စာနယ်ဇင်းလွတ်လပ်ခွင့်ကို ထိန်းချုပ်ထားသည့် ဥပဒေများ ပြုပြင်ပေးပါ

ဂျိုဝဲလ်ဆိုင်မွန်

This article has been converted from Zawgyi One to Unicode

နိုင်ငံတကာ သတင်းလွတ်လပ်ခွင့် အဖွဲ့အစည်းတခုဖြစ်သည့် စာနယ်ဇင်းသမားများ ကာကွယ်ရေး ကော်မတီ (Committee to Protect Journalists) က မြန်မာနိုင်ငံမှ ရွေးကောက်ခံ အစိုးရသစ်၏ သမ္မတအဖြစ် တင်မြောက်ခံရခြင်းအပေါ် ဂုဏ်ယူ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့လိုက်ပါသည်။ မြန်မာနိုင်ငံသည် ဆယ်စုနှစ်ပေါင်းများစွာ စစ်အုပ်ချုပ်ရေး လက် အောက်တွင် ရှိနေခဲ့ပြီးနောက် ဒီမိုကရေစီခေတ်သစ်ကို ချဉ်းနင်းဝင်ရောက်လာချိန်၌ သတင်းထောက်အများအနေဖြင့် ၎င်းတို့၏ အသက်မွေးဝမ်းကျောင်း အလုပ်အတွက် လက်တုန့်ပြန်လာမည်ကို စိုးရိမ်မှုမရှိဘဲ လွတ်လပ်စွာ ဆောင်ရွက်နိုင်ရန် သေချာစေရေး အပါအဝင် သတင်းလွတ်လပ်ခွင့်ကို ကာကွယ်ပေးမည့် အာမခံချက်ပေးမည့် ဥပဒေ ရေးရာ ပြုပြင်ပြောင်းမှုများကို ဦးစားပေးလုပ်ဆောင်ရန် CPJ မှ တိုက်တွန်းလိုက်ပါသည်။

သတင်းစာလွတ်လပ်ခွင့်ကို အားပေးထောက်ပံ့သော မြန်မာအစိုးရ၏ ကနဦး ဆောင်ရွက်ချက်များကို CPJ က အသိ အမှတ်ပြု ဂုဏ်ပြုလိုက်ပါသည်။ စစ်တပ်၏ အဆောက်အအုံတခုနှင့် ပတ်သက်သော သတင်းကို စုံစမ်း ရေးသား ခဲ့သည့်အတွက် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ် အမိန့်ချမှတ်ခံခဲ့ရသည့် ယူနတီသတင်းဂျာနယ်မှ စာနယ်ဇင်းသမား ၅ ဦး ကို ဧပြီလ ၁၇ ရက်နေ့က သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွှတ်ပေးခဲ့ခြင်းကို CPJ က လှိုက်လှဲစွာကြိုဆိုလိုက် ပါသည်။ ယခုကဲ့သို့ လွှတ်ပေးခြင်းဖြင့် ကမ္ဘာတလွှားရှိ ထောင်ချခံရသော သတင်းသမားများ အရေအတွက်ကို စာရင်း စတင် ပြုစုခဲ့ချိန်မှ စ၍ မြန်မာနိုင်ငံတွင် ဖမ်းဆီး ထောင်ချခံထားရသည့် သတင်းထောက် မရှိတော့ကြောင်း ပထမဆုံး အကြိမ် ပြသနိုင်ခဲ့သည်။

စစ်အစိုးရ အဆက်ဆက်က နိုင်ငံတော် အေးချမ်းတည်ငြိမ်မှုကို ထိခိုက်ပျက်ပြားစေသည်ဟု ယူဆရသည့် သတင်းရေးသားသည့် သတင်းသမားများကို ဖမ်းဆီး ထောင်ချမည်ဟု ခြိမ်းခြောက်ရာတွင် အသုံးပြုခဲ့သည့် ၁၉၅၀ အရေးပေါ် စီမံမှု အက်ဥပဒေကို သမ္မတကြီး၏ အစိုးရက ဖျက်သိမ်းရန် ဆောင်ရွက်ခဲ့သည်ကိုလည်း CPJ က ထောက်ခံ အားပေးပါသည်။ အဆိုပါ ဥပဒေကို ဖျက်သိမ်းရန် CPJ က တိုက်တွန်းနေခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်ပါသည်။ ထို့ပြင် ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်က အင်တာဗျူးများတွင် ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် သတင်းစာလွတ်လပ်ခွင့်ကို ပိတ်ပင်ကန့်သတ်ရာရောက်နေသော တည်ဆဲဥပဒေအချို့ကိုလည်း ပြန်လည်သုံးသပ်ပြုပြင်ရန် လွှတ်တော်သို့ အဆိုတင်သွင်းမှုများ ပြုလုပ်သွားမည်ဟု ပြောကြားခဲ့ခြင်းကိုလည်း CPJ ကကြိုဆိုလိုက်ပါသည်။

မကြာသေးခင်က သမ္မတလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သော ယူနတီ ဂျာနယ်မှ သတင်းသမား ၅ ဦး အပါအဝင် နိုင်ငံတော် လုံခြုံရေးနှင့် အကျိုးစီးပွားကို ထိခိုက်စေသည်ဟု ယူဆရသည့် အကြောင်းအရာများအား ရေးသားသည့် သတင်းသမားများကို နှိပ်ကွပ်ရန် မကြာခဏ အသုံးပြုခဲ့သော ကိုလိုနီခေတ် ဥပဒေတခု ဖြစ်သည့် ၁၉၂၃ ခုနှစ် နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ သတင်းလွတ်လပ်ခွင့် ကာကွယ် ပေးရေးနှင့်အညီ ပြန်လည်သုံးသပ်လိမ့်မည်ဟု မျှော်လင့်ပါသည်။ အကယ်၍ ထိုဥပဒေအရ ပြစ်မှုထင်ရှားခဲ့လျှင် ထောင် ဒဏ် ၁၄ နှစ်ထိ ကျခံရနိုင်ပါသည်။ သို့ဖြစ်ပါ၍ ထိုဥပဒေကို ဖယ်ရှားကာ မြန်မာ့တပ်မတော်အပါအဝင် နိုင်ငံ၏ အဖွဲ့အစည်း အားလုံးအတွင်း ပွင့်လင်းမြင်သာမှုကို တွန်းအားပေးမည့် (Freedom of Information Act) သတင်းအချက်အလက် လွတ်လပ်ခွင့် ဥပဒေတရပ်ကို အစားထိုးပြဌာန်းရန် CPJ က တိုက်တွန်းလိုက်ပါသည်။

နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ လှုမှုဝန်းကျင် ငြိမ်းချမ်းရေးနှင့် နိုင်ငံတော်အေးချမ်းသာယာရေး တို့ကို ထိခိုက်စေသည်ဟု ယူဆသောအခါ အစိုးရက မီဒီယာလိုင်စင်များ ရုတ်သိမ်းခြင်း၊ သတင်းရေးသားခွင့် ပိတ်ပင်ခြင်းတို့ကို ပြုလုပ်ရန် ခွင့်ပြုထားသော ၂၀၁၄ ခုနှစ် ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း ဥပဒေကြမ်းကိုလည်း ပြန်လည်သုံးသပ်ခြင်း သို့မဟုတ် အစားထိုးပြဌာန်းခြင်း ပြုလုပ်သင့်ပါသည်။ သတင်းစာလွတ်လပ်ခွင့်ကို ကာကွယ်ပေးရေး အပါအဝင် သတင်းသမားများ အတွက် အရေးပါသော အချက်အလက်များ ထည့်သွင်းရေးဆွဲထားသည့် ၂၀၁၄ ခုနှစ် မီဒီယာဥပဒေကို ပယ်ဖျက်ရန် ယင်း ပုံနှိပ်ထုတ်ဝေခွင့် ဥပဒေကို အသုံးပြုနေခဲ့သည်။

သတင်းစာလွတ်လပ်ခွင့်ကို ပို၍ လုံခြုံမှုရှိစေရန် အီလက်ထရွန်နစ်မီဒီယာ အသုံးပြုမှုအပေါ် ဥပဒေများဖြင့် ထိန်းချုပ်ခြင်း ကိုလည်း ပြန်လည် သုံးသပ်ရန် CPJ က အကြံပြုလိုပါသည်။ အင်တာနက်အသုံးပြုခြင်းနှင့် အခြား အီလက်ထရွန်နစ် မီဒီယာများကို အသုံးပြု၍ နိုင်ငံတော် လုံခြုံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ ငြိမ်းချမ်းရေးနှင့် အေးချမ်းသာယာရေးကို ထိခိုက် နစ်နာစေသည်ဟု ယူဆရသော သတင်းအချက်အလက်များ ပေးပို့ခြင်း လက်ခံခြင်းတို့ကို တားမြစ်ထားသည့် ၂၀၀၄ ခုနှစ် အီလက်ထရွန်နစ် ဥပဒေကို ပြန်လည်ပြင်ဆင်ရန် CPJ က ယခင်ကတည်းက တိုက်တွန်း လှုံဆော်ခဲ့ပါသည်။ စွပ်စွဲခံရလျှင် ထောင်ဒဏ် ၁၅ နှစ်အထိ ကျခံရနိုင်သော ယင်းဥပဒေကို အသုံးပြု၍ လွတ်လပ်သော ဘလော့ဂါများကို ထောင်ဒဏ် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ အလားတူပင် ၂၀၁၃ ခုနှစ် ဆက်သွယ်ရေး ဥပဒေ၊ အထူးသဖြင့် ဆက်သွယ်ရေး ကွန်ရက်များအား အသုံးပြု၍ အသရေဖျက်ခြင်း သို့မဟုတ် နှောက်ယှက်ခြင်းများ ပြုလုပ်သည်ဟု ယူဆရသမျှကို ထောင်ဒဏ် ၃ နှစ်အထိ ပြစ်ဒဏ်ပေးနိုင်သော ထိုဥပဒေ၏ ပုဒ်မ ၆၆(ဃ) တို့နှင့် ပတ်သတ်၍လည်း CPJ အနေဖြင့် စိုးရိမ်ပူပန်ပါသည်။

