နိုင်ငံရေး ဦးတည်ချက် ဆန့်ကျင်ဘက် ဖြစ်နေသည့် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ကဲ့သို့ အဖြစ်မျိုးကို အိမ်နီးချင်းနိုင်ငံ တချို့တွင်လည်း မြင်တွေ့ခဲ့ကြရပြီး ဖြစ်ပါသည်။ ၁၉၆၂ ခုနှစ်နောက်ပိုင်းတွင် စစ်အာဏာရှင် လက်အောက်၌ ရာစုနှစ်ဝက် တခုကျော် နေထိုင်ခဲ့ရပြီးနောက် မြန်မာနိုင်ငံသည် ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက ကျင်းပခဲ့သော လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲနှင့်အတူ ဒီမိုကရေစီ အုပ်ချုပ်ရေးသို့ ပြန်လည်ရောက်ရှိလာပြီး ဒေါ်အောင်ဆန်းစုကြည် နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NlD) ပါတီက ဦးဆောင်သည့် အရပ်သား အစိုးရတခု ရှိလာပြီ ဖြစ်သည်။
တချိန်တည်းမှာပင် ထိုင်းနိုင်ငံ၌ စစ်ဘက် အာဏာရှင် အုပ်ချုပ်ရေးမှသည် လူအများစုဆန္ဒဖြင့် အုပ်ချုပ်ရေးဆီသို့ ကူးပြောင်းရေးမှာ ၂၀၀၆ ခုနှစ်နှင့် ၂၀၁၄ ခုနှစ် စစ်တပ်အာဏာ သိမ်းယူမှုများကြောင့် အာဏာရှင် စနစ်ဆီသို့သာ ပြန်သွားနေရသည့် ပုံမှန် မဟုတ်သော အခြေအနေများ ဖြစ်ပေါ်လာနေသည်။
အရှေ့တောင် အာရှနိုင်ငံ ၂ ခုတွင် နိုင်ငံရေး အနာဂတ်များ လားရာဆန့်ကျင်နေခြင်းက မှတ်သားဖွယ်ရာဖြစ်သည်။ ရပ်တည်ချက်မတူညီသော အသိုင်းအဝိုင်းများကြားတွင် အလုပ်ဖြစ်စေမည့် တိုးတက်မှုရစေနိုင်မည့် ဟန်ချက် ညီမျှမှု ရရှိရေးတွင် စေ့စပ်ညှိနှိုင်းခြင်း နှင့် လိုက်လျောခြင်းများ၏ အရေးပါမှုကို ပြသနေသည်။
မြန်မာနိုင်ငံသည် စစ်အုပ်ချုပ်ရေး လက်အောက်တွင် ကာလကြာရှည်စွာ ရှိနေခဲ့စဉ်အတွင်း နိုင်ငံတကာ၏ ပစ်ပယ်မှုနှင့် ရင်ဆိုင်ခဲ့ရပြီး အနောက်နိုင်ငံများ၏ ဒဏ်ခတ်ပိတ်ဆို့မှုများနှင့် ရင်ဆိုင်ခဲ့ကြရကာ အာဆီယံအဖွဲ့အတွင်းတွင် အင်အားနည်းသော နိုင်ငံတခု ဖြစ်ခဲ့ရသည်။ အဖွဲ့တွင်းတွင် မြန်မာနိုင်ငံပါဝင်နေသည့် အတွက် အာဆီယံသည် ဒီမိုကရေစီ နိုင်ငံကြီးများမှ အစိုးရများနှင့် ပြုလုပ်မည့် ထိပ်သီး အစည်းအဝေးများကို ကျော်ပစ်ရခြင်း၊ အရွယ်အစား လျှော့ချရခြင်းများ မကြာခန ပြုလုပ်ခဲ့ရသည်။ မြန်မာနိုင်ငံကိုယ်တိုင်လည်း ၂၀၀၅ ခုနှစ်တွင် အာဆီယံအဖွဲ့၏ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို လက်မခံဘဲ အလှည့် ကျော်ခဲ့ရသည်။
မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေးများ စတင်လာသည့်အခါ ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီးများက အထူးအခွင့်အရေးများနှင့် သူတို့တွင် ယခင်က ရှိထားခဲ့သည်များကို ထိန်းသိမ်းရန် ဆန္ဒရှိခဲ့ကြသည်။ သို့သော်လည်း နိုင်ငံရေး လွတ်လပ်မှုက မည်ကဲ့သို့ အရှိန်အဟုန်ဖြင့် ပျံ့နှံ့သွားနိုင်သည် ဆိုခြင်းအပေါ် သူတို့ လျှော့တွက်ခဲ့ကြသည်။ အထူးသဖြင့် ငြိမ်သက် သော်လည်း တာဝန်ယူမှုရှိသည့် ခေါင်းဆောင်မှုတခု၏ အောက်တွင်ဖြစ်သည်။ ဗိုလ်ချုပ်ကြီးဟောင်း တယောက် ဖြစ်သည့် သမ္မတ ဦးသိန်းစိန်က ၂၀၁၁ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးပြီး နိုင်ငံရေး နှင့် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သော်လည်း သူ၏ အစိုးရအဖွဲ့ကို ဖြေလျှော့ပေးခြင်း မရှိသေးသည့် အခြေခံ အခွင့်အရေးနှင့် လွတ်လပ်ခွင့် စသည့် ဖိအားများအောက်သို့ လျင်လျင်မြန်မြန်ပင် ရောက်ရှိသွားခဲ့သည်။
ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေးများကို နောက်ပြန်နိုင်ရေးက မြန်မာတပ်မတော်အတွက် အရင်းအနှီး ကြီးမားလာသည်။ မြန်မာ့တပ်မတော်သည် အခြေခံဥပဒေပါ အခွင့်အရေးများနှင့်အညီ ရပ်တည်နေသည့် အဖွဲ့အစည်းတခု ဖြစ်သည်။ အခြေခံ ဥပဒေအရ ဥပဒေပြုလွှတ်တော်တွင် စစ်တပ်က ၂၅ ရာခိုင်နှုန်း ကိုယ်စားပြုခွင့် ရရှိထားပြီး အခြေခံဥပဒေ ပြင်ဆင်ရေး အတွက်လည်း ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ထောက်ခံရန် လိုအပ်သည်။ လုံခြုံရေး နှင့် သက်ဆိုင်သည့် ပြည်ထဲရေး၊ ကာကွယ်ရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနများကိုလည်း စစ်တပ်က ထိန်းချုပ်ထားသည်။ အခြေခံ ဥပဒေ၏ နောက်ထပ် ပုဒ်မတခုကလည်း နိုင်ငံခြားသား မိသားစုဝင်များ ရှိနေသော ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ တာဝန် ထမ်းဆောင်နိုင်ခြင်း မရှိစေရန် တားမြစ်ထားသည်။ စစ်တပ်ဘက်က နောက်ဆုံး အပေးအယူ ညှိနှိုင်းနိုင်သည့် အချက်လည်း ဖြစ်သည်။
ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် NLD က ရွေးချယ်ခံ ကိုယ်စားလှယ်နေရာ ၇၇ ရာခိုင်နှုန်း အနိုင်ရရှိခဲ့ပြီး စစ်တပ်က ကျောထောက်နောက်ခံ ပေးထားသော ကြံ့ခိုင်ရေးပါတီက ၁၀ ရာခိုင်နှုန်းသာ အနိုင်ရရှိခဲ့သည့်အတွက် အခြေအနေက ဒေါ်အောင်ဆန်းစုကြည်ဘက်သို့ ရောက်ရှိလာသည်။ ဒေါ်အောင်ဆန်းစုကြည်က သူ၏ ယုံကြည်ကိုးစားခံရသူ တဦးဖြစ်သည့် ဦးထင်ကျော်ကို သမ္မတအဖြစ် ခန့်အပ်လိုက်ပြီးနောက် အစိုးရ၏ လုပ်ငန်းကိစ္စများကို ကြီးကြပ်ရန်အတွက် ယခင်က မရှိခဲ့သော နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူးနေရာ အသစ်တခုကို ရယူလိုက်သည်။ ထို့အပြင် သမ္မတရုံးဝန်ကြီး ရာထူးနှင့် နိုင်ငံခြားရေး ဝန်ကြီး ရာထူးကိုပါ ပူးတွဲရယူခဲ့သည့်အတွက် တိုင်းပြည်၏ အထိရောက်ဆုံးသော ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး ဖြစ်လာခဲ့သည်။
