Dividend ဆိုတဲ့ စကားလုံးက ကုမ္ပဏီတခုမှာ အစုရှယ်ယာဝင်ထားကြသူတွေက အမြတ်ပေါ်လာတဲ့အခါ ခံစားခွင့်ရှိတဲ့ မျှဝေခံစားမှု အခြေအနေ ဖြစ်ပါတယ်။ အလားတူပဲ ဒီစကားလုံးကို နိုင်ငံရေးနယ်ပယ်မှာ ယူဆောင်လာပြီး ပြောဆိုသုံးစွဲကြပါတယ်။
မကြာသေးမီက မြန်မာနိုင်ငံမှာ စတင်ပြောဆိုသုံးစွဲလာကြတာက Peace dividend ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးစီးပွား၊ အသီးအပွင့်တွေကို ဘယ်လိုခွဲဝေ၊ မျှဝေခံစားကြမလဲ ဆိုတာပါပဲ။
နိုင်ငံတကာမှာ သုတေသီတွေ၊ မူဝါဒချမှတ်သူတွေက စဉ်းစားကြပါတယ်။ အပစ်ရပ်လိုက်တဲ့အခါ၊ ငြိမ်းချမ်းရေးလုပ်ကြတဲ့ အခါ ယခင် ရန်ဘက်ဖြစ်နေကြတဲ့ နှစ်ဖက်စစ်သားတွေ စစ်တိုက်စရာ မလိုကြတော့ပါဘူး။ သူပုန်ဘက်က စစ်သားတွေ လည်း စစ်ကြောင့် အသက်မသေဆုံးကြရတော့သလို၊ စစ်ကို ဆက်တိုက်စရာ မလိုတော့ပါဘူး။
အလားတူပဲ အစိုးရတပ်ဘက်က စစ်သားတွေလည်း သေကြေ၊ စစ်တိုက်စရာ မလိုတော့ပါဘူး။ နှစ်ဖက်မှာလည်း စစ်တိုက် ဖို့အတွက် သုံးစွဲနေကြရတဲ့ ကုန်ကျစရိတ်တွေကို ချွေတာမိလာပါတယ်။ ယခင်လို စစ်စရိတ် ကုန်ကျနေစရာ ဆက်လက် မလိုအပ်တော့ပါဘူး။
စီးပွားရေးပညာသဘောအရ ‘လူ’ ကို အရင်းအနှီးတခုအဖြစ် သတ်မှတ်ပါတယ်။ ယခင်စစ်တိုက်နေသူတွေ အားလပ်သွားကြတဲ့အခါ သူတို့ဟာ ကုန်ထုတ်နိုင်တဲ့ စွမ်းအားစုတွေ ဖြစ်လာပါတယ်။ စစ်စရိတ်တွေ မကုန်ကျတော့တဲ့အခါ ဒီငွေတွေကို စုဆောင်းဖို့၊ သို့မဟုတ် ကုန်ထုတ်တဲ့နေရာတွေမှာ ရင်းနှီးမြှုပ်နှံဖို့အတွက် ပြန်သုံးကြမယ်လို့ အနုမာန ယူဆနိုင်ပါတယ်။ ဒီအခါမှာ ကုန်ထုတ်လုပ်ရေး တက်လာမယ်။ အကျိုးစီးပွားဖြစ်လာမယ်။ ဒီအကျိုးစီးပွားတွေကိုလည်း နှစ်ဖက်ပြည်သူ အကျိုးရှိစွာ ခံစားနိုင်ကြမယ် ယူဆလို့ Peace dividend ဆိုတဲ့ အသုံးအနှုန်းဖြစ်လာတာပါ။
မြန်မာနိုင်ငံမှာ သူပုန်အင်အားစု (အားလုံးပေါင်း ခန့်မှန်း) တသိန်းဝန်းကျင် ရှိနိုင်ပါတယ်။ တပ်မတော်က ၅ သိန်းနီးပါး အင်အား ခန့်မှန်းကြပါတယ်။ ၁၉၈၉ ခုနှစ် ကတည်းက အပစ်ရပ်ခဲ့ကြပြီး နေရာတော်တော်များများမှာ တိုက်ပွဲသံတွေ တိတ်ခဲ့ပါတယ်။
