နယ်မြေပိုင်နက် ဒါမှမဟုတ် စီးပွားရေးတခုလုံးကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားသူ ဇာတ်ကောင်တွေ အများကြီးရှိတဲ့ အထဲမှာမှ နိုင်ငံတော်က ဇာတ်ကောင်တခု အဖြစ်ပါဝင်နေတဲ့ ကိုလိုနီခေတ်လွန် နိုင်ငံတွေမှာတော့ အဓိကကျတဲ့ ဇာတ်ကောင်ကို တခြားနေရာမှာ တွေ့ရနိုင်ပါတယ်။ ဥပမာ – ပုန်ကန်ခြားနားနေတဲ့ လူ့အဖွဲ့အစည်းအဖြစ်၊ နိုင်ငံခြားစီးပွားရေး ကုမ္ပဏီတွေ အဖြစ် ဒါမှမဟုတ် အိမ်နီးချင်းတိုင်းပြည်တွေအဖြစ် တွေ့ရနိုင်ပါတယ်။
အခွန်သက်သာခွင့်ပြုဖို့ ကုမ္ပဏီတခုက လာဘ်ထိုးခံထားရတဲ့ နိုင်ငံတော်နဲ့ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတွေက အဓိက စီးပွားရေးသမားကြီးတွေ ဖြစ်နေပြီး ပြည်သူပိုင် ပစ္စည်းတွေကို သူတို့ပိုင်အဖြစ် အသွင်ပြောင်းနေတဲ့ (ဥပမာ – ဆိုဗီယက် အုပ်စုဝင်ဟောင်း) နိုင်ငံ ၂ ခုကြားမှာ အရေးကြီးတဲ့ ခြားနားချက် ရှိပါတယ်။
ပထမနိုင်ငံမျိုးမှာ ရဲလုပ်ငန်းက ကူညီဖြေရှင်းပေးနိုင်ပါတယ်။ ဒုတိယနိုင်ငံမှာတော့ ရဲတပ်ဖွဲ့ကို ညွှန်ကြားနေသူတွေ ကိုယ်တိုင်က အကျင့်ပျက်ခြစားစနစ်ကြီးကို ကာကွယ်စောင့်ကြပ်ပေးသူတွေ ဖြစ်နေပါတယ်။ စနစ်ကြီးကို တည်ဆောက်ထား တာကလည်း ရာဇဝတ်ဂိုဏ်း တခုလို အထက်အောက် အဆင့်ဆင့် တည်ဆောက်ထားတာ ဖြစ်နိုင်ပါတယ်။ အောက်ဆုံး အဆင့်မှာရှိသူတွေက တံစိုးလက်ဆောင်တွေကို ကောက်ယူ စုဆောင်းပေးရပြီး အစိုးရ အထက်အဆင့်ဆင့်ကို ပေးသွင်းပေးရပါတယ်။
အကျင့်ပျက်ခြစားမှုကနေ ထွက်ပေါ်လာတဲ့ အကျိုးအမြတ်တွေရဲ့ သဘောသဘာဝကို စစ်ဆေးကြည့်တဲ့အခါ ရွေးကောက်ပွဲ အကျင့်ပျက်မှုကို ကြည့်ရပါမယ်။ မဲပေးသူတွေရဲ့ဆန္ဒကို နည်းလမ်းပေါင်းများစွာနဲ့ ချယ်လှယ်ပြင်ဆင်နိုင်ကြပါတယ်။ ဆင်းရဲတဲ့ မိရိုးဖလာ ကျေးလက် လူ့အဖွဲ့အစည်းတွေမှာတော့ လုပ်ပိုင်ခွင့်အာဏာ စောင့်ကြပ်သူတွေက မဲပြားတွေကို အရင်းအမြစ်တွေနဲ့ ဖလှယ်ပေးပါတယ်။ အဲဒီလို လူ့အဖွဲ့အစည်းတွေမှာ မဲပေးသူတွေအတွက် ရွေးချယ်ခွင့်မရှိပါ။
