆေးဆွေးနွေးပြီး အတည်ပြုပေးရမှာဖြစ်ပါတယ်။ သမ္မတ တင်သွင်းတဲ့အမည်စာရင်းဟာ သတ်မှတ်အရည်အချင်းကိုက်ညီရင် လွှတ်တော်က ငြင်းပယ်ခွင့်မရှိပါဘူး။ ဒါကြောင့် သမ္မတတင်သွင်းတဲ့ ဝန်ကြီးအမည်စာရင်းဟာ လွှတ်တော်က အတည်မပြုသေးပေးမယ့် ခန့်အပ်ခံရဖို့ ရာနှုန်းပြည်နီးပါးသေချာနေပြီဖြစ်ပါတယ်။
လာမယ့်အစိုးရအသစ်မှာ ဝန်ကြီးဌာန ၂၁ ခုသာ ထားရှိတော့မှာဖြစ်ပေမယ့် သမ္မတ တင်သွင်းတဲ့အမည်စာရင်းမှာတော့ ဝန်ကြီးဦးရေ ၁၈ ဦးသာပါဝင်နေတာက ထူးခြားလှပါတယ်။ ပိုပြီးထူးခြားတာက ဝန်ကြီးအမည်စာရင်းမှာ ပြည်သူထောက်ခံမှုရပေမယ့် အခြေခံဥပဒေအတားအဆီးကြောင့် သမ္မတဖြစ်ခွင့်ဆုံးရှုံးနေသူ ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာတာတွေ့ရပါတယ်။
အစိုးရအဖွဲ့မှာ ဝန်ကြီးတွေအဖြစ်တာဝန်ယူမယ့် အမည်စာရင်းကို လေ့လာကြည့်တဲ့အခါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၆ ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးပါတီက ၂ ဦး၊ အရပ်သားပညာရှင်က ၇ ဦး၊ တပ်မတော်က ၃ ဦး ပါဝင်နေပါတယ်။ အများသိကြတဲ့အတိုင်း တပ်မတော်က ၃ ဦးအမည်စာရင်းကတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရွေးချယ်ပေးပို့တာဖြစ်ပါတယ်။ ဒီတော့ တိတိကျကျပြောရရင် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြောက်ခံထားရတဲ့ ဦးထင်ကျော်က စိတ်ကြိုက်ရွေးချယ် တင်သွင်းတဲ့ ဝန်ကြီးအမည်စာရင်းဟာ ၁၅ ဦးပဲရှိပါတယ်။
အဲ့ဒီ ၁၅ ဦးမှာမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၆ ဦးပဲပါနေတာကို ကြည့်ခြင်းအားဖြင့် အာဏာရပါတီဟာ ပြည်သူကိုယ်တိုင်က နိုင်ငံရဲ့စီမံခန့်ခွဲမှုအာဏာကို အပ်နှင်းပေးထားပေမယ့် အမျိုးသားရင်ကြားစေ့ရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွေအတွက် ရှေးရှူပြီး ရသမျှ အာဏာကို မောင်ပိုင်စီး အကုန်မယူတာကို တွေ့နိုင်ပါတယ်။
လုပ်ပိုင်ခွင့်အာဏာ၊ စီမံခန့်ခွဲခွင့်အာဏာ စတာတွေကို လက်ဝါးကြီးအုပ်ခွင့်ရပေမယ့် အာဏာအချို့ကို ပြိုင်ဖက်ပါတီတွေထဲ ပြန်ပေးတာ၊ ကျွမ်းကျင်ပညာရှင်တွေကို လုပ်ပိုင်ခွင့်ပေးတာဟာ ကောင်းမွန်တဲ့ လက္ခဏာဖြစ်ပါတယ်။ ဒါတွေဟာ စစ်အာဏာရှင်တွေ အတွက် သင်ခန်းစာယူရမှာဖြစ်ပါတယ်။ ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်တဲ့ လွှတ်တော်မှာလည်း ထိုင်ခုံနေရာအများစု အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဟာ အရေးပါတဲ့ လွှတ်တော်ဥက္ကဌ၊ လွှတ်တော်ဒုဥက္ကဌ စတဲ့ အရေးပါတဲ့နေရာတွေကို ပြိုင်ဖက်ပါတီနဲ့ တိုင်းရင်းသားတွေကို ပေးအပ်ထားခဲ့ပါသေးတယ်။
လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေနဲ့ အနှစ်သုံးဆယ်နီးပါး ရုန်းကန်ခဲ့တာ၊ အာဏာရှင်ကိုတွန်းလှန်ခဲ့တာ အာဏာလိုချင်လို့လား၊ ပြည်သူ့အကျိုး ဆောင်ရွက်ချင်တာလား၊ နိုင်ငံပြောင်လဲစေချင်တာလားဆိုတာ အဖြေထွက်ခဲ့ပါပြီ။
ဝန်ကြီးအမည်စာရင်းမှာ ဒေါ်အောင်ဆန်းစုကြည်ပါဝင်လာတာဟာလည်း စိတ်ဝင်စားစရာပါ။ ဘယ်ဝန်ကြီးဌာနတွေကို ဒေါ်အောင်ဆန်းစုကြည် တာဝန်ယူမယ်လို့ တရားဝင်မသိရသေးပေမယ့် ဘီဘီစီသတင်းဌာနကကတော့ နိုင်ငံခြားရေး၊ သမ္မတရုံး၊ ပညာရေးနဲ့ လျှပ်စစ်နဲ့စွမ်းအင် ဝန်ကြီးဌာနလေးခုရဲ့ ဝန်ကြီးတွေအဖြစ် တာဝန်ယူမယ်လို့ ဖော်ပြထားပါတယ်။ အတိအကျကတော့ မကြာခင် သိရတော့မှာပါ။
ဒေါ်အောင်ဆန်းစုကြည် ဝန်ကြီးလေးနေရာလောက်ကို ကိုယ်တွယ်တာဝန်ယူမယ့် သတင်းတွေကြောင့် အချို့က မေးခွန်းထုတ်နေကြပါတယ်။ တာဝန်တွေများနေတယ်။ အဆင်မှပြေပါမလားဆိုပြီး မေးခွန်းထုတ်နေကြတာပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ သာမန်နိုင်ငံရေးသမား မဟုတ်ပါဘူး။ ဘယ်အချိန်မှာ ဘယ်လိုဗျူဟာချရမယ်။ ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ အထူးကျွမ်းကျင်ပါတယ်။ ဝန်ကြီးဌာနတွေကို အဓိကမောင်းနှင်မယ့် ဒုဝန်ကြီးတွေ၊ အတွင်းဝန်ကောင်းကောင်းတွေ ရှိနေဖို့ပဲလိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေးကို ကျွမ်းကျင်နားလည်တာကြောင့် ဝန်ကြီးနေရာလေးခုကို တဦးထဲယူထားပေမယ့် လုပ်ပိုင်ခွင့်အာဏာကို တစ်ယောက်ထဲ သိမ်းပိုက်မထားပါဘူး။ အာဏာကို ဆက်လက်ခွဲဝေပေးဦးမှာလို့ ယူဆရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အစိုးရအဖွဲ့မှာ တာဝန်ယူရင်တော့ အခြေခံဥပဒေအရ တာဝန်ယူစဉ်ကာလအတွင်း ပါတီကိစ္စဆောင်ရွက်မှုတွေကို မပြုရပါဘူး။လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကပါ နှုတ်ထွက်ရမှာဖြစ်ပါတယ်။ ဒါဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိစ္စတွေကို ဒေါ်အောင်ဆန်းစုကြည် ဆောင်ရွက်ခွင့်မရှိတဲ့ကာလမှာ ဘယ်သူက ဘယ်လိုဆက်လက်မောင်းနှင်မလဲဆိုတာကလည်း အလွန်အရေးကြီးပါတယ်။ ပြည်သူထောက်ခံမှုရထားတဲ့ ပါတီဖြစ်တဲ့အတွက် ပြည်သူအများစုက စိတ်ဝင်တစား ရှိနေကြပါတယ်။ ဒီအတွက်လည်း ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီအနာဂတ်အတွက်လည်း စီစဉ်ထားပြီးသားဖြစ်နေလောက်ပါပြီ။ ဖြစ်နိုင်ရင်တော့ ပြည်သူကို အထူးသဖြင့် ပါတီဝင်တွေကို ရှင်းလင်းစွာ ချပြထားရင် ပိုကောင်းမွန်ပါတယ်။
မည်သို့ပင်ဆိုစေကာမူ လာမယ့်ငါးနှစ်တာကာလမှာ မြန်မာနိုင်ငံဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဗျူဟာ အခင်းအကျင်း ပိုင်နိုင် ပိရိသေသပ်မှုတွေနဲ့အတူ အရွေ့တစ်ခုကို စတင်လှမ်းနိုင်ခဲ့ပြီလို့ ဆိုပါရစေ။
(မောင်ဉာဏသည် မန္တလေးအခြေစိုက် သတင်းစာဆရာတဦး ဖြစ်သည်)