အကျင့်ပျက်ခြစားမှု – အကြောင်းရင်းမှန်ကို ရှာဖွေခြင်းနှင့် ကုစားဖြေရှင်းခြင်း (နိဂုံး)

အလီနာ မွန်ဂျူပစ်ပီဒီ

This article has been converted from Zawgyi One to Unicode

အစိုးရ အရာရှိတွေကို အကျင့်ပျက် ခြစားအောင်လုပ်ဖို့ ကြံစည်မှုနဲ့ ၂၀၀၆ ခုနှစ်မှာ အပြစ်ရှိကြောင်း စီရင်ခံရတဲ့ အမေရိကန် လော်ဘီသမား ဂျက်အဗရာမော့ဗ်က ထင်ရှားတဲ့ ဖြစ်ရပ်ပါပဲ။ နိုင်ငံရေးနဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု တွေကြောင့် လူ့သဘာဝတွေက အံ့မခန်း ပြောင်းလဲသွားကြတာမျိုး မဖြစ်နိုင်ဘူး ဆိုတာကို အမှုက ပြနေပေမယ့် နိုင်ငံရေး အဆက်အသွယ်ကောင်းတွေ ဘယ်လောက်ပဲ ရှိနေပါစေ အမှုကျူးလွန်သူတွေက အဖမ်းခံရနိုင်တယ်၊ နိုင်ငံရေးစနစ်က လက်မခံဘူး ဆိုတာကိုလည်း အမှုက သက်သေပြနေပါတယ်။

ဆွစ်ဇာလန် နိုင်ငံသားတွေ ၁၈ ရာစုမှာ အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့ပြီး ဗြိတိန်နိုင်ငံက နောက်ရာစုနှစ် ၁ ခုအကြာမှာ လုပ်နိုင်ခဲ့တာကို ထွန်းပေါ်စ ဒီမိုကရေစီနိုင်ငံတွေ လိုက်လံ လုပ်ဆောင်နိုင်ဖို့ လိုပါတယ်။ ခက်ခဲတာတော့ အမှန်ပါပဲ။ သူတို့ လုပ်ခဲ့တာတွေကတော့ တာဝန်ခံမှုရှိပြီး တရားမျှတမှုရှိတဲ့ အစိုးရကို ထူထောင်ခြင်း၊ ပြည်သူတွေနဲ့ အစိုးရကြား ဆက်ဆံရေး၊ ပြည်သူတွေ အချင်းချင်းကြား ဆက်ဆံရေးကို ကြပ်မတ်ပေးဖို့အတွက် အားလုံးအတွက် တပြေးညီ အယူအဆကို အရေးကြီးဆုံးမူအဖြစ် လက်ခံတဲ့ လူ့အဖွဲ့အစည်းတွေကို တည်ဆောက်ပေးခြင်းပါ။

အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး လုပ်ငန်းကနေ ပေးနေတဲ့ သတင်းစကားကတော့ သန့်ရှင်းတဲ့ နိုင်ငံတွေရဲ့ အင်စတီကျူးရှင်းတွေကို တခြားနိုင်ငံတွေက ပုံတူကူးချ လုပ်ဆောင်သင့်တယ် ဆိုတာပါ။ နိုင်ငံတွေ အများအပြားက အနောက်တိုင်း အင်စတီကျူးရှင်းတွေကို မွေးစားကျင့်သုံးထားပေမယ့် “အုပ်စုကောင်းစားရေး ဝါဒ” ရဲ့ အဓိက အစိတ်အပိုင်းတွေကို အပြောင်းအလဲ မလုပ်ဘဲ အရင်အတိုင်း ဖြစ်နေပါတယ်။

စကင်ဒီနေဗီးယန်း အင်စတီကျုးရှင်းဖြစ်တဲ့ အမ်းဘွတ်ဒ်စ်မန်း (တိုင်တန်းချက်များ အပေါ် စုံစမ်းရေး အစိုးရ အရာရှိရာထူူး) ကို ထွန်းပေါ်စ ဒီမိုကရေစီနိုင်ငံတွေမှာ တည်ဆောက် ကျင့်သုံးပေမယ့် မအောင်မြင်ပါ။ အကြောင်းကတော့ စကင်ဒီနေဗီးယန်း နိုင်ငံတွေမှာ “အုပ်စုကောင်းစားရေး ဝါဒ” ကို စတေးပြီး ကျင့်သုံးခဲ့တဲ့ အားလုံးအတွက် တပြေးညီဝါဒကို မြှင့်တင်ပေးခဲ့တဲ့ သမိုင်းဖြစ်စဉ်ကိုတော့ ထွန်းပေါ်စ ဒီမိုကရေစီနိုင်ငံတွေမှာ ပုံတူကူး လုပ်ဆောင်မထားလို့ပါ။