တခါ သမ္မတဦးသိန်းစိန်တက်လာပြီး အပစ်ရပ်စဲရေး ဆွေးနွေးပွဲတွေ လုပ်လာတာ၊ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲဖို့ သဘောတူညီချက် စာချုပ်တွေ ချုပ်ဆိုနိုင်ခဲ့ပါပြီ။ အချို့ဒေသတွေမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေသေးပေမယ့်၊ နေရာ အတော်များများမှာ တိုက်ပွဲသံတွေ တိတ်ခဲ့ပါပြီ။ ဒါပေမယ့် ငြိမ်းချမ်းရေးအသီးအပွင့် (Peace dividend) ကို ဘယ်လို ခံစား နိုင်ကြသလဲ ဆိုတာကတော့၊ သေချာ လေ့လာဖို့ ကောင်းတဲ့ကိစ္စတခုပါ။
ယခင် စစ်သားတွေက ကုန်ထုတ်စွမ်းအားစုတွေ ပြန်ဖြစ်လာပါသလား။ ယခင် စစ်ကုန်ကျစရိတ်တွေက ထုတ်လုပ်မှု အတွက် ပြန်လည်ရင်းနှီးမြှုပ်နှံမှုတွေ ဖြစ်လာပါသလား။ ဒီလိုအကျိုးအမြတ်တွေကို ဘယ်လိုခွဲဝေကြသလဲ ဆိုတဲ့အပေါ် လေ့လာနိုင်ရင် ကောင်းပါတယ်။
ဒါနဲ့ ဒီမိုကရေစီ အသီးအပွင့် (Democracy dividend) ဆိုတာ ရှိသလားလို့ ဆက်ပြီး စဉ်းစားမိပါတယ်။ မတ်လ ၃၀ ရက် နေ့မှာ အရပ်သားသမ္မတ ဦးထင်ကျော်က ကျမ်းသစ္စာ ကျိန်ဆိုနိုင်ခဲ့ပါပြီ။ အပြည့်အဝ မဟုတ်သော်လည်း ဒီမိုကရေစီနဲ့ ပိုနီးလာသလို ခံစားကြရပါတယ်။
ယခင်အစိုးရအနေနဲ့ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းပေးတဲ့၊ ကောင်းမွန်တဲ့ အစဉ်အလာတရပ်ကို ထူထောင်နိုင်ခဲ့တာ၊ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုခဲ့တဲ့ ကိစ္စတွေအတွက် ချီးကျူးဂုဏ်ပြုရမှာ ဖြစ်ပါတယ်။ လွှတ်တော်မှာလည်း တချိန်က အတိုက်အခံဖြစ်ခဲ့တဲ့ ပါတီနဲ့ ပင်နီရောင် လွှတ်တော်အမတ်တွေ လွှမ်းခဲ့ပါပြီ။
ပြည်သူတွေက တခဲနက် ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရလည်း (အစစ်အမှန်အာဏာ အပြည့်မရှိသေးလျှင်သော်မှ) ရုံးပြင်ကနား ရာထူူးဌာနတွေ ယူနိုင်ခဲ့ပါပြီ။ ၁၀၀% ဒီမိုကရေစီဆိုတာ မရှိနိုင်သလို၊ ပိုပြီး ပြည့်စုံတဲ့ ဒီမိုကရေစီစနစ်ကို ဆက်လက် လျှောက်လှမ်းကြရဦးမှာ ဖြစ်ပါတယ်။
