အိန္ဒိယကနေ သင်ခန်းစာ ယူနိုင်တဲ့ Right to Information လှုပ်ရှားမှု

Bidhayak Das

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် ခေတ်စားနေသည့် စကားလုံးများထဲမှ တခုမှာ သတင်း အချက်အလက် ရရှိခွင့် ဖြစ်သည်။ အမှန်တကယ်တွင်လည်း သတင်း အချက်အလက် ရရှိခွင့် ဥပဒေပြဌာန်းပေးရန် တောင်းဆိုမှုအတွက် အချိန်အခါကောင်းပင် ဖြစ်သည်။

ကနဦး ခြေလှမ်းတချို့ကို မူကြမ်းတခုတွင် အတူတကွ ထည့်သွင်းပြီးဖွယ်ရာ ရှိသည်။ မရှိမဖြစ် လိုအပ်သည့် အချက်တခု ဖြစ်သည့် သတင်း အချက်အလက် ရရှိခွင့်အတွက် ဆွေးနွေးမှုတခုကို စတင်နိုင်ရန် အခြေအနေတခုကို ဖန်တီးပေးခဲ့သည့် အတွက် ကနဦး စတင်ဆောင်ရွက်မှုက ချီးကျူးဖွယ်ရာ ဖြစ်သည်ကို သံသယ ရှိရန် မလိုပါ။ သို့သော်လည်း ဆောင်ရွက်ရန် များစွာ လိုအပ်နေပါသေးသည်။ အရပ်ဘက် အဖွဲ့အစည်း၊ ပြည်သူများ၊ တောင်သူလယ်သမားများ အနေဖြင့် မီဒီယာ သို့မဟုတ် လမ်းပြပေးမည့် အဖွဲ့အစည်းတခု ပေါ်တွင်သာ အပေါ်သာ မှီခိုနေမည့်အစား အခန်းကဏ္ဍတခုမှ ပါဝင်ရန် လိုအပ်ပါသည်။

သတင်းအချက် အလက်ရရှိခွင့် နှင့် ပတ်သက်၍ ပြောဆိုမှုများကို ကြားရသည့်အခါ မြန်မာနိုင်ငံ၏ အိမ်နီးချင်း အိန္ဒိယ နိုင်ငံတွင် သတင်းအချက် ရရှိခွင့် (RTI) ဥပဒေ မည်သို့ ပေါ်ပေါက်လာခဲ့သည်ကို ကျနော် သတိရမိပါသည်။

၁၉၈၇ ခုနှစ်က အိန္ဒိယနိုင်ငံတွင် တောင်သူလယ်သမားများက မြေအသုံးချမှု၊ အစိုးရ မူဝါဒများနှင့် ပတ်သက်၍ သိရှိခွင့်ကို စတင်တောင်းဆိုခဲ့ကြသည်။ အိန္ဒိယ အနောက်ပိုင်း ရာဂျက်စတန် (Rajasthan) ပြည်နယ်မှ ဒေ့ဗ်ဒွန်ဂရီ (Devdungri) အမည်ရှိ ရွာငယ်လေးတွင် ဖြစ်သည်။

ထိုလှုပ်ရှားမှုကို လူမှုရေး တရားမျှတမှုအတွက် ဆောင်ရွက်ရန် ကွဲပြားသည့် နောက်ခံနေရာ အသီးသီးမှနေ၍ ဒေ့ဗ်ဒွန်ဂရီ သို့ လာရောက် အခြေချလာသည့် မိတ်ဆွေ ၃ ဦးက စတင်ခဲ့ခြင်း ဖြစ်သည်။ ထို ၃ ယောက်မှာ အစိုးရဝန်ထမ်း အဖြစ်မှ နုတ်ထွက်၍ ဆင်းရဲနွမ်းပါးသူများ၊ အနှိမ်ခံလူများ နှင့် သက်ဆိုင်သည့် လုပ်ငန်းများ စတင် ဆောင်ရွက်နေသည့် အရုဏ ရွိုင် (Aruna Roy)၊ အိန္ဒိယ People’s Theater မှ ထင်ရှားသူတဦး ဖြစ်သူ ရှန်ကာ ဆင်းဂ် (Shanker Singh) နှင့် အမေရိကန်နိုင်ငံတွင် ပညာသင်ကြားခဲ့သူတဦး ဖြစ်သည့် နိခေးလ် ဒေး (Nikhil Dey) တို့ ဖြစ်သည်။ သူတို့ ပူးပေါင်း၍ Mazdoor Kisan Shakti Sangathan (MKSS) အမည်ရှိ အဖွဲ့ကို ဖွဲ့စည်းခဲ့ကြသည်။

နောက်ထပ် ၁၀ နှစ်ကြာ ကာလအတွင်းတွင် သူတို့က လယ်သမားများ၊ အလုပ်သမားများနှင့် အတူ ပူးပေါင်း၍ အိန္ဒိယ နိုင်ငံတွင် အအောင်မြင်ဆုံး လူမှုရေးတရားမျှတမှုဆိုင်ရာ လှုပ်ရှားမှုများထဲမှ တခုကို ပုံဖော်နိုင်ခဲ့သည်။ သူတို့၏ သတင်း အချက်အလက် ရရှိခွင့်လှုပ်ရှားမှုသည် လူမှု အသိုင်းအဝိုင်း၏ အစိတ်အပိုင်းတိုင်းကို ထိတွေ့နိုင်ခဲ့ပြီး သတင်း အချက်အလက် ဖြန့်ချိရေး လုပ်ငန်းတွင် အဓိကဖြစ်သည့် မီဒီယာ အပေါ်တွင် မှီခိုခြင်း မရှိခဲ့ပါ။

လှုပ်ရှားမှုတွင် အခြေခံလူတန်းစား အသိုင်းအဝိုင်းများ အများအပြား ပါဝင်ခဲ့ကြသည်။ စာနယ်ဇင်းသမား တဦးအနေဖြင့် ကျနော်လည်း Shillong အမည်ရှိ တောင်ပေါ် မြို့လေးတမြို့တွင် သေးငယ်သောကဏ္ဍမှ တစိတ်တပိုင်း ပါဝင်ခဲ့ပါသည်။ တက်ကြွလှုပ်ရှားသူများ၊ ဂီတပညာရှင်များ၊ စာနယ်ဇင်းသမားများ၊ အနုပညာရှင်များ နှင့် ကျောင်းသားများက လမ်းများပေါ်တွင် သတင်းအချက်အလက် ရရှိခွင့် (RTI) ဥပဒေ အကောင်အထည် ဖော်ရေးအတွက် တောင်းဆိုခဲ့ကြသည်ကို မျက်မြင် တွေ့ခဲ့ရသည်။ ရဲအဖွဲ့က ဆန္ဒပြသူများကို ဖြိုခွဲခြင်းများ၊ ဖမ်းဆီးခြင်းများ၊ အစိုးရနှင့် ပြည်သူများကြားတွင် ကာလရှည်ကြာစွာ ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် အဖမ်းခံရသူများ ပြန်လည် လွတ်မြောက်လာခြင်းကို ယနေ့အထိ ထင်ထင်ရှားရှား မြင်ယောင်နေပါသေးသည်။

ဆင်းရဲနွမ်းပါးသည့် ပြည်သူများက စတင်ခဲ့သော လှုပ်ရှားမှုတခု အောင်မြင်မှု ရရှိခဲ့သည်ကို မြင်တွေ့ရသည့်အခါ အံ့အားသင့်သူ အများအပြား ရှိခဲ့သည်။ မြန်မာနိုင်ငံတွင် အများစုက အလေးအနက် စဉ်းစားနေကြသည်မှာလည်း ၎င်းနှင့် ထပ်တူ ဖြစ်ပါသည်။ အိန္ဒိယနိုင်ငံမှ RTI အရေး တက်ကြွလှုပ်ရှားသူများ၏ အမြင်တွင် သတင်းအချက်အလက်ဆိုသည်မှာ အုပ်ချုပ်ရေးတွင် နိုင်ငံသားများ ပါဝင်နိုင်ခွင့် တံခါးများကို ဖွင့်လှစ်ပေးမည့် ကိရိယာတခု ဖြစ်ပါသည်။

RTI အရေးတက်ကြွလှုပ်ရှားသူ တဦးဖြစ်သော ဗီဗက် ကူးမား (Vivek Kumer) က သူ၏ “The Right to Know Movement in India” အမည်ရှိသော လေ့လာမှုတွင် “၁၉၈၀ နှစ်များ နှောင်းပိုင်းတွင် အစိုးရသတင်း အချက်အလက်နှင့် မှတ်တမ်းများကို နိုင်ငံသားများက ရရှိခွင့်ကဲ့သို့ ထူးခြားသည့် တောင်းဆိုမှုများဖြင့် အဖွဲ့အစည်းတခု ပေါ်ထွက်လာခဲ့သည်။ သတင်း အချက်အလက်များ ရရှိပိုင်ခွင့်က ပြည်သူများအနေဖြင့် တာဝန်ရှိသူများကို ပြည်သူနှင့်ဆိုင်သော အရင်းအမြစ်များနှင့် ပတ်သက်၍ မေးခွန်းများ မေးရန် နှင့် တာဝန်ယူမှုကို တောင်းဆိုရန်အတွက် အလွန် အရေးကြီးသည်ဟု MKSS က ယူဆခဲ့သည်” ဟု ဖော်ပြထားသည်။

ပညာရှင် တဦးဖြစ်သည့် ပရာရှန့် ရှားမား (Prashant Sharma) က RTI ဥပဒေသည် ဥပဒေ မပြဌာန်းမီက တည်ရှိခဲ့သော သတင်း အချက်အလက် ရရှိခွင့် အနေအထားကို ထူးခြားစွာ ခွဲထွက်နိုင်ခဲ့ခြင်းတခုဟု ပြောသည်။

ယခင်က ၁၉၂၃ ခုနှစ် နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေအရ အစိုးရ အာဏာပိုင်များက ထိန်းသိမ်းထားသော အချက်အလက် အားလုံးကို လျှို့ဝှက်ချက်အဖြစ် ယူဆရမည် ဖြစ်သည်။ ယနေ့အချိန်တွင် ဗဟို သတင်း အချက်အလက် ကော်မရှင် နှင့် ပြည်နယ် သတင်းအချက်အလက် ကော်မရှင်များက အစိုးရ၏ သတင်း အချက်အလက်များကို ပြည်သူများထံသို့ ပို့ဆောင်ပေးနေသည်။ ဥပဒေ အတည်ပြုခဲ့သည့် ၂၀၀၅ ခုနှစ် မှ ၂၀၀၈ ခုနှစ် အတွင်း RTI ဥပဒေအရ အိန္ဒိယ တနိုင်ငံလုံး မှ သတင်း အချက်အလက် တောင်းခံသည့် လျှောက်လွှာ ၂ သန်းကျော် ရရှိခဲ့သည်ဟု ခန့်မှန်းရသည်။

ဝန်ကြီးချုပ်နှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ ဝန်ကြီးများနှင့် ဝန်ထမ်း အဖွဲ့အစည်းများကြားမှ ပြောဆိုဆွေးနွေးမှုများ နှင့် အပြန်အလှန် ပေးပို့သည့် မှတ်စုများ အပါအဝင် အစိုးရထံမှ သတင်း အချက်အလက်ပုံစံ အမျိုးမျိုး ရယူနိုင်ရန်အတွက် RTI ဥပဒေကို NGO များနှင့် နိုင်ငံသားများက အသုံးပြုကြသည်။

မြန်မာနိုင်ငံ အနေဖြင့် အိန္ဒိယနိုင်ငံ၏ RTI အခန်းများမှ အချက်အလက်များကို ရယူလျှင် ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ အာဏာရ အစိုးရမှန်သမျှက အလွဲသုံးစားမှု မပြုနိုင်သည့် ခိုင်မာသော ဥပဒေတခုအတွက် ပြင်ဆင်ရာတွင် အသုံးပြု နိုင်ပါသည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေး အဖွဲ့အစည်း ဝန်းကျင်မှ အကြောင်းကိစ္စများက အိန္ဒိယနိုင်ငံနှင့် များစွာ ကွဲပြား ခြားနားမှု ရှိလိမ့်မည် မဟုတ်ပါ။ ထို့ကြောင့် အိန္ဒိယနိုင်ငံ RTI ဥပဒေ၏ ဇာတ်လမ်းမှ သင်ခန်းစာ အမြောက်အများ ရယူနိုင်ပါလိမ့်မည်။

တရားမျှတမှုအတွက် တိုက်ပွဲဝင်သည့် အလေ့အထက မြန်မာပြည်သူများအတွက် အကြောင်းအရာသစ်တခု မဟုတ်ပါ။ စစ်အုပ်ချုပ်ရေး လက်အောက်တွင် နှစ်ပေါင်း ၅၀ ကျော် သူတို့ လုပ်ဆောင်ခဲ့ကြပြီး ဖြစ်သည်။ သို့သော်လည်း RTI သမိုင်းတိုင်းတွင် ခက်ခဲသော တိုက်ပွဲတခု လိုအပ်သည်ဟု ဆိုလိုခြင်း မဟုတ်ပါ။ လူတိုင်းအတွက် အထူးသဖြင့် ပစ်ပယ်ခံထားရသူများ (လယ်မြေ အသိမ်းခံရသည့် လယ်သမားများ၊ လူထုထံမှ ယူဆောင်သွားသည့် သစ်တောများ၊ လုံလောက်သည့် လုပ်ခ လစာမရရှိသည့် အလုပ်သမားများ၊ အိမ်နီးချင်း နိုင်ငံများတွင် ရောက်ရှိနေသည့် တရာဝင်၊ တရားမဝင် အလုပ်သမားများ) အတွက် လိုအပ်ချက်ကို ဆောင်ကျဉ်းပေးနိုင်မည့် အားလုံးနှင့် ဆိုင်သော ဥပဒေတရပ် ဖော်ဆောင်လိုသော ဆန္ဒသာ အမှန် ရှိခဲ့လျှင် အရာအားလုံးက လမ်းကြောင်းမှန်သို့ ရောက်ရှိနိုင်မည် ဖြစ်သည်။

လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲက ရွေးချယ်ပေးလိုက်သည့် အစိုးရသစ် အာဏာရရှိလာသည့် အချိန်တွင် တောင်သူ လယ်သမားများ၏ ဘဝအခြေအနေ တိုးတက်စေနိုင်မည့်၊ အလုပ်လက်မဲ့ပြဿနာကို လျှော့ချနိုင်မည့်၊ အလုပ် သမားများအတွက် အနိမ့်ဆုံး လုပ်ခလစာကို သတ်မှတ်ပေးနိုင်မည့်၊ ပြည်သူတို့၏ မြေနှင့် ဘဝရပ်တည်ရေးကို အကာအကွယ် ပေးနိုင်မည့် ဥပဒေများအပေါ် မျှော်လင့်မှုများက အလွန်မြင့်တက်နေပါသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြခဲ့သော Bidhayak Das ၏ Burma’s Right to Information Movement Can Learn From India ကို ဘာသာပြန်ဆိုသည်။ Bidhayak Das သည် ဂျာနယ်လစ်တဦး ဖြစ်ခဲ့ပြီး လက်ရှိတွင် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး ကိစ္စများတွင် လှုပ်ရှားဆောင်ရွက်နေသည်။)

Loading