ဒါကြောင့်မို့ အဲဒီလို သမိုင်းဖြစ်စဉ်တွေကို မောင်းဖြုတ် အရှိန်မြှင့်ပေးခဲ့တဲ့ အင်စတီကျူးရှင်းတွေကို တွေ့ရှိနိုင်ဖို့ကလည်း အရေးကြီးပါတယ်။ ဒါကြောင့်မို့ “အကောင်းဆုံးလုပ်ထုံးလုပ်နည်း” ဆိုတာတွေထဲမှာ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ဥပဒေကိုသာ ထည့်သွင်းရုံမဟုတ်ဘဲ ရလဒ်တွေကိုပါ တိုင်းတာလို့ရနိုင်တဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး လုပ်ဆောင် မှုတွေကိုပါ ထည့်သွင်းဖို့ လိုပါတယ်။ စိတ်ကူးစိတ်သန်း အသစ်အဆန်းတွေကိုလည်း အဲဒီနေရာကနေ ရနိုင်ပါတယ်။

အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး လုပ်ဆောင်နေကြတဲ့ တရားရုံးအကြောင်းတွေ၊ ဥပဒေတိုက်ပွဲတွေ အကြောင်းကို အခု လေ့လာဆန်းစစ်မှုမှာ ဖော်ပြမထားဘဲ သိသိသာသာကြီး ပျောက်ကွယ်နေကြတယ်ဆိုရင် ဒါက ဘာကြောင့်လဲဆိုတော့ ကျမပြောတဲ့ နိုင်ငံတွေမှာ တရားရုံးတွေက အထူးအခွင့်အရေး အုပ်စုတွေနဲ့ မလွတ်ကင်းနိုင်ဖြစ်နေလို့ပါ။

ဥပဒေကိုလည်း မကြာခဏဆိုသလို အကောင်အထည် မဖော်ဘဲ လျစ်လျူပြုထားလို့ပါ။ ဒါ့အပြင် ဥပဒေချိုးဖောက်မှုတွေ ကလည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေတာကြောင့် နိုင်ငံရေးပြိုင်ဆိုင်မှုရှိတဲ့ “အုပ်စုကောင်းစားရေးဝါဒ”မှာ တရားရုံးတွေ ကနေတဆင့် အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်ရတာက မဖြစ်နိုင်သလောက်ပါဘဲ။ “အုပ်စုကောင်းစားရေးဝါဒ” ရဲ့ မရှိမဖြစ် အစိတ်အပိုင်းတွေကို ဖြုတ်သိမ်းပြီးနောက်မှာမှပဲ ဥပဒေ ယန္တရားကြီးက ထိထိရောက်ရောက် အသက်ဝင်လာနိုင်မှာပါ။

အင်စတီကျူးရှင်းလို ဖြစ်နေတဲ့ “အုပ်စုကောင်းစားရေး ဝါဒ”မှာ ဘယ်သူတွေနဲ့ ဘယ်အရာတွေက အပြောင်းအလဲကို စေ့ဆော်ပေးနိုင်မလဲ ဆိုတာကို မေးရပါမယ်။ အဖြေကတော့ လွယ်လွယ်ကူကူနဲ့ မတွေ့နိုင်ပါ။ “အုပ်စုကောင်းစားရေး ဝါဒ”ကို အစိုးရက မတိုက်ဖျက်နိုင်ပါ။ ဘာကြောင့်လဲဆိုတော့ “အုပ်စုကောင်းစားရေးစနစ်” ထဲမှာ အစိုးရကိုယ်တိုင် ပါဝင်နေလို့ပဲ ဖြစ်ပါတယ်။

