ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့အနီးတွင် နေထိုင်သော တောင်သူဦးပေါနှင့်ဒေါ်တင်ကြည်တို့သည် ပထမအိမ်ထောင်ဖက်များ ဆုံးပါးသွားကြပြီးနောက် ဒုတိယအကြိမ်မြောက် လက်ထပ်ခဲ့ပြီး အတူတကွနေထိုင်ခဲ့သည်။ လက်ထပ်စဉ်က စာချုပ်စာတမ်းဖြင့် လက်ထပ်ခြင်းမဟုတ်ပဲ အသက်အရွယ်ကြီးနေပြီဖြစ်၍ မလိုအပ်ဟု ယူဆကြသည်။ ပထမအိမ်ထောင်ဖက်များနှင့် သားသမီးများကိုယ်စီရှိကြပြီး နှစ်ဖက်စလုံးမှ သားသမီးများနှင့် အတူတကွ တအိမ်တည်းတွင် နေထိုင်ကြသည်။
သို့သော် မမျှော်လင့်ထားသော အဖြစ်အပျက်များ ကြုံတွေ့ခဲ့သည်။ မိမိတို့ ဇနီးမောင်နှံနှစ်ဦးစလုံးမှာ သင့်မြတ်စွာ အိမ်ယာထူထောင်ခဲ့သော်လည်း နှစ်ဖက်စလုံးရှိ သားသမီးများ အချင်းချင်း မသင့်မြတ်ကြပါ။ ဦးပေါနှင့်ဒေါ်တင်ကြည်တို့ ၂ ဦးစလုံး သားသမီးများအား မည်သို့မျှသင့်မြတ်အောင် ညှိနှိုင်း၍ မရသောကြောင့် အိမ်ခွဲနေခဲ့သည်။ တအိုးတအိမ်စီ နေထိုင်ကြသောအခါတွင် ပိုင်ဆိုင်မှုပြဿနာ အကျပ်ရိုက်ရပြီဖြစ်သည်။
ဇနီးမောင်နှံ ၂ ဦး ကြိုးစားပမ်းစား အတူတကွ ရှာဖွေစုဆောင်းမှုဖြင့် ဝယ်ယူထားသော လယ်ယာမြေ ၁.၅ ဧကအတွက် ပိုင်ဆိုင်မှုအား မည်သူ့အမည်ဖြင့် လျှောက်ထားရမည်ကို စဉ်းစား၍ မရနိုင်ဖြစ်ခဲ့သည်။ မိမိတို့နှစ်ဦးတွင် တဦးဆုံးပါးသွားလျှင် မည်ကဲ့သို့လုပ်ဆောင်ရမည်၊ ထိုပိုင်ဆိုင်မှု မည်ကဲ့သို့ဖြစ်မည်၊ မည်သည့်သားသမီး လုပ်ပိုင်ခွင့် ရသင့်သည် စသည်ဖြင့် မေးခွန်းပေါင်းများစွာနှင့် ကြုံခဲ့ရသည်။
အဆိုပါ ဇနီးမောင်နှံကဲ့သို့ မည်သို့လုပ်ဆောင်ဖြေရှင်းသင့်သည်ကို မသိရှိသော ကျေးလက်နေ တောင်သူလယ်သမားများ မြောက်မြားစွာရှိသည်။ ဥပဒေဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်း လုပ်ငန်းများအား ဆောင်ရွက်ပေးနေသော Namati INGO မှ ၂၀၁၃-၂၀၁၅ တွင် မြန်မာနိုင်ငံရှိ တောင်သူလယ်သမားများ မြေယာအခွင့်အရေး အပြည့်အဝ ရရှိစေရေး စီမံကိန်းတွင် ကောက်ခံရရှိထားသော အမှုအချက်အလက်များအရ လယ်ယာမြေမှတ်ပုံတင် လျှောက်ထားသည့် အမှုစုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းတွင် အမျိုးသားများဖြစ်သည်ကို တွေ့ရှိရသည်။
အိမ်ထောင်ရှင် အမျိုးသမီးများ အနေဖြင့် အမျိုးသားများအား အိမ်ထောင်စုအတွင်း ဦးစီးဆုံးဖြတ်ချက်ချမှု အများစုတွင် ဦးစားပေးလိုစိတ် ရှိကြသည်ကို တွေ့ရှိရသည်။ လယ်ယာမြေပိုင်ဆိုင်မှု လျှောက်ထားရာတွင် အိမ်ထောင်ဦးစီးအမည်ဖြင့်သာ အများဆုံးလျှောက်ထားသည်ကို တွေ့ရှိရသည်။ အိမ်ထောင်စုတခုတွင် မိမိပိုင်ဆိုင်သည့်မြေကို ခင်ပွန်း နှင့် ဇနီးမယားပါ တန်းတူ အလုပ်လုပ်ကိုင်ကြသော်လည်း ပိုင်ဆိုင်မှုတွင် လင်ယောကျၤား၏အမည်ဖြင့်သာ လျှောက်ထားသည်ကို အများဆုံးတွေ့ရှိရသည်။
ဇန်နဝါရီလ၂၀၁၆ တွင် အတည်ပြုပြီးသော အမျိုးသားမြေအသုံးချမှုမူဝါဒတွင် အမျိုးသမီးအခွင့်အရေးနှင့် ပတ်သက်၍ ယခင်က ရှင်းလင်းစွာ မပါရှိခဲ့သော အချက်အလက်များ ထင်ရှားစွာ တွေ့မြင်ရသည်။ အထူးသဖြင့် အပိုင်း ၉ တွင် အမျိုးသမီးများ၏ မြေယာရပိုင်ခွင့်အခွင့်အရေးများ၊ ပူးတွဲအမည်ပေါက်ထားရှိခြင်းအား ရှင်းလင်းစွာ ဖော်ပြထားသည်။ အမျိုးသမီးများ၏ မြေယာနှင့် ပတ်သက်သည့် အခန်းကဏ္ဍသည်လည်း ယခင်ကထက် များစွာတိုးတက်လာမည်ဟု မျှော်လင့်ရသည်။ သို့သော် အကောင်အထည်ဖော် လုပ်ဆောင်ခြင်းအဆင့်သည် စာရွက်ပေါ် ဖော်ပြသောအဆင့်ထက် များစွာ သတိထား လုပ်ဆောင်ရမည့်အချက်ဖြစ်သည်။ ဖော်ပြထားမှုနှင့် လက်တွေ့လုပ်ဆောင်နေမှုများမှာ ထပ်တူကျရန် အလွန်ပင်အရေးကြီးပါသည်။
ရှမ်းပြည်နယ်ရှိ ဟိုပါရွာမှ မဂျူမာက မိမိ မိဘများထံမှ အမွေရရှိထားသော လယ်ယာမြေအား ခင်ပွန်းဖြစ်သူနှင့်အတူ ပူးတွဲ ၂ ဦးအမည်ပေါက်မှတ်ပုံတင် လျှောက်ထားဆဲဖြစ်သည်။ အဆိုပါလျှောက်ထားမှုမှာ ၎င်းခင်ပွန်း၏ အကြံဉာဏ်အား မေးမြန်းပြီး ၂ ဦးပူးတွဲ မှတ်ပုံတင်ခြင်းဖြစ်သည်။ မဂျူမာ က “ကျမ မိဘတွေ အမွေပေးခဲတဲ့ ဒီလယ်ယာမြေကို ကျမ အမည်နဲ့ပဲ မှတ်ပုံတင်လျှောက်ထားချင်ပေမယ့် အမျိုးသားကို အကြံဉာဏ်တောင်းတော့ အတူတူလျှောက်သင့်တယ်လို့ ပြောတယ်။ သူ့တယောက်တည်း နာမည်နဲ့တော့ လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် မလျှောက်ချင်ပါဘူး။ အမျိုးသားတွေက အိမ်ထောင်ဦးစီးအနေနဲ့ နေရာတကာ ချယ်လှယ်ဆုံးဖြတ်ချင်ကြတယ်။ သူနဲ့ ကျမအတူတူ အလုပ်လုပ်ပေမယ့် သူကပဲ မိသားစုအတွင်း ဆုံးဖြတ်ချက် အများဆုံးချတယ်။ ကျမတော်တော် စိတ်ပင်ပန်းနေပြီ” ဟု ပြောသည်။
Namati ၏ အကူအညီဖြင့် ၂၀၁၃ ခုနှစ် လယ်ယာမြေမှတ်ပုံတင်လျှောက်နိုင်ခွင့် စီမံချက်ကာလတွင် ဦးပေါ နှင့် ဒေါ်တင်ကြည်တို့ှ ဇနီးမောင်နှံမှာ ရပ်ကွက်/ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ ၂ ဦး အမည်ပေါက် လယ်ယာမြေမှတ်ပုံတင် လျှောက်ထား တောင်းဆိုခဲ့သည်။ ထိုစဉ်က လျှောက်ထားခွင့်ရှိကြောင်းကိုပင် ကောင်းစွာမသိဘဲ ၎င်းတို့၏ဆန္ဒကို တင်ပြတောင်းဆိုခဲ့ ခြင်းဖြစ်သည်။ မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့မှ ပူးတွဲ ၂ ဦးအမည်ပေါက် လျှောက်ထားမှုအား လက်ခံခဲ့ပြီး သုံးလအကြာတွင် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) အား အောင်မြင်စွာ ရရှိခဲ့သည်။ ထိုကဲ့သို့ ရရှိပြီးနောက် ၎င်းတို့ ၂ ဦးစလုံးမှာ သားသမီးများ နောင်ရေးအတွက် စိတ်အေးသွားပြီး လက်ရှိပိုင်မြေတွင် လယ်ယာအလုပ်ကို ပျော်ရွှင်စွာ ဆက်လက်လုပ်ကိုင်လျှက် ရှိကြသည်။
Namati အဖွဲ့မှ အမျိုးသား၊ အမျိုးသမီးများ အခွင့်အရေး တန်းတူရရှိစေရန် ၂ ဦးအမည်ပေါက် ပူးတွဲမြေယာ မှတ်ပုံတင်ခြင်းများအား ကူညီလျှောက်ထားခဲ့သော်လည်း အချို့သော အမှုများအတွက် လုပ်ဆောင်ပေးနေသော သက်ဆိုင်ရာ အစိုးရအဖွဲ့များ အတွင်းတွင် မူဝါဒရေးရာ ရှင်းလင်းစွာ မသိရှိမှုများ ရှိသည်ကို တွေ့ရှိရသည်။ သက်ဆိုင်ရာဌာနများမှ စနစ်တကျ သေချာစွာ မည်သည့်အမှုကိစ္စအား မည်သို့လုပ်ဆောင်ရမည်ကို သေချာစွာ သိရှိမှု အားနည်းသည်ကို တွေ့ရှိရသည်။ စီမံကိန်းရှိရာ မြို့နယ်တိုင်းတွင် ပူးတွဲမြေယာမှတ်ပုံတင်ခြင်းအား လက်ခံသောမြို့နယ်ရှိသကဲ့သို့ လက်မခံဘဲ ငြင်းပယ်သော မြို့နယ်များလည်း တွေ့ရသောကြောင့် ဖြစ်သည်။
ဖွင့်လှစ်ထားသော ပူးတွဲ ၂ ဦးအမည်ပေါက် အမှုပေါင်း ၉၃ မှုမှာ ကြန့်ကြာဆဲဖြစ်ပြီး ၂ မှုသာလျှင် အောင်မြင်စွာ လျှောက်ထားပေးနိုင်ခဲ့သည်။ အောင်မြင်သော အမှုများထဲမှ တမှုတွင် လင်မယား ၂ ဦး၏ ပူးတွဲမြေယာ မှတ်ပုံတင်မှုဖြစ်ပြီး အခြားတမှုမှာ ညီအစ်ကို ၂ ဦး၏ ပူးတွဲမှတ်ပုံတင်မှုဖြစ်သည်။ တွေ့ရှိချက်မှာ မည်သည့် အမှုသည်မဆို အတူတကွ ၂ ဦးပူးတွဲ မှတ်ပုံတင်နိုင်သည်။
အမျိုးသမီးများအနေဖြင့် အိမ်ထောင်စုအတွင်း မြေယာပိုင်ဆိုင်မှုအား အမျိုးသားအမည်ဖြင့်သာ မှတ်ပုံတင်ခြင်းထက် မိမိအမည်ကိုပါ ထည့်သွင်းလျှောက်ထားခြင်းဖြင့် နောက်ဆက်တွဲပေါ်ပေါက်လာမည့် ပိုင်ဆိုင်ခွင့်ပြဿနာများအား ကာကွယ်ပြီးဖြစ်စေသည်။ ဥပမာ လင်ယောကျၤား ဆုံးပါးသွားမှသာ အဆိုပါလယ်ယာမြေမှတ်ပုံတင်ခြင်းအား မိမိနာမည်ဖြင့် လျှောက်ထားစရာ မလိုတော့သောကြောင့် ဖြစ်သည်။ ထိုသို့လျှောက်ထားမှု များပြားနေပြီး အချို့မှာလည်း မူလမှတ်ပုံတင်ထားသူ နာမည်ဖြင့်သာ ထားရှိသည်။
အမျိုးသမီးများအနေဖြင့် မြေယာပိုင်ဆိုင်မှု အခွင့်အရေးနှင့်ပတ်သက်သည့် အချက်အလက်များအား မျက်စိဖွင့် နားစွင့်နေကြရန် လိုအပ်ပြီး အမျိုးသားများ၏ နောက်တွင်သာ မနေကြဘဲ အတူတကွ ပူးတွဲလုပ်ဆောင်ပြီး မိမိ၏ ရပိုင်ခွင့် အခွင့်အလမ်းများအား ရှာဖွေရန် လိုအပ်သည်။
အမျိုးသမီးများတွင် မြေယာအခွင့်အရေး အပြည့်အဝရရှိစေရန် သက်ဆိုင်ရာတာဝန်ရှိသူများမှ ပူးတွဲမြေယာ မှတ်ပုံတင်ခြင်းအား အသိပေးပြောကြားသင့်ပါသည်။ အမျိုးသားမြေအသုံးချမှု မူဝါဒတွင် ရှင်းလင်းစွာဖော်ပြထားသော ဥပဒေအချက်အလက်များအား ပြည်သူများသိအောင် အသိပေးပြောကြားမှုများပြုလုပ်သင့်ပါသည်။ မြေယာနှင့် ပတ်သက်၍ ဆုံးဖြတ်ဆောင်ရွက်ရသည့် ရာထူးနေရာများတွင် အမျိုးသမီးဝန်ထမ်းများအား ခန့်အပ်ထားခြင်းသည် အမျိုးသမီးများမြေယာအခွင့်အရေး တန်းတူရရှိနိုင်မှုတွင် အထောက်အကူ ဖြစ်စေပါသည်။
အရပ်ဖက်လူမှုအဖွဲ့အစည်းများ အနေဖြင့်လည်း အားနည်းနေသည့် အမျိုးသမီးများ၏ မြေယာအခွင့်အရေးနှင့် ပတ်သက်၍ ပိုမိုလုပ်ဆောင်သင့်ပါသည်။ မြေယာအခွင့်အလန်းများ နှင့် ဥပဒေအသိပညာများ ကျေးလက်နေ အမျိုးသမီးများ ပိုမိုသိရှိစေရန် လုပ်ဆောင်ပေးသင့်သည်။
သက်ဆိုင်ရာအစိုးရများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ ပြည်သူလူထုများအနေဖြင့် အမျိုးသမီးများ မြေယာအခွင့်အရေးနှင့်ပတ်သက်၍ ဟန်ချက်ညီညီ အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် မြန်မာနိုင်ငံရှိ အမျိုးသမီးများ၏ မြေယာအခွင့် အရေးသည် ပိုမိုမြှင့်တက်လာမည်မှာ အသေအချာပင်ဖြစ်သည်။
(နန့်သီသီဦးသည် ရန်ကုန်အခြေစိုက် Namati: Innovations In Legal Empowerment မှ တွဲဘက်တာဝန်ခံဖြစ်သည်။ Namati သည် မြန်မာနိုင်ငံတွင် မျှတသောမြေယာ အခွင့်အရေး ရရှိအောင်ကူညီဆောင်ရွက်ပေးနေသော INGO ဖြစ်သည်။)