ကျဉ်းမြောင်းသည့် သစ်သားအိမ်လေးတလုံးမှာ အထည်ချုပ်စက်ရုံမှ အလုပ်သမားအမျိုးသမီးငယ်လေးများ စုပေါင်းနေထိုင် ကြသည်။ အိမ်ထဲတွင် လူများကြိုက် ရုပ်ရှင်သရုပ်ဆောင် စတားများ၏ ရုပ်ပုံများကို ရွာမှာ ကျန်ရစ်ခဲ့သည့် သူတို့မိဘများ၏ ဓာတ်ပုံဘေးတွင် တွေ့ရသည်။ အိမ်ထဲတွင် သန့်ရှင်းနေသော်လည်း အပြင်က ဝင်လာသည့် အနံ့အသက် တွေကိုတော့ ရှောင်ရှားလို့ မရပါ။
ညီအစ်မ ၃ ဦးနှင့် ဝမ်းကွဲ ညီအစ်မ တဦးတို့သည် အမေရိကန်၊ အင်္ဂလန်နှင့် အခြားနိုင်ငံများအတွက် GAP၊ Primark၊ H&M နှင့် Tesco အစရှိသည့် အဝတ်အထည်များ ထုတ်လုပ်ပေးနေသည့် အထည်ချုပ် စက်ရုံများတွင် အလုပ်လုပ်နေသူများ ဖြစ်ကြသည်။ သူတို့က Oxfam (ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးနှင့် လူမှုတရားမျှတမှု ရရှိရေးအတွက် အစိုးရများကို တောင်းဆိုဖိအားပေးသော အောက်စ်ဖို့ဒ်အခြေစိုက် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း) နှင့် အတူ အလုပ်သမားတို့၏ ဘဝအခြေအနေတိုးတက်ရေးအတွက် ဆောင်ရွက်နေသော အလုပ်သမားအခွင့်အရေး အဖွဲ့အစည်းတခုနှင့် ပတ်သက်နေသူများလည်း ဖြစ်ကြသည်။
ကျနော်တို့ သူတို့ အိမ်လေးထဲ ရောက်လာခဲ့သည်မှာ စက်ရုံအတွင်းမှ သူတို့၏ အတွေ့အကြုံများကို နားထောင်ဖို့ ဖြစ်သည်။ မြန်မာနိုင်ငံ၏ အထည်ချုပ်လုပ်ငန်း ကဏ္ဍသည် လျှင်လျှင်မြန်မြန် တိုးတက်လာနေပြီး အလုပ်သမား ၃၀၀၀၀၀ ဝန်းကျင်ရှိနေသည်။ သူတို့ထဲမှ ၉၀ ရာခိုင်နှုန်းမှာ အမျိုးသမီးများ ဖြစ်ပြီး အများစုမှာ အသက် ၂၅ နှစ်အောက်များ ဖြစ်ကြသည်။
ပျမ်းမျှ တနေ့လျှင် အမေရိကန် ၂.၈ ဒေါ်လာခန့်ရှိသည့် ဝင်ငွေက ဘဝရပ်တည်မှုအတွက် မလုံလောက်ပါ။ Oxfam မှ လတ်တလောပြုလုပ်ခဲ့သည့် စစ်တမ်းကောက်ယူမှုအရ အထည်ချုပ်လုပ်သား တဝက်နီးပါးခန့်မှာ အကြွေးထဲတွင် နစ်နေပြီး အစားအစာ၊ ဆေးဝါးနှင့် ခရီးစရိတ် စသည့် အခြေခံ လိုအပ်ချက်များအတွက် ငွေချေးယူသုံးစွဲနေကြရသည်။ သူတို့သည် တနေ့ အလုပ်ချိန် ၁၁ နာရီ အထိလုပ်ရပြီး တပတ်လျှင် ၆ ရက် အလုပ်ဆင်းရသည်။ နာမကျန်းခွင့်ကို တရားဝင် သတ်မှတ် ထားသော်လည်း