အကျင့်ပျက်ခြစားမှု - အကြောင်းရင်းမှန်ကို ရှာဖွေခြင်းနှင့် ကုစားဖြေရှင်းခြင်း (၂)

အလီနာ မွန်ဂျူပစ်ပီဒီ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

အကျင့်ပျက်ခြစားမှုကို အသုံးပြုပြီး တိုင်းတာမယ်ဆိုရင် နိုင်ငံရေးစနစ်တွေကို အကြမ်းဖျင်း ၃ မျိုး ခွဲခြားနိုင်ပါတယ်။ (ပုံကို ကြည့်ပါ။ ရေပြင်ညီအလိုက်မျဉ်း)။ ရေပြင်ညီမျဉ်းရဲ့ဘယ်ဘက်အစွန်မှာတော့ အာဏာကို ချုပ်ကိုင်ထားတတ်တဲ့ နိုင်ငံရေး စနစ်ရှိနေပြီး ညာဘက်အစွန်းမှာတော့ လစ်ဘရယ်ဒီမိုကရေစီ ရှိနေပါတယ်။ လွန်ခဲ့တဲ့ ရာစုနှစ်တွေအတွင်းမှာ ပေါ်ပေါက်ခဲ့ တဲ့ ဥရောပမဟုတ် လူ့အဖွဲ့အစည်းအများစုအပြင် ခေတ်ပြိုင်လူ့အဖွဲ့အစည်းအများစုက ရေပြင်ညီမျဉ်းရဲ့အလယ်တနေရာ မှာ ကျရောက်နေပါတယ်။

ပထမအုပ်စုထဲမှာ ခေါင်းဆောင်တယောက်တည်းချုပ်ကိုင် နိုင်ငံရေးစနစ်တွေနဲ့ “အုပ်စုကောင်းစားရေး ဝါဒ” စစ်စစ် နိုင်ငံ တော်တွေ ပါဝင်ပါတယ်။ အဲဒီလို လူ့အဖွဲ့အစည်းတွေမှာ အုပ်ချုပ်သူတွေ၊ သူတို့မိသားစုတွေနဲ့ သူတို့ရဲ့အသိုက်အဝန်းတွေ က ဘယ်သူ့ကိုမှ တာဝန်ခံစရာ မလိုပါ။

အုပ်ချုပ်ခံပြည်သူတွေရဲ့ ပိုင်ဆိုင်ပစ္စည်းကိုလည်း ကြိုက်တာ သိမ်းယူနိုင်ပါတယ်။ ဒါပေမယ့် တိုင်းသူပြည်သားတွေက သူ တို့ရဲ့အုပ်ချုပ်မှုကို ပုန်ကန်ခြားနားတာ မလုပ်နိုင်အောင် တချို့အစိတ်အပိုင်းတွေမှာ ချုပ်တည်းပြီး အုပ်ချုပ်ရပါတယ်။ ဒါ ကြောင့်မို့ အကျင့်ပျက်ခြစားမှုကနေ ရရှိလာမယ့်ဝေစုတွေက ကြီးမားပေမယ့် ခေတ်ဟောင်းအာဏာရှင်တွေက (မျက် မှောက်ခေတ် အာဏာရှင်တွေနဲ့ မတူဘဲ) ဂရုတစိုက်နဲ့ အုပ်ချုပ်တတ်ပါတယ်။ တာဝန်ခံရတဲ့စနစ်တွေ သေချာမရှိရင်တောင် မှ အကျင့်ပျက် ခြစားမှုတွေကလည်း အကန့်အသတ်နဲ့ပဲ ရှိနေတတ်ပါတယ်။

