ယခုနှစ် လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော် ဖွင့်ပွဲတွင် Twilight Over Burma: My Life as a Shan Princess ဇာတ်ကား ကို ပြသခွင့်မရခဲ့ပါ။ ရုပ်ရှင်ဆင်ဆာဘုတ်အဖွဲ့က ပြသခွင့် မပြုခဲ့၍ ဖြစ်သည်။ အဆိုပါ ရုပ်ရှင်ကားသည် တပ်မတော်၏ ပုံရိပ်ကို ထိခိုက်စေ၍ ဖြစ်သည်ဟု ဆိုသည်။ ပြသခြင်းအားဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ကို ထိခိုက် စေနိုင်သည်ဟုလည်း သူတို့က ဆိုသည်။
ထိုဆုံးဖြတ်ချက်အတွက် ဝေဖန်မှုများ အများအပြား ပေါ်ထွက်လာလိမ့်မည်ဟု ကျနော် မျှော်လင့်ထားပါသည်။ ဝေဖန်ရန်လည်း အပြည့်အ၀ ထိုက်တန်ပါသည်။ ထိုသို့ ဆုံးဖြတ်လိုက်ခြင်းက မြန်မာနိုင်ငံတွင် ဆင်ဆာစနစ် ဆက်ရှိနေသေးကြောင်း ပြသနေခြင်း ဖြစ်ပါသည်။ ဖွင့်ပွဲတွင် ရုပ်ရှင်ပွဲတော် စီစဉ်သူတဦးဖြစ်သည့် ဒေါ်မွန်မွန်မြတ် ပြောခဲ့သည့်အတိုင်းဆိုလျှင် မြန်မာနိုင်ငံတွင် အရေးကြီးသည့် ကိစ္စ ၂ ခု ရှိနေသည်။ “စစ်တပ်နှင့် ဘာသာရေးကို ယခုအချိန်အထိ တို့ထိ၍ မရသေးပါ”ဟု သူက ပြောခဲ့သည်။
မြန်မာနိုင်ငံတွင် NLD အစိုးရဝန်ကြီးများ မကျော်ဖြတ်ရဲသေးသည့် စည်းတကြောင်း ရှိနေကြောင်း ဆင်ဆာဘုတ်အဖွဲ့ ဆုံးဖြတ်ချက်က ထင်ထင်ရှားရှား ပြသနေပါသည်။
ကျနော်က မြန်မာနိုင်ငံတွင် ကာလအတော်ကြာမြင့်အောင် နေထိုင်ခဲ့သည့်အတွက် ဆင်ဆာအဖွဲ့၏ ဆုံးဖြတ်ချက်ကို ကာကွယ်ရန် အဆင့်သင့် ရှိနေသူများက မည်သို့ ချေပကြလိမ့်မည်ဆိုသည်ကို မှန်းဆနိုင်ပါသည်။ ယခုအချိန်သည် ၂၁ရာစု ပင်လုံ ညီလာခံ မတိုင်မီ အလွန်အကဲဆတ်သည့် အချိန်ဖြစ်ကြောင်း ယခုအချိန်တွင် ပွဲပျက်အောင် ဘာမှမလုပ်ကြခြင်းက ပိုကောင်းကြောင်း ပြောကြမည် ဖြစ်သည်။
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ကို ကျနော် ဂရုစိုက်စောင့်ကြည့်ခဲ့ပါသည်။ တိုင်းပြည်၏ အနာဂတ်အတွက် အမျိုးသား ပြန်လည်သင့်မြတ်ရေးက အရေးအကြီးဆုံး ကိစ္စဖြစ်ကြောင်း ကျနော် နားလည်ပါသည်။ Twilight Over Burma ရုပ်ရှင်ကားကို ပြသခြင်းက အမှန်တကယ် ထိခိုက်နစ်နာစေသလားဟု ကျနော့် ကိုယ်ကျနော် တညနေလုံး အလေးအနက် မေးနေခဲ့မိသည်။
ထို့နောက် အောက်ပါအတိုင်း ကျနော်သုံးသပ်မိပါသည်။
ဆင်ဆာအဖွဲ့က အဆိုပါ ရုပ်ရှင်ကို တားမြစ်ခြင်းက မှားယွင်းပါသည်။ ဆင်ဆာအဖွဲ့ ရှိနေခြင်း ကိုယ်တိုင်က မှားယွင်းမှု ဖြစ်ပါသည်။
Twilight Over Burma ဇာတ်ကားကို မပြသနိုင်ခြင်းက မည်သည့်အရာကို လုပ်နိုင်ပြီး မည်သည့်အရာကို မလုပ်နိုင် ဆိုသည်ကို ဆုံးဖြတ်ရာတွင် စစ်တပ်က နောက်ကွယ်မှ သြဇာလွှမ်းမိုးမှု မည်မျှကြီးမားကြောင်း ပြသနေသည့် ဥပမာများ ထဲမှတခု ဖြစ်ပါသည်။ စစ်တပ်၏ သြဇာလွှမ်းမိုးမှုသာမက တိုင်းပြည်၏ အဖွဲ့အစည်း အသီးသီး တွင်ပါဝင်နေသူများ၏ စိတ်တွင် စစ်တပ်ကို ကြောက်ရွံ့မှုက အရိုးစွဲနေကြောင်း၊ စစ်မှုထမ်းဟောင်းများ သာမက စစ်တပ်မှ မဟုတ်သူများကလည်း စစ်တပ် စိတ်ကွက်မည်ကို ကြောက်ရွံ့နေကြောင်း ပြသနေခြင်းလည်း ဖြစ်သည်။
Twilight Over Burma ဇာတ်ကားကို မပြသရန် တားမြစ်ခြင်းက အမျိုးသားပြန်လည်သင့်မြတ်ရေးကို အထောက်အကူ မဖြစ်စေပါ။ ဆန့်ကျင်ဘက်သာ ဖြစ်စေပါသည်။ အမှန်တရားကို တားမြစ်ခြင်းကသာ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ထိခိုက်စေပါသည်။ ယခင်က ရှိခဲ့သော၊ ယခု ရှိနေဆဲဖြစ်သော အမှားအယွင်းများကို ရိုးသားစွာ အသိအမှတ်ပြုခြင်းကသာ အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက်များစွာ အထောက်အကူ ဖြစ်စေပါလိမ့်မည်။
ယခုအခါ အစိုးရနှင့် အခြားထိပ်တန်းနေရာများတွင် ရှိနေပြီဖြစ်သော NLD ဘက်မှ ဆုံးဖြတ်ချက်ချမှတ်သူများ၏ စိုးရိမ်မှုက မည်သို့ရှိမည်ဖြစ်ကြောင်း ကျနော်နားလည်ပေးနိုင်ပါသည်။ သူတို့အနေဖြင့် စစ်တပ်ကို စိတ်အနှောက် အယှက် မဖြစ်စေမည့် လမ်းကျဉ်းလေးတွင် လျှောက်ရန် ကြိုးစားနေကြသည်။ သို့သော်လည်း တချိန်တည်းမှာပင် ပြည်သူလူထုက NLD အစိုးရထံမှ မျှော်လင့်ထားသည့် ပြုပြင်ပြောင်းလဲရေးများကို စတင်ရန် ကြိုးစားရပါလိမ့်မည်။
ဒင်္ဂါးပြားတွင် နောက်ထပ် မျက်နှာစာတခု ရှိပါသည်။ လူ့အသိုင်းအဝိုင်းများ၊ မိသားစုများနှင့် လူပုဂ္ဂိုလ် တဦးချင်းအလိုက် နစ်နာခံစားခဲ့ရသည့် အမှန်တရားကိုလည်း ထည့်သွင်း စဉ်းစားရမည် ဖြစ်သည်။ ၎င်းတို့ကို ဆင်ဆာပိတ်၍ မရသလို အမျိုးသားပြန်လည်သင့်မြတ်ရေး အမည်ခံပြီး ဖုံးကွယ်ပစ်၍ မရနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် အမှန်တရားကို ငြင်းပယ်ခြင်းနှင့် ထိခိုက် နစ်နာခဲ့ရခြင်းများကို အသိအမှတ်မပြုခြင်းက အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် အခွင့် အလမ်းများကို အားနည်းသွားစေမည် ဖြစ်သည်။
စစ်အုပ်ချုပ်ရေးအောက်တွင် အမျိုးမျိုး နစ်နာဆုံးရှုံးခဲ့ရပါသည်။ သို့သော်လည်း တိုင်းပြည်တွင် ဒီမိုကရေစီ နည်းကျ ရွေးကောက်တင်မြှောက်ထားသည့် ခေါင်းဆောင်များ၊ ဗမာနိုင်ငံရေး ခေါင်းဆောင်များ၊ စစ်တပ်ခေါင်းဆောင်များ အနေဖြင့် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အမှန်တကယ် ရရှိလိုသည်ဆိုလျှင် သူတို့အနေဖြင့် တိုင်း ရင်းသားများနှင့် ဘာသာရေးအရ လူနည်းစုများ ထိခိုက်နစ်နာမှုရှိခဲ့သည်ကို ဝန်ခံ အသိအမှတ်ပြုရန် လိုအပ်ပါသည်။
နာကျင်သော အမှန်တရားများအတွက် ရိုးသားစွာ အသိအမှတ်ပြုမှု အနည်းငယ်နှင့် ထိခိုက်ခံစားခဲ့ရသူများ၊ အသက်ရှင်လွတ်မြောက်ခဲ့သူများ အပေါ် လေးစားမှုကို ပြသသည့် သင်္ကေတ အနည်းငယ်က ပိတ်ထားသော တံခါးများနောက်ကွယ်တွင် ဆွေးနွေးညှိနှိုင်းခြင်းထက်စာလျှင် အမျိုးသားပြန်လည်သင့် မြတ်ရေးအတွက် အပေါင်းလက္ခဏာဆောင်သည့် ဝန်းကျင်အနေအထားတခု ဖန်တီးရေးကို ပိုပြီးဖြစ်စေနိုင်ပါလိမ့်မည်။
ယုံကြည်မှု တည်ဆောက်ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ကို စတင်ရန် တံခါးပိတ်ဆွေးနွေးမှုများ နှင့် အဆင့်မြင့် ပုဂ္ဂိုလ်ချင်း ဆွေးနွေးမှုများ လိုအပ်ပါသည်။ သို့သော်လည်း အတိတ်က ထိခိုက် နစ်နာမှုများ နှင့် အမှားအယွင်းများအတွက် လူသိရှင်ကြား အသိအမှတ်ပြုခြင်းလည်း လိုအပ်ပါသည်။ ရွေးကောက်ခံ NLD ခေါင်းဆောင်များနှင့် စစ်ဘက်ခေါင်းဆောင်များအတွက် ကြီးမားသည့် သမိုင်းဝင် တာဝန်ယူမှုလည်း ဖြစ်ပါလိမ့်မည်။
ယဉ်ကျေးမှု၊ အနုပညာနှင့် မီဒီယာများတွင် အမှန်တရားသို့ ရောက်ရှိရေး အတိတ်က အမှားများ၊ လက်ရှိ အမှားအယွင်းများနှင့် ပတ်သက်သော ရင်နာစရာ ဇာတ်ကြောင်းများကို ဖော်ထုတ်နိုင်ရန် အားပေးမှသာ တိုင်းပြည်တွင် မှားယွင်းသော လုပ်ရပ်များ ဆက်လက် ဖြစ်ပေါ်နေခြင်း သံသရာ ရပ်တန့်သွားနိုင်ပါသည်။
(အီဂေါဗလာဇဗစ်သည် ရန်ကုန်တွင် Educational Initiative အမည်ဖြင့် နိုင်ငံရေး သိပ္ပံကျောင်း လာရောက်ဖွင့်ပြီး လူ့အခွင့်အရေး ရုပ်ရှင်ပွဲတော်ကို ကူညီနေသော ချက် သမ္မတ နိုင်ငံသား နိုင်ငံရေး သိပ္ပံပညာရှင် ဖြစ်သည်)