သူတို့တွေရဲ့ မဲပြားဆိုတာ အစားအစာ၊ အပူပေးစနစ် ဒါမှမဟုတ် မြေယာနဲ့ ဖလှယ်နိုင်တဲ့ ကုန်ပစ္စည်းတခုပါပဲ။ ခေတ်သစ် လူ့အဖွဲ့အစည်းတွေမှာတော့ မဲပေးသူတွေက သူတို့သဘောထား ဆန္ဒတွေကို လွတ်လပ်စွာ ကျင့်သုံးနိုင်ကြပြီး သူတို့ရဲ့ ရွေးချယ်မှုတွေကို သူတို့ကပဲ တာဝန်ယူပါတယ်။
မဲပေးသူတွေကို သူနိုင်ကိုယ်နိုင် အပြိုင် တိုက်တွန်းကြရာမှာ မဲဆွယ်စည်းရုံးရေး ငွေအား လိုအပ်ပေမယ့် ငွေအများကြီး သုံးတိုင်း ရွေးကောက်ပွဲ နိုင်စေမယ်ဆိုတဲ့ အာမခံချက်တော့ မရှိပါ။ မဲဆွယ်စည်းရုံးမှုမှာ ပုဂ္ဂလိက ငွေကြေး ထည့််ဝင်မှုတွေကို ထိန်းချုပ်ပေးပြီး အများပြည်သူသိအောင် ထုတ်ပြန်ပေးစေတဲ့ အမေရိကန်ပုံစံ မဲဆွယ်စည်းရုံး ဘဏ္ဍာရေးဥပဒေက မဲပေးသူအများစု စာမတတ်တဲ့၊ ရုပ်မြင်သံကြား မပိုင်ဆိုင်တဲ့ နိုင်ငံတွေမှာတော့ အကြီးအကျယ် အကျိုးများစေမယ် မဟုတ်ပါ။
အဲဒီလို နိုင်ငံမျိုးတွေမှာ နိုင်ငံရေးပါတီတွေကို အဓိက ငွေကြေးထောက်ပံ့ ပေးတာက ပြည်သူပိုင် ပစ္စည်းဥစ္စာ ဖြစ်နေပါတယ်။ မဲဆွယ်စည်းရုံးမှုအတွက် အဓိကကုန်ပစ္စည်းက (နည်းလမ်းအဖုံဖုံနဲ့ နိုင်ငံတော် ထိန်းချုပ်တာကို ခံနေရတဲ့) ပုဂ္ဂလိက ငွေကြေး မဟုတ်ဘဲ အုပ်ချုပ်ရေးပိုင်းနဲ့ သက်ဆိုင်နေတဲ့ အရင်းအမြစ်တွေ ဖြစ်နေပါတယ်။ ရွေးကောက်ပွဲ အကျင့်ပျက်ခြစားမှုက ကာဇက်စတန်နိုင်ငံကနေ နိုင်ဂျီးရီးယား၊ အမေရိကန်ပြည်ထောင်စု စသဖြင့် တနိုင်ငံနဲ့ တနိုင်ငံ အကြီးအကျယ်ကွာခြား ပါတယ်။ ဒါကြောင့်မို့ နေရာတိုင်းမှာ အဖြေပုံစံတခုတည်းနဲ့ ဖြေရှင်းလို့ ရနိုင်မယ်ထင်ရင် အကြီးအကျယ် မှားပါတယ်။
အကျင့်ပျက်ခြစားမှုကို ဇယား ၁၊ တိုင် ၁ မှာ ပြထားတဲဲ့ အုပ်စုတွေအတိုင်း စနစ်တကျ အကြမ်းဖျင်း အုပ်စုခွဲခြားနိုင်ပါတယ်။ နိုင်ငံတခုက “နိုင်ငံရေးပြိုင်ဆိုင်မှုရှိတဲ့ အုပ်စုကောင်းစားရေးဝါဒ” အဆင့်မှာလား၊ ဒါမှမဟုတ် လစ်ဘရယ်ဒီမိုကရေစီကို ရောက်သွားပြီလား ဆိုတာကို ဖရီးဒမ်းဟောက်စ် ပေးမှတ်တွေနဲ့ အရင်ဆုံးခွဲခြားနိုင်ပါတယ်။ (တိုင် ၂ မှာ ပြထားတဲ့) အာ ဏာတွေကို ဘယ်လိုဖြန့်ဝေနေသလဲ ဆိုတာကိုတော့ ရွေးကောက်ပွဲ အောင်ပွဲကိုကြည့်ပြီး ဆင်ခြင်သုံးသပ်နိုင်ပါတယ်။