ယခုအချိန်အထိ တပ်မတော်က နှုတ်ကို စောင့်ထိန်း၍ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီကို လွတ်လပ်စွာ လုပ်ကိုင်ခွင့်ပြုထားသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် စစ်ဗိုလ်ချုပ်များက အာဏာရှင် အုပ်ချုပ်ရေး လက်အောက်မှ ယခင်က ရက်စက်သည့် လမ်းဟောင်းများထံသို့ ပြန်မသွားလိုကြောင်း ထင်ရှားနေသည်။ ယခင်က ဖြစ်ခဲ့သည်များနှင့် ပတ်သက်၍ အာဃာတ မထားကြောင်း ပြသ၍ အပြန်အလှန် နားလည်မှုရယူရေးက ဒေါ်အောင်ဆန်းစုကြည်၏ တာဝန် ဖြစ်လာပါလိမ့်မည်။ အကယ်၍ သူက ဗိုလ်ချုပ်ကြီးများနှင့် သူတို့၏ ခရိုနီများ၏ အကျိုးစီးပွားကို ရယူရန်အတွက် အလျင်အမြန် လုပ်ဆောင်ခဲ့လျှင် သို့မဟုတ် သူ သမ္မတ မြန်မြန်ဆန်ဆန် ဖြစ်လာရေးအတွက် အခြေခံဥပဒေ ပြင်ဆင်ရေးကို အားစိုက်ခဲ့လျှင် စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးက ပြိုကွဲသွားနိုင်ပါသည်။
ယခုအချိန်အထိ ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်၏ ယခင်က ဆောင်ရွက်ချက်များအတွက် တရားမျှတမှုနှင့် စစ်အုပ်ချုပ်ရေး ကာလမှ အကျင့်ပျက်ခြစားမှုများကို ကိုင်တွယ်ဖြေရှင်းရေးနှင့် ပတ်သက်၍ တိတိကျကျ ပြောကြားခြင်း မရှိသေးပါ။ သူ့အနေဖြင့် မျှော်လင့်ချက်များကို ဖြေရှင်းစီမံပေးရန် လိုအပ်လာပါလိမ့်မည်။ အရပ်သား အစိုးရတခုနှင့် စစ်တပ်ကို အကွာအဝေးတခု ခြား၍ ကြိုးတန်းလျှောက်ရင်း လက်တွေ့ရလဒ်များ ရယူပေးရန်လည်း လိုအပ်လာပါလိမ့်မည်။
ထိုင်းနိုင်ငံမှာမူ မြန်မာနိုင်ငံကဲ့သို့ မဟုတ်ဘဲ ပြည်ပရောက် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်၏ပါတီ၊ ရွေးကောက်ခံ အင်အားစုများ နှင့် ရှေးရိုးစွဲ ပြိုင်ဘက်များကြားတွင် တန့်နေသည်။ ၂၀၀၁ ခုနှစ်မှ စ၍ ထိုင်းရွေးကောက်ပွဲ အားလုံးတွင် အနိုင်ရရှိခဲ့သည့် သက်ဆင် ရှင်နာဝပ်က စစ်တပ်၊ သက်ဦးဆံပိုင်စနစ် နှင့် ဗျူရိုကရေစီ တို့တွင်သာ တဝဲလည်လည် ဖြစ်နေသော စစ်အေးခေတ်က နိုင်ငံရေး အစဉ်အလာ နှင့် ကွဲပြားစွာဖြင့် ဂလိုဘယ်လိုက်ဇေးရှင်းနှင့် ဒီမိုကရေစီရေးများကို ဆက်တိုက် လုပ်ဆောင်နိုင်ခဲ့သည်။ သို့သော်လည်း မိသားစု စီးပွားရေးလုပ်ငန်းများနှင့် သူ၏ အုပ်ချုပ်ရေးတို့ ဆက်နွှယ်မှုများကြောင့် အကျင့်ပျက် ခြစားမှုများနှင့် အာဏာအလွဲသုံးစားမှုများ ပေါ်ပေါက်စေခဲ့ပါသည်။
သူ၏ အကျိုးစီးပွားဆိုင်ရာ ကိစ္စများနှင့် လွှတ်တော်လူများစု အခိုင်အမာ ရရှိထားခြင်းတို့ကြောင့် ၂၀၀၆ ခုနှစ် စက်တင်ဘာလတွင် စစ်တပ်က အာဏာသိမ်းယူမှု ပေါ်ပေါက်လာစေခဲ့သည်။ သက်ဆင်ရှင်နာဝပ် ဆန့်ကျင်ရေး လမ်းပေါ်ဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့ပြီး လအနည်းငယ် အကြာတွင်ဖြစ်သည်။ အာဏာသိမ်း စစ်ဗိုလ်ချုပ်များက သက်ဆင် ရှင်နာဝပ်၏ အာဏာကို လျှော့ချနိုင်ရန်အတွက် အထက်လွှတ်တော် ဆီးနိတ်၏ တဝက်ကို ခန့်အပ်သည့် အခြေခံ ဥပဒေသစ်တခု ရေးဆွဲခဲ့ပြီး တရားစီရင်ရေးပိုင်းသို့လည်း အာဏာပြောင်းရွှေ့မှုများ ပြုလုပ်ခဲ့သည်။
သက်ဆင် ရှင်နာဝပ်၏ ပါတီက ရွေးကောက်ပွဲတွင် ဆက်ရှိနေခဲ့သော်လည်း သူ့ကိုဆန့်ကျင်သည့် ရှပ်ဝါ ဆန္ဒပြပွဲများ ပိုမို ပေါ်ပေါက်လာခဲ့ကာ နောက်ဆုံးတွင် အတိုက်အခံက ဦးဆောင်သည့် အစိုးရသစ်တခု တက်လာခဲ့သည်။ သို့သော်လည်း သူ၏ ညီမ အငယ်ဆုံး ယင့်လတ် ရှင်နာဝပ်က ၂၀၁၁ ခုနှစ် ဇူလိုင်လ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် အတွက် သက်ဆင် ရှင်နာဝပ် ပြန်လည် ပေါ်ထွက်လာခဲ့သည်။
ညီမ ဖြစ်သူ၏ အစိုးရလက်တွင် အာဏာတည်ငြိမ်လာသည့် အချိန်တွင် သက်ဆင် ရှင်နာဝပ်က ပြိုင်ဘက်များကို နောက်ထပ် အခွင့်အရေးပေးသည့် အနေဖြင့် သူ့အပေါ် စွပ်စွဲထားသည့် ရာဇဝတ်မှုများ နှင့် စီရင်ချက်များမှ လွတ်မြောက်ပြီး နိုင်ငံသို့ ပြန်လာခွင့်ရရှိစေနိုင်မည့် လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေကြမ်းတခုကို ၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် စတင် ဖော်ဆောင်ခဲ့သည်။ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် ရှပ်ဝါများ၏ လမ်းပေါ် ဆန္ဒပြပွဲများ ပိုမိုပေါ်ပေါက်လာစေခဲ့ပြီး ၂၀၁၄ ခုနှစ် မေလတွင် စစ်တပ်က နောက်တကြိမ် အာဏာသိမ်းခဲ့သည်။
ယခု တကြိမ်တွင် ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာ ဦးဆောင်သော ထိုင်းစစ်ဗိုလ်ချုပ်များက အစိုးရကို တိုက်ရိုက် အုပ်ချုပ်ပြီး ပညာရှင်အနည်းငယ်ကိုသာ ခန့်အပ်ခဲ့သည်။ အမျိုးသား ငြိမ်းချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး ကောင်စီ (National Council for Peace and Order) ဟုခေါ်သည့် စစ်အစိုးရက ကြားဖြတ် ဖွဲ့စည်းပုံတခုကို ချမှတ်ပြီး ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာကို အာဏာအပြည့်အ၀ အပ်နှင်းခဲ့သည်။ ယခင် စစ်အာဏာရှင် အစိုးရများ အတိုင်းပင်ဖြစ်သည်။ ရာနှင့် ချီသော အစိုးရဆန့်ကျင်သူများကို စစ်တန်းလျားများတွင် ၇ ရက်ခန့် ဖမ်းဆီးထိမ်းသိမ်း ထားခဲ့သည်။ လူ့အခွင့်အရေး ဆောင်ရွက်သူများကို ခြိမ်းခြောက်ခဲ့ပြီး စာနယ်ဇင်းသမားများကို ဖိနှိပ်ကန့်သတ်ခဲ့သည်။
National Council for Peace and Order က လက်ညိုးထောင် ခေါင်းညိတ် လွှတ်တော်တခု၊ ပြုပြင်ပြောင်းလဲရေး ညီလာခံတခု၊ အခြေခံဥပဒေ ရေးဆွဲရေး ကော်မတီ နှင့် ပရာယွတ် ချန်အိုချာ ကိုယ်တိုင် ခေါင်းဆောင်သည့် အစိုးရအဖွဲ့ တခုကို ဖွဲ့စည်းခဲ့ပါသည်။ စစ်တပ်က ရေးဆွဲထားသည့် အခြေခံဥပဒေကြမ်းတွင် စစ်တပ်က ခန့်အပ်သည့် အထက် လွှတ်တော်ကို အာဏာအများအပြား ပေးအပ်ထားပြီး စစ်ဗိုလ်ချုပ်ကြီးများက ထိုင်းနိုင်ငံ ဖြစ်လာသင့်သည်ဟု သတ်မှတ်ထားသည့် အခြေအနေ တခုဆီသို့ ဦးတည်သည့် ပြုပြင်ပြောင်းလဲရေးကာလ နှစ် ၂၀ အတွင်းတွင် ၎င်းတို့က ရွေးကောက်ခံ အစိုးရ မှန်သမျှကို ၅ နှစ်ကြာ စောင့်ကြည့် နိုင်မည်ဖြစ်သည်။ ထို့အပြင် ဖွဲ့စည်းပုံအရ ဝန်ကြီးချုပ်သည် ရွေးကောက်ခံ ကိုယ်စားလှယ် ဖြစ်ရန် မလိုအပ်သည့်အတွက် စစ်အစိုးရက ရွေးချယ်ပေးနိုင်ရန် လမ်းဖွင့်ပေးထားသည်။
အကယ်၍ သြဂုတ်လ ၇ ရက်နေ့တွင် ပြုလုပ်မည့် ဆန္ဒခံယူပွဲတွင် အခြေခံ ဥပဒေကို အတည်ပြုနိုင်ခဲ့လျှင် ရွေးကောက်ပွဲများကို ၂၀၁၇ ခုနှစ်တွင် ကျင်းပနိုင်မည် ဖြစ်သည်။ အရပ်ဘက် အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများက စစ်တပ်ကို ပေါ်ပေါ်ထင်ထင် ဦးစားပေးထားသည့် အခြေခံဥပဒေကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြသည့် အတွက် တင်းမာမှုများလည်း တိုးလာခဲ့သည်။
တရားဥပဒေ စိုးမိုးရေးကို ပြန်လည် ထိန်းသိမ်းရန် စစ်တပ်၏ စွတ်ဖက်မှုကို ယခင်က ထောက်ခံ အားပေးခဲ့ကြသူ အများအပြား နှင့် အသွင်ကူးပြောင်းရေးတွင် စစ်တပ်၏ စောင့်ရှောက်မှု မရှိမဖြစ် လိုအပ်သည်ဟု ယူဆခဲ့ကြ သူများမှာလည်း သံသယများ ရှိလာကြပြီ ဖြစ်သည်။ အနာဂတ်တွင် ထိုင်းနိုင်ငံမှ စစ်ဗိုလ်ချုပ်များက အာဏာကို ကာလကြာရှည်စွာ ဆက်လက် ထိန်းချုပ်ထားမည့် အသွင်ရှိနေပြီး သူတို့နှင့် အယူအဆ ဆန့်ကျင်သူများ ပါဝင်လာကြနိုင်မည် မဟုတ်ပါ။ ထို့ကြောင့် ထိုင်းနိုင်ငံက ဦးတည်နေသည့် လမ်းကြောင်းသည် ပိုမို၍ ကသောင်းကနင်းများ ဖြစ်လာဖွယ်ရာရှိနေပါသည်။
ထိုင်းနိုင်ငံတွင် လိုအပ်နေသည်မှာ မြန်မာနိုင်ငံတွင် တွေ့မြင်ခဲ့ရသော ဆွေးနွေးညှိနှိုင်းမှုမျိုး၊ နေရာချထားမှုမျိုး ဖြစ်ပါသည်။ ထိုသို့ ဖြစ်လာရန်မှာ ထိုင်းနိုင်ငံ၏ နိုင်ငံရေး ပြဿနာနှင့် ရပ်တည်ချက်က အဆိုးဆုံး အခြေအနေမှနေ၍ ဘက်အသီးသီးမှ ပါဝင်ပြီး မည်သူမျှ အသာစီးမရနိုင်သည့် နားလည်မှုတခုဆီသို့ ဦးတည်ရမည်ဖြစ်ပြီး အလျှော့အတင်းနှင့် စေ့စပ် ညှိနှိုင်းမှုများက ရှောင်လွှဲမရနိုင်ပါ။ ယခု လက်တွေ့အခြေအနေသို့ ရောက်ရှိရန်အတွက် မြန်မာစစ်အစိုးရက ဆယ်စုနှစ် ၅ ခု နီးပါး အချိန်ယူခဲ့ရသည်။ ထိုင်းနိုင်ငံတွင်းနှင့် နိုင်ငံပမှ လေ့လာစောင့်ကြည့် သူအများစုက မြန်မာနိုင်ငံလောက် အချိန်ယူရမည် မဟုတ်ဟု မျှော်လင့်ထားကြပါသည်။
Bangkok Post သတင်းစာတွင် ဖော်ပြခဲ့သော Thitinan Pongsudhirak ၏ Thailand Lags as Myanmar Gains Ground ကို နိုင်မင်းသွင် ဘာသာပြန်သည်။ Thitinan Pongsudhirak သည် ထိုင်းနိုင်ငံ၊ ချူလာလောင်ကွန်း တက္ကသိုလ်မှာ တွဲဘက် ပါမောက္ခတဦး ဖြစ်သည်။