အရိုးစွဲနေသော ခွဲခြားကန့်သတ်မှုများလည်း ပြောင်းလဲချိန်တန်ပြီ

စိုင်းလတ်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ပြီးခဲ့သည့်နှစ်က ရှမ်း-ဓနု တိုင်းရင်းသား မွတ်ဆလင် ဆယ်ကျော်သက် တဦးနှင့် အတူ ရှမ်းပြည်နယ်အတွင်းရှိ လူဝင်မှုကြီး ကြပ်ရေး ရုံးတရုံးသို့ ကျနော်ရောက်ခဲ့ပါသည်။ အထက်တန်းကျောင်းမှတဆင့် နိုင်ငံသား စိစစ်ရေးကတ်ပြား လျှောက်ထား ခဲ့ခြင်းအတွက် စုံစမ်းရန်သွားရောက်ခဲ့ခြင်း ဖြစ်ပါသည်။ သူ၏ သူငယ်ချင်းများကတော့ မှတ်ပုံတင်ရခဲ့ကြပြီး ဖြစ်သော်လည်း သူ့ကို လူဝင်မှုကြီးကြပ်ရေးရုံးသို့ လာရောက်ရန ်ခေါ်သည်။

သူက သူ့ကို ခေါ်ရသည့် အကြောင်းရင်းကို မေးသည့်အခါ သူ့ကို “မင်းက သွေးရောတဲ့ ကပြားလား” ဟု မေးပါသည်။ မေး ခွန်းကို မိန်းကလေးက နားမလည်ပါ။  “မင်းက တရုတ်လား” ဟု အဆိုပါ တာဝန်ရှိသူက ထပ်မေးပါသည်။ မိန်းကလေးက တရုတ်လူမျိုးနှင့် အနည်းငယ်သာ တူပါသည်။ သူ၏ ဖခင်က ဓနုတိုင်းရင်းသား ဖြစ်ပြီး မိခင်က ရှမ်းတိုင်းရင်းသူ တဦးဖြစ် သည်။ သူတို့ကိုယ်တိုင် မြန်မာနိုင်ငံသားများ ဖြစ်သလို သူတို့၏ မိဘများကလည်း နိုင်ငံသားများ ဖြစ်သည်။

“ကျမက မွတ်ဆလင်ပါ” ဟု မိန်းကလေးက ပြန်ဖြေသည်။

“ဟုတ်တယ် အဲဒါ ကပြားပေါ့” ဟု တာဝန်ရှိသူက စိတ်မရှည်သော လေသံဖြင့် ပြောသည်။ ထို့ကြောင့် ရုံးသို့ လာရခြင်းဖြစ် သည်ဟုလည်း ထပ်ပြောသည်။

သွေးရောခြင်းက သူ သို့မဟုတ် သူ့မိဘများ၏ လူမျိုးနှင့် မဆိုင်ပါ။ ကိုးကွယ်သော ဘာသာကြောင့် ဖြစ်သည်။ မွတ်ဆလင် များအတွက် အတန်းအစား ခွဲခြား သတ်မှတ်ချက် ရှိသည့် သဘောဖြစ်နေသည်။

သူ့ကို သွေးရောသည့် ကပြားတယောက်အဖြစ် သတ်မှတ်လိုက်ခြင်းကြောင့် ငွေကြေးအကုန်အကျခံဖို့ ဖြစ်လာသည်။ သူ၏ လျှောက်လွှာကို လက်ခံဖို့အတွက် အငယ်တန်းအရာရှိတယောက်ကို ကျပ် ၇၀၀၀ ပေးလိုက်ရသည်။ သူလုပ်လိုက်သည်မှာ မိန်းကလေး၏ စာရွက်စာတမ်းများကို ဖိုင် အဟောင်းတခုထဲသို့ ထည့်လိုက်ခြင်းသာ ဖြစ်ပါသည်။

အဆိုပါ မိန်းကလေး၏ အဖြစ်က မြန်မာနိုင်ငံမှ မွတ်ဆလင် အသိုင်းအဝိုင်း၏ အခြေအနေနှင့် ပတ်သက်၍ နိုင်ငံရေးအရ အခြေအတင် ကိစ္စများ တိုးလာနေသည်ကို ဖော်ပြနေခြင်း ဖြစ်သည်။ အလွန် ရှုပ်ထွေးပါသည်။ မြန်မာမဟုတ်သူဟု ယူဆခြင်းခံရသူများကို ဆန့်ကျင်သည့် သဘောထားများ မြင့်တက်လာနေသည့် နိမိတ်ဆိုးတခုလည်း ဖြစ်ခဲ့သည်။ နိုင်ငံသား အဖြစ်မှ ပြန်လည်ရုပ်သိမ်းမှုများလည်း အမြောက်အမြားရှိခဲ့သည်။