နိုင်ငံရေးစနစ်အလိုက် အကျင့်ပျက်ခြစားမှုများ ပြောင်းလဲသွားပုံ
Screen Shot 2016-05-26 at 12.54.10 PM
အစဉ်အလာအတိုင်း အာဏာတည်ဆောက်ပုံတွေ (ကွန်မြူနစ်နိုင်ငံတွေမှာတော့ အစဉ်အလာလက်သစ် အာဏာတည် ဆောက်ပုံစနစ်) ပြိုလဲသွားပြီးတဲ့နောက်မှာ လစ်ဘရယ် ဒီမိုကရေစီက အစားထိုး ဝင်ရောက်လာတယ်ဆိုတာ မရှိသလောက် ရှားပါတယ်။

အဲဒီအစား ဟိုမရောက် ဒီမရောက် စပ်ကူးမတ်ကူး နိုင်ငံရေးစနစ်တွေဆီကိုပဲ ကူးပြောင်းသွားတတ်ပါတယ်။ အဲဒီလို အခြေအနေမျိုးတွေမှာ အာဏာကို လက်ဝါးကြီးအုပ် ချုပ်ကိုင်ထားတဲ့ ပုံစံမျိုးတွေ မရှိတော့ပါ။ နောက်ဆက်တွဲ ပေါ်ပေါက်လာတဲ့ အာဏာရရှိရေး အပြိုင်ကြိုးပမ်းမှုတွေနဲ့ ကြိုးပမ်းမှုကြောင့် ရလာမယ့်ဝေစုတွေကို တရားဝင် စည်းမျဉ်းစည်းကမ်းတွေ ဒါမှမဟုတ် အလွတ်သဘော စည်မျဉ်းစည်းကမ်းတွေနဲ့ ချုပ်နှောင်ထားတာလည်း မရှိတော့ပါ။

တာဝန်ခံရတဲ့ အင်စတီကျူးရှင်းတွေတင်သာ ပျောက်ကွယ်နေတာ မဟုတ်ဘဲ အာဏာကို ဖြန့်ကျက် ခွဲဝေမှုတွေကလည်း တဖက်စောင်းနင်း ဖြစ်နေပြီး လူမှုအုပ်စုတခု ဒါမှမဟုတ် တိုင်းရင်းသား အုပ်စုတခုကို မျက်နှာသာ ပေးထားတတ်ပါတယ်။ အာဏာရသွားရင် ရရှိလာနိုင်မယ့် အမြင့်မားဆုံး ဆုလာဘ်က နိုင်ငံတော်နဲ့ နိုင်ငံတော်ပိုင် အရင်းအမြစ်တွေ အားလုံးပဲ ဖြစ်ပါတယ်။ နိုင်ငံတော်ကို ထိန်းချုပ်သွားနိုင်သူက အခွင့်အလမ်းတွေကို အများဆုံး ထိန်းချုပ်သွားနိုင်တဲ့ သဘောပါ။

ဗြိသိသျှ ကိုလိုနီဟောင်း အာဖရိကနိုင်ငံတွေမှာလို ဒီမိုကရက်တစ် အင်စတီကျူးရှင်းတွေ လုပ်ထုံးလုပ်နည်းတကျ ရှိနေတဲ့ နိုင်ငံတွေမှာတောင် ပေါ်ပေါက်လာတဲ့ အစိုးရစနစ် အသစ်တွေက မိရိုးဖလာ အစိုးရစနစ်တွေလောက် တိုင်းသူပြည်သားတွေရဲ့ လူမှုဘ၀ အဆင်ပြေရေးကို ဂရုမစိုက်တတ်တာ တွေ့ရပါတယ်။

အဲဒီလို နိုင်ငံရေးစနစ်မျိုးက အုပ်ချုပ်သူတွေကိုတော့ သမိုင်းပညာရှင် ဘယ်ရင်တန်မောက ဗိုလ်ကျလုယက်တဲ့ ထိပ်တန်းလွှာလို့ ခေါ်ပါတယ်။ သူတို့က သူတို့ကိုယ်သူတို့ ချမ်းသာအောင် လုပ်ရင်းနဲ့ကိုပဲ သူတို့ အမှီပြုတဲ့ လူ့အဖွဲ့အစည်းကို အတိုင်းအတာ တခုလောက်အထိ မလိုအပ်ဘဲ ဆင်းရဲမွဲတေသွားအောင် လုပ်ပစ်လိုက်ပါတယ်။

