ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း မြန်မာ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် အများက သိမြင်နားလည်မှုများ ကြီးကြီးမားမား ပြောင်းလဲခဲ့သည်။ အများက ဒီမိုကရေစီ သူရဲကောင်းတယောက်အနေဖြင့် ကျယ်ကျယ်လောင်လောင် ချီးမွမ်းနေသည့်အချိန်တွင် သူ့ကို မာနကြီးသူ၊ ပြောင်းလွယ်ပြင်လွယ်မရှိသူ စသည်ဖြင့် စွပ်စွဲမှုများကလည်း တိုးလာနေသည်။ ပြီးခဲ့သည့် နိုဝင်ဘာလရွေးကောက်ပွဲတွင် သူ၏ NLD ပါတီက မဲအပြတ်အသတ် ဖြင့် အနိုင်ရှိခဲ့သည့် အချိန်ကစ၍ လေ့လာစောင့်ကြည့်သူအချို့က သူသည် အာဏာရှင် စနစ်တခုကို နောက်တခုဖြင့် အစားထိုးနိုင်သည်ဟု ဆိုခဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်သူများ အမြဲ ရှိနေသည်။ သက်ဦးဆံပိုင်ဟု မဆိုကြလျှင်ပင် သူ့ကို ချုပ်ကိုင်တတ်သူအဖြစ် သရုပ်ဖော်ခဲ့ကြသည်။ ဆန့်ကျင်ဘက် အကြံဉာဏ်များကို ငြင်းပယ်တတ်သူအဖြစ် စွပ်စွဲခဲ့ကြသည်။ သူက ပါတီတွင်း အချေအတင် ဆွေးနွေးငြင်းခုန်မှုများ အပေါ် စိတ်သက်တောင့်သက်သာ မရှိခဲ့သူ ဖြစ်သည်။ ဒီမိုကရေစီလှုပ်ရှားမှုအတွင်း ပါတီဝင်များနှင့် ဦးတည်ချက်အပေါ် သြဇာလွှမ်းမိုးမှု ရစေရန်အတွက် အခြားသူများကို အခွင့်အရေး ပေးရန် ငြင်းပယ်ခဲ့သူဟု မကျေမနပ်ဖြစ်နေသော NLD ပါတီဝင်များက ပြောကြသည်။ သူ၏ နေရာကို ဆက်ခံမည့်သူ မွေးထုတ်ပေးရန်လည်း ဆန့်ကျင်သလို ခေါင်းဆောင်ဖြစ်ရန် ရည်မှန်းချက်ရှိသူများကိုလည်း ပိတ်ဆို့ထားသည်ဟု သူတို့ က ပြောကြသည်။
ဓမ္မဓိဌာန်ကျသည့် အကြောင်းပြချက်များလော
၂၀၁၀ ခုနှစ်တွင် နေအိမ် အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်လာပြီးချိန်မှစ၍ ဒေါ်အောင်ဆန်းစုကြည်က အများက သိထားသည့် ပုံရိပ်နှင့် ကိုက်ညီမှုမရှိသော အခြား ကွဲပြားခြားနားသည့် ပုဂ္ဂလိက အပြုအမူများကို ထုတ်ဖော်ပြသခဲ့သည်။ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူတဦး အနေဖြင့် ထောက်ခံလှုပ်ရှားခဲ့သော ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးကဲ့သို့သော ဦးတည်ချက်များကို မျက်ခြည်ပြတ်သွားသည့် အသွင်ဖြစ်ခဲ့သည်။ အခြေခံ စည်းမျဉ်းများထက် အာဏာကို ပိုအရေးပေးခဲ့သည်ဟုလည်း စွပ်စွဲခံခဲ့ရသည်။ ဥပမာ ပြရလျှင် မြန်မာနိုင်ငံမှ ရိုဟင်ဂျာ မွတ်ဆလင်အသိုင်းအဝိုင်းအပေါ် နိုင်ထက်စီးနင်း ပြုမူခြင်းများနှင့် ပတ်သက်၍ လူသိရှင်ကြား ဆန့်ကျင် ပြောဆိုရန် သူက ငြင်းဆန်ခဲ့သည်။ ပြီးခဲ့သည့် နိုဝင်ဘာလရွေးကောက်ပွဲတွင် NLD ပါတီက မွတ်ဆလင် ကိုယ်စားလှယ်လောင်းများ ထည့်သွင်း ယှဉ်ပြိုင်ခြင်း မပြုခဲ့ပါ။
ရွေးကောက်ပွဲကာလအတွင်း NLD ကိုယ်စားလှယ်လောင်းများ၏ အခန်းကဏ္ဍနှင့် လှုပ်ရှားမှုများကို ဒေါ်အောင်ဆန်းစုကြည်က ကန့်သတ်ထိန်းချုပ်ခြင်းအားဖြင့် ပါတီကိုယ်စားလှယ်များအား တဆင့်ခံလမ်းကြောင်းများအဖြစ် သုံးနေခြင်းကို ထိထိရောက်ရောက် လျှော့ချပစ်နိုင်ခဲ့သည်။ မူဝါဒရေး အဓိကကျသော ထုတ်ပြန်ပြောဆိုမှုကို သူသာ ပြုလုပ်မည်ဟု ထိန်းချုပ်လိုက်သည်။ ၂၀၀၈ ခုနှစ် အခြေခံဥပဒေက သူ့ကို သမ္မတမဖြစ်အောင် တားဆီးထားသော်လည်း ဒေါ်အောင်ဆန်းစုကြည်က သူသည် သမ္မတအထက်တွင် ရှိနေမည် ဖြစ်ကြောင်း၊ သမ္မတတွင် လုပ်ပိုင်ခွင့် ရှိမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။ သူက အစိုးရအဖွဲ့ကို ကိုယ်တိုင် ဦးဆောင်ရန်နှင့် ဆုံးဖြတ်ချက်များအားလုံး ကိုယ်တိုင် ချမှတ်နိုင်ရန် စီစဉ်ခဲ့သည်။
လူအများကြားတွင် ထင်ရှား ကျော်ကြားသူများ၏ စိတ်နေစိတ်ထားကို မှန်းဆခြင်းက အမြဲတမ်း အန္တရာယ်များပါသည်။ ထို့ ပြင် မြန်မာနိုင်ငံမှ ထွက်ပေါ်လာသော သတင်းများနှင့် ဒေါ်အောင်ဆန်းစုကြည် အမြင်ကို ကိုယ်စားပြုသည်ဟု ပြောနေခြင်းများ အားလုံးအပေါ် အားကိုးအားထားပြု၍ မဖြစ်နိုင်ပါ။ သူ့အပေါ် အမနာပ ပြောဆိုသူများပြောသည့်အတိုင်း ယခုလည်း ထုတ်ဖော်ပြသနေပြီ ဖြစ်သည့် အာဏာရှင်ဝါဒ လမ်းကြောင်းပေါ် သူ ရောက်နေသည်ဆိုခြင်းမှာ ဖြစ်နိုင်ဖွယ် ရှိပါသည်။ သို့သော် သူ၏ လုပ်ဆောင်သမျှကို မှန်သည်ဟု ကာကွယ်ရန် ကြိုးစားခြင်းမရှိဘဲ (အထူးသဖြင့် ဧပြီလ ၁ ရက်နေ့မှ စ၍ အာဏာရယူရန် ဒေါ်အောင်ဆန်းစုကြည် ပြင်ဆင်လာသည့် အချိန်မှ စ၍) သန်မာတောင့်တင်းသော ပုဂ္ဂိုလ်ရေးအခြေပြု ခေါင်းဆောင်မှုပုံစုံမျိုးကို ဒေါ်အောင်ဆန်းစုကြည် အသုံးပြုရခြင်းတွင် ဓမ္မဓိဋ္ဌာန်ကျသည့် အကြောင်းပြချက်များ ရှိ မရှိ စဉ်းစားကြည့်ရန်မှာ သင့်မြတ်လျော်ကန်ပါသည်။