ခံစားခွင့် မရသလောက်ပင် ဖြစ်သည်။ မဖြစ်နိုင်သည့် ထုတ်လုပ်ရေး သတ်မှတ်ချက်ကို ပြည့်မီရန်အတွက် ညဘက်အထိ အလုပ်လုပ်ကြရသည်ဟု အများစုက ပြောသည်။ တခါတရံတွင် မနက် ၆ နာရီခွဲခန့် ရောက်သည်အထိ စက်ချုပ်ကြရပြီး ၇ နာရီခွဲတွင် ပြန်စကြရသည်။ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးက အထူးပင် စိုးရိမ်စရာဖြစ်နေသည်။ တိုင်ကြားမှု ၃ ခုတွင် လုပ်ငန်းခွင်တွင် ထိခိုက်မှုက တခု ပါဝင်နေသည်။ ထွက်ပေါက်များကို ပိတ်ဆို့ထားသည့်အတွက် စက်ရုံမီးလောင်မည်ကို အများစုက စိုးရိမ်နေကြသည်။
ကျနော်တို့ မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည့် ရက်သတ္တပတ်အတွင်း Oxfam ၏ “An Economy for the 1%” အမည်ရှိ အစီရင်ခံစာက ဆွစ်ဇာလန်နိုင်ငံ Davos တွင် ကျင်းပသော ကမ္ဘာ့စီးပွားရေးဖိုရမ်ကို လှုပ်ခတ်စေခဲ့သည်။ ဘီလီယံနာ ၆၂ ဦးက အဆင်းရဲဆုံး ကမ္ဘာ့ လူဦးရေ တဝက်၏ ပိုင်ဆိုင်မှုနီးနီး ပိုင်ဆိုင်နေကြသည်ကို အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ ထို့ပြင် ကမ္ဘာ့ စီးပွားရေးစနစ်က ၁ ရာခိုင်နှုန်းသော ထိပ်တန်းပုဂ္ဂိုလ်များကို မျက်နှာသာပေးခဲ့သည်ဟုလည်း ဖော်ပြထားသည်။ ပြီးခဲ့သည့် ၁၅ နှစ်အတွင်း ကမ္ဘာ့စီးပွားရေး တိုးတက်မှု၏ တဝက်ကို ၎င်းတို့က ခံစားခဲ့ကြရပြီး အောက်ခြေအဆင့်မှ ၅၀ ရာခိုင်နှုန်းက တိုးတက်မှု ၁ ရာခိုင်နှုန်းမျှသာ ရရှိခဲ့ကြပါသည်။
ကမ္ဘာ့ အချမ်းသာဆုံး ဘီလီယံနာ ၆၂ ဦးထဲမှ ၄ ဦးမှာ ဖက်ရှင်လုပ်ငန်းဖြင့် ကြီးပွားခဲ့ကြခြင်းက စိတ်ဝင်စားဖွယ် ဖြစ်သည်။ စပိန်နိုင်ငံမှ Amancio Ortega သည် အမေရိကန်ဒေါ်လာ ၆၄ ဘီလီယံ ချမ်းသာကြွယ်ဝပြီး အဝတ်အထည် လုပ်ငန်းကြီး တခုဖြစ်သည့် Inditex ၏ အကြီးအကဲဖြစ်သည်။ ဆွီဒင်နိုင်ငံမှ Stefan Persson သည် H&M အဝတ်အထည် လုပ်ငန်း၏ အစုရှယ်ယာ ၂၈ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည့် ဥက္ကဌဖြစ်ပြီး သူ၏ ချမ်းသာကြွယ်ဝမှုက အမေရိကန် ဒေါ်လာ ၂၄ ဘီလီယံ ဖြစ်သည်။ ဂျပန်နိုင်ငံမှ Tadashi Yanai သည် Uniqlo ကို ပိုင်ဆိုင်ပြီး သူ၏ ကြွယ်ဝမှုက အမေရိကန် ဒေါ် လာ ၂၀ ဘီလီယံ ရှိသည်။ နာမည်ကျော် Nike ကုမ္ပဏီ၏ ဥက္ကဌအဖြစ် ၂၀၁၅ ခုနှစ် ဇွန်လအထိ ၅၁ နှစ်ကြာ တာဝန်ယူခဲ့သော Phil Knight က အမေရိကန်ဒေါ်လာ ၂၁ ဘီလီယံ ပိုင်ဆိုင်ထားသည်။