ယခင် စစ်အစိုးရများက မြန်မာနိုင်ငံတွင် ဖြစ်ပွားသော ပဋိပက္ခများနှင့် စပ်လျဉ်း၍ သတင်းသမားများ သတင်းယူခွင့်ကို ပိတ်ပင်ရန်အတွက် ၁၉၀၈ ခုနှစ် မတရားအသင်း အက်ဥပဒေကိုလည်း အသုံးပြုခဲ့သည်။ ယင်းဥပဒေသည် နိုင်ငံတော် လုံခြုံရေးကို ခြိမ်းခြောက်သည်ဟု ယူဆရသော မည်သည့်အဖွဲ့အစည်းနှင့်မဆို ဆက်သွယ်ခြင်းဖြင့့် ပြစ်မှုမြောက်ပြီး ယခင်က ပြည်ပတွင်ရပ်တည်နေသော မီဒီယာများနှင့် မည်သည့်ဆက်သွယ်မှုများကိုမဆို တားဆီးရန် အသုံးပြုခဲ့သည်။ အဆိုပါ ပြည်ပမီဒီယာများမှာ လက်ရှိတွင် မြန်မာနိုင်ငံတွင်း လွတ်လပ်စွာ သတင်းရေးသားနေသော်လည်း အဆိုပါဥပဒေက ပြန်လည်မပြင်ဆင်ရသေးသည့်အတွက် ၎င်းတို့၏ လုပ်ငန်းများအပေါ် ခြိမ်းခြောက်မှုအဖြစ် ဆက်လက်တည်ရှိနေပါသည်။

မတရားအသင်းများဥပဒေကို သတင်းထောက်တဦးဖြစ်သည့် ဦးအောင်ကျော်နိုင် ခေါ် ကိုပါကြီးကို ဖမ်းဆီးချုပ်နှောင်ရာတွင် အကြောင်းပြချက်အဖြစ် အသုံးပြုခဲ့သည်။ ကိုပါကြီးသည် ၂၀၁၄ အောက်တိုဘာလတွင် ကျိုက်မရောမြို့နယ်အနီး၌ တိုက်ပွဲသတင်းလိုက်စဉ် လက်နက်ကိုင်သူပုန်အဖွဲ့တဖွဲ့ နှင့် ပတ်သတ်မှုရှိသည်ဟု စွပ်စွဲခံခဲ့ရပြီး နောက်ပိုင်းတွင် စစ်တပ်က ဖမ်းဆီးချုပ်နှောင်ထားစဉ် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရပါသည်။ စစ်တပ်တရားစီရင်ရေးကရော အရပ်ဘက်တရားစီရင်ရေးကပါ ကိုပါကြီးအသတ်ခံရမှုအပေါ် ပြတ်ပြတ်သားသား စီရင်ချက်ချပေးနိုင်ခဲ့ခြင်းမရှိပါ။ ထို့ကြောင့် ကိုပါကြီး အသတ်ခံရမှုအား စစ်မှန်၍ လွတ်လပ်စွာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နိုင်ရန်နှင့် မတရားအသင်းဥပဒေကို ဖျက်သိမ်းရန် CPJ က တောင်းဆိုပါသည်။

နှစ်ပေါင်း ၆၀ ကျော်အတွင်း မြန်မာနိုင်ငံ၏ ပထမဆုံး အရပ်သားခေါင်းဆောင်အနေဖြင့် သမ္မတကြီး၏ ရွေးကောက်ခံ အစိုးရသည် ဒီမိုကရေစီအုပ်ချုပ်ရေးသို့ ဦးဆောင်သွားနိုင်မည့် သမိုင်းဝင်အခွင့်အရေးတရပ်ရှိနေပါသည်။ ထိုသို့ ဆောင် ရွက်နိုင်ရန် စာနယ်ဇင်းလွတ်လပ်ခွင့်က မလွဲမသွေ လိုအပ်ပါသည်။ မြန်မာအစိုးရ၏ ပဏာမ ခြေလှမ်းများကို CPJအနေဖြင့် ကြိုဆိုရင်း ထိုနည်းအတိုင်း အမြန်ဆုံး အကောင်အထည်ဖော်ရန်နှင့် ပြည့်စုံသော ဥပဒေပြင်ဆင်မှုများ ဆောင်ရွက်ရန်ကိုလည်း တိုက်တွန်းလိုက်ရပါသည်။

သစ္စာရှိစွာဖြင့်

(နယူးယောက်အခြေစိုက် CPJ အမှုဆောင် ဒါရိုက်တာ Executive Director Joel Simon ၏ သမ္မတ ဦးထင်ကျော်ထံ ပေးစာကို ဘာသာပြန်ဆို ဖော်ပြသည်။)

Loading