ဖြစ်နိုင်ချေ အကြောင်းရင်း အများအပြား အတွေးမှာ ပေါ်လာပါသည်။ ပထမဆုံးအနေဖြင့် ၁၉၈၈ ခုနှစ်နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာက ဒီမိုကရေစီ၏ အမှတ်အသား အနေအထားသို့ ပို့ဆောင်၍ ချီးကျူးဂုဏ်ပြုခြင်း၊ ဂုဏ်သိက္ခာကြီးသော ဆု အမျိုးမျိုးနှင့် ဂုဏ်ထူးဆောင် ဘွဲ့များ ချီးမြှင့်ကြသည့်အချိန်တွင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် သူ့ကိုယ်သူ နိုင်ငံရေးသမား တယောက် အဖြစ်သာ သူ့ကိုယ်သူ အမြဲတမ်းမြင်ခဲ့သည်။ နိုင်ငံတကာက သတ်မှတ်သည့် အဆင့်အတန်းကို သူက ဝမ်းမြောက်ဝမ်းသာ လက်ခံခဲ့သော်လည်း (အမှန်တကယ်တွင် သူက လိမ္မာပါးနပ်စွာ အသုံးချခဲ့ခြင်းသာ) သူ၏ အမြင်က သူ့လွတ်မြောက်ရေး နှင့် အဆုံးစွန် သူ၏ နိုင်ငံသားများ လွတ်မြောက်ရေးတို့ အပေါ် ခိုင်ခိုင်မြဲမြဲ ရည်ရွယ်ခဲ့သည်။
ဒုတိယအချက်မှာ မြန်မာ့သမိုင်းတွင် သူပါဝင်ရမည့် အထူးနေရာတခု ရှိသည်ဟု ဒေါ်အောင်ဆန်းစုကြည်က အမြဲတမ်း ယုံကြည်ထားခဲ့သည်။ အကယ်၍ မဖြစ်မနေ ရွေးချယ်ရမည်ဆိုလျှင် မိသားစုထက် တိုင်းပြည်ကို ဦးစားပေးရလိမ့်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က သူ၏ ခင်ပွန်းသည်ကို သူတို့ လက်ထပ်ခဲ့သည့် ၁၉၇၁ ခုနှစ် ကတည်းက ပြောထားခဲ့ပြီး ဖြစ်သည်။ မြန်မာ့ လွတ်လပ်ရေးသူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်း၏ သမီးတယောက် အနေဖြင့် ကံတရားက ပြဌာန်းပြီး ဖြစ်သည်ဟု သူက နက်နက်နဲနဲ ယုံကြည်ထားခဲ့သည်။ မြန်မာနိုင်ငံ၏ သမ္မတဖြစ်လာရေး ရှည်လျားသောခရီးတွင် ကြီးမားသော အခက်အခဲများကို ကျော်လွန်ရာတွင်လည်း ထိုယုံကြည်မှုက အထောက်အကူ ဖြစ်ခဲ့သည်။
တတိယ အချက်အနေဖြင့် ပြီးခဲ့သည့် ၂၅ နှစ်ကြာကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတများနှင့် ဝန်ကြီးချုပ်များက ဂုဏ်ပြုခဲ့ကြသည်။ ကမ္ဘာ့ အခမ်းအနားများတွင် မိန့်ခွန်းပြောရန် ဖိတ်ကြားခဲ့ကြသည်။ အင်အားကြီး နိုင်ငံများနှင့် နိုင်ငံတကာ အဖွဲ့အစည်းမျာ ၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒများကို သူက မရှိမဖြစ် လမ်းညွှန်သူ ဖြစ်ခဲ့သည်။ ပြည်တွင်းမှာရော ပြည်ပမှာပါ သူ့ကို လေးစားကြည်ညိုသူများ၏ ဝန်းရံခြင်းကို ခံခဲ့ရသည်။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးတွင် သူက ပဓာန အခန်းကဏ္ဍမှ ပါဝင်နေရသည်ဟု ယုံကြည်သွားရန် အလွန်လွယ်ကူနိုင်ပါသည်။
စတုတ္ထအချက်မှာ မြန်မာနိုင်ငံ လွတ်လပ်ရေး ပြန်လည်ရရှိခဲ့သည့် ၁၉၄၈ ခုနှစ်ကတည်းက အစိုးရများနှင့် နိုင်ငံရေးပါတီများသည် ဂိုဏ်းဂဏ ကွဲပြားမှုများ၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများ၊ မူဝါဒရေးရာ အငြင်းပွားမှုများကြောင့် အင်အားချည့်နဲ့ခဲ့ရ ကြောင်း ဒေါ်အောင်ဆန်းစုကြည် သိထားသည်။ တပ်မတော်သည် ခိုင်မာသော ခေါင်းဆောင်မှု၊ မျှဝေထားသော သဘောတရားရေးနှင့် ထိရောက်သော ဖွဲ့စည်းမှုအပေါ် အခြေခံပြီး စည်းမျဉ်းစည်းကမ်းများကို တင်းတင်းကျပ်ကျပ် ကျင့်သုံးမှုတို့ကြောင့် မျက်မှောက်ခေတ်ကမ္ဘာတွင် သက်တမ်းအကြာဆုံး စစ်အာဏာရှင် စနစ်ကို ဦးစီးဖော်ဆောင်နိုင်ခဲ့သည်။
ပဉ္စမ အချက်အနေဖြင့် တပ်မတော်က မြန်မာနိုင်ငံတွင် ကာလကြာမြင့်စွာ အာဏာကို ဆုပ်ကိုင်ထားနိုင်ခြင်းမှာ သူတို့က သစ္စာရှိမှုနှင့် အဖွဲ့အစည်း၏ လုံးဝ စည်းလုံးညီညွတ်မှုကို ထိပ်တန်းတွင် ထားခဲ့ခြင်းကြောင့် ဖြစ်သည်။ ကျွမ်းကျင်မှုနှင့် အခြား အရည်အချင်းများကိုပင်လျှင် ဘေးဖယ်ထားခဲ့ကြသည်။ ဥပမာ မြန်မာနိုင်ငံကို ဦးနေဝင်း အုပ်ချုပ်စဉ်က “လူတော် လူ ကောင်း” ဆိုသည့် အစဉ်အဆက် သုံးစွဲခဲ့သည့် စကားလုံးကို ပြောင်းပြန်လှန်၍ “လူကောင်း ဖြစ်ဖို့ ပထမ၊ လူတော် တယောက် ဖြစ်ဖို့ ဒုတိယ” သို့ မဟုတ် “လူကောင်း လူတော်” ဟု အစားထိုးခဲ့သည်။ ဤနေရာတွင် လူကောင်းဆိုသည်မှာ တပ်မတော်၏ သဘောထားကို မည်သည့်အချိန်တွင်မှ မေးခွန်း မထုတ်သော သို့မဟုတ် ခေါင်းဆောင်များကို စိန်ခေါ်မည့်သူ မဟုတ်ခြင်းကို ဆိုလိုခြင်း ဖြစ်သည်။
ကြမ်းတမ်းသော အမှန်တရားများ
