မြန်မာနိုင်ငံ၏ မြေဆီမြေသြဇာကောင်းမွန်မှုနှင့် ရေအရင်းအမြစ်ကြွယ်ဝမှုတို့က အရှေ့တောင်အာရှတွင် ထင်ရှားသည်။ အာရှတွင် မြန်မာက စိုက်ပျိုးရန် အကောင်းဆုံး အနေအထားတွင် ရှိသည်ဟုပင် ဆိုကြသည်။ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံမှသည် ဆန်စပါးနှင့် ကောက်ပဲသီးနှံများအထိ အရာအားလုံး နီးပါးကို မြန်မာနိုင်ငံတွင် စိုက်ပျိုးနိုင်သည်။ စိုက်ပျိုးရေး ကဏ္ဍက တိုင်းပြည် GDP တွင် ၃၈ ရာခိုင်နှုန်း ပါဝင်နေပြီး အလုပ်အကိုင်နေရာ ၆၀ ရာခိုင်နှုန်းပေးထားသည်။ လာမည့်နှစ်များအတွင်း ပြုပြင်ပြောင်းလဲရေးကြောင့် စိုက်ပျိုးရေး ကဏ္ဍ၏ စီးပွားရေးတွင် အရေးပါမှုနှင့် အလုပ်ပေးနိုင်မှုတို့က လျော့ပါးသွားမည် ဖြစ်သော်လည်း စိုက်ပျိုးရေးက ဆင်းရဲနွမ်းပါးမှုလျှော့ချရေးတွင် နောင် နှစ်ပေါင်းများစွာအထိ အဓိကနေရာမှ ဆက်လက်ပါဝင်သွားဦးမည်ဖြစ်သည်။
ကမ္ဘာ့ဘဏ်နှင့် Livelihoods and Food Security Fund- LIFT မှ တွေ့ရှိခဲ့သည်များမှာ
မြန်မာနိုင်ငံတွင် အမျိုးအစားစုံလင်သည့် လယ်ယာစိုက်ပျိုးရေး စနစ်ကောင်းများ ရှိနေသည်။ ကမ္ဘာ့ဘဏ်နှင့် LIFT တို့က လတ်တလောပြုလုပ်ခဲ့သည့် လယ်ယာစီးပွားရေးဆိုင်ရာ လေ့လာမှုတခုအရ လယ်မြေအများစုသည် မုတ်သုန်ရာသီ အတွင်းတွင် ဆန်စပါး စိုက်ပျိုးထုတ်လုပ်သော်လည်း ခြောက်သွေ့ရာသီတွင် ဆီထွက်သီးနှံများနှင့် ပြောင်းကဲ့သို့သော အခြားသီးနှံ အမျိုးမျိုးကိုလည်း စိုက်ပျိုးကြောင်း တွေ့ရှိရသည်။ ထိုသို့ ပြုလုပ်ခြင်းက စိုက်ပျိုးရေးမြေများ ပြန်လည်ကောင်းမွန်လာရေးအတွက် အထောက်အကူပြုသလို ခြောက်သွေ့ရာသီတွင် ရေကို ထိရောက်စွာ အသုံးပြုခြင်း ဖြစ်သည့်အတွက် အလွန်ကောင်းသည့် တိုးတက်မှုတခု ဖြစ်ပါသည်။ ထို့ပြင် လူတဦးချင်းအလိုက် ဆန်စားသုံးမှုကလည်း တရားဝင် စာရင်း အချက်အလက်များတွင် ဖော်ပြထားသည့် ၁၇၅ ကီလိုဂရမ် ထက်လျော့နည်း၍ ၁၃၂ ကီလိုဂရမ်သာ ရှိကြောင်း တွေ့ရှိရ ခြင်းကြောင့် ပြည်သူလူထု၏ စားသုံးမှုတွင် ဆန်အပြင် ပရိုတိန်း ကြွယ်ဝသော အစားအစာများ သို့မဟုတ် ဟင်းသီးဟင်းရွက်များ ပိုမိုပါဝင်လာကြောင်း ဖော်ပြနေခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် အာဟာရမပြည့်ဝမှု မြင့်မားနေခြင်းကို တိုက်ဖျက်ရာတွင် အလွန် အရေးကြီးသည့် အချက်လည်း ဖြစ်သည်။
