အကျင့်ပျက်ခြစားမှု – အကြောင်းရင်းမှန်ကို ရှာဖွေခြင်းနှင့် ကုစားဖြေရှင်းခြင်း (၃)

အလီနာ မွန်ဂျူပစ်ပီဒီ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

အကျင့်ပျက်ခြစားမှု

၂၀၀၀ ပြည့်နှစ်ရဲ့ ကမ္ဘာ့တန်ဖိုးများ စစ်တမ်းအရ အစိုးရအရာရှိတွေ၊ ခေါင်းဆောင်တွေကြားမှာ ပိုမို အကျင့်ပျက်ခြစားပြီး တရားဥပဒေစိုးမိုးမှု အားနည်းသွားတယ်လို့ ရှုမြင်သူတွေက ဒီမိုကရက်တစ် အဆန်ဆုံး နိုင်ငံသားတွေ ဖြစ်နေပါတယ်။ ဒီမိုကရေစီမှာ အပြစ် အနာဆာတွေ ရှိနေလို့ အကောင်းဆုံး အုပ်ချုပ်ရေးစနစ် မဟုတ်မှန်း သိပေမယ့် ဒီမိုကရေစီကိုပဲ ဆက်ပြီး ပွေ့ဖက် ထောက်ခံနေကြတဲ့ သဘောပါ။

အဲဒီနိုင်ငံသားတွေက ဒီမိုကရေစီ ဖြစ်စဉ်ကြီးရဲ့ ရလဒ်တွေကို မကျေနပ်ဘူး ဆိုတာက အစိုးရတွေအနေနဲ့ (အနည်းဆုံး) တရားဥပေဒ စိုးမိုးမှုလောက်ကိုတောင် မဖော်ဆောင်ပေးနိုင်ခြင်းကို မကျေမနပ် ဖြစ်နေကြတာပါ။ (အများဆုံး) ဘယ်အုပ်စုကိုမှ ဘက်လိုက်မျက်နှာသာ ပေးခြင်းမရှိဘဲ တရားမျှမျှတတ မူဝါဒချမှတ်ခြင်း မလုပ်ဆောင်နိုင်တာကို မကျေမနပ် ဖြစ်နေကြတာပါ။

“ခန္ဓာဗေဒ” မှာတင် ရပ်မနေဘဲ ရောဂါရှာဖွေရေးအထိ

မကြာသေးခင် နှစ်တွေအတွင်းမှာတော့ အကျင့်ပျက်ခြစားမှု လေ့လာဆန်းစစ်ရေး နိုင်ငံတကာ မစ်ရှင်တွေကို အစိုးရတွေက ဖိတ်ခေါ်တာတွေ ခေတ်စားလာပါတယ်။

အကျင့်ပျက်ခြစားမှု တားမြစ်ထိန်းချုပ်ရေးကို စူးစူးစိုက်စိုက် လုပ်ကိုင်မယ်ဆိုတာကို အနည်းဆုံး ကြားကောင်းအောင်လို့ ကြွေးကြော်လာကြပါတယ်။ ဒါပေမယ့် ပြဿနာက လေ့လာဆန်းစစ်တဲ့ ကိရိယာ တန်ဆာပလာတွေ (အကျင့်ပျက်ခြစားမှု ၏ ခန္ဓာဗေဒဆိုပြီး ပေါ်လွင်အောင် နာမည်ပေးထား) ရော အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး မဟာဗျူဟာတွေကရော ၂ ခုလုံးက တနိုင်ငံမှာ အသုံးချထားတာကို နောက်နိုင်ငံတွေက လိုက်ပြီး အတုခိုး လုပ်ဆောင်ထားပုံပါပဲ။

အလှူရှင်တွေက ကြီးကျယ်ခမ်းနားတဲ့ အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး အစည်းအဝေးတွေမှာ စုဝေးကြပေမယ့် နောက်ဆုံးမှာတော့ တပုံစံတည်း ပြင်ဆင်ရေးဆွဲထားတဲ့ မဟာဗျူဟာတွေပဲ ထွက်လာပါတယ်။