ဆဌမအချက်မှာ မြန်မာနိုင်ငံသည် လူမျိုး၊ ဘာသာ၊ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး အစုအဖွဲ့များဖြင့် ဖွဲ့စည်းထားသော မတည်ငြိမ်သည့် ရောထွေးမှုတခု ဖြစ်သည်။ အဆိုပါ အစုအဖွဲ့များက အချင်းချင်း ယှဉ်ပြိုင်နေကြပြီး အများစုမှာ အုပ်စုဖွဲ့မှုနှင့် ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများကြောင့် ပြိုကွဲခဲ့ရသည်။ အစိုးရမဟုတ်သည့် လက်နက်ကိုင် အဖွဲ့အစည်းများလည်း ဒါဇင်နှင့် ချီ၍ ရှိနေသည်။ လူထု ဆန္ဒပြပွဲများ၊ လူမျိုးရေး ဘာသာရေး ခွဲခြားမှု ပဋိပက္ခများနှင့် ပြည်တွင်းစစ် ဖြစ်ပွားနိုင်သည့် အလားအလာများကလည်း မြင့်မားနေသည်။ ထို့ကြောင့်လည်း အင်အားခိုင်မာသည့် ဗဟို အစိုးရတခုနှင့် တင်းကျပ်သော ထိန်းချုပ်မှုကသာ မြန်မာနိုင်ငံ စည်းလုံးရေး၊ တည်ငြိမ်ရေးနှင့် အချုပ်အခြာ အာဏာကို အာမခံချက်ပေးနိုင်မည်ဟု တပ်မတော်က အခိုင်အမာ ပြောကြားနေခြင်း ဖြစ်သည်။
သတ္တမမြောက် အချက်အနေဖြင့် သူ့အစိုးရ၏ အောင်မြင်မှုမှာ (ရှင်သန်ရပ်တည်နိုင်မှုပင် ဖြစ်ကောင်း ဖြစ်နိုင်ပါသည်) တပ်မတော်နှင့်အတူ ယှဉ်တွဲနေထိုင်နိုင်မှုအပေါ်တွင် မူတည်မည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် သိပါသည်။ ယင်းအတွက် NLD ဘက်ပိုင်းတွင် အဓိကကျသော လိုက်လျောမှုများ ရှိခဲ့ပြီး ဖြစ်သည်။ စစ်ဗိုလ်ချုပ်များနှင့် စေ့စပ်ညှိနှိုင်း၍ သဘောတူညီချက် ရရှိရေးတွင် ဒေါ်အောင်ဆန်းစုကြည်၏ ဆောင်ရွက်နိုင်စွမ်းနှင့် ပါတီကို ဆက်လက်ထိန်းချုပ်နိုင်စွမ်းအပေါ် ပါတီဝင်များအနေဖြင့် သံသယ မရှိအောင် လုပ်နိုင်ခြင်း မရှိခဲ့ပါ။ NLD ပါတီဝင် အများစုမှာ စစ်တပ်က အမျိုးသားနိုင်ငံရေးတွင် ဆက်လက်ပါဝင်နေခြင်းအပေါ် မခံမရပ် ဖြစ်နေကြသူများ ဖြစ်သည်။
ထိုကဲ့သို့သော အကြောင်းရင်းများက အစိုးရလုပ်ငန်းနှင့် တကယ့် အာဏာကို ကျင့်သုံးရမည့် နေရာ၌ ရောက်ရှိနေသည့် သူ့ကိုယ်ပိုင် အခန်းကဏ္ဍအပေါ် ဒေါ်အောင်ဆန်းစုကြည် စဉ်းစားရာတွင် သြဇာလွှမ်းမိုးမှု ရှိခဲ့မည်ကို သံသယ အနည်းငယ်မျှသာ ရှိပါသည်။
ထိုနည်းတူ ဒေါ်အောင်ဆန်းစုကြည်လည်း နှစ်ပေါင်းများစွာအတွင်း ပြောင်းလဲသွားခဲ့ပါသည်။ သူသည် ၁၉၈၈ ခုနှစ် ရွှေတိဂုံဘုရား ခြေရင်း စင်မြင့်တွင် စိတ်လှုပ်ရှားစွာ ရပ်ရင်း မြန်မာ နိုင်ငံ၏ စစ်အာဏာရှင်စနစ် အဆုံးသတ်ရေး တောင်းဆိုခဲ့သော (ဗြိတိန်နိုင်ငံသား ပညာရှင်တဦး၏) အိမ်ထောင်ရှင်မတဦး မဟုတ်တော့ပါ။ ရာစုနှစ်၏ ၄ ပုံ ၁ ပုံမျှ ကာလအတွင်း ရုပ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုများ၊ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းမှုများ၊ လူသိရှင်ကြား အပုပ်ချမှုများကို ကြံ့ကြံ့ခံပြီး သူ၏ တိုင်းပြည်ကို ပြောင်းလဲရန် ရည်ရွယ်ထားသည့် မာကြောပြီး အတွေ့အကြုံများသည့် နိုင်ငံရေး စစ်သည်တော်တဦးအဖြစ် ထွက်ပေါ်လာခဲ့သည်။ တကမ္ဘာလုံးက အသိအမှတ်ပြု လေးစားခံရသူလည်း ဖြစ်လာခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ အားကောင်းသည့် ခေါင်းဆောင်မှုပုံစံက သူ့ကို ဝေဖန်သူများ ပြောကြသည့်အတိုင်း သူ၏ စရိုက်ကို ရောင်ပြန်ဟပ်နေခြင်းလည်း ရိုးရှင်းစွာ ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ သို့သော်လည်း မြန်မာနိုင်ငံမှ အာဏာ၏ ကြမ်းတမ်းသော အမှန်တရားများအပြင် အစိုးရသစ် ကြုံနေရသည့် ကြီးမားသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရာတွင် အထောက်အကူဖြစ်ရန် တွက်ချက်ထားသည့် ဗျူဟာတခုလည်း အနည်းဆုံး ဖြစ်ကောင်းဖြစ်နိုင်သေးသည်။ ထိုကဲ့သို့ ချဉ်းကပ်မှုသည် တပ်မတော်၏ ထောက်ခံမှုကို ထိန်းထားရန်၊ သူ၏ ပါတီမှ ကွဲပြားမှုများကို ပေါင်းစည်းနိုင်ရန်၊ အငြင်းပွားဖွယ်ရာ ပြဿနာ တပုံတခေါင်းကို စီမံခန့်ခွဲရန် နှင့် မျှော်လင့်သည့်အတိုင်း ရလဒ်များ ထွက်လာနိုင်ရန် အကောင်းဆုံးနည်းလမ်းအဖြစ် ဒေါ်အောင်ဆန်းစုကြည် ရှုမြင်နိုင်ကောင်းသည်။
မည်သည့် အကြောင်းတရားများက သူ၏ ပင်ကိုယ်စရိုက်နှင့် အပြုအမူများ အပေါ် လွှမ်းမိုးမှုရှိသည် ဖြစ်စေ ဒေါ်အောင်ဆန်းစုကြည်သည် သြဇာလွှမ်းမိုးသည့် အခန်းကဏ္ဍတွင် ပါဝင်နေကြောင်း သတ်မှတ်ခံထားရပြီး ဖြစ်သည်။ ထိုသို့ ပြုလုပ်ရန်လည်း လူထုက တာဝန်ပေးထားကြောင်း သူက အမှန်အကန် အကြောင်းပြသည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မဲဆန္ဒရှင်အများစုအတွက် များစွာလုပ်ဆောင်ရန် ကျန်နေသေးသော ပြုပြင်ပြောင်းလဲရေး လိုအပ်ချက်နှင့် NLD ပါတီကို သူက ပုဂ္ဂိုလ်ရေးဆန်စေခဲ့သည်။ စစ်ဗိုလ်ချုပ်များနှင့် ညှိနှိုင်းဆွေးနွေးရန် သူ့ကိုယ်သူ အမြဲမပြတ် တိုက်တွန်းခြင်း၊ အဓိကကျသည့် မူဝါဒများ ချမှတ်ခြင်း၊ ပါတီတွင် နေရာချထားခြင်းများကို သတိကြီးကြီးဖြင့် လုပ်ဆောင်ခဲ့ခြင်း၊ သူ့ အပေါ်သစ္စာရှိသူတဦးကို သမ္မတရာထူး ခန့်အပ်ခဲ့ခြင်း နှင့် ဝန်ကြီး ၂၁ နေရာတွင် (အစောပိုင်းက) ၄ နေရာကို ရယူခဲ့ခြင်းများ အားလုံးက သူ၏ အစီအမံတခု ဖြစ်ကြောင်း ဖော်ပြနေသည်။
ပြဿနာများ နက်ရှိုင်းစွာ ပြည့်နေသော အတိတ်နှင့် မရေရာလွန်းသော အနာဂတ်တို့ ရှိနေသည့်အတွက် တက်မပေါ်တွင် ခိုင်မြဲ အားကောင်းသောလက်က တိုင်းပြည်၏ လက်ငင်း လိုအပ်ချက် ဖြစ်နိုင်ပါသည်။ သို့သော် ထိုကဲ့သို့ ချဉ်းကပ်မှုမျိုးက အန္တရာယ်များသည်လည်း အမှန်ပင်။ ဒေါ်အောင်ဆန်းစုကြည်က ရေပန်းစား လူကြိုက်များနေဆဲအချိန်တွင် သူ၏ သဘောထားနှင့် ပြုမူဆောင်ရွက်ပုံများက NLD ပါတီတွင်း အပါအဝင် စိုးရိမ်ပူပန်စရာများ ဖြစ်နေခဲ့ပြီး ဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ် အများစုက သူတို့ ခေါင်းဆောင်၏ ဆုံးဖြတ်ချက်များကို အတည်ပြုပေးနေရမည့်အစား အစိုးရအတွင်း ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ချင်ကြသည်။ နိုင်ငံရပ်ခြား ဝေဖန်သုံးသပ်သူတချို့က ဒေါ်အောင်ဆန်းစုကြည်ကို သူရှောင်လွှဲရန် ကြိုးစားနေသည့် အကျပ်အတည်းများ ကာလများကို ဖြစ်လာစေမည့် “ဒီမိုကရေစီ အာဏာရှင်” ဖြစ်လာနေသည်ဟုပင် တံဆိပ်ကပ်နေခဲ့ကြသည်။
ထိုသို့ဆိုခြင်းက ပုံကြီးချဲ့ခြင်းလည်း ဖြစ်နိုင်ပါသည်။ သို့သော်လည်း အကယ်၍ ဒေါ်အောင်ဆန်းစုကြည်က သူ၏ ပါတီ၊ လက်နက်ကိုင် အဖွဲ့များနှင့် မြန်မာပြည်သူများ ရှိနေသည့် လှေကို မထိန်းသိမ်းနိုင်ခဲ့လျှင် မြေပုံမဲ့ ရေပြင်ထဲသို့ ဦးဆောင်ခေါ်သွားသကဲ့သို့ ပြင်းထန်သည့် နောက်ဆက်တွဲများလည်း ရှိလာလိမ့်မည် ဖြစ်ပါသည်။
(အင်ဒရူးဆက်သည် ဩစတြေးလျနိုင်ငံရှိ Griffith တက္ကသိုလ် နှင့် သြစတြေးလျ အမျိုးသား တက္ကသိုလ် တို့မှ တွဲဘက် ပါမောက္ခ တဦး ဖြစ်ပါသည်။ Nikkei Asian Review ပါ Andrew Selth ၏ The Lady and authoritarianism in Myanmar ကို ဘာသာပြန်ဆိုသည်။)