တော်လှန်ရေးတခုကို ဆင်နွှဲလိုက်လို့ နိုင်ငံရေးစနစ် ပြောင်းလဲသွားတာကြောင့် တာဝန်ခံမှုတွေ ပိုပြီး အားကောင်း လာမယ်လို့ မျှော်လင့်တတ်ကြပေမယ့် ထင်သလို ဖြစ်မလာတာ များပါတယ်။ တော်လှန်ရေးတွေရဲ့ သဘောက ရုတ်ချည်း တိုးတက်မှုကို ရည်ရွယ်ပြီး တော်လှန်ရေး ခေါင်းဆောင်တွေက သြဇာတိက္ကမ ရှိမှုကနေတဆင့် တရားဝင်မှုကို ရယူနိုင်ကြပါတယ်။ အုပ်ချုပ်သူဟောင်း ဆီကနေ နိုင်ငံတော်ကို အပြီးသတ် လွှဲပြောင်းရယူနိုင်ဖို့သာ အာရုံစိုက်နေတတ်ကြပြီး တာဝန်ခံမှု ရှိလာစေမယ့် အင်စတီကျူးရှင်းတွေ တည်ဆောက်ဖို့ကို တော်လှန်ရေး ခေါင်းဆောင်တွေက စိတ်မဝင်စားတတ်ကြပါ။ (အမေရိကန် တော်လှန်ရေးကတော့ ခြွင်းချက်)။

ရေပြင်ညီမျဉ်းအလယ်မှာ ကျရောက်နေပြီး “နိုင်ငံရေး ပြိုင်ဆိုင်မှုရှိတဲ့ အုပ်စုကောင်းစားရေး ဝါဒ” လို့ ကျနော်ခေါ်တဲ့ နိုင်ငံတွေမှာ အကျင့်ပျက်ခြစားမှုတွေ ပေါက်ကွဲ ထွက်လာတတ်ကြပါတယ်။ ဒါပေမယ့် မိရိုးဖလာအတိုင်း အုပ်ချုပ်မှု စနစ်တွေ ပျောက်ကွယ်သွားပြီ ဆိုတာနဲ့ ပြည်သူတွေရဲ့ မျှော်မှန်း ဆန္ဒတွေကလည်း အကြီးအကျယ် ပြောင်းလဲသွားတာကြောင့် အကျင့်ပျက်ခြစားမှုကို ထုံးစံတခုအဖြစ် လူမှုအသိုက်အဝန်းမှာ လက်မခံတော့ပါ။

ရွေးကောက်ပွဲတွေက ပိုပြီးကောင်းမွန်တဲ့ အုပ်ချုပ်မှုစနစ်ကို မမွေးထုတ်ပေးနိုင်ပေမယ့် လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေက အစိုးရ အပြောင်းအလဲကို ဖန်တီးပေးနိုင်တာကြောင့် အုပ်ချုပ်သူတွေ တာဝန်ခံစေမယ့် ယန္တရားတွေကို လူမှုအဖွဲ့အစည်း အတွင်းမှာရှိတဲ့ အင်အားစုတွေက တွန်းအားပေး တောင်းဆိုလာပါတော့တယ်။