အကျင့်ပျက်ခြစားမှုနဲ့ ပတ်သက်ပြီး ပိုမိုရှင်းလင်းတိကျတဲ့ သီအိုရီတွေ ထုတ်လုပ်နိုင်ဖို့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး အတွက် အားလုံးခြုံငုံမိစေတဲ့ မဟာဗျူဟာတွေကို ရေးဆွဲနိုင်ဖို့၊ ကမ္ဘာတခွင်က အားထုတ်ကြိုးစားမှုတွေကိုလည်း ပြန်လည် သုံးသပ်နိုင်ဖို့ တော်တော်လေးကို ကြိုးစားလုပ်ကိုင်ကြပါတယ်။ ဒါပေမယ့် အကျင့်ပျက်ခြစားမှု ရောဂါဖြစ်ရတဲ့ အကြောင်းရင်းကို သေသေချာချာ ကျကျနန ရှာဖွေတာ မလုပ်နိုင်သေးပါဘူး။

သေချာကျနတဲ့ ရောဂါရှာဖွေစမ်းသပ်မှု ဆိုတာကတော့ လူနာတယောက်ချင်းစီမှာ ရှိနေတဲ့ ရောဂါဖြစ်စေသော အကြောင်းရင်းတွေကို နားလည်အောင်ကြိုးစားတာပါ။ တော်လ်စတွိုင်းရေးတဲ့ အန်နာကရီနီနာ ဝတ္ထုထဲက အဖွင့်စာကြောင်း ပျော်ရွှင် ချမ်းမြေတဲ့ မိသားစုတွေကတော့ တပုံစံတည်းပါပဲ။ ဒါပေမယ့် မပျော်ရွှင်တဲ့ မိသားစု တခုချင်းစီကတော့ ကိုယ့်နည်းကိုယ့် ဟန်နဲ့ကိုယ် စိတ်ဒုက္ခရောက်နေကြတာပဲ လိုပါပဲ။ ဒါကြောင့်မို့ မိသားစု သမားတော်က အိမ်ထောင်စုတစုစီရဲ့ ပြဿနာတွေကို သီးခြားစီ စဉ်းစား ဖြေရှင်းရတာပါ။

သက်ဆိုင်ရာ လူ့အဖွဲ့အစည်းတခုမှာ အကျင့်ပျက်ခြစားမှု အကြောင်း သေချာကျနတဲ့ ရောဂါရှာဖွေစမ်းသပ်မှု လုပ်နိုင်ဖို့ ဆိုရင် အရည်အသွေးဆိုင်ရာ မဟာဗျူဟာတခု ရှိရပါမယ်။ ရည်ရွယ်ချက်ကတော့ အကျင့်ပျက်ခြစားမှုတွေက ခြွင်းချက် ဖြစ်နေတာလား ဒါမှမဟုတ် ထုံးစံဖြစ်နေတာလား ဆိုတာကို နားလည်နိုင်ဖို့ပါ။

သက်ဆိုင်ရာ လူ့အဖွဲ့အစည်းတခုမှာ “အားလုံးအတွက် တပြေးညီ” အယူအဆတွေ လွှမ်းမိုးအားကောင်းပြီး ခြွင်းချက်သဘော ဖြစ်ပွားနေတဲ့ ခေတ်သစ် အကျင့်ပျက်ခြစားမှုကိုသာ ကိုင်တွယ် ဖြေရှင်းနေရတာလား ဆိုတာ မေးခွန်း ထုတ်ရပါမယ်။ ဒါမှမဟုတ် “အုပ်စုကောင်းစားရေးဝါဒ” နဲ့ အခွင့်ထူးခံ ယဉ်ကျေးမှုတွေ ထွန်းကားအားကောင်းနေတဲ့ လူ့အဖွ့ဲအစည်းမှာ ထုံးတမ်းစဉ်လာတခုလို ဖြစ်ပွားနေတဲ့ အကျင့်ပျက်ခြစားမှုကို ကိုင်တွယ် ဖြေရှင်းနေရတာလား ဆိုတာကို မေးခွန်းထုတ်ရပါမယ်။ ဒါမှမဟုတ် ခေတ်သစ်နိုင်ငံတော်ကို မိရိုးဖလာ လူ့အဖွဲ့အစည်း အခြေခံပေါ်မှာ တည်ဆောက်ထားတဲ့ ကိုလိုနီခေတ်လွန် နိုင်ငံတွေအများစုမှာ တွေ့ကြုံရသလို ကျနော်တို့က ခြွင်းချက်လို ဖြစ်ပွားနေတာရော ထုံုးစံတခုလို ဖြစ်နေတာရော နှစ်မျိုးပေါင်း ထားတဲ့ အကျင့်ပျက်ခြစားမှုကို ကိုင်တွယ် ဖြေရှင်းနေရတာလား ဆိုတာကို မေးခွန်းထုတ်ရပါမယ်။