သို့သော် စိုက်ပျိုးရေး ကုန်ထုတ်လုပ်မှုက နိမ့်ကျနေသည်။ LIFT ၏ လေ့လာမှုက မြန်မာနိုင်ငံတွင် မြေယာနှင့် လုပ်သားအင်အား တို့မှ ကုန်ထုတ်လုပ်မှုသည် အခြားအာရှမှ ဆန်ထုတ်လုပ်သည့် နိုင်ငံများထက် များစွာနိမ့်ကျနေသည်ကို တွေ့ရှိခဲ့ရသည်။ ဥပမာအားဖြင့် မြန်မာနိုင်ငံ၌ မုတ်သုန်ရာသီတွင် ၁ ရက် အလုပ်လုပ်ခြင်းက စပါး ၂၃ ကီလိုဂရမ်သာ ထုတ်လုပ်နိုင်သည့် အတွက် ကမ္ဘောဒီးယားတွင် ၆၂ ကီလိုဂရမ်၊ ဗီယက်နမ်တွင် ၄၂၉ ကီလိုဂရမ်နှင့် ထိုင်းနိုင်ငံတွင် ၅၄၇ ကီလိုဂရမ် ရှိသည် တို့ နှင့် နှိုင်းယှဉ်ကြည့် နိုင်ပါသည်။ လယ်ယာလုပ်သားများ၏ ကုန်ထုတ်လုပ်မှု နိမ့်ကျရသည့် အဓိက အကြောင်းတခုမှာ စိုက်ပျိုးရေး ကဏ္ဍမှ လုပ်အားခများက အာရှတွင် အနည်းဆုံးများထဲတွင် ရှိနေသောကြောင့် ဖြစ်သည်။ နှိုင်းယှဉ်ပြရလျှင် ထိုင်းနိုင်ငံတွင် လယ်ယာ လုပ်သားတဦး၏ လုပ်အားခက တနေ့လျှင် အမေရိကန် ဒေါ်လာ ၁၅ ဒေါ်လာရှိပြီး ဗီယက်နမ် နိုင်ငံမှ လယ်ယာ လုပ်သားတယောက်က တနေ့လျှင် ပျမ်းမျှ အမေရိကန် ဒေါ်လာ ၈ ဒေါ်လာ ရရှိနေပါသည်။
မြန်မာနိုင်ငံတွင် လယ်ယာကဏ္ဍမှ အကျိုးအမြတ်ရရှိမှုက အာရှတွင် အနိမ့်ဆုံးဖြစ်သည်။ ထိုသို့ ဖြစ်ရခြင်းက လယ်ယာလုပ် ငန်းမှ ကုန်ထုတ်လုပ်မှု နိမ့်ကျခြင်း၏ တိုက်ရိုက် အကျိုးရလဒ်ဖြစ်သည်။ ၂၀၁၃/၁၄ ခုနှစ်တွင် မိုးစပါး စိုက်ပျိုးထုတ်လုပ်မှုမှ ရရှိသည့် ပျမ်းမျှ အကျိုးအမြတ်က ၁ ဟက်တာ(၂.၄၇ ဧကခန့်)တွင် အမေရိကန် ဒေါ်လာ ၁၁၄ ဒေါ်လာဖြစ်သည်။ အခြားသော စိုက်ပျိုး သီးနှံများတွင်လည်း အလားတူပင် ဖြစ်သည်။ ယေဘုယျအားဖြင့် စိုက်ပျိုးရေးလုပ်ငန်းမှ ရရှိသော အကျိုးအမြတ်က အိမ်ထောင်စုအလိုက်ဝင်ငွေကို ဒေသတွင်း ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှု သတ်မှတ်နှုန်း၏ အထက်သို့ မြှင့် တင်နိုင်ရန် မလုံလောက်ခဲ့ကြောင်း LIFT ၏ လေ့လာမှု အရသိရသည်။ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးတွင် စိုက်ပျိုးရေး ကဏ္ဍ၏ အရေးပါမှုကို နားလည်သဘောပေါက်မှု မရှိသေးကြောင်း ဖော်ပြနေခြင်းလည်း ဖြစ်သည်။
စိုက်ပျိုးရေး ကဏ္ဍအတွက် အများနှင့် ဆိုင်သော စီမံဆောင်ရွက်ပေးမှုများ၊ ထောက်ပံ့ နိုင်မှုများ မရှိပါ။ မြန်မာနိုင်ငံမှ တောင်သူလယ်သမားများသည် ဒေသတွင်းမှ အခြား တောင်သူလယ်သမားများထက်စာလျှင် အသိပညာ ရရှိမှုနှင့် ဗဟုသုတ နည်းပါးမှုများ ရှိသည်။ အိမ်နီးချင်းနိုင်ငံများမှ လယ်သမားများနှင့် စာလျှင် အစိုးရက ပေးသော ဝန်ဆောင်မှုများကို ရရှိခြင်းလည်း နည်းပါးကြသည်။
ပထမ ဥပမာတခု ပြရလျှင် လယ်သမားများသို့ အဆင့်အတန်းမီ စပါးမျိုးစေ့များ ထောက်ပံ့ပေးနိုင်မှုက လိုအပ်ချက်၏ ၁ ရာ ခိုင်နှုန်းသာ ရှိသည်။ အခြားသော သီးနှံများတွင် ပို၍ ဆိုးသည်။ အစိုးရဘက်မှ အရည်အသွေးမီ မျိုးစေ့များ လုံလောက် စွာ ထုတ်လုပ်ပေးနိုင်ခြင်း မရှိပါ။ ထို့ပြင် ပုဂ္ဂလိက ပိုင်းမှလည်း မျိုးစေ့များ နိုင်ငံခြားမှ တင်သွင်းရန် သို့မဟုတ် ထုတ်လုပ်ရန် ထိထိရောက်ရောက် ဆောင်ရွက် နိုင်ခဲ့ခြင်း မရှိပါ။ ထို့ကြောင့် မြန်မာလယ်သမားအများစုက သူတို့ ကိုယ်တိုင် သိုလှောင် ထား သည့် မျိုးစေ့များကို အသုံးပြုကြသည်မှာ အံံ့သြဖွယ်ရာ မဟုတ်ပါ။ ထိုသို့ ပြုလုပ်ခြင်းက ထုတ်လုပ်မှုကို ဆက်လက် ကျဆင်းစေသည့် အလေ့အထ တခု လည်း ဖြစ်ပါသည်။
ဒုတိယ အချက်မှာ ဓာတ်မြေသြဇာ လုံလောက်စွာ အသုံးမပြုနိုင်ခြင်း ဖြစ်သည်။ မြန်မာ တောင်သူလယ်သမားများသည် ဓာတ်မြေသြဇာ အလွန်နည်းပါးစွာ သုံးစွဲကြပြီး တခါတရံတွင် နည်းလမ်းလွဲမှားစွာဖြင့် အသုံးပြုလေ့ရှိကြသည်။ အဘယ် ကြောင့် ဆိုသော် လေ့ကျင့်ပညာပေးမှု နည်းပါးခြင်းနှင့် အရည်အသွေး အာမခံချက်ရှိသည့် ဓာတ်မြေ သြဇာ နည်းပါးခြင်း တို့ကြောင့် ဖြစ်သည်။ ထို့ကြောင့် ရလဒ်အနေဖြင့် သီးနှံထွက်နှုန်းဆက်လက်နိမ့်ကျခဲ့ရသည်။
တတိယအချက်မှာ ဆည်မြောင်းစနစ် ညံ့ဖျင်းခြင်း ဖြစ်သည်။ ၂၀၁၄-၁၅ ခုနှစ်တွင် တပြည်လုံး စိုက်ပျိုးမြေ၏ ၁၅ ရာခိုင်နှုန်း ဖြစ်သော စိုက်ပျိုးမြေ ဟက်တာ ၃ သန်းခန့်သာ အစိုးရ၏ ရေပေးဝေမှု စနစ်တွင်ပါဝင်ခဲ့သည်။ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံ တွင် ၃၀ရာခိုင်နှုန်းခန့်၊ တရုတ်နိုင်ငံတွင် ၅၀ ရာခိုင်နှုန်းနှင့် ဗီယက်နမ်နိုင်ငံတွင် ၇၀ ရာခိုင်နှုန်း တို့ထက်စာလျှင် များစွာ နိမ့် ကျနေခြင်း ဖြစ်သည်။
ဆန်ထုတ်လုပ်ခြင်းမှသည် စိုက်ပျိုးရေး ထောက်ပံ့မှုများ ကျယ်ကျယ်ပြန့်ပြန့် ပေးခြင်းအထိ ပါဝင်သော မူဝါဒ ပြောင်းလဲမှု တခု လိုအပ်နေပါသည်။ ပိုမို ထုတ်လုပ်နိုင်ခြင်းနှင့် စပါးများ ပိုမိုရိတ်သိမ်းလာနိုင်ခြင်းတို့က ဝင်ငွေမြင့်မားလာခြင်းကို အလိုအလျောက် ဖြစ်ပေါ်စေမည် မဟုတ်ပါ။ ဝင်ငွေမြင့်မားခြင်းကို ကောင်းမွန်သည့် အများပြည်သူနှင့်ဆိုင်သော မူဝါဒများ အစီအစဉ်များမှ ပေါ်ပေါက်လာသည့် ပိုမိုကောင်းမွန်သော လယ်ယာမြေစီမံခန့်ခွဲမှုမှသာ ရရှိနိုင်မည် ဖြစ်သည်။ ပိုမို၍ နည်းဗျူဟာမြောက်သည့် အမျိုးအစား စုံလင်စွာ စိုက်ပျိုးခြင်းကြောင့်လည်း ဝင်ငွေမြင့်မားလာနိုင်ပါသည်။ LIFT ၏ လေ့လာမှုအရ မြန်မာနိုင်ငံ၏ ဒေသအတော်များများတွင် စပါးစိုက်ပျိုးခြင်းက အခြားသောသီးနှံများ စိုက်ပျိုးခြင်းထက် ပို၍ အကျိုးအမြတ်နည်းသည်ကို တွေ့ရှိရပါသည်။ အထူးသဖြင့် ခြောက်သွေ့ရာသီတွင် ဖြစ်သည်။ ဥပမာ ပဲတီစိမ်းက အကျိုးအမြတ် အများဆုံး ဖြစ်သည်။ ပဲတီစိမ်း စိုက်ပျိုးခြင်းက ကုန်ကျစရိတ်သက်သာသလို စပါးထက်လည်း ရေလိုအပ်ချက် နည်းပါးသည်။ ထို့ကြောင့် လယ်သမားများအနေဖြင့် စိုက်ပျိုးထုတ်လုပ်မှုကို ထိရောက်စေရန်နှင့် အကျိုးအမြတ် ရရှိစေရန် ကုန်ကျစရိတ်နည်းပါး၍ အမြတ်အစွန်းများပြားမည့် စိုက်ပျိုးသီးနှံကို သူတို့ ကိုယ်တိုင် လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိရန် အရေးကြီးပါသည်။ တနည်းဆိုရသော် သွင်းကုန်နည်းပါးစွာဖြင့် ထုတ်လုပ်ခြင်း သို့မဟုတ် ထွက်ကုန်မြင့်မားမည့် သွင်းကုန်ကို အသုံးပြု၍ ထုတ်လုပ်ခြင်းက မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး ကဏ္ဍမှ လယ်မြေများနှင့် လယ်သမားများအတွက် ပြန်လည်ရရှိနိုင်မှုကို သေချာစေရေးအတွက် အရေးပါသော အချက်များဖြစ်သည်။
မြန်မာနိုင်ငံမှ စိုက်ပျိုးရေး ဆိုင်ရာ မူဝါဒချမှတ်သူများ အနေဖြင့် အရည်အသွေးမြင့် စိုက်ပျိုးရေး အထောက်အကူပြု အစီအစဉ်များ ပိုမိုလုပ်ဆောင်နိုင်ပါသည်။ စိုက်ပျိုးရေး ကဏ္ဍ၏ ထုတ်လုပ်မှုအပေါ် သက်ရောက်သော အကြောင်းရင်း များစွာ ရှိပါသည်။ ၎င်းတို့ထဲမှ အချို့မှာ စိုက်ပျိုးရေးဆိုင်ရာ မူဝါဒချမှတ်သူများ ဆောင်ရွက်နိုင်သည်ထက် ကျော်လွန်နေခြင်းများလည်း ရှိပါသည်။ ဥပမာ ရရှိနိုင်သည့် လုပ်သား အင်အားနည်းပါးခြင်း၊ လုပ်သားစရိတ် သို့မဟုတ် အရင်းအနှီး ဖြစ်သည်။ သို့သော်လည်း စိုက်ပျိုးရေး ဝန်ကြီးဌာနမှ လုပ်ဆောင်ပေးနိုင်သည့် အချက်လည်းများစွာ ရှိနေပါသည်။ ဥပမာ ယခုအချိန်တွင် စပ်မျိုးစပါး ထုတ်လုပ်ရေးကို အဓိက အလေးပေးဆောင်ရွက်နေသည့် အစိုးရ၏ မျိုးစေ့ ထုတ်လုပ်ရေး စနစ်က စပါးနှင့် အခြားသီးနှံ မျိုးများ ပိုမိုများပြားစုံလင်ရေးကို ကျယ်ကျယ်ပြန့်ပြန့် ဦးစားပေး ဆောင်ရွက်ရန် လိုအပ်နေပါသည်။ ဝန်ဆောင်မှုများ တိုးချဲ့ခြင်းက လယ်သမားများထံ ပိုမိုရောက်ရှိစေရန်နှင့် ထုတ်လုပ်မှုကို တိုးမြင့်စေမည့် စိုက်ပျိုးရေး နည်းပညာများ သုံးစွဲမှု များပြားလာစေရန် အချိုးညီညီ တိုးမြှင့်လာရမည် ဖြစ်သည်။ ပို၍ ပြောင်းလွယ်ပြင်လွယ်ရှိသော၊ တောင်သူလယ်သမားများ နေရာဒေသအမျိုးမျိုးတွင် သီးနှံ အမျိုးမျိုးကို စိုက်ပျိုးထုတ်လုပ်စေနိုင်သော ဈေးကွက် အခွင့်အလမ်းကို ထိရောက်စွာ တုန့်ုပြန်နိုင်သော ဆည်မြောင်းစနစ်ကို ဖော်ဆောင်ပေးနိုင်ပါသည်။
(ဒေါက်တာဇာဂီဇော်ယာသည် ကမ္ဘာ့ဘဏ်မှ စိုက်ပျိုးရေးဆိုင်ရာ အကြီးတန်း ဘောဂဗေဒ ပညာရှင်တဦး ဖြစ်သည်။ ၎င်း၏ Unleashing Myanmar’s Agricultural Potential ဆောင်းပါးကို ဘာသာပြန်ဆိုသည်)