ဆွန်နီ အများစုဖြစ်သည့် မွတ်ဆလင်များသည် နိုင်ငံလူဦးရေ၏ ၄ ရာခိုင်နှုန်းမျှသာရှိသည်ဟု နောက်ဆုံး ကောက်ယူခဲ့သည့် အစိုးရ သန်းခေါင်စာရင်းအရ သိရသော်လည်း ၆ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်း အထိ ရှိနိုင်သည်ဟု မြန်မာနိုင်ငံမှ အစ္စလာမ် ပညာရှင်များက ဆိုသည်။ သူတို့ကို လူဦးရေ၏ ၈၉ ရာခိုင်နှုန်း ရှိသည့် ထေရဝါဒ ဗုဒ္ဓဘာသာ၏ ခေါင်းဆောင်အချို့က မကောင်းဆိုးရွားများသဖွယ် ယူဆထားကြသည်။ လူအများအပြားက ဘင်္ဂလီများသည် အကြမ်းဖက်သမားများ၊ ပဋိပက္ခ ဖန်းတီးနေသည့် ပြဿနာလုပ်သူများ ဖြစ်ကြ၍ သူတို့၏ ဘာသာရေးကို နှိပ်ကွပ်ရမည်ဟု အထပ်ထပ် ပြောခဲ့ကြပါသည်။ အစိုးရ၏ လုပ်ငန်းများကို နောက်ကွယ်မှ ဆက်လက်ထိန်းသိမ်းလိုသော စစ်တပ်က လှုံ့ဆော်ခြင်းဟုလည်း သတင်းများ ထွက်ပေါ်ခဲ့သည်။ ပဋိပက္ခများကို အမြန်ဆုံးရပ်တန့်ရမည်၊ နားလည်မှုလွဲမှားခြင်းနှင့် ပြဿနာများကို ရှင်းလင်းရန် အတွက် နိုင်ငံရေးအရ ဆွေးနွေးမှုများ လိုအပ်သည် ဆိုခြင်းကို လူအများစုက လက်ခံကြပုံ မရပါ။

လူမျိုးရေးခွဲခြားသည့် ရေးသားဖော်ပြမှုများက လူမှုကွန်ရက်ဝက်ဘ်ဆိုက်များနှင့် ပုံနှိပ်စာရွက်စာတမ်းများတွင် နေ့စဉ်လို ပေါ်ထွက်ခဲ့ပြီး ပြင်းထန်သော မွတ်ဆလင်ဆန့်ကျင်ရေး ပြောဆိုစည်းရုံးမှုများကို မီးထိုးပေးခဲ့သည်။ နိုင်ငံအတွင်းရှိ လူဝင်မှု ကြီးကြပ်ရေး ရုံးအသီးသီးတွင်လည်း “မြေပြို၍ လူမျိုးမပြုတ်၊ လူမျိုမှ လူမျိုးပြုတ်မည်။” ဟုရေးထားသည့် ဆိုင်းဘုတ်ကို တွေ့ရမည်ဖြစ်သည်။

သားကောင်ဘဝကျရောက်နေပြီဟု ကိုယ့်ကိုယ်ကိုယ် ခွဲခြားသတ်မှတ်ခြင်း၏ နိုင်ငံရေးသက်ရောက်မှုက မွတ်ဆလင်ဆန့်ကျင်ရေး လှုပ်ရှားမှု အပေါ် အထောက်အပံ့ ဖြစ်စေခဲ့သည်ကို ကြီးမားသော အကြမ်းဖက်မှုများက သက်သေဖြစ်သည်။

မြန်မာနိုင်ငံ၏ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအရ တရားဝင်တိုင်းရင်းသားလူမျိုးစုဆိုသည်မှာ မြန်မာနိုင်ငံ၏ လက်ရှိ ပိုင်နက် နယ်မြေဒေသများတွင် ၁၈၂၃ ခုနှစ် မတိုင်မီကထဲက အမြဲနေထိုင်ခဲ့သည့် လူမျိုးစုများ ဖြစ်ကြသည်။ အင်္ဂလိပ်-မြန်မာ ပထမ စစ်ပွဲမတိုင်မီ တနှစ် အလိုက ဖြစ်သည်။