သြဇာအာဏာ လွှမ်းမိုးနိုင်သူတယောက်ကို တရားရုံးက ဘယ်လိုမျိုး သဘောတူခွင့်ပြုချက်တွေ ပေးနေသလဲဆိုတာကို ကြည့်ပြီး ဆင်ခြင်သုံးသပ်နိုင်ပါတယ်။ “အုပ်စုကောင်းစားရေးဝါဒ” အရမ်းကျင့်သုံးလွန်းတဲ့ လူ့အဖွဲ့အစည်းတွေမှာ လုပ်ပိုင် ခွင့်အာဏာတွေကို ဗဟိုက အကြီးအကျယ် ချုပ်ကိုင်ထားပါတယ်။
ရွေးကောက်ပွဲတွေ ကျင်းပလေ့ရှိတဲ့ “အုပ်စုကောင်းစားရေးဝါဒ” လူ့အဖွဲ့အစည်းတွေမှာတော့ အထူးအခွင့်အရေးရဖို့ ပြိုင်ဆိုင်နေကြတဲ့ အုပ်စုတွေကြား အငြင်းအခုံတွေ ဖြစ်နေကြပါတယ်။ အားလုံးအတွက် တပြေးညီနှုန်း စံတန်ဖိုးတွေရဲ့ လမ်းညွှန်ထိန်းကျောင်းမှု ခံနေရတဲ့ လူ့အဖွဲ့အစည်းတွေမှာတော့ လုပ်ပိုင်ခွင့်အာဏာတွေကို တော်တော် တန်းတူညီမျှရှိတဲ့ အနေအထားနဲ့ ဖြန့်ဖြူးနေပါတယ်။
နိုင်ငံတော်ကို ဘယ်သူ”ပိုင်ဆိုင်” ဆိုတာကို စောကြောကြည့်ခြင်း အားဖြင့်လည်း အကျင့်ပျက်ခြစားမှုကို (တိုင် ၃ မှာ ပြ ထားသလို) စစ်ဆေးနိုင်ပါတယ်။ အကျဉ်းချခံထားရတဲ့ နိုင်ငံတော်တွေနဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ရှိတဲ့ နိုင်ငံတော်တွေကို နှိုင်းယှဉ်ကြည့်နိုင်စေမယ့် ကိရိယာတခုကို ကမ္ဘာ့ဘဏ်က တီထွင်ထားပါတယ်။ ဒါပေမယ့် စီးပွားရေးလုပ်ငန်းတွေကို လေ့လာ စစ်တမ်းကောက်ပြီး တီထွင်ထားတာကြောင့် နိုင်ငံတွေရဲ့ သဘောသဘာဝနဲ့ ပတ်သက်ပြီး ကျနော်တို့ သိလိုသမျှတွေကို ပြောမပြပါ။
လုပ်ပိုင်ခွင့်အာဏာ ကွန်ရက်တွေနဲ့ အထူးအခွင့်အရေး ကွန်ရက်တွေကို ခြေရာခံကြည့်ဖို့ လိုပါတယ်။ အဲဒီ ကွန်ရက်တွေကနေ တဆင့် ပြည်သူတရပ်လုံးအတွက် ဝန်ဆောင်မှုတွေကို (တိုင် ၄ မှာ ပြထားသလို) ဘယ်လောက် အတိုင်း အတာအထိ ဖြန့်ဝေနေသလဲဆိုတာ သိဖို့ကြိုးစားရပါမယ်။ အဲဒီကွန်ရက်ကြီးတွေက ဘယ်လောက်အထိ ကျစ်လစ်သိပ်သည်းပြီး သြဇာ လွှမ်းမိုးထားနိုင်သလဲ ဆိုတာ ဆုံးဖြတ်ရပါမယ်။
အကျင့်ပျက်ခြစားမှုကို လူ့အဖွဲ့အစည်းက ဘယ်လောက်အထိ လက်ခံထားသလဲဆိုတာ သိနိုင်ဖို့ သဘောထား စစ်တမ်းတွေကို ယုံယုံကြည်ကြည် အသုံးပြုနိုင်ပါတယ်။ ဥပမာ- နိုင်ငံရေးသမားတွေ၊ တရားသူကြီးတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဥပဒေ အထက်မှာ ရှိနေတယ်လို့ ပြည်သူတွေက ပြောနေလား။ ဇယား ၁၊ တိုင် ၅ မှာ ပြထားသလိုဆိုရင် “အုပ်စုကောင်းစားရေး ဝါဒ” က ထုံးစံလိုဖြစ်နေတဲ့ လူ့အဖွဲ့အစည်းတွေမှာတော့ အကျင့်ပျက်ခြစားမှုကို အတော်အသင့် လက်ခံထားကြတယ်ဆိုတာ တွေ့ရပါတယ်။