သမိုင်းကြောင်းကို ပြန်ကြည့်မယ် ဆိုရင်တော့ နိုင်ငံရေး အတိုက်အခံတွေ၊ အရပ်ဘက်အဖွဲ့အစည်း ဒါမှမဟုတ် ဉာဏ်ပညာ ရှိတဲ့ အာဏာရှင်တွေက အများကြီး ခရီးရောက်အောင် လုပ်ဆောင်ခဲ့တာပါ။ လူကြိုက်များမှုနောက်ကို လိုက်နေတဲ့ နိုင်ငံရေး ပါတီတွေကတော့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ကြွေးကြော်သံတွေကို ရွတ်ဆိုနိုင်လို့ အာဏာ ရပြီးရင်တောင် သူ့ရှေ့က အစိုးရတွေလို အကျင့်ပျက်သွားကြပါတယ်။

ဒီမိုကရေစီ နိုင်ငံဟောင်း (ဥပမာ အီတလီ) တွေမှာလိုပဲ ဒီမိုကရေစီ နိုင်ငံသစ်တွေမှာလည်း  အထူးအခွင့်အရေး အုပ်စုတွေက နိုင်ငံရေးပါတီတွေရဲ့ ဘောင်အပြင်ဘက်ကိုတောင် ကျော်လွန်ရောက်ရှိသွားပြီး ပြည်သူပိုင်ကဏ္ဍကို သူတို့ ချင်းချင်းကြားမှာ ခွဲဝေယူကြတာကို တွေ့နိုင်ပါတယ်။

ဒီလို အခြေအနေမျိုးကို တိတိကျကျ ဖော်ပြနိုင်ဖို့ ပါတီတိုခရာဇီရာ (ပြည်သူတွေရဲ့ နေ့တဓူ၀ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး အရေးကြီးဆုံးဖြတ်ချက်တွေကို အစိုးရမဟုတ်ဘဲ နိုင်ငံရေးပါတီတွေက ချမှတ်နေတဲ့စနစ်) ဆိုတဲ့စကားလုံးကို တီထွင်သုံးစွဲ ထားပါတယ်။

“အုပ်စုကောင်းစားရေး ဝါဒ” ဆိုတဲ့ အဆိုးသံသရာထဲကနေ ရုန်းထွက်နိုင်ဖို့ အတွက်ဆိုရင် ပထမအဆင့်က စနစ်ကြောင့် နစ်နာသူတွေကတဖက် အထူးအခွင့်အရေး အုပ်စုတွေနဲ့ ဗိုလ်ကျလုယက် အီလစ်တွေက တဖက်ကို တိုက်ပေးဖို့ပါ။ နောက်တမျိုးပြောရင်တော့ တော်လှန်ပုန်ကန်မယ့် အင်အားစုကြီး တခုကို ထူထောင်ဖို့ပါပဲ။

အဲဒီမဟာမိတ် တပ်ဖွဲ့ကြီးထဲမှာ အရပ်ဘက် အဖွဲ့အစည်းထဲက စံနှုန်းဝါဒီတွေ တင်မကဘဲ အကျင့်ပျက်ခြစားမှုကြောင့် ဆုံးရှုံးမှုအများဆုံး ခံစားရသူတွေကိုပါ ထည့်သွင်းဖွဲ့စည်းရပါမယ်။ ဘာသာရေး အဖွဲ့အစည်းတွေနဲ့ သမဂ္ဂတွေကပါ NGO တွေ လွတ်လပ်တဲ့ မီဒီယာတွေနဲ့ပါ ပူးပေါင်းလာမယ်ဆိုရင် ထိရောက်တဲ့ မဟာမိတ်တခုကို ဖွဲ့စည်းနိုင်ပါတယ်။ နိုင်ငံရေးပါတီ အနည်းဆုံး တခုကိုပါ ပူးပေါင်းဆောင်ရွက်မှုထဲ ပါအောင် ခေါ်သွင်းသင့်ပါတယ်။

alina_mungiu_pippidiအဲဒီလိုသာ ဆိုရင်တော့ ဘယ်နိုင်ငံရေးပါတီက ပိုပြီးသန့်ရှင်း ရိုးသားတယ်ဆိုတာ ပြသနိုင်မယ့် မက်လုံးတွေပါ ပေါ်လာပါလိမ့်မယ်။ ဒီမိုကရက်တွေနဲ့ အရပ်ဘက်အဖွဲ့အစည်း တက်ကြွလှုပ်ရှားသူတွေက အဲဒီအကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကို မလုပ်ဆောင်ဘဲ ပျက်ကွက်မယ်ဆိုရင်တော့ လက်ယာစွန်း လူပြိန်းကြိုက် နိုင်ငံရေးသမားကနေ အစ္စလာမ်ဝါဒီတွေအထိ ပါ ဝင်တဲ့ ဒီမိုကရေစီ မဆန်သူတွေက သူတို့အစား လုပ်သွားပါလိမ့်မယ်။

