နိုင်ငံတဝှမ်းက ပြည်သူတွေက ပြည်လုံးကျွတ် အောင်ပွဲကြီးကို ၂၀၁၆ခုနှစ် မတ်လကုန်မှာ ဆွတ်ခူးလိုက်ပါတယ်။ ဒီအောင်ပွဲကို ရရှိဖို့ ရဟန်းရှင်လူ ပြည်သူပေါင်းများစွာရဲ့အသက်တွေ ချွေးတွေ ဘဝတွေ ရင်းနှီးပေးဆပ်ခဲ့ကြရတာပါ။ ဒီ အောင်ပွဲဆိုတာက ပြည်သူ့အစိုးရတရပ်ကို အာဏာအပ်နှင်းနိုင်ခဲ့တဲ့ ပွဲဖြစ်ပါတယ်။
ပြည်သူတရပ်လုံး လိုလားတောင့်တနေတဲ့ ရာပြည့်မှတ်တော့ မဟုတ်ပေမယ့် ဂုဏ်ထူးမှတ် ရခဲ့တဲ့အထိ အောင်မြင်မှုလည်း ဖြစ်တယ်။ ပန်းတိုင်ရောက်ဖို့ အနည်းငယ်လိုသေးတာကြောင့် တက်ထောင်ဖို့ မသင့်သေးပါဘူး။
ပြည်သူ့အောင်ပွဲ မတိုင်ခင်မှာပဲ ကြွေလွင့်သွားရတဲ့သူတွေရှိတယ်။ ထောင်သက် နှစ်၂၀ နီးပါး ကျခံခဲ့ရတဲ့ ၈၈မျိုးဆက် ပွင့်/ လင်း လူ့အဖွဲ့အစည်းက ကိုလှမျိုးနောင်၊ သံလျင်ရေနံချက်စက်ရုံ ဗုံးဖောက်ခွဲမှုနဲ့ အမှုဆင်အဖမ်းခံရတဲ့ ကိုညီညီဦး(ထောင် ဒဏ် ၂၁နှစ်)၊ စစ်အစိုးရလက်ထက် ထောင်ထဲမှာ ၂၃နှစ်နီးပါး (သံခြေကျင်းနဲ့ ၁၁နှစ်) နေခဲ့ရတဲ့ ကိုဂျော်လီထွန်းတို့ဟာ အောင်မြင်မှုရဲ့အသီးအပွင့်တွေ မခံစားရခင်မှာပဲ ထောင်တွင်းက ရရှိခဲ့တဲ့ ဝေဒနာတွေနဲ့ ကွယ်လွန်ခဲ့ကြရတယ်။
တော်လှန်ရေးကာလမှာ ကြွေမွပျက်သုဉ်းခဲ့ကြရတဲ့ ကျောင်းသားပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေလည်း များ ပြားလွန်းလှပါတယ်။ ကိုဖုန်းမော်၊ ကိုစိုးနိုင်၊ မဝင်းမော်ဦး စတဲ့ သူတွေက တော်လှန်ရေးကာလမှာ တပ်ဦးကနေရင်း ကျဆုံး ခဲ့ကြသူတွေဖြစ်တယ်။
ဆရာမောင်သော်က၊ ခရမ်း ဦးတင်မောင်ဝင်း၊ ဦးမောင်ကို စတဲ့သူတွေကတော့ စစ်ကြောရေးနဲ့ ထောင်ကျခံရစဉ်မှာ ဆုံးပါး ခဲ့ကြရသူတွေပါ။ ဒီနေ့လို ပြည်သူ့အောင်ပွဲကို ရောက်ရှိဖို့ တပ်ဦးက အလံကိုင်ခဲ့ကြတဲ့ ခေါင်းဆောင်တွေချည်း ဆင်နွှဲခဲ့ကြ လို့တော့ မဟုတ်ပါဘူး။ နောက်လိုက်ကောင်းတွေရဲ့ ဝန်းရံမှုကြောင့်လည်း အခုလို ပြည်သူ့အောင်ပွဲကို ရရှိခဲ့ကြတာပါ။
တော်လှန်ရေး ခရီးကြမ်းတလျှောက်မှာ ရေဒီယိုတလုံးနဲ့ ခေါင်းဆောင်တွေရဲ့ မှာတမ်းတွေကို ကိုယ့်စရိတ်ကိုယ်စား ကိုယ့် လမ်း ကိုယ်ဖောက်ပြီး ပြည်သူ့ကြား ဖြန့်ဝေပေးခဲ့ကြတဲ့ ရေဒီယိုသူရဲကောင်းတွေကိုလည်း မမေ့မလျော့ ဂုဏ်ပြုဖို့ လိုအပ် ပါလိမ့်မယ်။ အဲဒီ ရေဒီယိုသူရဲကောင်းအများစု အခုခါမှာ လက်ကျန်မရှိသလောက် နည်းနေပြီ။ အများစုက “အိုမင်း နောက်ဆုံး တွင်းဆုံးကျ၏” ဆိုတဲ့ အတိုင်း ကွယ်လွန်ကုန်ကြပြီ။