အဲဒီလိုသာ ဖြစ်နေတယ်ဆိုရင် အစိုးရက ဘယ်လောက် အတိုင်းအတာအထိ “အားလုံးတပြေးညီ” နှုန်းစံတွေရဲ့ လမ်းညွှန် ထိန်းကျောင်းတာကို ခံနေတယ်၊ တချို့အကျိုးစီးပွား အုပ်စုတွေကို ဘယ်လောက် အတိုင်းအတာအထိ စောင်မကြည့်ရှုနေ ရပြီး ဖြည့်ဆည်းဆောင်ရွက် ပေးနေရသလဲ ဆိုတာကို ဆက်ပြီး မေးခွန်ထုတ်ရပါမယ်။

ဒီလိုမေးခွန်းမျိုးတွေကို ဖြေနိုင်ဖို့ တိုက်ရိုက်နဲ့ သွယ်ဝိုက် အညွှန်းကိန်းကို စုစည်းအသုံးချနိုင်ပါတယ်။ ကုမ္ပဏီတခုက ဘယ်လောက်ပဲ စည်းစနစ် ကျနေပါစေ ကုလသမဂ္ဂ ဒါမှမဟုတ် အီရတ်အစိုးရနဲ့ ကွန်ရက် ချိတ်ဆက်ထားတာ မရှိရင် စားနပ်ရိက္ခာအတွက် ရေနံအစီအစဉ်အောက်မှာ လုပ်ငန်းကန်ထရိုက်ရဖို့ ဘယ်လောက်အထိ အခွင့်အလမ်း ရှိနိုင်မလဲ။

ငွေကြေးတွေကို စီမံသုံးစွဲနေရတဲ့ အစိုးရအရာရှိ တယောက်နဲ့ လုပ်ငန်းပိုင်ရှင်တို့ကြား ဆွေမျိုးတော်စပ်မှုသာ မရှိရင် ပြည်သူပိုင် လုပ်ငန်း ကန်ထရိုက်တွေကို လေလံအောင်ဖို့က ဘယ်လောက်အထိ မျှော်လင့်နိုင်မလဲ။ လွန်ခဲ့တဲ့နှစ်တွေ အတွင်းမှာ အဲဒီလို ကုမ္ပဏီတွေ ဘယ်လောက်များများက တင်ဒါတွေ အောင်ထားပြီးပြီလဲ ဆိုတဲ့မေးခွန်းတွေကို မေးရမှာပါ။

အများပြည်သူ ဝန်ဆောင်မှုလုပ်ငန်းတွေမှာ ရာထူးခန့်အပ်မှုတွေ ဒါမှမဟုတ် အများပြည်သူ ငွေကြေးသုံးစွဲခွင့် ရသွားမှုတွေကို လေ့လာစောင့်ကြည့်တဲ့ ပြည်တွင်းအဖွဲ့အစည်းတွေ လက်ရှိမှာ မရှိဘူး ဆိုရင်တောင် အတိတ်မှာတုန်းက ပေးခဲ့တဲ့ လုပ်ငန်းကန်ထရိုက်တွေနဲ့ တခြားအသေးစိတ် စူးစမ်းလေ့လာမှုလေးတွေ ပေါင်းလိုက်ရင် လိုအပ်တဲ့ အချက်အလက်တွေ ရလာနိုင်ပါတယ်။