ထိုအချိန်က ယခုမြန်မာနိုင်ငံဟု ကျနော်တို့သိကြသည့် နိုင်ငံမရှိသေးပါ။ ထို့ပြင် တရားဝင်သတ်မှတ်ထားသည့် တိုင်းရင်းသား လူမျိုး ၁၃၅ မျိုး ဆိုသည်မှာလည်း သမိုင်းတလျှောက်တွင် အမျိုးအစားသတ်မှတ်ချက် ကွဲပြားမှုများ ရှိနေသည်။ ဥပမာ ၁၉၆၀ ခုနှစ်တွင် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တခုတွင် တိုင်းရင်းသား လူမျိုးစု ၅၀ ခန့်ရှိသည်ဟု ခန့်မှန်းဖော် ပြထားသော်လည်း ၁၉၇၁ ခုနှစ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ထုတ်ဝေသည့် လက်စွဲစာအုပ်တွင် တိုင်းရင်းသား လူမျိုး ၁၄၄ ခု စာရင်းသွင်းထားသည်ကို တွေ့ရသည်။

ထိုစာရင်းတွင် မွတ်ဆလင်နှင့် တောင်အာရှ လူမျိုးစုများကို ရခိုင်-စစ်တကောင်း၊ ဗမာ မွတ်ဆလင်၊ ရခိုင်-ကမန် နှင့် ဗမာ-အိန္ဒိယ စသည်ဖြင့် ဖော်ပြထားသည်ကို တွေ့ရသည်။ အစိုးရက မည်သည့်အချိန်မှာမှ တရားဝင် ထုတ်ပြန်ခြင်း မရှိခဲ့သော နောက်ဆုံးစာရင်းတွင်မူ တိုင်းရင်းသားလူမျိုး ၁၃၅ ခုသာ ပါဝင်တော့သည်။ မွတ်ဆလင် အားလုံးနှင့် တောင်အာရှ နွယ်ဖွားများ ဖယ်ထုတ်ခြင်း ခံခဲ့ရသည်။ မြန်မာနိုင်ငံ၏ နိုင်ငံသား ဥပဒေနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ၃ ခုတို့မှ ဝိရောဓိများကြောင့် တိုင်းရင်းသား မိဘများမှ မွေးဖွားသော နိုင်ငံသားများ၊ မွေးရာပါ နိုင်ငံသားများ၊ ဧည့်နိုင်ငံသားများ၊ နိုင်ငံသား အဆင့်အတန်းအတွက် သံသယရှိသူများ၊ မွေးရာပါ နိုင်ငံသားဖြစ်ခွင့်ရှိသူများ၊ ရွေးကောက်ပ ွဲဝင်ခွင့်ရှိသည့် နိုင်ငံသားများနှင့် ရွေးကောက်ပွဲ ဝင်ခွင့် မရှိသည့် နိုင်ငံသားများ ဟူ၍ ရှုပ်ထွေးမှုများ ဖြစ်စေခဲ့သည်ဟု တရားရုံးချုပ်ရှေ့နေ ဦးကိုနီက ပြည်သူ့ခေတ် ဂျာနယ်တွင် ရေးသားခဲ့သည်။

ဥပဒေပြုရေးဆိုင်ရာ ချို့ယွင်းချက်များ၊ ဥပဒေ အကောင်အထည်ဖော်မှုနှင့် နိုင်ငံရေး သို့မဟုတ် ရွေးကောက် တင်မြှောက်ခြင်း ဆိုင်ရာ ခွဲခြားမှုများအပြင် မြန်မာနိုင်ငံမှ မွတ်ဆလင်များသည် နိုင်ငံသား သို့မဟုတ် နိုင်ငံခြားသား တချိန်တည်းမှာပင် ဖြစ်နေနိုင်ခြင်းနှင့် ကြုံတွေ့နေရသည်။

ပထမဆုံး အနေဖြင့် နိုင်ငံသား အဆင့်အတန်း ရရှိသူတယောက်ကို ထုတ်ပေးသော အသိအမှတ်ပြု ကတ်ပြား၏ အမည်ပင် လျှင် နိုင်ငံသား စိစစ်ရေးကတ်ဟူ၍ ဖြစ်နေသည်။ သုံးစွဲထားသည့် စိစစ်ရေးဆိုသည့် စကားလုံးက စောင့်ကြည့် စစ်ဆေး နေသည့် အခြေအနေဟု အဓိပ္ပါယ်ထွက်နေသည်။ နိုင်ငံသားများကို လူပုဂ္ဂိုလ်အလိုက် စိစစ်ခြင်းသာမက လူမျိုးနှင့် ဘာသာကို ကာကွယ်သည်ဆိုသော ခေါင်းစဉ်ဖြင့် ပြည်သူတို့၏ အခွင့်အရေးများကိုလည်း ကန့်သတ်ထားသည်။

လူဝင်မှုကြီးကြပ်ရေး ရုံးများတွင် ကျနော် အဖော်လိုက်သွားပေးခဲ့သော မိန်းကလေးကဲ့သို့ပင် “သွေးရော ကပြား” ဆိုသည့် အသုံးကို မကြာခဏ ဆိုသလို သုံးစွဲလျက် ရှိသည်။ သွေးရောခြင်းက ၂၁ ရာစု၏ လူမှုနိုင်ငံရေးတွင် ရှက်စရာ တခု မဟုတ်ပါ။ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဟောင်း ဦးခင်ရီက မြန်မာနိုင်ငံတွင် နိုင်ငံသား သတ်မှတ်မှုကို သွေးဖြင့် သတ်မှတ်သည်ဟု ပြောကြားခဲ့သည်။

ထိုသို့ အံ့ဩဖွယ် ကောင်းသော အလားတူဖြစ်ရပ်မှာ မွတ်ဆလင်များ၏ မှတ်ပုံတင်ကတ်များတွင် လူမျိုးနှင့် ဘာသာကို ဖော်ပြသည့်နည်း ဖြစ်သည်။ ဓနုတိုင်းရင်းသား ဖခင်နှင့် အင်းသားတိုင်းရင်းသူ မိခင်တို့မှ မွေးဖွားသည့် တက္ကသိုလ်ကျောင်းသား တယောက်၏ စိစစ်ရေး ကတ်ပြားတွင် သူ၏ လူမျိုးနှင့် ဘာသာကို အိန္ဒိယ+ဗမာ+ဓနု+အင်းသား+ အစ္စလာမ်ဟု အဖြတ်အတောက်မရှိ ဖော်ပြထားသည်ကို တွေ့ရသည်။ ထိုသို့ဖြစ်ရခြင်းမှာ မွတ်ဆလင်တိုင်းက ၎င်းတို့သည် အိန္ဒိယ၊ ပါကစ္စတန် သို့မဟုတ် ဘင်္ဂါလီ ဖြစ်ကြောင်း စိစစ်ရေး ကတ်ပြားတွင် ဖော်ပြရန် လိုအပ်ခြင်းကြောင့် ဖြစ်သည်။

လူမျိုး အခေါ်အဝေါ်များသဖွယ် ဖော်ပြထားသော်လည်း အိန္ဒိယနှင့် ပါကစ္စတန် တို့သည် နိုင်ငံများသာ ဖြစ်ကြသည်။ အဆိုပါ စကားလုံးများကို နိုင်ငံသား သို့မဟုတ် လူမျိုး အဖြစ် အသုံးပြုရန် တရားဝင် ရှင်းလင်းဖော်ပြထားခြင်းမျိုး မရှိသော်လည်း လူမျိုးနှင့် ကိုးကွယ်သည့် ဘာသာကို ခေါင်းစဉ်တပ်ရန် အလွယ်တကူ သုံးစွဲလိုက်ခြင်း ဖြစ်ပုံရပါသည်။

တက္ကသိုလ်ကျောင်းသားလေး၏ ကိစ္စတွင်သူ၏ မိခင် အကြောင်းမှာလည်း စိတ်ဝင်စားစရာ ဖြစ်သည်။ မိခင်ဖြစ်သူမှာ အင်းသား တိုင်းရင်းသူ ဖြစ်ပြီး ဘင်္ဂလီလူမျိုးနှင့် ဆက်နွယ်ပတ်သက်မှု မရှိသော်လည်း နိုင်ငံသား စိစစ်ရေး ကတ်ပြားတွင် ဘင်္ဂလီဟု ဖော်ပြထားသည်ကို တွေ့ရသည်။ နိုင်ငံသား စိစစ်ရေး ကတ်ပြားများထုတ်ပေးသည့် ၁၉၈၉ ခုနှစ်တွင် လူဝင်မှု ကြီးကြပ်ရေး တာဝန်ရှိသူများက အင်းလေးကန်ဒေသရှိ ကျေးရွာငယ်လေးတခုတွင် နေထိုင်သော အဆိုပါ အမျိုးသမီး၏ ဖခင် ဖြစ်သူကို ဘင်္ဂလီဟု စာရင်းသွင်းရန် ပြောခဲ့ကြသည်။ နားမလည်သည့် အဘိုးအိုကလည်း “ကိစ္စမရှိဘူး၊ ခင်ဗျားတို့ ရေးချင်တယ် ဆိုရင်ရေးလိုက်” ဟု ခွင့်ပြုခဲ့သည့် အတွက် ဘင်္ဂလီ ဖြစ်လာခဲ့သည်။

နောက်ဆက်တွဲ အနေဖြင့် သမီးအတွက် စိစစ်ရေး ကတ်ပြားထုတ်ပေးသည့် အချိန်တွင်လည်း ဘင်္ဂလီဟု ဖော်ပြခြင်းခံခဲ့ရသည်။ ဘင်္ဂလီဟု သတ်မှတ်ခံရခြင်းကြောင့် ဒုက္ခရောက်ရမည်ကို နားလည်လိုက်သည့် အချိန်တွင် မြို့နယ်တရားရုံးသို့ သွား၍ သူသည် ဘင်္ဂလီ မဟုတ်ဘဲ အင်းသား ဖြစ်ကြောင်း ကျမ်းကျိန် ခဲ့သည်။ ကျမ်းကျိန်ခဲ့ပြီး နောက်ပိုင်းတွင် သူ၏ တိုင်းရင်းသား အမည်သတ်မှတ်ချက်ကို မြို့နယ်လူဝင်မှုကြီးကြပ်ရေး အရာရှိက ပြောင်းမပေးခဲ့သော်လည်း နောက်ဆုံးတွင် သူအနိုင်ရရှိခဲ့သည်။ ဘင်္ဂလီဆိုသည့် သတ်မှတ်ချက်ကို ပယ်ဖျက်နိုင်ခဲ့သည်။

ရှမ်းပြည်နယ်၏ မြို့တော်တောင်ကြီးမှ နောက်ထပ်မိသားစုတစုတွင် ကလေးငယ်တယောက်ကို “အိန္ဒိယ+ဗမာ+အစ္စလာမ်” ဟု သတ်မှတ်ခဲ့သော်လည်း နောက်ကလေး တယောက်ကို မူ“ပါကစ္စတန်+ရှမ်း+ဗမာ+အစ္စလာမ်” ဟု သတ်မှတ်ခဲ့သည်။ သူတို့ မှာ မိသားစုတစုတည်းမှ ဖြစ်ကြသည်။ အစိုးရအတွက်တော့ အရေးမကြီးသည့် အသွင်ဖြစ်သည်။

တောင်ကြီးမြို့တွင် မျိုးဆက် ၄ ခုမျှ နေထိုင်ခဲ့ကြသူများကို နိုင်ငံခြားသားများအဖြစ် ဖန်တီးလိုက်ခြင်း ဖြစ်ပါသည်။ သူတို့သည် ရွှေ့ပြောင်းဝင်ရောက်လာကြသူများ မဟုတ်ကြပါ။ သို့သော်လည်း တရားဝင် အမည်သတ်မှတ်ချက်ကြောင့် “ကုလား”ဟု သိကြသည့် တောင်အာရှဒေသမှ နိုင်ငံခြားသားများ ဖြစ်သွားကြသည်။ ပထမ ကိစ္စ ၂ ခု (အထက်တန်းကျောင်းသူလေးနှင့် တက္ကသိုလ်ကျောင်းသား) တွင် ပေါ်လွင်ထင်ရှားနေသည့် အချက်မှာ မိမိတို့ဒေသတွင် ကောင်းစွာသိရှိ နေထိုင်ခဲ့ကြသူများ၏ မြေးများကို ရှမ်းပြည်နယ်သို့ အစိုးရတာဝန်(မည်သူသည် နိုင်ငံသားဖြစ်သင့်သည် မဖြစ်သင့်သည်ကို စိစစ် သတ်မှတ်ချက်)ဖြင့် ပြောင်းရွှေ့လာသော ဗမာများက နိုင်ငံခြားသားများ၊ အပြင်လူများ အဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်သည်။ နောက်မှ ရောက်လာသည့် သူစိမ်းများက ဒေသခံ မိသားစုများကို အပြင်လူများ အဖြစ် ပြောလိုက်ခြင်း ဖြစ်ပါသည်။

နိုင်ငံအတွင်းတွင် မွေးဖွားခဲ့သော မွတ်ဆလင်များကို နိုင်ငံခြားသားများ အဖြစ်သို့ ပြောင်းလဲလိုက်ခြင်း အပြင် အာဏာပိုင်များ က လူမျိုးစုများကို စနစ်တကျ ဖျောက်ဖျက်ခြင်းများလည်း ဆက်ရှိနေသည်။ ဥပမာ ပြရလျှင် ပသီလူမျိုးများသည် မြန်မာနိုင်ငံ အလယ်ပိုင်းတွင် အများဆုံးနေထိုင်ကြသည့် မွတ်ဆလင်များ ဖြစ်ကြပြီး မြန်မာဘုရင်များလက်ထက်ကတည်းက နေထိုင်ခဲ့သည့် သမိုင်းကြောင်း ရှိသူများလည်း ဖြစ်ကြသည်။ ၁၉ရာစု နှစ်အလယ်ပိုင်းခန့်မှစ၍ ှဗမာ မွတ်ဆလင်များအဖြစ် ယေဘုယျ ရည်ညွှန်းခဲ့ကြသော်လည်း ပသီလူမျိုးဆိုသည့် အမျိုးအစားက ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ၎င်းတို့ကိုယ်တိုင်ကသာ ပသီ ဆိုသည့် အသုံးကို ဆက်လက်သုံးစွဲခဲ့ကြသည်။

၂၀၁၂ ခုနှစ်တွင် ပသီအမည်ဖြင့် မှတ်ပုံတင်သည့် နိုင်ငံရေးပါတီတခုကို တားမြစ်ခြင်းခံခဲ့ရသည်။ အလားတူပင် ၎င်းတို့၏ နိုင်ငံသား စိစစ်ရေး ကတ်ပြားတွင်လည်း ပသီဟု စာရင်းသွင်းခြင်း မပြုတော့ပါ။ မန္တလေးမြို့မှ ကျနော်နှင့် ခင်မင်သည့် အမျိုးသမီးတယောက်၏ ကတ်ပြား အသစ်တွင် “အိန္ဒိယဗမာ+အိန္ဒိယဗမာ/အစ္စလာမ်” ဟု ရေးထားသည်။ သူ အသက် ၁၀ နှစ် အရွယ်က ရရှိခဲ့သော ကတ်ဟောင်းတွင်မူ သူ၏ လူမျိုးက ပသီ ဖြစ်ပြီး ဘာသာကို အစ္စလာမ်ဟု ဖော်ပြထားသည်။  သူ အသက် ၁၈ နှစ်ပြည့်ပြီး ကတ်သစ်လဲလှယ်ရမည့် အချိန်ရောက်သည့်အခါ လူဝင်မှုကြီးကြပ်ရေးဌာနက  ပသီ ဆိုသည့် လူမျိုးနာမည်နှင့် ကတ်ထုတ်ပေးရန် ငြင်းဆန်ခဲ့သည်။ ထို့ကြောင့် သူက ကတ်သစ်လဲလှယ်ခြင်း မပြုဘဲ ၁၂ နှစ် ကျော်အောင် နေခဲ့သည်။ လဲလိုက်ပြီးသည့် နောက်တွင် သူ၏ ဆန္ဒမပါဘဲ အိန္ဒိယဗမာ အဖြစ်သတ်မှတ်ထားသည့် ကတ်ကို ကိုင်ဆောင်ခဲ့ရသည်။

အာဏာပိုင်များက သူ့ကို လှည့်ဖျားခဲ့သည်။ လူမျိုး နာမည်ကို ပသီဟု သတ်မှတ်ပေးရန် သေချာသည့်အချိန်အထိ သူက ကတ်သစ်လဲလှယ်ခြင်း မပြုဘဲ ၁၂ နှစ်ကျော်ကြာအောင် နေခဲ့သည်။ သို့သော်လည်း စာရွက်စာတမ်းများ လက်မှတ်ထိုး၍ ကတ်ကို ယူလိုက်သည့် အချိန်တွင် “အိန္ဒိယဗမာ+အိန္ဒိယဗမာ/အစ္စလာမ်” ဟု ရေးထားသည်ကို တွေ့လိုက်ရသည်။ ယခုအခါ အသက် ၃၀ ကျော်အရွယ် ပသီလူမျိုး အမျိုးသမီးတယောက်သည် “အိန္ဒိယဗမာ” လူမျိုး ဖြစ်သွားသည်။

ယခု စနစ်တွင် ဘာသာရေးက အဓိက ခွဲခြားချက်တခု ဖြစ်သည်။ ဥပမာ အားဖြင့် မန္တလေးမြို့မှ အမျိုးသားတယောက်၏ ကတ်တွင် အိန္ဒိယဟုဖော်ပြထားသော်လည်း မိခင်ဘက်သို့လိုက်၍ ဗုဒ္ဓဘာသာဝင်ဖြစ်ခဲ့သော် သူ့အကို၏ ကတ်တွင်မူ ထိုသို့ ဖော်ပြထားခြင်း မရှိပါ။

မွတ်ဆလင်များကို မနှစ်ချိုက်ခြင်းနှင့် ခွဲခြားခြင်းတို့က မြန်မာနိုင်ငံတွင် မထူးဆန်းပါ။ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း ၉၆၉ လှုပ်ရှားမှုက ဖန်တီးခဲ့သည့် နောက်ဆုံး ဖြစ်ပေါ်ခဲ့သော မွတ်ဆလင်ဆန့်ကျင်ရေး လှုပ်ရှားမှုများက ဗုဒ္ဓဘာသာဝင်များနှင့် မွတ်ဆလင်များကြားမှ ဆက်ဆံရေးအပေါ် ပြင်းပြင်းထန်ထန် သက်ရောက်မှု ရှိခဲ့သည်။

မကြာသေးမီက ရှမ်းပြည်နယ်တွင် ကျနော် လေ့လာမှုပြုလုပ်ခဲ့ရာတွင် မူလတန်းကျောင်းမှ ဆရာ၊ ဆရာမများက ကလေးငယ်များကို ခွဲခြားဆန့်ကျင်မှုနှင့် ကြုံတွေ့ခဲ့သည်။ ဆရာဆရာမများက ၎င်းတို့၏ ကလေးငယ်များကို “ကုလား” သို့မဟုတ် “ကုလားမ” ဟု ခေါ်ဝေါ်သုံးစွဲသည့်အတွက် မွတ်ဆလင် မိဘများ စိတ်မကောင်း ဖြစ်ခဲ့ရသည်။ တောင်ကြီးမြို့မှ ကျောင်း တကျောင်းတွင် ဒုတိယတန်းကျောင်းသူ မွတ်ဆလင် မိန်းကလေးတဦးမှာ “ကုလား” အသွင်အပြင်ရှိသည့်အတွက် စင်မြင့် ဖျော်ဖြေမှုတွင် ပါဝင်ခွင့်မရခဲ့သည့် အတွက် ကျောင်းမသွားဝံ့ဘဲ ဖြစ်ခဲရသည်။

တဘက်နှင့် တဘက် လေးစား သည်းခံကြရန် ဆရာဆရာမများက သင်ကြားပေးကြပုံမရပါ။ သူငယ်တန်းကျောင်းသူလေး တဦးမှာ သူ၏ရုပ်ရည် (အထူးသဖြင့် မျက်ခုံး ၂ ခု ဆက်နေခြင်း)ကြောင့် အခြားကလေးငယ်များနှင့် ပေါင်းသင်းခြင်း မပြုနိုင်ခဲ့ပါ။

မွတ်ဆလင်ဆန့်ကျင်ရေး ၉၆၉ လှုပ်ရှားမှုနှင့် အတူ အလုပ်အကိုင်ရရှိရေးတွင်လည်း မွတ်ဆလင်များအပေါ် ခွဲခြားခြင်းများ တိုးလာသည်။ ယခင်ကဆိုလျှင် မွတ်ဆလင်များကို စစ်ဘက်နှင့် အရပ်ဘက်ဌာနများတွင် ရွေးချယ်ခန့်ထားခြင်း မပြုခဲ့ပါ။ ယခုအခါ မိသားစု စီးပွားရေးလုပ်ငန်းများနှင့် ကုမ္ပဏီများက မွတ်ဆလင်များကို အလုပ်သမားအဖြစ် ငှားရမ်းရန် ဆန္ဒ နည်းပါးလာကြသည်။ မကြာသေးမီက တက္ကသိုလ်မှ ဘွဲ့ရခဲ့သော မွတ်ဆလင် မိန်းကလေးတယောက် ဘဏ်တခုတွင် အလုပ်လျှောက်ထားခဲ့ရာ သူ့ကို ခန့်မည် မဟုတ်ကြောင်း ဘဏ်က သူ့ကို ပြောခဲ့သည်။

ဗမာ အားလုံး၊ ဗုဒ္ဓဘာသာဝင် အားလုံးက မွတ်ဆလင်များကို မုန်းတီးနေခြင်း မဟုတ်ပါ။ မြန်မာနိုင်ငံအတွင်း မွတ်ဆလင် ဆန့်ကျင်ရေး လှုပ်ရှားမှုများ ကျယ်ပြန့်လာသည်ကို စိုးရိမ်နေကြသော ဘုန်းတော်ကြီးများ၊ တက်ကြွလှုပ်ရှားသူများနှင့် သာမန်ပြည်သူများလည်း ရှိနေပါသည်။ သို့သော်လည်း သူတို့၏ သနားကြင်နာတတ်သော စိတ်ထားနှင့် အသံများက အင်အားနည်းနေသည်။

တင်းကျပ်သည့် နိုင်ငံသား ဥပဒေက မွတ်ဆလင်များကို ဒုတိယတန်းစား နိုင်ငံသားများ ဖြစ်စေသည့်အပြင် ၎င်းတို့ရင်ဆိုင်နေရသည့် ခွဲခြားဆက်ဆံမှုများက ဥပဒေရေးအရသာမဟုတ်ဘဲ အသိုင်းအဝိုင်း၏ အပြင်ကို ဖယ်ထုတ်ခြင်း အထူးသဖြင့် လူမျိုးရေးခွဲခြားမှုနှင့် ဥပေက္ခာပြုခြင်းမျိုးဖြစ်သည့် ပေါ်ပေါ်ထင်ထင် ငြင်းပယ်သည့် အလေ့အထကို ဖြစ်စေခဲ့သည်။ မွတ်ဆလင်များကို ခွဲခြားဆက်ဆံခြင်းက သူတို့၏ လူမှုရေးနှင့် ယဉ်ကျေးမှု သို့မဟုတ် လူမျိုးစုနှင့် ဘာသာရေး အပေါ်တွင် အခြေခံခြင်း ဖြစ်သည်။

ထို့ကြောင့် ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေကို မဖြစ်မနေ ဖြေရှင်းရမည်ဖြစ်သလို ပစ်ပယ်ထားခြင်း၊ လူမျိုးအမည် ဖျောက်ဖျက်ခြင်းနှင့် ခွဲခြားဆက်ဆံခြင်းများကို လူမှုရေးအရ၊ နိုင်ငံရေးအရ ဖြေရှင်းရန်လည်း အရေးကြီးပါသည်။ အပြန်အလှန် လေးစားခြင်း၊ အသိအမှတ်ပြုခြင်းများကို မြှင့်တင်ပေးခြင်းများ နည်းတူ မွတ်ဆလင်ဆန့်ကျင်ရေး ဝါဒဖြန့်ချိမှုများကို ရပ်တန့်ရန်နှင့် လူများစု၏ လူမျိုးရေးခွဲခြားသည့် အတွေးအခေါ်များနှင့် လုပ်ဆောင်ချက်များကိုလည်း မဖြစ်မနေ ဖြေရှင်းရမည် ဖြစ်သည်။

(စိုင်းလတ်သည် ကနေဒါနိုင်ငံ Simon Fraser တက္ကသိုလ်တွင် Ph.D. စာတမ်းပြုစုနေသူ မြန်မာသုတေသီတဦးဖြစ်သည်။ ဟောင်ကောင်အခြေစိုက် Asia Sentinel အွန်လိုင်းသတင်းဌာနပါ Sai Latt ၏ Burma’s Ominous Political Debate over Ethnicity ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

Did you find apk for android? You can find new Free Android Games and apps.
Loading