လွန်ခဲ့တဲ့ နှစ်အစိတ်ကျော်က ရေဒီယို သူရဲကောင်းတွေအကြောင်း ဒီနေ့ခေတ်လူငယ်တွေ သိစေဖို့ အနည်းငယ်ပြောပြပါ ရစေ။ ရေဒီယို သူရဲကောင်းအများစုက ပင်စင်စားအရွယ် အသက် ၆၀ ကျော်တွေ သာဖြစ်ကြတယ်။ လှိုင်းကြီးလေထန် ကာလတွေမှာ တရုတ်ပြည်ဖြစ် ထရန်စစ္စတာရေဒီယိုလေးတွေနဲ့ နေ့စဉ်နဲ့အမျှ နားထောင်ကြတယ်။
ရေဒီယိုနားမထောင် ဖြစ်သူတွေကို သူတို့က ရေဒီယိုမှာပါတဲ့ သတင်းတွေ၊ ဆောင်းပါးတွေ၊ အင်တာဗျူးတွေ အကုန် ဖောက်သည်ချတယ်။ အဲဒီခေတ် (လွန်ခဲ့တဲ့ ၂၅ နှစ်ကျော်) အခြေအနေအရ သတင်းရင်းမြစ် ရနိုင်တဲ့နေရာက ရေဒီယိုကလွဲရင် အခြား ဘယ်နေရာမှ မရှိဘူး။
အခုခေတ်လို ဖေ့စ်ဘုတ်ကြည့်ဖို့ ဖုန်းပွတ်ရအောင်လည်း ပွတ်စရာ ဖုန်းတွေ မပေါ်သေးဘူး။ အင်တာနက်ဆိုတာ အိပ်မက် တောင် မမက်နိုင်သေးတဲ့ကာလဖြစ်တယ်။ အဲဒီတော့ ရေဒီယိုသည်သာ အားထားရာဖြစ်ခဲ့ရတယ်။ အထူးသဖြင့် ပြည်ပက လွှင့်ထုတ်တဲ့ ရေဒီယိုလှိုင်းတွေပေါ့။
ရပ်ဝေးမြေမှာ ပညာရှာ၊ ကျေးတမာနဲ့ ပေဖူးလွှာ၊ တပ်မှူးတပ်သား ပြောစကား၊ မေးပါများ စကားရ၊ သက်ကြီးစကား သက်ငယ်ကြား၊ ပြောစရာတွေလည်း တပုံကြီးရှိသေးတယ်။ တိုက်ရိုက်လေလှိုင်း အစီအစဉ်၊ အမှောင်လှိုင်းထဲက သူရဲကောင်း တို့တိုင်းပြည် စတဲ့ အစီအစဉ်တွေဟာ ရေဒီယိုသူရဲကောင်းတွေရဲ့ သည်းခြေကြိုက် အစီအစဉ်တွေ ဖြစ်ကြတယ်။
အဲဒီခေတ်က ပြည်တွင်းမှာ ထုတ်ဝေတဲ့ စာနယ်ဇင်းတွေအားလုံး စာပေစိစစ်ရေးရဲ့တင်းကျပ်တဲ့ ဆင်ဆာ စည်းမျဉ်းဥပဒေ အောက်မှာ ရေးသားထုတ်ဝေကြရတယ်။ ဘာနိုင်ငံရေး အသွေးအရောင်မှ မပါတဲ့ ဂျာနယ်၊ မဂ္ဂဇင်းတွေလည်း ကဗျာတပုဒ်၊ စာတပုဒ်ကြောင့် ထုတ်ဝေခွင့် ရပ်ဆိုင်းခံခဲ့ကြရတာတွေ ရှိတယ်။ ကဗျာတပုဒ်ကြောင့် ထောင် ၃နှစ်ကျခံရတဲ့ ကဗျာဆရာ တွေရှိခဲ့တဲ့ ကာလဖြစ်တယ်။
စာပေစိစစ်ရေးက ဘလက်လစ် အသွင်းခံထားရတဲ့ စာရေးဆရာတွေဆိုရင် စာမူ ဖော်ပြခံရဖို့ဆိုတာ အသာထား ကလောင် နာမည်တောင် ဖော်ပြခွင့်မရှိဘူး။ ငွေမင်သုတ်တယ် စုတ်ဖြဲတယ်ဆိုတာ စာပေစိစစ်ရေး လုပ်နေကြ အလုပ်တွေဖြစ်တယ်။ အဲဒီလို အခြေအနေမျိုးမှာ ရေဒီယိုတွေဟာ ပြည်သူတွေ သတင်းရနိုင်ခြေ အများဆုံးရှိတဲ့အထဲက တခုဖြစ်လာတယ်။
ရေဒီယိုနားထောင်ခဲ့ကြသူတွေကို သူရဲကောင်းဆိုပြီး ဂုဏ်တင်ရတာက အကြောင်းမဲ့ မဟုတ်ဘူး။ အဲဒီခေတ် အဲဒီအခါက ရေဒီယိုကိုင်ထားရင်တောင် ဖောက်ခွဲရေးပစ္စည်း ကိုင်ထားသလို အာဏာပိုင်တွေရဲ့မျက်လုံးဒေါက်ထောက် အကြည့်ခံရ ချိန်ဖြစ်လို့ပါပဲ။
ရေဒီယိုနားထောင်မိရင်ပဲ နိုင်ငံတော်ပုန်ကန်တော့မယ့် သူလိုလို၊ ဘုံရန်သူလိုလို၊ အဖျက်သမားလိုလို အထင်ခံရအောင် အာဏာပိုင်တွေက ဝါဒဖြန့်ထားကြတယ်။ နိုင်ငံပိုင်မီဒီယာတွေမှာ ပြည်ပအသံလွှင့်မီဒီယာတွေကို ရန်တိုက်ပေးနေသည်တို့၊ သွေးထိုးပေးနေသည်တို့၊ လေလှိုင်းပေါ်က လူသတ်သမား နားမယောင်လေနဲ့ သတိထားတို့ စတဲ့ စကားလုံးတွေ လှိုင်လှိုင် သုံးပြီး ပြည်သူကို အယုံသွင်းထားချိန်လည်း ဖြစ်တယ်။
နံရံတိုင်းမှာ နားတွေရှိတယ်ဆိုတဲ့ခေတ်မှာ ရေဒီယိုကလာတဲ့ သတင်းတွေ နားထောင်ပြီး လူတွေကို သတင်းပြန်ဖြန့်ဖို့ ဆို တာ တော်ရုံလူ မလုပ်ရဲကြဘူး။ ရေဒီယိုကလာတဲ့ သတင်းတွေ လက်ဖက်ရည်ဆိုင်မှာ ပြောရုံနဲ့ နိုင်ငံတော်၏ ဘေးအန္တ ရာယ် ကာကွယ်စောင့်ရှောက်သည့် ဥပဒေနဲ့ ထောင်ထဲမှာ ဆယ်စုနှစ်နဲ့ချီပြီး နေသွားနိုင်တယ်။ လူတွေကို အကြောက် တရား ရိုက်သွင်းထားချိန်မှာ ရေဒီယိုသူရဲကောင်းတွေက အသိစိတ်ဓာတ်ရှိရှိ တနိုင်တပိုင် တော်လှန်ရေး ဆင်နွှဲခဲ့ကြသူ တွေဖြစ်တယ်။
သူတို့ကြောင့်လည်း ရှေ့က ဦးဆောင်ဦးရွက် လုပ်နေကြတဲ့ ခေါင်းဆောင်တွေ ပိုလို့ အားရှိသွားပြီး လုပ်စရာရှိတာတွေ အလုပ်တွေ ရဲရဲဝံ့ဝံ့လုပ်နိုင်ခဲ့ကြတယ်။ အခုချိန်မှာတော့ ရေဒီယိုသူရဲကောင်းအများစု ကွယ်လွန်ခဲ့ကြပါပြီ။ ပြည်သူ့အောင် ပွဲရဲ့ အသီးအပွင့်တွေ မခံစားလိုက်ကြရရှာဘူး။
သူတို့တွေဟာ တော်လှန်ရေးကာလမှာ တပ်ဦးက အလံကိုင်ခဲ့ကြသူတွေမဟုတ်ပေမယ့် ပြည်သူ့တော်လှန်ရေးအတွက် တထောင့်တနေရာက ပါခဲ့ကြသူတွေသာ ဖြစ်ပါတယ်။ အာဏာရှင်ပြုတ်ကျရေးအတွက် ဆင်နွှဲခဲ့တဲ့ တော်လှန်ရေးမှာ ကျ ရာနေရာက ပါဝင်ခဲ့ကြတဲ့ သူရဲကောင်းတွေကို ဦးညွှတ်လိုက်ရပါတယ်။
(သန်းနိုင်ဦးသည် မန္တလေးအခြေစိုက် သတင်းစာဆရာတဦး ဖြစ်သည်)