အထူးအခွင့်အရေးရ အုပ်စုတွေက ပုန်းကွယ်မနေကြပါ။ သူတို့က အတော်ကလေး ပေါ်ပေါ်ထင်ထင် နေကြတာကြောင့် သိဖို့ လွယ်ကူပါတယ်။ အဓိက ရုပ်သံလိုင်းကွန်ရက်တွေကို ဘယ်သူတွေ ပိုင်ဆိုင်ထားနိုင်လဲ။ ဘယ်သူတွေက သြဇာလွှမ်းမိုးမှု အရှိဆုံး ပုံနှိပ်ထုတ်ဝေသူတွေလဲ။ သူတို့တွေရဲ့ သားသမီးတွေနဲ့ သားမက်/ ချွေးမတွေက ဘယ်လို ရာထူးတွေကို ကိုင် ထားနိုင်လဲ။ သူတို့တွေက ဝန်ကြီးတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ ဖြစ်နေကြလား။ အကျိုးအမြတ် ဝေစုတွေကို ခွဲဝေတဲ့အခါ ကြားဖူးပြီးသား နာမည်တွေပဲ ပြန်ပြန်ပါနေသလား ဆိုတာလည်း မေးရမှာပါ။

သြဇာလွှမ်းမိုးမှု အရှိဆုံး လူတွေနဲ့ သူတို့ရဲ့ အဆက်အသွယ်တွေကို သရုပ်ဖော်ပုံ ဆွဲကြည့်တာက လာဘ်ပေး လာဘ်ယူ ခြင်းနဲ့ ပတ်သက်ပြီး စစ်တမ်း ကောက်ကြည့်တာထက် ပိုပြီး ရှင်းရှင်းလင်းလင်း သိစေနိုင်ပါတယ်။ သက်ဆိုင်ရာ လူ့အဖွဲ့အစည်းမှာ ဖြစ်ပွားနေတဲ့ အကျင့်ပျက်ခြစားမှုတွေက ဖြစ်ရိုးဖြစ်စဉ်ထုံးစံလား ခြွင်းချက်လား ဆိုတာကို ခွဲခွဲခြားခြားနားလည် စေနိုင်ပါတယ်။

“အုပ်စုကောင်းစားရေး ဝါဒ” ရှိမရှိ ရှာဖွေစစ်ဆေးနိုင်ဖို့ဆို မနုဿဗေဒ ပညာရပ်ထဲက ကျွမ်းကျင်မှု အနည်းငယ် လောက်ကိုပဲ လိုအပ်ပါတယ်။ အစိုးရအပြောင်းအလဲ ဖြစ်သွားပေမယ့် အာဏာပွဲစားတွေနဲ့ လုပ်ပိုင်ခွင့် စောင့်ကြပ်သူတွေက အရင်လူတွေပဲ ဆက်ဖြစ်နေမယ်ဆိုရင် အဲဒီသူတွေက လူသိများ ထင်ရှားသူတွေ ဖြစ်နိုင်ပြီး ပြည်တွင်း လေ့လာစောင့်ကြည့်သူတွေက သူတို့ကို ဘယ်သူဘယ်ဝါမှန်း သိနိုင်ပါလိမ့်မယ်။ ဒေသတခုအတွင်း ပြဿနာ တခုကို ဖြေရှင်းနိုင်ဖို့ဆိုရင် ဘယ်သူနဲ့ သွားစကားပြောရမယ်ဆိုတာ သိနိုင်ဖို့ အပျော်တမ်း မနုဿဗေဒ ပညာရှင်က လှည့်ပတ် မေးမြန်းရပါလိမ့်မယ်။