ရွေးကောက်ပွဲရှိတဲ့ “အုပ်စုကောင်းစားရေးဝါဒ” စနစ်မှာတော့ အကျင့်ပျက်ခြစားမှုကို လူ့အဖွဲ့အစည်းတွေမှာ သိပ်ပြီး လက်မခံကြဘူး ဆိုတာ တွေ့ရပါတယ်။ အားလုံးအတွက် တပြေးညီ လူ့အဖွဲ့အစည်းတွေမှာတော့ လက်ခံနိုင်မှု အတော်ကို နည်းတာ တွေ့ရပါတယ်။
အများပြည်သူနဲ့ ပုဂ္ဂလိက နယ်ပယ် ၂ ခုကြား ကွာခြားချက်ကို (တိုင် ၆ မှာပြထားသလို) တိုင်းတာပြရတာ တော်တော် သိမ်မွေ့နူးညံ့ပါတယ်။ ဒါပေမယ့် (“အုပ်စုကောင်းစားရေးဝါဒ” စစ်စစ်မှာ) ကွာခြားချက်မရှိ၊ (ရွေးကောက်ပွဲရှိ “အုပ်စုကောင်း စားရေးဝါဒ”မှာ) ကွာခြားချက်နည်းပါး (အားလုံးအတွက် တပြေးညီစနစ်မှာ)၊ ပြတ်ပြတ်သားသား ကွာခြားချက်ရှိတယ်ဆို တာကို ဆုံးဖြတ်နိုင်ဖို့ ညွှန်းကိန်းတွေကို အလွယ်တကူတွေ့ရှိနိုင်ပါတယ်။
ပြည်သူပိုင်နယ်ပယ်ထဲရှိ အုပ်ချုပ်ရေး အကြီးအကဲတွေက သူတို့ဆွေမျိုးတွေကို ခန့်အပ်နေရာပေးနေလား။ အများပြည်သူ နယ်ပယ်ထဲရှိ လက်အောက် ငယ်သားတွေက သူတို့ အကြီးအကဲတွေရဲ့ အိမ်တွင်းရေးကိစ္စတွေကို ကူညီလုပ်ဆောင် ပေးနေရလား ဆိုတဲ့မေးခွန်းတွေ မေးပြီး သိနိုင်ပါတယ်။
အကျင့်ပျက်ခြစားမှု အကြောင်း ရှာဖွေစစ်ဆေးမှုထဲမှာ အရည်အသွေးပိုင်းရော၊ အရည်အတွက်ပိုင်းရော ထည့်သွင်း စဉ်းစားဖို့ လိုပါတယ်။ အကျင့်ပျက်ခြစား အတိုင်းအတာနဲ့ ပတ်သက်ပြီး တိကျတဲ့ ကိန်းဂဏန်းတွေကို ပေးတာထက် အကျင့်ပျက်ခြစား အပြုအမူတွေရဲ့ အကြောင်းရင်းကို လေ့လာဆန်းစစ်ရာမှာ ကိုယ်စားပြုမှု စစ်တမ်းလို အရည်အသွေးတိုင်းတာ ကိရိယာတွေက ပိုပြီးစိတ်ချရပါတယ်။ ဥပမာ – ဘော်လကန်ဒေသမှာ ဥရောပသမဂ္ဂ လုပ်ဆောင်ခဲ့တဲ့ စစ်တမ်းအပေါ် အခြေခံတဲ့ လေ့လာဆန်းစစ်မှုကို ဇယား၂ မှာ အတိအကျ ဖော်ပြထားပါတယ်။ အဲဒီလေ့လာမှုအရ “အုပ်စုကောင်းစားရေးဝါဒ” က အခရာပါပဲ။
အများပြည်သူ ဝန်ဆောင်မှုတွေကိုရရှိဖို့ နိုင်ငံသားတွေ အသုံးချတဲ့ မဟာဗျူဟာတွေနဲ့ အဆိုပါ ဝန်ဆောင်မှုတွေကို သူတို့က ကျေနပ်အားရမှုရှိ၊ မရှိ အတိုင်းအတာကို ခရော့စ်တာဗျူလိတ်နည်းနဲ့ တွက်ချက်ထားတဲ့ အပေါ်မှာ လေ့လာဆန်းစစ်မှုကို အခြေခံထားပါတယ်။
အရေးကြီးပုဂ္ဂိုလ်တွေနဲ့ အဆက်အသွယ် ရှိသူတွေပဲ ကျေနပ်စရာ ကောင်းလောက်တဲ့ ဝန်ဆောင်မှုတွေကို ရကြတယ်ဆိုတာ ရလဒ်တွေက ပြနေပါတယ်။ အဆက်အသွယ် မရှိသူတွေ၊ ဒါမှမဟုတ် အခွင့်အရေး အုပ်စုတွေနဲ့ ပတ်သက်မှု မရှိသူတွေကတော့ လိုအပ်တဲ့ အရင်းအမြစ်တွေကို ရယူနိုင်ဖို့အတွက် တံစိုးလက်ဆောင် ပေးရပါတယ်။ ဒါကြောင့်မို့ သူတို့က တဝက်တပျက်လောက်ပဲ ကျေနပ်အားရမှု ရှိကြပါတယ်။ အဆက်အသွယ် လုံးဝမရှိသူ လူများစုကြီးကတော့ မပေးမဖြစ်လို့ ပေးရမယ့် အခကြေးငွေ (ဥပမာ ကျန်းမာရေးအတွက် ခွဲစိတ်ကုသခံရဖို့) တွေအတွက် သူတို့ရဲ့ ရှိသမျှ အရင်းအမြစ်တွေ အားလုံးကို စုဆောင်းရပါတယ်။
အဲဒီလို စုဆောင်းတာတောင်မှပဲ တကြိမ်သာပေးနိုင် ဒါမှမဟုတ် လုံးဝမပေးနိုင်တာလည်း ဖြစ်တတ်ပါတယ်။ သြဇာလွှမ်းမိုးမှု ထုတ်မသုံးနိုင်သူတွေနဲ့ အဆက်အသွယ် သိပ်မရှိသူတွေက ဝန်ဆောင်မှုတွေ အသုံးပြုခွင့်ကို ဆူပရာတက်စ်နည်းနဲ့ ဝယ်ဖို့ အကျင့်ပျက်ခြစားမှုကြောင့် ဖြစ်နိုင်သလား ဆိုတာကိုလည်း သိရပါမယ်။
ပုံမှန် ဝန်ဆောင်မှုတခုကို ရဖို့အတွက် လူတချို့က တခြားသူတွေထက် ပိုပြီးငွေကြေးပိုမို ပေးဆောင်ရတာ ရှိလား၊ ဒါမှမဟုတ် အထူးအခွင့်အရေးတွေကို ငွေပေးဝယ်လို့ ရနေလားဆိုတာကိုလည်း မေးရပါမယ်။ ဒါတွေက အရေးကြီးတဲ့ ကွာခြားချက်တွေပါ။ ဘာကြောင့်လဲဆိုတော့ အရင်ဖြစ်ရပ်မှာ တရားစီရင်ရေး လမ်းကြောင်းကနေ အကောင်အထည် ဖော်မယ့် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး မဟာဗျူဟာက မအောင်မြင်မှာ သေချာပါတယ်။ နောက်ဖြစ်ရပ်မှာတော့ တရားစီရင်ရေး လမ်းကြောင်းကနေ အကောင်အထည်ဖော်မှုက မဖြစ်မနေ လိုအပ်ပါတယ်။
တရားရုံးပြင်ပမှာ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ခြင်း
အကျင့်ပျက်ခြစားမှုဆိုတာ တလောကလုံးမှာ ဖြစ်နေတာပဲ၊ တချိန်လုံး ဖြစ်နေတာပဲ၊ လူ့အဖွဲ့အစည်းတိုင်းမှာ ဖြစ်နေတာပဲ၊ လူ့သဘာဝက မပြောင်းလဲနိုင်သရွေ့ ရှိနေမှာပဲလို့ မကြာခဏ ပြောကြပါတယ်။
အကျင့်ပျက်ခြစားမှုကို လူ့အဖွဲ့အစည်း တခုလုံးက (“အုပ်စုကောင်းစားရေးဝါဒ” သဘောမျိုး) သိမ်းကျုံး ကျူးလွန်းနေတာလည်း ရှိပါတယ်။ တခါတလေမှာ လူတဦးတယောက်က ကျူးလွန်တာ (ဒါကလည်း နေရာတိုင်းနီးပါးမှာ ဖြစ်နိုင်ပါတယ်) လည်း ရှိပါတယ်။ အဲဒီလို ကျူးလွန်မှု ၂ မျိုးကို ခွဲခြားသိမြင်ဖို့က အရေးကြီးပေမယ့် အပေါ်ကလိုမျိုး သိမ်းကျုံးပြောဆိုပုံ ကြောင့် ခွဲခြားမမြင်နိုင်ဘဲ ဝေဝါးသွားတတ်ပါတယ်။
ရွေးကောက်ပွဲအဓိက ဒီမိုကရေစီနိုင်ငံတွေမှာတော့ အဲဒီလို ဝေဝါးမှုမျိုးကို လက်ခံလို့မဖြစ်ပါ။ အကြောင်းကတော့ ဒီမိုက ရေစီစနစ်တွေ တည်တံ့ခိုင်မြဲမှု မရှိအောင် “အုပ်စုကောင်းစားရေးဝါဒ”က ပိတ်ပင်တားဆီးထားနိုင်လို့ပါပဲ။ အနောက်နိုင်ငံ တွေ အများစုက “အုပ်စုကောင်းစားရေးဝါဒ”ကို တိုက်ဖျက်နိုင်ဖို့ ရာစုနှစ်ပေါင်းများစွာ ကြိုးစားခဲ့ပါတယ်။ တိုက်လည်း တိုက် ဖျက်ပစ်နိုင်ခဲ့ပါတယ်။
ဆက်လက်ဖော်ပြပါမည်။
(အလီနာ မွန်ဂျူပစ်ပီဒီ (Alina Mungiu-Pippidi) သည် ရိုမေးနီးယားနိုင်ငံ၊ ဘူခါရက်စ်မြို့ရှိ Romanian Academic Society အဖွဲ့၏ ဒါရိုက်တာ ဖြစ်သည်။ Freedom House နှင့် United Nations Development Programme တို့တွင် အတိုင်ပင်ခံ ပညာရှင်လည်း ဖြစ်သည်။ Coalition for a Clean Parliament ၏ ခေါင်းဆောင်လည်း ဖြစ်ပြီး ၎င်းအဖွဲ့သည် ၂၀၀၄ ရိုမေးနီးယား ရွေးကောက်ပွဲများတွင် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးလှုပ်ရှားမှုကို ဦးဆောင်ခဲ့သည်။ ယခု စာတမ်းကို Journal of Democracy နှင့် Johns Hopkins University Press တို့၏ ခွင့်ပြုချက်ကို ရယူပြီး Educational Initiatives (ပညာရှေ့ဆောင်) က ဘာသာပြန်ဆိုခြင်း ဖြစ်သည်။ Educational Initiatives (www.eduinitiatives.org) အဖွဲ့သည် ဒီမိုကရေစီနှင့် ပတ်သက်သော သင်တန်းများ၊ အရည်အသွေးမြှင့် သင်တန်းများကို ပို့ချပေးနေသော ရန်ကုန်အခြေစိုက် အဖွဲ့အစည်းဖြစ်သည်။)