ဆင်းရဲမွဲတေပြီး စာတတ်မြောက်မှုနှုန်း နိမ့်ပါးတဲ့ လူ့အဖွဲ့အစည်းတွေကတောင် အစဉ်အလာ ခေါင်းဆောင်တွေရဲ့ အလွဲသုံးစား လုပ်မှုတွေကို တခါက သည်းခံခွင့်လွှတ်ခဲ့ပေမယ့် အသစ်ပေါ်လာတဲ့ ခေါင်းဆောင်တွေရဲ့ အကျင့်ပျက် ခြစားမှုတွေကို လွယ်လွယ်ကူကူနဲ့တော့ လက်မခံကြတော့ပါ။ အနိုင်ကျင့်ဗိုလ်ကျ ထိပ်တန်းလွှာတွေရဲ့ လုပ်ရပ်တွေကို လက်မခံဘဲ တုံ့ပြန်မှုတွေက “နိုင်ငံရေး ပြိုင်ဆိုင်မှုရှိတဲ့ အုပ်စုကောင်းစားရေး ဝါဒ” နိုင်ငံတွေ တခုနဲ့တခုမှာတော့ မတူဘဲ ကွဲပြားကြပါတယ်။

“နိုင်ငံရေး ပြိုင်ဆိုင်မှုရှိတဲ့ အုပ်စုကောင်းစားရေးဝါဒ” နိုင်ငံဆိုတာမှာ လက်တင် အမေရိကတိုက်ရှိ ကိုယ်စားလှယ်လွှဲ ဒီမိုကရေစီ နိုင်ငံတွေ၊ အာဖရိကတိုက်က နိုင်ငံရေး ပြိုင်ဆိုင်မှုရှိတဲ့ ဗရမ်းဗတာ တိုင်းပြည်တွေနဲ့ ကွန်မြူနစ်ခေတ်လွန် ရွေးကောက်ပွဲအဓိက ဒီမိုကရေစီနိုင်ငံတွေ ပါဝင်ပါတယ်။

အဲဒီနိုင်ငံတွေ တခုနဲ့တခုကြားမှာ မတူညီမှုတွေ ရှိပေမယ့် အဓိက အရေးကြီးဆုံး တူညီမှုတခု ရှိပါတယ်။ အဲဒါကတော့ ခေတ်ဟောင်းက အကျင့်ပျက်ခြစားမှုနဲ့ ခေတ်သစ် အကျင့်ပျက်ခြစားမှုကို ပေါင်းစပ်ထားခြင်း၊ ဒါမှမဟုတ် ခေတ်ဟောင်းက “အုပ်စုကောင်းစားရေး ဝါဒ” နဲ့ ခေတ်သစ်အကျင့်ပျက် ခြစားမှုကို ပေါင်းစပ်ထားခြင်းပါ။

ခေတ်ဟောင်းက မိရိုးဖလာ လူ့အဖွဲ့အစည်းတွေမှာ သေးငယ်တဲ့ လူတစုလောက်ကပဲ ဥပဒေအထက်မှာ ရှိပေမယ့် အသစ် ပေါ်ပေါက်လာတဲ့ လူ့အဖွဲ့အစည်းတွေမှာတော့ အခွင့်ထူးခံ အနေအထားကိုရဖို့ အုပ်စုပေါင်းများစွာက ယှဉ်ပြိုင်လာကြပါတယ်။ ဒါ့အပြင် အုပ်ချုပ်သူတွေရဲ့ တာဝန်မခံတဲ့ အပြုအမူတွေကြောင့် နိုင်ငံသားတွေရဲ့ တရားဥပဒေနဲ့ မညီတဲ့ အပြုအမူတွေကလည်း တရားဝင်သွားပါတယ်။

လုပ်ထုံးလုပ်နည်းတကျ တရားဝင် အင်စတီကျူးရှင်းတွေ (တရားဥပဒေစိုးမိုးမှု)နဲ့ လုပ်ထုံးလုပ်နည်းဘောင် အပြင်က အင်စတီကျူးရှင်းတွေ (လက်တွေ့လုပ်ကိုင်ကြပုံ) ကြား အကွာအဝေးက ကြီးထွားလာပါတယ်။ အဲဒီလို အနေအထားမျိုးမှာ ဒီမိုကရေစီက ရာသက်ပန် နာမည်ပျက်သွားနိုင်ပြီး “အကျဉ်းကျနိုင်ငံ” တွေ ပေါ်ပေါက်လာနိုင်ပါတယ်။