“အုပ်စုကောင်းစားရေးဝါဒ” ဖြစ်ရတဲ့ အကြောင်းရင်းကို စစ်ဆေးနိုင်ဖို့ သွယ်ဝိုက်ညွှန်ပြနေတဲ့ အချက်တွေလည်း အောက်ပါ အတိုင်း ရှိကြပါတယ်။

• အစိုးရအပြောင်းအလဲ ဖြစ်သွားပေမယ့် အစိုးရစနစ်အတွင်း အကျင့်ပျက်ခြစားမှုတွေ ရှိနေတယ်လို့ လူတွေက ဆက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ထင်မြင်ယူဆနေခြင်း

• ရွေးကောက်ပွဲရလဒ်တွေ ဘယ်လိုပဲဖြစ်နေပါစေ လုပ်ပိုင်ခွင့်အာဏာများတဲ့ ရာထူးတွေကို အရင်လူပုဂ္ဂိုလ်တွေနဲ့ အုပ်စုတွေပဲ ယူထားခြင်း

• အတိုက်အခံ ပါတီတွေကနေ အစိုးရပါတီထဲကို လူတွေအများကြီး ကူးပြောင်းသွားခြင်း

• နိုင်ငံရေးသမားတွေက ဥပဒေအထက်မှာ ရှိနေတယ်လို့ လူအများက ထင်နေကြခြင်း

• အရင်းအမြစ် အားလုံးနီးပါးရဲ့ လက်လှမ်းမီ အသုံးပြုခွင့်ကို ခရိုနီကွန်ရက်ကြီးက ကြားခံ ဆောင်ရွက်ပေးနေခြင်း

• လုပ်ပိုင်ခွင့်အာဏာ အများပြားရှိ အုပ်စုထဲက အကျင့်ပျက်ခြစားမှုမှာ နာမည်အကြီးဆုံးသူတွေကို ဥပဒေကြောင်းအရ    အရေးမယူနိုင်ခြင်း

“အုပ်စုကောင်းစားရေး ဝါဒ”ကို အခြေခံ တည်ဆောက်ထားတဲ့ နိုင်ငံရေးစနစ်တွေမှာ တူညီတာတွေ အများကြီး ရှိပေမယ့် တခုနဲ့တခုကြား အကြီးအကျယ် ကွာခြားနေတာလည်း ရှိပါတယ်။ “အုပ်စုကောင်းစားရေး ဝါဒ” ဆိုတာက တပါတီအာဏာ ရှင်စနစ် မဟုတ်ဘဲ ပြုလွယ်ပြင်လွယ်မှုတွေ အတိုင်းအတာ တခုအထိ ရှိပါတယ်။

အဆက်အသွယ် ကောင်းတဲ့ မိသားစုဝင် တယောက်ကို အိမ်ထောင်ပြုလိုက်ခြင်း ဒါမှမဟုတ် သြဇာအာဏာကြီးမားသူ တယောက်ကို အလုပ်အကျွေး ပြုနိုင်ခြင်းစတဲ့ လူ့အဖွဲ့အစည်းမှာ “တက်လမ်း” တွေကို ဖွင့်ပေးထားနိုင်ခြင်းအားဖြင့် “အုပ်စု ကောင်းစားရေး ဝါဒ”က အဓိက ဆက်ပြီး အသက်ဆက်နေနိုင်တာ ဖြစ်ပါတယ်။ ဒါကြောင့် လူ့အဖွဲ့အစည်းမှာ စွန့်စွန့်စားစားနဲ့ တက်လမ်းရှာနေကြသူတွေက စနစ်တခုလုံးကို ဖြိုချဖျက်ဆီးဖို့ မကြိုးစားတော့ဘဲ အထက်မှာပြောခဲ့တဲ့ လမ်းကြောင်းတွေကိုပဲ အသုံးချချင်ပါတော့တယ်။