ကျနော်ကတော့ ဒီမိုကရေစီဆိုတာ (Public Goods) အများပြည်သူ ကောင်းကျိုးချမ်းသာကိစ္စတရပ်လို့ ယူဆမိပါတယ်။ ဒါနဲ့ ပတ်သက်တဲ့ ကြန်အင်လက္ခဏာတွေ ဒီမိုကရေစီစနစ်မှာ အပြည့်အဝ ရှိနေပါတယ်။ ဒီမိုကရေစီကို လူတိုင်း ခံစားရယူ နိုင်ကြသလို၊ ဒီမိုကရေစီကို မည်သူ မခံစားစေရ ဆိုပြီး ခွဲခြားဖယ်ကျဉ် (discriminate) လုပ်ထားလို့လည်း မရပါဘူး။
ယခင်က ဒီမိုကရေစီအရေး ဖိနှိပ်ခဲ့သူတွေကိုတောင် ဒီမိုကရေစီ မခံစားစေရလို့ ပိတ်ပင်မထားနိုင်ပါဘူး။ ဒီမိုကရေစီ နည်းနည်း ပွင့်လင်းမှုအခြေအနေမှ များများ ပွင့်လင်းမှုအခြေအနေသို့ ဆက်၍ လျှောက်ကြရဦးမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီ ပွင့်လင်းမှုနဲ့အတူ အခြားအသီးအပွင့်များလည်း ရှိလာပါတယ်။
Democracy dividend (ဒီမိုကရေစီ အသီးအပွင့် ခံစားခွင့်) ဆိုတာ ရှိပါသလား။ မြန်မာ့စီးပွားရေးကို ကာလကြာရှည် လေ့လာနေသူ သြစတြေးလျက ရှောင်တာနဲလ် (Sean Turnell) ကတော့ ဒီဇင်ဘာလ ၃ ရက်နေ့က သူ့ဆောင်းပါး (Myanmar’s democracy dividend begins with an economic reboot) မှာ စီးပွားရေးဦးမော့မှုနဲ့ စတင်ရမယ်လို့ ဆိုပါ တယ်။ လူဆင်းရဲတွေ မခံစားခဲ့ရတဲ့ အခွင့်အရေး၊ ဆင်းရဲတွင်းကနေ လွတ်မြောက်စေရမယ်လို့ ရွေးကောက်ပွဲအပြီး ဆောင်းပါးတစောင်မှာ ဖော်ပြခဲ့ပါတယ်။
နိုက်ဂျီးရီးယားဟာ ကာလကြာရှည် စစ်အာဏာရှင်တွေအောက် နေခဲ့ရတဲ့နိုင်ငံပါ။ ဒီမိုကရေစီပြောင်းလဲမယ်ဆိုတော့ ဒီမိုကရေစီ အသီးအပွင့်ကိစ္စ သူတို့လည်း ဆွေးနွေးခဲ့ကြပါတယ်။ စာရေးသူ Tochukwu Ezukanma ကတော့ ဒီမိုကရေစီ အသီးအပွင့်တွေဆိုတာ လမ်းတွေဖောက်တာ၊ လမ်းတွေပြုပြင် ထိန်းသိမ်းတာ၊ စာသင်ခန်းအသစ်တွေနဲ့ မိခင်နဲ့ကလေး စောင့်ရှောက်ရေး ဆေးပေးခန်းတွေ တိုးချဲ့ဖွင့်လာတာလား… တက္ကသိုလ်အသစ်တွေ အုတ်မြစ်ချတာလားပေါ့… မေးခွန်း ထုတ်ပါတယ်။
ဒါတွေဖြစ်လာဖို့ဆိုရင် ‘ဒီမိုကရေစီ’ မလိုအပ်ပါဘူးလို့လည်း ပြောပါသေးတယ်။ အာဏာရှင်အစိုးရတွေကလည်း ခုနလို ဖွံ့ဖြိုး ရေးကိစ္စတွေ လုပ်ကိုင်ပေးနိုင်ပါသေးတယ်။ ဒါဆိုရင် လွတ်လပ်စွာပြောရေးဆိုခွင့် စသည်ဖြင့် လူမှု၊ နိုင်ငံရေး အခွင့်အရေး တွေ အတွက်လားပေါ့။ ပျော့ပျောင်းညင်သာတဲ့ အာဏာရှင် (Benevolent dictator) တွေကလည်း ဒီလိုကိစ္စကို ဖန်တီး ပေးနိုင်ပါသေးတယ်။