H&M က မြန်မာနိုင်ငံရှိ စက်ရုံများမှ အဝတ်အထည်များ ဝယ်ယူနေပြီး Uniqlo ကလည်း ထိုသို့ ပြုလုပ်ရန် စဉ်းစားနေသည်။ Inditex သည် ကမ္ဘာ့အထည်ချုပ်လုပ်ငန်းတွင် ထောက်ပံံ့မှုကွင်းဆက်များကို ပိုမိုတိုတောင်းစေပြီး ထုတ်လုပ်ရေး ကြာမြင့်ချိန်ကို လျှော့ချသည့် ပုံစံကို ဦးဆောင်ခဲ့သူဖြစ်သည်။ ယခုအခါတွင် ထိုပုံစံက ဖက်ရှင်လောကတွင် စံနှုန်း ဖြစ်နေသည်။ သို့သော်လည်း ထိုသို့ပြုလုပ်ခြင်းက ထုတ်လုပ်သူများနှင့် သူတို့၏ အလုပ်သမားများ အပေါ် ဖိအားကြီးမားစွာ သက်ရောက်စေသည်။ အချိန်ပို အတင်း ဆင်းခိုင်းခြင်း၊ လုပ်ခ လစာကို အတတ်နိုင်ဆုံး လျှော့ချနိုင်အောင် ဖိအားပေးခြင်းများ ပေါ်ပေါက်လာစေသည်။
H & M က မြန်မာနိုင်ငံတွင် မည်သည့် စက်ရုံများတွင် ထုတ်လုပ်ခဲ့သည်ဆိုခြင်းကို ထုတ်ပြန်ပေးခဲ့သည်။ နာမည်ကျော် ကုန်အမှတ်တံဆိပ် အများအပြားက ထိုသို့ ပြုလုပ်ရန် ငြင်းဆန်ခဲ့ကြပါသည်။ ကျနော်၏ လုပ်ဖော်ကိုင်ဖက်တဦးက “နာမည်ကျော် အမှတ်တံဆိပ်တခုက ဒီအဝတ်အစားတွေကို ဘယ်မှာထုတ်လုပ်တယ် ဆိုတာ ဘာကြောင့် ဖုံးကွယ်ထားချင်ကြသလဲလို့ အကြောင်းပြချက်ကောင်းတခု စဉ်းစားလို့ ရနိုင်မလား” ဟု ဝေဖန်ခဲ့သည်။ H&M နှင့် Inditex ၂ ခုလုံးက လုပ်ခလစာနည်းပါးမှုနှင့် ပတ်သက်၍ ဖြေရှင်းရန် စတင်ဆောင်ရွက်ခဲ့ကြသည်။ ကမ္ဘာ့အဆင့် အလုပ်သမား အဖွဲ့အစည်း တခု ဖြစ်သည့် IndustriALL နှင့် သဘောတူညီချက် တခုကို လက်မှတ်ရေးထိုးခဲ့ကြသည်။ သို့သော်လည်း ၂၀၀၁ ခုနှစ် မှ ၂၀၁၁ ခုနှစ်ကာလအတွင်းတွင် ကမ္ဘာ့ထိပ်တန်း အဝတ်အထည်တင်ပို့သည့် နိုင်ငံ ၁၅ ခုမှ အထည်ချုပ်လုပ်သား အများစု၏ လစာငွေမှာ အမှန်တကယ် သတ်မှတ်ထားသည်ထက် နည်းပါးနေဆဲ ဖြစ်သည်။
ကမ္ဘာ့ဆင်းရဲ နွမ်းပါးမှုကို လျှော့ချနိုင်ရန် အကူအညီပေးခြင်းထက် စီးပွားရေးစနစ်တခုတခုအပေါ် ခဲဖြင့် ပစ်ပေါက်ပြီး Oxfam က အရင်းရှင်စနစ်ကို ဆန့်ကျင်နေသည်ဟု စွပ်စွဲမှုများ ရှိသည်။ အမှန်တကယ် တိုးတက်မှုများလည်း ရှိခဲ့ပါသည်။ ကျနော်တို့တွေ့ခဲ့သည့် အမျိုးသမီးငယ်များသည် ယခုအခါ အနိမ့်ဆုံး ဝင်ငွေသတ်မှတ်ချက် ဖြစ်သည့် တနေ့လျှင် ၁.၉ ဒေါ်လာထက် ပိုမို၍ ရရှိနေကြပြီ ဖြစ်သည်။ ထို့ကြောင့် ဆင်းရဲနွမ်းပါးသူအဖြစ် တရားဝင် သတ်မှတ်ခံရခြင်း မရှိတော့ပါ။ သို့သော် ဒီလောက်ဖြင့် အမှန်တကယ် ကောင်းမွန်လုံလောက်ပြီလား။
အရင်းရှင်စနစ်၏ စွမ်းအားက ပြည်သူတို့၏ ဘဝကို အသွင်ပြောင်းလဲနိုင်ကြောင်း Oxfam က အသိအမှတ်ပြုပါသည်။ သို့သော်လည်း ဈေးကွက်အပေါ် လုံးလုံး အခြေခံသည့်ပုံစံက ပျက်ယွင်းကျဆင်းနေပြီဟု ကျနော်တို့ ယုံကြည်သည်။ Davos တွင် ဖြန့်ချိခဲ့သော ကျနော်တို့၏ အစီရင်ခံစာနှင့် ပတ်သက်၍ ကွန်ဆာဗေးတစ်ပါတီဝင် လွှတ်တော် အမတ်ဟောင်း Matthew Paris က The Times သတင်းစာတွင် အကောင်းဆုံး ရေးသားခဲ့ရာ ယနေ့ ခေတ် အရင်းရှင်စနစ်ကို ကာကွယ်ရန် ကြိုးစားနေသူများကို နားထောင်ရသည့်အခါတိုင်း ကွန်မြူနစ်များက ဆိုဗီယက်ပြည် ထောင်စုကို ကာကွယ်ရန် ကြိုးစားခဲ့သည်များကို သတိရမိစေသည်ဟု ဆိုသည်။ “တွေ့နေရတဲ့ အရင်းရှင်ဝါဒ ကြီးကြီးမားမား ကျရှုံးတိုင်း ကျနော်တို့ ဈေးကွက် လစ်ဘရယ်တွေ ဘယ်လောက်ထိ ကြာကြာ ပခုံးတွန့်ကြဦးမှာလဲ။ လွတ်လပ်တဲ့ ဈေးကွက်ကို ရာစုသစ်မှာ ထပ်ကာကွယ်ဖို့ဆို ဒီမတရားခိုင်းစေခံရသူတွေဟာ အလယ်အလတ် လကျ်ာသမားတွေက လျစ်လျူရှုဖို့ထက် ပိုပြီး ဘာမှဖြစ်လာနိုင်မှာ မဟုတ်ဘူး”ဟု သူက ရေးသားခဲ့သည်။
သမိုင်းတလျှောက်ကိုကြည့်မည်ဆိုလျှင် ကလေးလုပ်သား သုံးစွဲမှု ရပ်တန့်ရေး၊ တနေ့လျှင် ၁၀ နာရီသာ အလုပ်လုပ်ရေး၊ သီတင်းပတ်ကုန်ရက်များတွင် အလုပ်ပိတ်ရေး၊ ပိတ်ရက်များတွင် လစာရရှိရေး၊ နာမကျန်းခွင့် ခံစားစဉ် လစာရရှိရေး၊ သာမန်လူတန်းစားများ သင့်တင့်လျှောက်ပတ်သည့် ဘဝတွင် နေထိုင်နိုင်ရေးအတွက် တိုက်ပွဲဝင်ခဲ့သူများသည် အရင်းရှင် စနစ် ကို ဆန့်ကျင်သူများ မဟုတ်ခဲ့ကြပါ။ ပိုမိုကောင်းမွန်အောင် လုပ်ပေးနိုင်မည်ဟု ယုံကြည်ခဲ့သူများသာ ဖြစ်ပါသည်။ ယခင်က တက်ကြွလှုပ်ရှားသူများကို မိုက်မဲသူများ သို့မဟုတ် ဆန့်ကျင်သူများအဖြစ် သဘောထားခဲ့ကြသည်။ သို့သော် သူတို့က ကျနော်တို့ ယခုအခါတွင် မြင်တွေ့နေရသည့် တိုးတက်သော လူ့အဖွဲ့အစည်းအတွက် တိုက်ပွဲဝင်ခဲ့ကြခြင်း ဖြစ်သည်။
ယခုအခါ ကျနော်တို့ ဆက်လက်တိုက်ပွဲဝင်ကြရမည် ဖြစ်သည်။ အရင်းရှင်းစနစ်က ထိပ်တန်း ၁ ရာခိုင်နှုန်းအစား လူများစုအတွက် ဖြစ်လာရန် ကျနော်တို့ ပြုလုပ်ဖို့ လိုအပ်ပါသည်။ လုပ်လည်း လုပ်နိုင်ပါသည်။ ဥပမာပြရလျှင် ကုမ္ပဏီကြီးများ အနေဖြင့်လည်း အလုပ်သမားဥပဒေ ကောင်းမွန်သည့် နိုင်ငံများကို အခြေခံရေး၊ စက်ရုံများက ဘဝရပ်တည်ရေး လုံလောက်သည့် လုပ်ခလစာများ ပေးနိုင်မည့် စီးပွားရေး နည်းလမ်းများ ကျင့်သုံးရေးနှင့် အလုပ်သမားများက စီမံခန့်ခွဲသူများနှင့် လွတ်လပ်စွာ ညှိနှိုင်းတိုင်ပင်နိုင်ရေးများအတွက် ကတိပြုနိုင်ရမည် ဖြစ်သည်။
ပိုမို၍ လူသားဆန်သည့် စီးပွားရေးတခု တည်ဆောက်ရန် ကျနော်တို့တွင် စွမ်းရည်၊ နည်းပညာ နှင့် စိတ်ကူးစိတ်သန်းများ ရှိပါသည်။ လူ လက်တဆုပ်စာကိုသာ အကျိုးစီးပွား ဖြစ်ထွန်းစေသည့် အလွန်အကျွံ ချမ်းသာကြွယ်ဝမှုများ အဆုံးသတ်ကိုလည်း ကျနော်တို့ မြင်တွေ့ရနိုင်ပါသည်။
မြန်မာနိုင်ငံမှ အမျိုးသမီးငယ်လေးများက သူတို့၏ အခွင့်အရေးအတွက် လေ့လာနေသည်ကို ကျနော်မြင်ရသောအခါ၊ ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံမှ အထည်ချုပ်လုပ်သားများ၏ တိုက်ပွဲအောင်မြင်နေသည်ကို တွေ့ရသည့်အခါ အနာဂတ်အတွက် မျှော်လင့်ချက်များ ပြည့်လာပါသည်။ ပိုမို၍ ကောင်းမွန်သော၊ လွတ်လပ်သော အနာဂတ်အတွက် သူတို့ တိုက်ပွဲဝင်ကြပါလိမ့်မည်။ သူတို့ကို ကူညီဖို့ ကျနော်လုပ်နိုင်တာ အားလုံး ကျနော် လုပ်ပေးချင်ပါသည်။
(oxfamblogs.org ပါ Max Lawson ၏ From Sweatshops to Switzerland, the women in Myanmar behind the billionaires’ fortunes ကို ဘာသာပြန်ဆိုသည်။ Max Lawson သည် Oxfam အဖွဲ့၏ Head of Global Campaigns ဖြစ်ပြီး မကြာသေးမီက မြန်မာပြည်သို့ လေ့လာရေးခရီး လာရောက်လည်ပတ်ခဲ့သည်။)