အရှေ့ဥရောပ ကွန်မြူနစ်နိုင်ငံတွေကိုတော့ ဒီနေရာမှာ အထူး မှတ်သားသင့်ပါတယ်။ သူတို့တွေမှာ နိုင်ငံ ခေတ်မီတိုးတက်ရေး ဆိုတဲ့ ရည်မှန်းချက်ကို ရှင်းရှင်းလင်းလင်း ကျယ်ကျယ်ပြန့်ပြန့် ချမှတ်ခဲ့ပေမယ့် အကျင့်ပျက် ခြစားမှုတွေ အတော်များများ ပေါက်ပွားခဲ့ပါတယ်။

နိုင်ငံရေးနဲ့ စီးပွားရေး ထိပ်တန်း ရာထူးနေရာတွေကို ကွန်မြူနစ် ပါတီဝင်တွေကိုပဲ သီးသန့်ခန့်အပ်တဲ့ ပါတီ တည်ဆောက်ပုံကြောင့် ပဋိပက္ခတွေ ဖြစ်ပေါ်လာပြီး နိုင်ငံခေတ်မီ တိုးတက်ရေးဆိုတဲ့ ရည်မှန်းချက်ကိုလည်း ဖျက်ဆီးပစ်ပါတယ်။ လူမှုနယ်ပယ်အတွင်း ဆုလာဘ်တွေကို ခွဲဝေဖြန့်ဖြူးပေးရာမှာ လုပ်ပိုင်ခွင့်အာဏာက အဓိကကျတဲ့ ကိရိယာဖြစ်နေပြီး နိုင်ငံရေး အာဏာရှိတဲ့ ရာထူးက လူ့အဖွဲ့အစည်းအတွင်း အနေအထားနဲ့ နီးနီးစပ်စပ် ဆက်နွှယ်မှု ရှိနေတာကြောင့် ကွန်မြူနစ်စနစ်က “ပေါ်လစ်တိုကရေစီ” (နိုင်ငံရေး ထိပ်တန်းလွှာတွေက တခုတည်းသော ကွန်မြူနစ်ပါတီ ကနေတဆင့် လူ့အဖွဲ့အစည်း တခုလုံးကို ထိန်းချုပ်ပြီး နိုင်ငံရေးကို စီးပွားဖြစ်လုပ်နေတဲ့စနစ်) ကို ဖန်တီးပေးပါတယ်။

နိုင်ငံရေးစနစ်ထဲမှာ ရာထူးအဆင့်ဆင့် ခွဲခြားမှုကို ခေတ်သစ်နည်းနဲ့ တည်ဆောက် လိုက်သလိုမျိုးလို့ အင်ဒရူးဂျာနော့စ် က ခေါ်ပါတယ်။ ကွန်မြူနစ်ခေတ်အတွင်း အဲဒီလိုမျိုး အုပ်စုအနေအထားအလိုက် ကွဲပြားသွားမှုတွေမှာ ပါတီအရာရှိ (အပါးရားချိ) ကနေ ညွန်ကြားရေးမှူးအထိ ပါဝင်ပါတယ်။ ပါတီဝင်တွေလည်း ပါဝင်ပါတယ်။ အမြဲတမ်း ရှားပါး ပစ္စည်းဖြစ်နေတဲ့ အရင်းအမြစ်တွေကို ခွဲဝေဖြန့်ဖြူးပေးရတဲ့ အစိုးရအရာရှိတွေ ပါဝင်ပါတယ်။

စာရေးဆရာနဲ့ သတင်းစာဆရာ သမဂ္ဂတွေ ဒါမှမဟုတ် အားကစားကလပ်တွေလိုမျိုး တရားဝင် အသိအမှတ်ပြုခံ အဖွဲ့တွေရဲ့ အဖွဲ့ဝင်တွေ ပါဝင်ပါတယ်။ ချမ်းသာကြွယ်ဝမှု ဖြစ်စေတဲ့ တခြား အရင်းအမြစ်တွေနဲ့ လူတန်းစားအလွှာ ကွာခြားမှုတွေကို ကွန်မြူနစ်စနစ် အစိုးရတွေက တဖြည်းဖြည်း ပျောက်ကွယ်အောင် လုပ်လိုက်တဲ့အခါ အထက်အောက် စီစဉ်ထားတဲ့ လူ့အဖွဲ့အစည်းမှာ လူမှုအနေအထားကပဲ တခုတည်းသော အခြေခံအုတ်မြစ် ဖြစ်လာပါတယ်။

“တကျော့ပြန် မိရိုးဖလာစနစ်” လို့ ကင်ဂျိုးဝှစ်တ် နာမည်ပေးထားတာကလည်း မှန်ကန်သွားပါတော့တယ်။ ကွန်မြူနစ် ခေတ်လွန် လူ့အဖွဲ့အစည်းတွေမှာ ဖြစ်ပေါ်တဲ့ အကျင့်ပျက် ခြစားမှုတွေအတွက် ဒီမိုကရေစီ ဖော်ဆောင်ခြင်းကို အပြစ်တင်ရမှာ မဟုတ်ဘဲ မူလကတည်းက ရှိနေတဲ့ သြဇာလွှမ်းမိုးမှုကို တဖက်စောင်းနင်း ခွဲဝေနေမှုကိုပဲ အပြစ်တင်ရမှာ ဖြစ်ပါတယ်။

အနောက်ဥရောပနဲ့ မြောက်အမေရိကမှာ တာဝန်ခံမှုရှိတဲ့ အစိုးရစနစ်ကို တည်ဆောက်ခဲ့ရာမှာ၊ နိုင်ငံရေးမှာ ဘက်မလိုက် ကြားနေပြီး ပရော်ဖက်ရှင်နယ် ဆန်တဲ့ နိုင်ငံ့ဝန်ထမ်း ယန္တရားကို သမိုင်းနဲ့ချီပြီး တည်ဆောက်ခဲ့ရာမှာ အချိန်တွေ အများကြီး ပေးဆပ်ခဲ့ရပါတယ်။

နိုင်ငံတခုချင်းရဲ့ သမိုင်းအနေအထား အပေါ် မူတည်ပြီး (ဥပမာ) ဆွီဒင်မှာ သူကောင်းမျိုးတွေ၊ ဗြိတိန်မှာ ဘဏ္ဍာရေး လုပ်ငန်းရှင်တွေနဲ့ အမေရိကန်မှာ တတ်သိပညာရှင်တွေက ပရော်ဖက်ရှင်နယ်ဆန်ပြီး တာဝန်ခံမှုရှိတဲ့ အစိုးရစနစ်ကို ပြတ်ပြတ်သားသား တောင်းဆိုခဲ့ကြပါတယ်။

တာဝန်ခံမှုတွေ ပေါ်ပေါက်လာအောင် အဲဒီလို တောင်းဆိုမှုတွေက လုပ်ထုံးလုပ်နည်းတကျ အင်စတီကျူးရှင်းတွေမှာရော အလွတ်သဘောဆန်တဲ့ အင်စတီကျူးရှင်းတွေ အတွင်းမှာပါ အပြောင်းအလဲတွေ ဖြစ်ပေါ်လာပါတယ်။ တတိယနိုင်ငံရေး စနစ် အမျိုးအစားဖြစ်တဲ့ လစ်ဘရယ် ဒီမိုကရေစီမှာ အကျင့်ပျက်ခြစားဖို့ အခွင့်အရေးတွေ လျော့နည်းသွားပြီး ကျူးလွန်တာတွေလည်း နည်းပါးသွားပါတယ်။ တဖြည်းဖြည်းချင်း သဘာဝကျကျ ပြုပြင်ပြောင်းလဲသွားတာကြောင့် လူမှုအုပ်စုတွေကြားမှာ လုပ်ပိုင်ခွင့်အာဏာတွေ ဟန်ချက်ညီသွားပြီဆိုရင် တလောကလုံး သဘောဆောင်တဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ နှုန်းစံတွေက အဓိက နိုင်ငံရေး ဇာတ်ကောင်တွေနဲ့ သူတို့ရဲ့ နိုင်ငံရေး မဟာဗျူဟာတွေကို ထင်ရာမစိုင်းနိုင်အောင် ဇက်ကြိုးတပ် ပေးလိုက်ပါတယ်။

တာဝန်ခံမှုစနစ်တွေ အားနည်းသွား ဒါမှမဟုတ် ပျောက်ကွယ်သွားရင်လည်း အကျင့်ပျက်ခြစားမှုတွေ ပြန်လည်ပေါ်ပေါက် လာနိုင်ပါတယ်။ (ဥပမာ – ကိုဆိုဗိုမြို့ကို နိုင်ငံတကာ အသိုက်အဝန်းက အုပ်ချုပ်ထားချိန်မှာ ဒါမှမဟုတ် အီရတ်နိုင်ငံ အတွက် ကုလသမဂ္ဂရဲ့  စားနပ်ရိက္ခာအတွက် ရေနံအစီအစဉ် အကောင်အထည်ဖော်ချိန်မှာ)။

အားလုံးအတွက် တပြေးညီထုံးစံကို ကျယ်ကျယ်ပြန့်ပြန့် လိုက်နာ အကောင်အထည် မဖော်ဘဲ ရွေးကောက်ပွဲတွေကို ပုံမှန် ကျင်းပပေးရုံလောက်နဲ့ ဆိုရင် ဒီမိုကရေစီလည်း အမြစ်မတွယ်နိုင်ပါ။ ဒါကြောင့်မို့ ဖရီးဒမ်းဟောက်စ် အဖွဲ့ကြီးက ပြုစုတဲ့ လွတ်လပ်မှု ရမှတ်တွေနဲ့ နိုင်ငံတကာ ပွင့်လင်းမြင်သာမှု အဖွဲ့ကြီးက ပြုစုတဲ့ အကျင့်ပျက် ခြစားမှုအပေါ် အမြင်အညွှန်းကိန်းကို ထူးထူးခြားခြား ပေါင်းစပ်ထားသလိုပဲ ဖြစ်နေမှာပါ။
ဆက်လက်ဖော်ပြပါမည်

(အလီနာ မွန်ဂျူပစ်ပီဒီ (Alina Mungiu-Pippidi) သည် ရိုမေးနီးယားနိုင်ငံ၊ ဘူခါရက်စ်မြို့ရှိ Romanian Academic Society အဖွဲ့၏ ဒါရိုက်တာ ဖြစ်သည်။ Freedom House နှင့် United Nations Development Programme တို့တွင် အတိုင်ပင်ခံ ပညာရှင်လည်း ဖြစ်သည်။ Coalition for a Clean Parliament ၏ ခေါင်းဆောင်လည်း ဖြစ်ပြီး ၎င်းအဖွဲ့သည် ၂၀၀၄ ရိုမေးနီးယား ရွေးကောက်ပွဲများတွင် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးလှုပ်ရှားမှုကို ဦးဆောင်ခဲ့သည်။ ယခု စာတမ်းကို Journal of Democracy နှင့် Johns Hopkins University Press တို့၏ ခွင့်ပြုချက်ကို ရယူပြီး Educational Initiatives (ပညာရှေ့ဆောင်) က ဘာသာပြန်ဆိုခြင်း ဖြစ်သည်။ Educational Initiatives (www.eduinitiatives.org) အဖွဲ့သည် ဒီမိုကရေစီနှင့် ပတ်သက်သော သင်တန်းများ၊ အရည်အသွေးမြှင့် သင်တန်းများကို ပို့ချပေးနေသော ရန်ကုန်အခြေစိုက် အဖွဲ့အစည်းဖြစ်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading