ပညာရေး ပြုပြင်ပြောင်းလဲဖို့ မူက စမလား၊ လူက စမလား

တင်တင်မြင့် (ဒဿ နိက)

This article has been converted from Zawgyi One to Unicode

ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး အသံမြည်ခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ အရင်းစစ်လိုက်လျှင် ကျောင်းသားဗဟိုပြု စနစ်ဆိုတော့ မူက ကောင်းနေသည်ကို တွေ့ရသည်။ သို့သော် ထိုမူကို အကောင်အထည်ဖော်မည့် လူတွေဘက်ကရော ဘာတွေ ပြင်ဆင်ဖို့ လိုမည်လဲ ဆိုသည်ကလည်း ဦးစားပေး ဆွေးနွေးစရာဖြစ်ရာ လက်ရှိ ဖြစ်ပျက်နေသည့် ပညာရေးစနစ်ကို အမှန်အတိုင်း သုံးသပ်ကြည့်ရန် လိုပါသည်။

ပညာရေး၊ အထူးသဖြင့် အခြေခံပညာ သင်ကြားရေးဟု ဆိုရာတွင် သင်ကြားပေးသူနှင့် သင်ယူသူဟု နှစ်မျိုးနှစ်စားရှိသည်။ ယင်း နှစ်မျိုးနှစ်စားကို ချိတ်ဆက်ထားသည်မှာ သင်ရိုးညွှန်းတမ်း ဖြစ်ပြီး ယင်း သင်ရိုးညွှန်းတမ်းကို ပုံဖော်သည်မှာ သင်ကြားရေး နည်းစနစ် ဖြစ်သည်။ ထို့ကြောင့် “သင်ကြားပေးသူ”၊ “သင်ယူသူ”၊ “သင်ရိုးညွှန်းတမ်းနှင့် သင်ကြားရေး နည်းစနစ်” တို့ ပြည့်စုံမှသာ အရည်အချင်းပြည့်ဝသော အနာဂတ် လူ့စွမ်းအား အရင်းအဖြစ်ကို မွေးထုတ်နိုင်ပါမည်။

သင်ကြားသူ နှစ်မျိုး

လည်ပတ်နေသော အခြေခံပညာ သင်ကြားရေး စနစ်ကြီးတွင် သင်ကြားသူ ဆရာ၊ ဆရာမများကို အစိုးရ ဝန်ထမ်းနှင့် ပုဂ္ဂလိက ကဏ္ဍဟု နှစ်ပိုင်း ခွဲနိုင်သည်။

နံနက်အချိန်မှန် ကျောင်းတက်၊ ညနေ အချိန်မှန် ကျောင်းဆင်း အစိုးရဝန်ထမ်း ဆရာ၊ ဆရာမများ၏ လစာမှာ တနှစ်လျှင် ပျမ်းမျှ ၂၅ သိန်းခန့် ရသည်။ တနှစ်ပတ်လုံးတွင် မိသားစု စားဝတ်နေရေး ခက်ခဲပါက တချို့တလေ ကျူရှင်ပြကြရသည်။ တိုင်ကြားမှုရှိလျှင် အရေးယူခံရသေးသည်။ စာသင်ခန်းတခန်းလျှင် ကျောင်းသားဦးရေ ၅၀ မှ ၆၀ အကြား ထိန်းကျောင်း သင်ကြားရသည်။ သင်ရိုးကုန်သင်ကြားရေး တာဝန်မှသည် တခြားသော ကျောင်းဗာဟီရများကိုလည်း တာဝန်ယူရပြီး ဗျာများရသည်။

နောက်ဆုံးတော့ ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ ဖြစ်အောင် မေးခွန်နှင့် သက်ဆိုင်ရာ ရွေးသင်ကြတော့သည်။ အတွက်သမားများက သင်ပုန်းပေါ်တွက်ပြ၊ ကျောင်းသားကကူးယူ၊ ပြီးတော့ အလွတ်ရသည်အထိ ပြန်တွက်ထား။ အကျက်သမားကလည်း မေးခွန်အသင့်၊ အဖြေအသင့် သင်ပုန်းပေါ်ရေး၊ ကျောင်းသားက ကူးယူ၊ အလွတ်ကျက်စေ၊ ဒါပဲခိုင်းတော့သည်။ သူတို့မှာ သင်ကြားရေး ကောင်းကောင်း၊ မကောင်းကောင်း ကျောင်းအုပ်ချုပ်သူက ဝင်ရောက် စွက်ဖက်ခြင်းမရှိ။ ချုပ်ရလျှင် ပြဋ္ဌာန်းစာအုပ်ပါ သင်ခန်းစာများကို စေ့စုံစွာ သင်ကြားရန်ထက် စာမေးပွဲ အောင်မြင်ရေးကို ရှေးရှု သင်ကြားရသည့် အခြေအနေသို့ ရောက်သွားသည်။ (ဤသည်မှာ အောင်ချက်ကောင်းရေး ပညာရေးစနစ်၏ စနက်ကြောင့်လည်း ဖြစ်သည်။)

ပုဂ္ဂလိက ကျောင်းများတွင် သင်ကြားသော ဆရာ၊ ဆရာမများ၏ တနှစ်ပျမ်းမျှ ဝင်ငွေမှာ သိန်း ၁၀၀ ဝန်းကျင် ရှိသည်။ စာသင်ကြားမှု အားလပ်ချိန်တွင် တခြား ကျူရှင်များ သင်နိုင်သည်။ ပုဂ္ဂလိက ကျောင်းတွင် အတန်းတတန်း၏ ကျောင်းသားဦးရေမှာ အစိုးရကျောင်းများနှင့် မကွာ၊ ၅၀၊ ၆၀ ခန့် ရှိသည်။ သို့သော် ကျောင်းသား ကျောင်းသူများကို ထိန်းကျောင်းမည့် ဆရာ၊ ဆရာမ ၂ ဦး၊ ၃ ဦးအထိ ရှိသည်။ ဆရာ၊ ဆရာမ များအနေဖြင့် သင်ရိုးကိုသာ အာရုံစိုက်သင်ကြားနိုင်ပြီး တခြား ကျောင်းဗာဟီရကို လုပ်ရန် မလို။
ပုဂ္ဂလိက ကျောင်းမှ ဆရာ၊ ဆရာမများမှာ စာမေးပွဲမေးခွန်းတွင် မည်သည့်သင်ခန်းစာ မည်သည့်စာမျက်နှာမှ မည်သည့် လေ့ကျင့်ခန်းကို စစ်မေးမည်ကို မသိကြပါ။ စာမေးပွဲမေးခွန်းလွှာမှာ သက်ဆိုင်ရာ ကျောင်းများနှင့် တွဲဖက်ထားသော အစိုးရကျောင်းများက ထုတ်သော မေးခွန်းလွှာများကို ဖြေဆိုကြရသည်။ ပြင်ပဆရာများက သင်ခန်းစာ အားလုံးနီးပါး သင်ပေးကြရသည်။ စာပိုသင်ပေးရသည့်အတွက် စာပိုကြေသည်ပဲ လွယ်လွယ်ဆိုပါစို့။ အောင်ချက်ကောင်းမှလည်း ကျောင်းတည်ထောင်သူက သဘောကျမည်၊ နောက်နှစ်များတွင် ကျောင်းသားပိုရမည်။
သင်ယူသူ နှစ်မျိုး
သင်ယူရသူ ကျောင်းသူ ကျောင်းသားများ အပိုင်းကို လေ့လာရလျှင် အစိုးရကျောင်းမှ ကျောင်းသားများ အနေဖြင့် အနည်းဆုံးအားဖြင့် ကျောင်းခေါ်ချိန် ပြည့်မီရေး အရေးကြီးသည်။ ကျောင်းဆင်းလျှင် ကျူရှင်ကို ပြေးရသေးသည်။ ကျောင်းစာရော ကျူရှင်စာပါ လုပ်ရသည်။ အိမ်-ကျောင်း-ကျူရှင် သံသရာလည်နေသည်။ အသစ်အသစ်ကို စဉ်းစားတွေးတောဖို့ မဆိုထားနှင့်၊ သင်ပြီးသား သင်ခန်းစာများနှင့်သာ လုံးလည်လိုက်နေကြရသည်။
ပုဂ္ဂလိက ကျောင်းများတွင် စာသင်ချိန် ခွဲခြားမှုကို ကျောင်းအလိုက် အဆင်ပြေသလို ပိုင်းခြား အသုံးပြုခွင့်ရှိသည်။ တချို့ ကျောင်းများတွင် စာသင်ခန်း အခက်အခဲကြောင့်လည်း စာသင်ကြားပေးချိန်ကို နံနက်နှင့် နေ့လည် နှစ်ချိန်ခွဲကြသည်။ ဒီတော့ ကျောင်းသားက တရက် ၂၄ နာရီမှာ အိပ်ချိန် ၈ နာရီကိုဖယ်လိုက်၊ သူ့အတွက် သင်ခန်းစာ လေ့လာချိန် ၁၆ နာရီရှိမည်၊ ထိုအထဲက တရက် သင်ယူချိန် ၅ နာရီ နုတ်လိုက်ဦး။ သူ့အတွက် အချိန်ပို ၁၁ နာရီလုံးလုံး ကျန်နေသေးသည်။ အဲဒီထဲကမှ မိမိသင်ခန်းစာကို လေ့ကျင်ချိန်၊ နားချိန်၊ တခြား ဗဟုသုတပိုင်းဆိုင်ရာ လေ့လာချိန် စသဖြင့် ကောင်းသည်ရော၊ ဆိုးသည်ပါ လေ့လာခွင့်ရမည်။

အစိုးရကျောင်းများနှင့် ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများ၏ ကျောင်းဖွင့်ချိန် ကွဲပြားပြီး ကျောင်းတည်ဆောက်ပုံ အနေအထားလည်း မတူကြပေ။ အစိုးရကျောင်းများ၏ ကျောင်းဖွင့်ချိန်သည် နှစ်စဉ်ဇွန်လ ၁ ရက်နေ့မှ စတင်ဖွင့်လှစ် သင်ကြားသည်။

ကိုယ်ပိုင်ကျောင်းများသည် ဧပြီ ၂၀ ကျော်သည်နှင့် စတင်ဖွင့်လှစ်ကြသည်။ တကျောင်းနှင့် တကျောင်း ကျောင်းဖွင့်ရက်လည်း မတူကြပေ။ သို့သော် မည်သည့် ပုဂ္ဂလိကကျောင်းမျှ ဇွန် ၁ ရက် မဖွင့်ကြချေ။ ၎င်းရက်ထက် တလ သို့မဟုတ် ၄၅ ရက်စောဖွင့်ကြသည်။

ကျောင်အနေထားမှာ အစိုးရကျောင်း အများစုသည် ကျောင်းအင်္ဂါရပ်နှင့်အညီ ကျောင်းသူ ကျောင်းသား လွတ်လပ်ပျော်ရွင်စွာ သင်ကြားနိုင်သည်။ ကိုယ်ပိုင်ကျောင်းအများစုမှာ ကျောင်းအင်္ဂါရပ်နှင့် ညီသည့်ကျောင်း မရှိသလောက် ဖြစ်နေသည်။

စာမေးပွဲ

စာမေးပွဲဆိုသည်မှာ သင်ယူပြီး သင်ခန်းစာများအပေါ် ကျောင်းသား ကျောင်းသူ မည်မျှ သင်ယူတတ်မြောက် ပြီးပြီ ဆိုသည်ကို အကဲဖြတ်ရန် စစ်ဆေးခြင်း ဖြစ်သင့်သည်။ သို့သော် ကျွန်ုပ်တို့နိုင်ငံရှိ ကျောင်းသား၊ မိဘ၊ ဆရာ အားလုံးက အတန်းအောင်မြင်ရေးကို ပိုအလေးထားနေကြသည်။ စာမေးပွဲ ဖြေဆိုချိန် နီးလာလျှင် ကျောင်းသား၊ မိဘ၊ ဆရာ (ပုဂ္ဂလိက ကျောင်းဆရာများ အပါဝင်) စာမေးပွဲ ခန့်မှန်းခြေ မေးခွန်းရရေး ဦးတည်ကြသည်။ အစိုးရစစ် စာမေးပွဲများပင် မေးခွန်းကြို ပေါက်ကြားသဖြင့် ဆရာများ အရေးယူခံကြရသည့် သတင်းများ ကြားသိရသည်။

စာမေးပွဲဖြေဆိုချိန်နီးကပ်လာလျှင် အဖြေတွဲလျှက် တပွဲတိုးစာအုပ်များ ကျောင်းသား ကျောင်းသူ လက်ထဲသို့ ရောက်လာသည်။ တချို့မှာ လက်ရေးနှင့်ကူးထားသည်။ တချို့က မိတ္တူများ ဖြစ်သည်။ စာအုပ်ကိုယ်စီ လက်ဝယ်ရကြပြီဆိုတော့ အစိုးရကျောင်းက ကျောင်းသားရော ပြင်ပကျောင်းများမှ ကျောင်းသားများပါ စာအုပ်ပါ မေးခွန်းနှင့် အဖြေကိုသာ အပြန်ပြန် အလှန်လှန် ကျက်ကြတော့သည်။ အောင်စာရင်း ဖွင့်ချိန်တန်တော့ အစိုးရကျောင်း၊ ပုဂ္ဂလိက ကျောင်းများမှ ကျောင်းသား ကျောင်းသူအားလုံးလိုလို အတူတူအောင်ကြသည်။ မအောင်လျှင် ပြန်ဖြေစနစ်ဖြင့် ပြန်ကုစားဖြေဆိုခွင့် ပြုထားသည်။ ကျောင်းသားအားလုံး အောင်ကြသည်။ သင်ပေးသူ အမျိုးအစားက နှစ်မျိုး၊ သင်ယူသူ အမျိုးအစားကလည်း နှစ်စား၊ သင်ရိုးနှင့် မေးခွန်းလွှာက အတူတူ။

တချို့သော ပြင်ပကျောင်းများမှ ကျောင်းသားများက လပတ်စာမေးပွဲ မဖြေရဘဲ အစိုးရကျောင်းများမှ ကျောင်းသားများက ဖြေဆိုနေရသည့် မတူညီမှုများလည်း ရှိသေးသည်။

သင်ယူ တတ်မြောက်မှု

ဒသမတန်း ကျောင်းသူတဦးက “ခုနှစ်ပြည်ထောင်မင်း” ဟူသည် အဘယ်နည်းဟု မေးလာသည်။ သင်နားလည်သလို အရင်ပြောပါဟု ခွင့်ပြုလိုက်သောအခါ “ဆန်ခုနှစ်ပြည်ကို နန်းတွင်းထဲတွင် ထောင်ထားသောကြောင့် ထင်ကြောင်း” ဖြေလေသည်။ အထက်တန်းပြ ဆရာတဦးက m ကို “နှစ်ခုံးအမ်”၊ n ကို “တခုံး အန်”၊ l ကို “တုတ်ချောင်း အယ်” ဟု ပြော၍ သင်နေသည်။

ဒီတော့ သင်ကြားပေးသူ၏ အရည်အချင်းပိုင်းကို ထည့်သွင်းစဉ်းစားရန် လိုလာသည်။ စဉ်းစားကြရပေတော့မည်။ ဘွဲ့များ တသီကြီး ရခြင်းနှင့် ကလေးများကို စာတတ်မြောက်အောင် သင်ခြင်းက မသက်ဆိုင်ပေ။ နိုင်ငံရေး၊ စီးပွားရေး၊ အသိပညာ စသည်တို့ ချွတ်ခြုံကျနေသော နိုင်ငံတနိုင်ငံအတွက် သင်ကြားနိုင်မှု စွမ်းရည်ရှိသော ဆရာ၊ ဆရာမများ အထူး လိုအပ်သည်။

ပြီးခဲ့သည့် ၅ နှစ်တာကို ပြန်သုံးသပ်ကြည့်လျှင် ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်း ဥပဒေ ပြဌာန်းပေးပြီး ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများ ဖွင့်လှစ်ခွင့်ပြုလိုက်သည်။ တကယ့်ကို ကျောင်းသားရော မိဘပါ အဆင်ပြေကောင်းမွန်သည့် စနစ်ကောင်းတခု ဖြစ်လာပါ၏လော။ လူ့စွမ်းအား ရင်းမြစ်ကောင်းများ မွေးထုတ်ပေးနိုင်၏လော။ နိုင်ငံတကာ တက္ကသိုလ်များတွင် ဆက်လက် ပညာသင်ကြား နိုင်သည့် အရည်ချင်းပြည့်မီသော ကျောင်းသား၊ ကျောင်းသူ မည်မျှ ပေါ်ထွန်းလာခဲ့သနည်း။ ပြင်ပ ပုဂ္ဂလိက သင်ကြားရေး ကျောင်းများ (နိုင်ငံတကာနှင့် ချိတ်ဆက် သင်ကြားနေသော ကျောင်းများကို မဆို) ပေါ်ထွန်းလာခြင်းကြောင့် ဆရာနှစ်မျိုး၊ ကျောင်းသားနှစ်မျိုး ကွဲပြားသွားသည်ကိုမူ မြင်မိသည်။

ကျောင်းသား ဗဟိုပြု စနစ်

ကျောင်းသား ဗဟိုပြုစနစ် ဖော်ဆောင်ဖို့လိုသည်မှာ မှန်ပေသည်။ သို့သော် သင်ကြားသူ၏ အခန်းကဏ္ဍ၊ သင်ယူသူ၏ အခန်းကဏ္ဍ ညီမျှမှုရှိဖို့တော့ လိုသည်။ ယခု မြန်မာနိုင်ငံ ပညာရေးကဏ္ဍမှာ ကွာဟလွန်းနေသည်။ ငွေတတ်နိုင်သူ ပညာသင်စတမ်းပုံစံ ရောက်နေသည်။ အခြေခိုင်ဖို့ လိုသည်။

ကျောင်းသား ဗဟိုပြုစနစ် ဆိုသောကြောင့် ကျောင်းသားများကိုသာ ကွက်ကြည့်နေ၍ မဖြစ်သေး။ အရည်အချင်းရှိသော လူ့စွမ်းအား အရင်းအမြစ် မျိုးဆက်သစ်များ မွေးထုတ်နိုင်ရေးအတွက် သင်ကြားပေးသူများ၏ စွမ်းရည်မြှင့်တင်ရေးကိုလည်း ပထမ ဦးစားပေးဖို့ လိုနေသေးသည်။ ထို့ကြောင့် မူကောင်းကို ဖော်ဆောင်နိုင်မည့် လူကောင်း သင်ကြားသူများ ဖြစ်ရေးကလည်း လက်ငင်း လုပ်ရမည့် ခြေလှမ်း ဖြစ်သည်ဟု ယုံကြည်မိပါသည်။

(တင်တင်မြင့် (ဒဿနိက) သည် လက်ထောက် ကထိက တဦးဖြစ်ပြီး ပညာရေးဆိုင်ရာ အတွေးအခေါ်ပညာကို လေ့လာနေသူတဦးလည်း ဖြစ်သည်။)

Loading