“အုပ်စုကောင်းစားရေး ဝါဒ” ဖြစ်ရတဲ့ အကြောင်းရင်းတွေကို စူးစမ်းရှာဖွေပြီးသွားရင် အဲဒီစနစ်ကြီးက ဘယ်လောက် အတိုင်းအတာအထိ ဖွင့်ထားသလဲ၊ ဒါမှမဟုတ် ပိတ်ထားသလဲ ဆိုတာကိုလည်း ဆုံးဖြတ်ဖို့ လိုပါသေးတယ်။ ပိတ်ထားတဲ့ “အုပ်စုကောင်းစားရေး ဝါဒ” ကတော့ ပိုပြီး စိတ်ပျက်စရာ ကောင်းပါတယ်။ စနစ်တခုလုံးကို ကိုင်လှုပ်နိုင်တဲ့ အကျပ်အတည်းတွေကို ပြင်းပြင်းထန်ထန် ကြုံတွေ့ရနိုင်ပါတယ်။

စိန်ခေါ် မေးခွန်းထုတ်သူတွေကို လက်ခံစဉ်းစားပေးပြီး သူတို့ကို ကစားပွဲ စည်းမျဉ်းစည်းကမ်းတွေနဲ့ ရင်းနှီးအောင် ပေါင်းစပ်ပေးနိုင်တဲ့ ပိုပြီး ပွင့်ပွင့်လင်းလင်းရှိ ပြုလွယ်ပြင်လွယ်ရှိ “အုပ်စုကောင်းစားရေး ဝါဒ” ကတော့ ရေရှည် တည်တံ့ ခိုင်မြဲနိုင်ပါတယ်။

အဲဒီမေးခွန်းတွေ မေးပြီးနောက်မှာတော့ အကျင့်ပျက် ခြစားမှုတွေကြောင့် ပုံမှန် ဆုံးရှုံးနစ်နာနေသူတွေ ရှိနေလားဆိုတာနဲ့ သူတို့ကိုယ်စား ရပ်တည်ပြောဆိုပေးမယ့်သူ ရှိနေလား ဆိုတာကိုပါ ထပ်ပြီးမေးရပါမယ်။ အကျင့်ပျက်ခြစားမှုကို ကန့်ကွက် ရှုတ်ချပြောဆိုနိုင်သူ လူရိုသေရှင်ရိုသေ ပုဂ္ဂိုလ်တွေ ရှိနေလား ဆိုတာကိုပါ ထပ်ပြီးမေးရပါမယ်။

အကျင့်ပျက်ခြစားမှု ဖြစ်ပေါ်နေတဲ့ နယ်ပယ် အမျိုးအစားတွေကို ဖော်ထုတ်ဖို့ကလည်း အလားတူ အရေးကြီးပါတယ်။ နိုင်ငံ သားတွေအပေါ် ပြုမူဆက်ဆံရာမှာ နိုင်ငံတော်က လိုက်နာကျင့်သုံးသင့်တဲ့ အားလုံးလက်ခံ တမျိုးတည်သောပုံစံကို ပျက် ယွင်းအောင် လုပ်မှုတွေရှိနေလား။ တချို့ကုမ္ပဏီတွေက တခြားကုမ္ပဏီတွေထက် အခွန်ကင်းလွတ်ခွင့် အကျိုးအမြတ်တွေ ရနေလား။ အစိုးရကိုယ်တိုင်က အပ်နှင်းနေတဲ့ အထူးအခွင့်အရေးတွေကို တချို့နိုင်ငံသားတွေက ရရှိနေလား။ မဲပေးသူတွေရဲ့ သဘောထား ဆန္ဒတွေကို ပိတ်ပင်ဖျက်ဆီးတာတွေ ရှိနေလား၊ ဒါမှမဟုတ် ပြည်သူပိုင်ဘဏ္ဍာငွေတွေကို ပုဂ္ဂလိကလက်ထဲ လမ်းကြောင်းပြောင်း ပို့ဆောင်တာ ရှိနေလားဆိုတဲ့ မေးခွန်းတွေမေးပြီး ဖော်ထုတ်နိုင်ပါတယ်။

အဲဒါတွေနဲ့ ဆက်နွှယ်ပြီး အရေးကြီးတဲ့ မေးခွန်းကတော့ အကျင့်ပျက်ခြစားမှုကနေ ဘယ်လို ခွဲတမ်းဝေစုတွေ ရနိုင်ကြလဲ။ နိုင်ငံရေးစနစ်တွေ လည်ပတ်ရာမှာ ပြည်သူ့သြဇာအာဏာဆိုတာ အရေးကြီးတယ်လို့ အမြဲတမ်း လက်ခံထားကြပေမယ့်  တကယ်ရော အဓိကကျနေရဲ့လား။ နိုင်ငံတော်နဲ့ နိုင်ငံတော်လက်အောက်က အရာတွေ (ရုံးဌာနတွေကနေ ပြည်သူပိုင် ဆောက်လုပ်ရေး လုပ်ငန်းတွေအထိ) ကို အခွင့်အရေးရ အုပ်စုတွေနဲ့ အကျင့်ပျက်ခြစား ကွန်ရက်တွေက ပုဂ္ဂလိကပိုင် လုပ်ထားလိုက်ပြီလား။

ကွန်မြူနစ်ခေတ်လွန် လူ့အဖွဲ့အစည်းတွေမှာတော့ နိုင်ငံတော်အစိုးရကပဲ အလွှာပေါင်းစုံရဲ့ အင်အားအကြီးဆုံး ဇာတ်ကောင်အဖြစ် အသွင်ကူူးပြောင်းရေး ဖြစ်စဉ်ထဲကို ဝင်ရောက်လာပါတယ်။ ဒါကြောင့်မို့ အဲဒီနိုင်ငံတွေမှာ နိုင်ငံတော် အစိုး ရက အကျင့်ပျက်ခြစားမှုကို အဓိက ကျူးလွန်သူ ဖြစ်နေပါတယ်။

ပုဂ္ဂလိကကဏ္ဍ ဆိုတာကလည်း ဆိုးသွမ်းလုယက်တတ်တဲ့ အီလစ်တွေက ပြည်သူပိုင် အဖိုးတန်ပစ္စည်းတွေကို ပိုပြီး ကြည့်ကောင်း ရှုကောင်းတဲ့နည်းနဲ့ အမြတ်ထုတ် အသုံးချနိုင်အောင် ဖန်တီးထားတဲ့ စိတ်ကူးယဉ်မှုတခုပဲဖြစ်ပါတယ်။

ဆက်လက်ဖော်ပြပါမည်။

(အလီနာ မွန်ဂျူပစ်ပီဒီ (Alina Mungiu-Pippidi) သည် ရိုမေးနီးယားနိုင်ငံ၊ ဘူခါရက်စ်မြို့ရှိ Romanian Academic Society အဖွဲ့၏ ဒါရိုက်တာ ဖြစ်သည်။ Freedom House နှင့် United Nations Development Programme တို့တွင် အတိုင်ပင်ခံ ပညာရှင်လည်း ဖြစ်သည်။ Coalition for a Clean Parliament ၏ ခေါင်းဆောင်လည်း ဖြစ်ပြီး ၎င်းအဖွဲ့သည် ၂၀၀၄ ရိုမေးနီးယား ရွေးကောက်ပွဲများတွင် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးလှုပ်ရှားမှုကို ဦးဆောင်ခဲ့သည်။ ယခု စာတမ်းကို Journal of Democracy နှင့် Johns Hopkins University Press တို့၏ ခွင့်ပြုချက်ကို ရယူပြီး Educational Initiatives (ပညာရှေ့ဆောင်) က ဘာသာပြန်ဆိုခြင်း ဖြစ်သည်။ Educational Initiatives (www.eduinitiatives.org) အဖွဲ့သည် ဒီမိုကရေစီနှင့် ပတ်သက်သော သင်တန်းများ၊ အရည်အသွေးမြှင့် သင်တန်းများကို ပို့ချပေးနေသော ရန်ကုန်အခြေစိုက် အဖွဲ့အစည်းဖြစ်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading