ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ဥပဒေ သုံးသပ်ချက်

ဘိုကြည်

This article has been converted from Zawgyi One to Unicode

ယနေ့ လွှတ်တော်များတွင် ဆွေးနွေးနေသော ဥပဒေများကို အကြမ်းဖျင်း သုံးသပ်ရလျှင် လွှတ်တော်များသည် ဥပဒေများနှင့် ပတ်သက်၍ လက်ရှိ နိုင်ငံရေးစနစ်ဖြင့် မကိုက်ညီတော့သော ဥပဒေများကို ဖျက်သိမ်းခြင်း၊ လက်ရှိခေတ် အခြေအနေ နှင့် ကိုက်ညီအောင် ပြုပြင်နေခြင်း၊ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး လုပ်ငန်းစဉ်များ အတွက် အထောက်အကူ ပြုနိုင်သော ဥပဒေများကို အသစ်ရေးဆွဲခြင်းများ ပြုလုပ်နေသည်ဟု ကျနော့်အနေဖြင့် သိရှိထားပါသည်။ ထိုသို့ စဉ်းစား လုပ်ဆောင်နေခြင်းများ အတွက်လည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါသည်။
နိုင်ငံတခု၏ ဥပဒေများဆိုရာတွင် နိုင်ငံသား နှင့် နိုင်ငံရေးဆိုင်ရာ အခွင့်အရေးများ၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု နှင့် ဆိုင်ရာ အခွင့်အရေးများ၊ နိုင်ငံတော် လုံခြုံရေးအတွက်ဆိုင်ရာ ဟူ၍ အကြမ်းဖျင်းအားဖြင့် ခွဲခြားနိုင်ပါသည်။

ဥပဒေ ရေးဆွဲရခြင်း အကြောင်းမှာ ပေါ်ပေါက်လာသော ပြသနာများကို ဖြေရှင်းရန်နှင့့် ထိုသို့သော ပြဿနာများ ထပ်မံ မဖြစ်ပွားစေရန်၊ ပြီးခဲ့သည့် ပြဿနာများကို ခွဲခြမ်းစိတ်ဖြာပြီး အသစ်ထပ်မံ ရေးဆွဲရခြင်း ဖြစ်သည်ဟု အကြမ်းအားဖြင့် နားလည်ပါသည်။

ဥပဒေများကို ရေးဆွဲရာတွင် အဓိက အခြေခံရမည့် မူများရှိပြီး ဖြစ်သည်။ ထိုမူများမှာ တည်ဆဲ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေး နှင့် တာဝန်များ၊ နိုင်ငံတကာ ဥပဒေများပါ  လူတဦးချင်းစီ နှင့် လူအုပ်စုများ အတွက် သတ်မှတ်ထားသော အခွင့်အရေးများ နှင့် တာဝန်များ ဖြစ်ပါသည်။

ကောင်းမွန်သည့် ဥပဒေတခုဆိုသည်မှာ ထိုအချက်များထဲမှ တခုခုကို ကျော်လွန် လွှမ်းမိုးထားခြင်း ရှိ မရှိ၊ ထိုအချက်များနှင့် သဟဇာတ ဖြစ်ခြင်းရှိ မရှိ စသည်တို့နှင့် တိုင်းတာရပါမည်။

ဥပမာအားဖြင့် “ငြိမ်းစုစီ ဥပဒေ” ဟု အတိုကောက် ခေါ်သော ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ဥပဒေကို လေ့လာသုံးသပ်ကြည့်လျှင် –

ယခု လွှတ်တော်မှ ပြန်လည်ပြုပြင်ရန် အဆိုတင်သွင်းထားသော ဥပဒေသည် ယခင် ၂၀၁၁ ခုနှစ်တွင် ပြည်ထဲရေး ဝန်ကြီးဌာနက ဦးဆောင်ရေးဆွဲ တင်သွင်း၍ ပြီးခဲ့သည့် ပထမအကြိမ်လွှတ်တော် သက်တမ်းတွင် အတည်ပြုခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ပြန်လည် ပြုပြင်ရေးဆွဲခဲ့သည့် ငြိမ်းချမ်းစွာ စုဝေးခြင်း နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ဆိုင်ရာ ဥပဒေကို ထပ်မံ မွမ်းမံထားခြင်း ဖြစ်ပါသည်။

ယခု ပြန်လည်ပြုပြင်ရန် အဆိုပြုထားသော ဥပဒေ တွင် အခန်းပေါင်း ၈ ခန်းပါရှိသည်။

အခန်း (၁) အမည် နှင့် အဓိပ္ပါယ်ဖွင့်ဆိုချက်တွင်ပင် ခွဲခြားထားသည့် သဘောများ တွေ့မြင်နေရသည်။ အဆိုပြု ဥပဒေပါ ပုဒ်မ ၂ (က) တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အတည်ပြု ပြဌာန်းသည့်နေ့တွင် ဥပဒေအရ နိုင်ငံသားဖြစ်ပြီးသူတို့၏ ဟု အဓိပ္ပါယ် ဖွင့်ဆိုလိုက်ခြင်းသည် နိုင်ငံသား မဟုတ်သေးသူများ (နှင့် ဥပဒေအရ နိုင်ငံတွင်း မှီတင်းနေထိုင်နေသော နိုင်ငံသား မဟုတ်သူများ) ငြိမ်းချမ်စွာ စုဝေးခြင်း နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း မပြုနိုင်ဟု ဥပဒေက သတ်မှတ်လိုက်ခြင်း ဖြစ်ပါသည်။

ထိုသည်မှာ နိုင်ငံတကာ ဥပဒေများအရ သွေဖည်သွားပါသည်။ ကျနော်တို့ မြန်မာနိုင်ငံသားများ ထိုင်း၊ အမေရိကန်၊ ဂျပန်၊တောင်ကိုးရီးယား အစရှိသဖြင့် နိုင်ငံများတွင် အလုပ်ရှင်များကို ဖြစ်စေ၊ ထိုနိုင်ငံများရှိ မြန်မာသံရုံးများ ရှေ့တွင် ဖြစ်စေ ငြိမ်းချမ်းစွာစုဝေးခြင်း၊ မြန်မာသမ္မတ၏ နိုင်ငံခြားခရီးစဉ်များတွင် ထောက်ခံ၍ပဲ ဖြစ်စေ၊ ကန့်ကွက်၍ ဖြစ်စေ မြန်မာနိုင်ငံသားများ ဆန္ဒပြနေသည်ကို တွေ့မြင်ရပေမည်။ အဆိုပါ မြန်မာနိုင်ငံသားများသည် ၎င်းတို့နေထိုင်နေသော နိုင်ငံ၏ နိုင်ငံသားများ မဟုတ်ကြပါ။ တခြားနိုင်ငံများ နှင့် နိုင်ငံတကာ ဥပဒေများတွင် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်း တို့သည် နိုင်ငံသား မဟုတ်သော ဥပဒေအရ ထိုနိုင်ငံများတွင် နေထိုင်သူအားလုံး တန်းတူ အခွင့်အရေး ရှိပါသည်။ ထိုသို့ ပြုမူသည့်အတွက် ဖမ်းဆီးခံရခြင်း မရှိပါ။ ထို့အတွက် ယခုစဉ်းစားချက်ကို ထည့်သွင်းသင့်ပါသည်။

ထို့အပြင် ပုဒ်မ ၂ (ခ) သည်လည်း ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်း ပြုလုပ်နိုင်ရန် (ကူညီ) အားပေးရမည့် အစား သတ်မှတ်စည်းကမ်းများ နှင့်အညီ ဟုဆိုကာ ဥပဒေကို ပိုမိုတင်းကျပ်အောင် ပြုလုပ်ထားသည့်အပြင် ငြိမ်းချမ်းစွာ စုဝေးခြင်းကို ပြည့်စုံစွာ ဖော်ပြထားခြင်းလည်း မရှိပါ။ အမှန်တကယ် ဖြစ်သင့်သည်မှာ ငြိမ်းချမ်းစွာ စုဝေးခြင်း ဆိုသည်မှာ လက်နက် မပါဝင်ဘဲ ငြိမ်းချမ်းစွာ စုဝေးခြင်း၊ အစည်းအဝေး ပြုလုပ်ခြင်း၊ ထိုင်သပိတ်ဆင်နွဲှခြင်း၊ ဟောပြောခြင်း၊ ဆန္ဒဖော်ထုတ်ခြင်း နှင့် အခြားသော သီးခြား ရည်ရွယ်ချက်ဖြင့် ယာယီစုဝေးမှု ပြုလုပ်ခြင်း များထဲတွင် လုပ်ဆောင်ခြင်း နှင့် ပူးပေါင်းပါဝင်ခြင်းတို့ ဖြစ်သင့်သည်။ ထိုနည်းတူ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ဆိုသည်မှာလည်း အများပြည်သူ ဆိုင်ရာ လမ်းတွင် မိမိသဘောထား ဆန္ဒကို ဖော်ပြရန် အလို့ငှာ တဦးထက် ပိုသူများက လက်နက်မပါဘဲ ငြိမ်းချမ်းစွာ စနစ်တကျ လှည့်လည်ဟောပြော ဆန္ဒထုတ်ဖော်ခြင်း ဖြစ်သင့်သည်။

အခြားသော အပိုဒ်များတွင်လည်း တနည်းနည်းဖြင့် ငြိမ်းချမ်းစွာ စုဝေးလိုသူနှင့် စီတန်းလှည့်လည် လိုသူများအတွက် အကန့်အသတ်နှင့် ဝန်ထုတ်ဝန်ပိုး ဖြစ်စေရန် ရည်ရွယ်ထားသော စကားလုံးများကိုလည်း ထည့်သွင်းထားသည်ကို တွေ့ရှိရသည်။ ထိုစကားလုံးများကို ဖြုတ်ပစ်သင့်သည်။ ဥပမာ – လူတဦးတစ်ယောက်၏ အသရေကို နစ်နာမှု မဖြစ်စေသော အထူးပြုစကားစုသည် မလိုလားအပ်ဘဲ ဝါကျကို ရှည်စေခြင်းအပြင်၊ ဥပဒေကို ကျဉ်းမြောင်းသည်ထက် ကျဉ်းမြောင်းသွားစေသည်။ တည်ဆဲဥပဒေများ ရှိထားပြီးသည်ကို ထပ်မံဖော်ပြနေခြင်းသည် တနည်းအားဖြင့် ခြိမ်းခြောက်ထားခြင်း သဘောသက်ရောက်နေပါသည်။

အခန်း (၂) ရည်ရွယ်ချက်သည်လည်း လက်တွေ့နှင့် ကိုက်ညီသော စာသားဖြစ်သင့်သည်။ လက်ဆုပ်လက်ကိုင် မပြနိုင်သော စိတ်ကူးယဉ်ဆန်သော စာသားများ မဖြစ်သင့်ပါ။ ဥပမာ – အဆိုပြု ဥပဒေတွင် နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး နှင့် ပြည်သူတို့၏ ကိုယ်ကျင့်တရား အကျိုးတို့ကို ထိန်းသိမ်းစောင့်ရှောက်ရန်ဟု ဖောြ်ပထားသည်။ ၎င်းအဆိုပြု ဥပဒေပါ ရည်ရွယ်ချက်သည် ဥပဒေအရ နိုင်ငံတွင်း မှီတင်းနေထိုင်သူများ အားလုံး အခြေခံလူ့အခွင့်အရေးများ လိုက်နာကျင့်သုံး နိုင်သည့် ဒီမိုကရက်တစ် လူ့အဖွဲ့အစည်း ပေါ်ထွန်းစေရန် ဆိုသည်မှာ လက်ရှိအပြောင်းအလဲ နှင့် တိုက်ရိုက်သက်ဆိုင်သော ရည်ရွယ်ချက်ဖြစ်သင့်သည်။

အဆိုပြုဥပဒေကြမ်းတွင် နိုင်ငံတော်၏ တာဝန်ကိုလည်း အများပြည်သူ သိရှိနိုင်စေရန် ထည့်သွင်းထားခြင်းကို မတွေ့ရပေ။ ဥပမာ – ကုလသမဂ္ဂမှ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ပတ်သက်ပြီး  ဖော်ပြထားရာတွင် နိုင်ငံတော် အနေဖြင့် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းများအား ကာကွယ်ပေးရန် တာဝန်ရှိရုံမက ငြိမ်းချမ်းစွာ စုဝေးမှုနှင့် စီတန်း လှည့်လည်ခြင်း အဆင်ပြေ ချောမွေ့စေရန်၊ ပံ့ပိုးလုပ်ဆောင်ပေးရန်လည်း တာဝန်ရှိသည်ဟု တွေ့ရှိရပါသည်။

လူတိုင်းတွင် ငြိမ်းချမ်းစွာ စုဝေးခွင့်ရှိသည့်အတွက် အစိုးရများအနေဖြင့် လူမျိုး၊ အသားအရောင်၊ လိင်၊ ဘာသာစကား၊ ကိုးကွယ်ယုံကြည်မှု၊ နိုင်ငံရေး သို့မဟုတ် အခြားခံယူချက်၊ လူမျိုး သို့မဟုတ် လူမှုအခြေခံ၊ ပိုင်ဆိုင်မှု၊ မွေးဖွားရာ သို့မဟုတ် အခြား အဆင့်အတန်းတို့အပေါ် အခြေခံသည့် မည်သည့် အစုအဖွဲ့ကိုမှ တားမြစ်ကန့်သတ်မှု မလုပ်ဆောင်ရ။

သို့သော် နိုင်ငံတကာ ဥပဒေအရ ငြိမ်းချမ်းစွာ စုဝေးခြင်း နှင့် စီတန်းလှည့်လည်ခြင်းသည် အစိုးရကို အသိပေးစရာ မလိုဘဲ ကိုယ့်သဘောနှင့် ကိုယ်လုပ်ချင်သလို လုပ်ခွင့်ရှိသော အရာမဟုတ်ပါ။ အစိုးရတွင် အချို့သော တားမြစ်ကန့်သတ်ပိုင်ခွင့် ရှိပါသည်။ သို့သော် ထိုသို့ တားမြစ်ကန့်သတ်ချက်များသည် ဥပဒေအရ ပြဌာန်းသတ်မှတ်ထားခြင်း နှင့် ဒီမိုကရက်တစ် လူ့အဖွဲ့အစည်း တခုအတွက် နိုင်ငံတော်လုံခြုံရေး၊ အေးချမ်းတည်ငြိမ်ရေး၊ လူထုကျန်းမာရေး၊ ကာကွယ်စောင့်ရှောက်ရေး သို့မဟုတ် ကိုယ်ကျင့်တရား သို့မဟုတ် အခြားသူများ၏ လွတ်လပ်မှု နှင့် အခွင့်အရေးများအား ကာကွယ် စောင့်ရှောက်ရေးအတွက် လိုအပ်ချက်အရသာ ဖြစ်ရမည်။ ကန့်သတ်မှုများ အနေဖြင့် မည်သည့်အခါမျှ လွတ်လပ်မှု၏ အနှစ်သာရအား အဟန့်အတား မဖြစ်စေရပါ။ ထိုကန့်သတ်မှုများကိုလည်း ကြိုတင် ကြေညာထားသင့်သည်။

အဆိုပြုဥပဒေတွင် အာဏာပိုင်များဘက်မှ အသာစီးရယူထားပြီး ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်း လှည့်လည်လိုသူများ အတွက် အရေးယူနိုင်ရန် ကန့်သတ်ထားသော အချက်များကိုလည်း တွေ့ရှိရပါသည်။ ဒီမိုကရေစီ နိုင်ငံများတွင် စုဝေးခြင်း၊ စီတန်းလှည့်လည်ခြင်း တို့အတွက် လုံခြုံရေး အစီအမံများ ပြုလုပ်နိုင်ရန် အတွက်သာ အသိပေးရခြင်း ရှိပြီး ဟောပြောမည့် အကြောင်း၊ ရည်ရွယ်ချက်၊ ကြွေးကြော်သံများ ကြိုတင်အသိပေးစရာ မလိုပါ။ ယခု ဥပဒေတွင် ထိုအချက်ကို ထည့်သွင်းထားပြီး အသိပေးထားသော အချက်အလက်များ နှင့် သွေဖည်ပါက အရေးယူခံရမည်ဟု ဆိုထားသဖြင့် ကန့်သတ်ချုပ်ချယ်မှုများ ဖြစ်နေသည်။ ထို့အပြင် အာဏာပိုင်များဘက်က ၄၈ နာရီ ကြိုတင်ပြီး ဖိအားပေးခြင်းများ၊ အခြားသော အနှောင့်အယှက်များ၊ ပြင်ဆင်မှုများကို ပြုလုပ်စေရန် အချိန်ရရှိသွားစေပါသည်။

အဆိုပြု ဥပဒေတွင် ငြိမ်းချမ်းစွာ စုဝေးခြင်း နှင့် စီတန်းလှည့်လည်သူများ အတွက်သာ ပြစ်မှုပြစ်ဒဏ်များကို တိတိကျကျ ရေးဆွဲထားသည်ကို တွေ့ရှိရပြီး အာဏာပိုင်များဘက်က ပျက်ကွက်လျှင် မည်သို့ အရေးယူ ဆောင်ရွက်မည်ကို တိတိကျကျ ရေးဆွဲထားခြင်း မရှိပါ။ ထို့ကြောင့် ဤဥပဒေပါ လိုက်နာဆောင်ရွက်ပေးရန်များကို ပျက်ကွက်သော သို့မဟုတ် ဥပဒေပါ ပြဌာန်းချက်များကို ကျော်လွန်ဆောင်ရွက်သော အာဏာပိုင်များကို လုပ်ထုံးလုပ်နည်းနှင့်အညီ စုံစမ်းစစ်ဆေးခြင်း နှင့် တည်ဆဲဥပဒေများအရ အပြစ်ပေးအရေးယူခြင်းများ လုပ်ဆောင်ရမည်ဟု တိတိကျကျ သတ်မှတ်သင့်သည်။ အတိတ်တွင် ဌာနတွင်း အရေးယူခြင်းများဖြင့်သာ ပြီးဆုံးတတ်ပြီး ဥပဒေအရ အရေးယူခြင်းများ အားနည်းခဲ့သည်ကို တွေ့ရှိခဲ့ရပါသည်။

ထို့အပြင် လူစုကွဲသည်အထိ အရေးယူမှုများ ကြုံလာခဲ့လျှင်လည်း ထိုသို့ အရေးယူဆောင်ရွက်ရာတွင် အင်အား အလွန်အကျွံသုံးစွဲခြင်း မရှိစေရန်နှင့် အခြားသော လူ့အခွင့်အရေးများကို လေးစားလိုက်နာပြီး အသက်အန္တရာယ် ထိခိုက်နိုင်စေခြင်းတို့ မရှိစေရန် ပြုမှုဆောင်ရွက်ရမည်ဟု တိတိကျကျ ပြဌာန်းသင့်သည်။ ခေတ်အဆက်ဆက်တွင် လူစုလူဝေးများအား ဖြိုခွင်းရာတွင် လူအသေအပျောက်များ ရှိခဲ့သည်ကိုလည်း သတိပြုသင့်ပါသည်။

အဆိုပြု ဥပဒေတွင် ထည့်သွင်း စဉ်းစားထားခြင်း မရှိသည့် အခြားတချက်မှာ ရုတ်တရက် ဖြစ်ပေါ်လာသော၊ ရှောင်တခင် ဖြစ်ပေါ်တတ်သော ငြိမ်းချမ်းစွာ စုဝေးခြင်း နှင့် စီတန်းလှည့်လည် ခြင်းတို့အတွက် ထည့်သွင်း မထားခြင်း ဖြစ်ပါသည်။ရံဖန်ရံခါတွင် အလုပ်သမား နှင့် အလုပ်ရှင်၊ ရဲ နှင့် ပြည်သူ၊ အောက်ခြေအာဏာပိုင် အဆင့်ဆင့် နှင့် ပြည်သူအကြား အဆင်မပြေမှုများ ဖြစ်တတ်ပြီး မတိုင်ပင်ဘဲ ဆန္ဒပြမှုများ ဖြစ်တတ်ပါသည်။ အဆိုပြုဥပဒေအရ ထိုသို့ ဆန္ဒပြပွဲများ ဖြစ်လျှင် ယခု ဥပဒေ ပုဒ်မ ၁၈ ကို ချိုးဖောက်ရာ ရောက်နေပါသည်။ အချို့သော ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်း တို့အတွက် ၄၈ နာရီ စောင့်ဆိုင်းရန် မဖြစ်နိုင်ပါ။ ထို့အတွက် ထပ်မံစဉ်းစားသင့်ပါသည်။ ထို့အတူ အစုအဖွဲ့ နှစ်ခု (သို့မဟုတ်) နှစ်ခုထက်ပိုသော အစုအဖွဲ့များမှ အချိန်တခုတည်း၊ နေရာ တနေရာတည်းတွင် ငြိမ်းချမ်းစွာ စုဝေးခြင်း (သို့မဟုတ်) စီတန်းလှည့်လည်ခြင်း ပြုရန် အသိပေး အကြောင်းကြားသောအခါ မည်သို့ ကိုင်တွယ်ဖြေရှင်းမည်ကိုလည်း ထည့်သွင်းစဉ်းစား ရမည်လည်း ဖြစ်ပါသည်။ ဖော်ပြပါ အခြေအနေနှစ်ရပ်အား အခြားနိုင်ငံများတွင် မည်သို့ ဖြေရှင်းနေသနည်း ဆိုသည်ကို လေ့လာရန် လိုအပ်ပါသည်။

နိဂုံးချုပ်အနေဖြင့် ဆိုရလျှင် ယခု အဆိုပြု ဥပဒေကြမ်းသည် ယခင် ဥပဒေများထက် စာလျှင် ပိုမိုကောင်းမွန်သည်ဟု ဆိုသော်လည်း ဖြစ်နေသော ပြဿနာများကို အလုံးစုံပြေလည်စေသည့် ဥပဒေတခုဟု မှတ်ယူ၍ မရသေးပါ။ ငြိမ်းချမ်းစွာ စုဝေးခြင်း နှင့် စီတန်းလှည့်လည်ခြင်း တို့အတွက် အပြစ်ပေးခံနေရစေနိုင်သော ဥပဒေ ဖြစ်နေသေးသည်။ ခွဲခြားသည့်သဘော နှင့် နိုင်ငံတွင်း ဥပဒေအရ နေထိုင်နေသူအားလုံး ခံစားခွင့် မရသည့် ဥပဒေ ဖြစ်နေသေးသည့်အပြင် ရုတ်တရက် ဖြစ်ပေါ်တတ်သော သဘောသဘာ၀ ရှိသည့် ငြိမ်းချမ်းစွာစုဝေးခြင်း နှင့် စီတန်းလှည့်လည်ခြင်းများ အတွက် စဉ်းစားထားချက်များ မပါဝင်ခဲ့ပါ။

ထို့အပြင် မလိုလားအပ်သော စည်းမျဉ်းစည်းကမ်းများ များပြားလွန်းခြင်းသည် ခြိမ်းခြောက်သည့် သဘော သက်ရောက်နေသည်ဟု မှတ်ယူနိုင်ပါသည်။ ယခု ဥပဒေသည်လည်း နိုင်ငံတကာ စံချိန်စံနူန်းများဖြင့် ကိုက်ညီမှု အားနည်းနေသေးသည်ကို တွေ့ရှိရပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အားနည်းချက်လည်း ဖြစ်နေနိုင်သည့် အတွက် ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိုပါ ထည့်သွင်းစဉ်းစားသင့်ပါကြောင်း အကြံပြုအပ်ပါသည်။

(ဘိုကြည်သည် နိုင်ငံရေး အကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) (AAPP-B) ၏ တွဲဘက် အတွင်းရေးမှူး တဦး ဖြစ်သည်။)

Loading