ဒီမိုကရေစီ အသီးအပွင့်ဆိုတာ ဒီထက်တော့ ပိုနိုင်ပါတယ်။ ဒီမိုကရေစီ အသီးအပွင့်ဆိုတာ ပြည်သူ့ဘဝများကို အပြု သဘော ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်လာစေဖို့၊ အဓိပ္ပာယ်ရှိတဲ့ အပြောင်းအလဲ (meaningful change) တွေ လိုအပ်ပါ တယ်။
ကမ္ဘာ့နေရာ အများအပြားမှာ ဒီမိုကရေစီ အစိုးရတွေနဲ့ တရားဝင်မှုရှိတဲ့ စနစ်များက ပြည်သူတွေရဲ့ဘဝတွေကို ပိုမို လွယ်ကူ သက်သာအောင် အခြေခံလိုအပ်ချက်နဲ့ လူမှုဖူလုံရေးတွေကို ပံ့ပိုးဝန်ဆောင်ပေးနိုင်ကြပါတယ်။ နိုင်ငံတည်ဆောက်ရေး လုပ်ငန်းတွေမှာ အခက်အခဲတွေကို ရင်ဆိုင်နိုင်ဖို့ ပြည်သူတွေကို ပြင်ဆင်ပေးကြပါတယ်။
နိုင်ငံတကာအမြင်နဲ့ ကြည့်ရင် ဒီမိုကရေစီအစိုးရတရပ်ဟာ ပို၍ တန်းဝင်ပါတယ်။ နိုင်ငံတကာဆက်ဆံရေးမှာ ပို၍ တရားဝင်မှုရှိပါတယ်။ ဒီမိုကရေစီ မိတ်ဖက်နိုင်ငံတွေက ထောက်ကူ ပံ့ပိုးမှုတွေ ပို၍ ရနိုင်ပါတယ်။ အဲဒါအပြင် ဒီမိုကရေစီ သဘော တရားရေးရာ ပါမောက္ခဟန်တင်တန်က “ကမ္ဘာပေါ်မှာ ဒီမိုကရေစီနိုင်ငံအချင်းချင်း စစ်ပွဲတွေဖြစ်တာ မရှိခဲ့ဘူး” ဆိုပြီး သုံး သပ်ခဲ့တာတွေလည်း ရှိပါသေးတယ်။
ဒီမိုကရေစီ အသီးအပွင့် (Democracy dividend) ဆိုတာ အာဏာလားပေါ့။ ၁၈ ရာစု ဂျာမန် လူမှုသိပ္ပံပညာရှင် မက်ဝီဘာ (Max Weber) ကတော့ “အာဏာဆိုတာ သင်၏ အလိုဆန္ဒအတိုင်း အခြားသူများအပေါ် ပြုမူစေနိုင်တဲ့ စွမ်းရည်” လို့ အဓိပ္ပါယ်ဖွင့်ပါတယ်။
နိုင်ငံရေးဆိုတာ အာဏာကိစ္စပါပဲ။ အဲသည်တော့ ဒီမိုကရေစီ အာဏာရေးဆိုတာ ရေပေါ်ဆီ (elite) လူနည်းစုက အာဏာ လွှမ်းမိုးမှု ပို၍ လျော့နည်းစေရမယ်၊ ပြည်သူတွေ ပူးပေါင်းပါဝင်ခွင့် ပိုရှိစေရပါမယ်။ အာဏာဖြန့်ခွဲဝေမှုမှာလည်း ပိုလို့တန်း တူညီမျှမှု ရှိစေရမယ်လို့ ဆိုကြပါတယ်။
နိုက်ဂျီးရီးယားမှတော့ လူနည်းစု ထိပ်သီးတွေက လွှမ်းမိုးထားတုန်းပဲ ဆိုပြီး စာရေးသူ Tochukwu Ezukanma က ဆိုပါ တယ်။ ဒီမိုကရေစီ အသီးအပွင့်အနေနဲ့ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးလာစေမှုနဲ့အတူ၊ လူ့အခွင့်အရေးနဲ့ ငြိမ်းချမ်းရေးဝန်းကျင် လည်း တိုးတက်လာဖို့ လိုအပ်ပါတယ်။
လူထုတွေ ခွန်အား အာဏာမြင့်မားလာစေဖို့နဲ့ ပါဝင်ဆောင်ရွက်ခွင့်ရှိဖို့လည်း လိုအပ်ပါတယ်။ ဖွံ့ဖြိုးရေးအတွက် တင်ကူး လိုအပ်ချက်တွေ အဖြစ်နဲ့ လူမှုအဖွဲ့အစည်းအတွင်းမှာ သဟဇာတဖြစ်မှု၊ နိုင်ငံရေး တည်ငြိမ်မှုတွေ ရှိလာစေဖို့လည်း လိုအပ်နေပါသေးတယ်။
တချိန်က အချို့သောသူတွေက ဒီမိုကရေစီအတွက် ဆယ်စုနှစ်များစွာ လှုပ်ရှားမှုများမှာ အနစ်နာခံ လှုပ်ရှားပေးဆပ်ခဲ့ကြ ပါတယ်။ ထောင်ကျတန်းကျ စွန့်ခဲ့ကြရပါတယ်။ အခုအချိန်ဟာ သစ်ခုတ်သမားတွေ မလိုအပ်တော့ဘူး။ ပန်းပုဆရာတွေ (နိုင်ငံတည်ဆောက်ရေး ကျွမ်းကျင်သူ) တွေ လိုအပ်တဲ့ကာလဖြစ်ပြီလို့ ပြောဆိုခဲ့တာတွေ ရှိပါတယ်။
ဒီနေ့ တိုင်းပြည် ပြန်လည်ထူထောင်ရေးမှာကျတော့ သူတို့အတွက် ဒီမိုကရေစီ အသီးအပွင့်က ဘယ်လိုဖြစ်မှာပါလဲ။ ဒီလိုပြောတော့ ယနေ့တိုင် စိတ်ဒဏ်ရာ ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာဒဏ်ချက်တွေနဲ့ ရုန်းကန်ရင်ဆိုင်နေကြရသူတွေအဖို့ အသိအမှတ်ပြုမှုမျှ သာမက ပြန်လည် ထူထောင်ရေး အကူအညီတွေ လိုအပ်နေခဲ့တာလည်း အထင်အရှားပါ။
ဒီလိုဆိုရင် ပြည်တွင်းစစ်ကို ဆယ်စုနှစ်များစွာ တိုက်ခိုက်ခဲ့ကြရတဲ့ အောက်ခြေစစ်သားတွေ၊ သူပုန်စစ်သားတွေ အတွက်လည်း ပြန်လည်ထူထောင်ရေးနဲ့ အခြား ပြန်လည်ပေါင်းစည်းရေး လိုအပ်ချက်တွေက အများအပြား ရှိနေကြ ပါသေးတယ်။
လူမှုအဖွဲ့အစည်းကိုယ်၌က ပြန်လည် တည်ဆောက်၊ ထူထောင်ဖို့ လိုအပ်နေသေးတဲ့ အချိန်ပါ။ အရင်းအမြစ်က နည်း၊ လုပ်စရာဝန်တာက များတဲ့ အခြေအနေလို့ ဆိုချင်ပါတယ်။ ဒီမိုကရေစီ ဖွံ့ဖြိုးလာစေမှုနဲ့အတူ အသီးအပွင့်တွေကို မျှဝေ ခံစားမှု ရှိစေချင်တာကတော့ ကျနော့် စေတနာပါပဲ။
(အောင်သူငြိမ်းသည် မြန်မာနိုင်ငံ အုပ်ချုပ်မှုစနစ်ဆိုင်ရာ သုတေသီတဦး ဖြစ်ပြီး ထိုင်းနိုင်ငံရှိ NIDA တက္ကသိုလ်တွင် Ph.D. ဘွဲ့အတွက် ကျမ်းပြုနေသည်)