ဒုတိယ အဆင့်ကတော့ အားလုံးတပြေးညီ နှုန်းစံတွေကို အင်စတီကျူးရှင်းဆန်အောင် လုပ်ဖို့ပါ။ အများပြည်သူ နယ်ပယ် မှာ တရားမျှတမှု၊ ဖြောင့်မတ်မှန်ကန်မှုတွေနဲ့ ပတ်သက်ပြီး အနည်းဆုံးအားဖြင့် လိုက်နာသင့်တဲ့ သတ်မှတ်ချက်တွေကို ညွန့်ပေါင်းအဖွဲ့ကြီးက သဘောတူချမှတ်သင့်ပါတယ်။ ပြီးရင် နိုင်ငံရေးပရိုဂရမ်ကြီးရဲ့ အစိတ်အပိုင်းအဖြစ်လည်း ထည့်သွင်း သင့်ပါတယ်။

အဲဒီသတ်မှတ်ချက်တွေကို နိုင်ငံရေးပါတီတွေ အချင်းချင်းကြားမှာရယ် နိုင်ငံရေးပါတီတွေနဲ့ အစိုးရကြားမှာရယ် အကြိတ် အနယ် ဆွေးနွေးပြီး စေ့စပ်ညှိနှိုင်းသင့်ပါတယ်။ သတ်မှတ်ချက်တွေကို ဥပဒေပြုမှုအသစ်ထဲ ထည့်သွင်းပေါင်းစပ်သည် ဖြစ်စေ မပေါင်းစပ်သည်ဖြစ်စေ ထိပ်တန်းအစိုးရ အရာရှိတွေနဲ့ နိုင်ငံရေးသမားတွေကို စောင့်ကြည့်ရာမှာတော့ အသုံးချ သင့်ပါတယ်။

စောင့်ကြည့်မှု ရလဒ်တွေကို အများပြည်သူသိအောင် ထုတ်ပြန်ပေးသင့်ပါတယ်။ တခု ဒါမှမဟုတ် တခုထက်ပိုတဲ့ နိုင်ငံရေး ပါတီတွေက သတ်မှတ်ချက်တွေကို လက်ခံကျင့်သုံးပြီး သူတို့ပါတီဝင်တွေ လိုက်နာခြင်းရှိမရှိ စစ်ဆေးပေးမယ်လို့ ကတိပြု ရင် အရေးကြီးတဲ့ ခြေတလှမ်းကို လှမ်းနိုင်ပါပြီ။ အဲဒီလို အားထုတ်ကြိုးပမ်းမှုအတွက် နိုင်ငံရေးပါတီတွေကိုလည်း ချီးကျူး ဂုဏ်ပြုသင့်ပါတယ်။

တတိယအဆင့် (ဒီအဆင့်မှာတော့ နိုင်ငံတကာ အကူအညီတွေ အရမ်းအရေးကြီးပါတယ်) ကတော့ အကျင့်ပျက်ခြစားမှု ညွန့်ပေါင်းအဖွဲ့ကြီး ဒါမှမဟုတ် သီးခြားစီလုပ်ဆောင်နေတဲ့  အကျင့်ပျက်ခြစားမှု တိုက်ဖျက်သူတွေ စွဲကိုင်နိုင်တဲ့ အင်စတီ ကျူးရှင်း လက်နက်တွေကို လက်ခံစွဲကိုင်ကြဖို့ တွန်းအားပေးရေးပါ။

အစိုးရရဲ့ပူးပေါင်းဆောင်ရွက်မှုကိုသာ မရရင် အဲဒီရည်မှန်းချက် မပြည့်မြောက်နိုင်ပါ။ ဒါပေမယ့် အရပ်ဘက်အဖွဲ့အစည်း ကသာ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်တာ မရှိရင်လည်း အကောင်အထည်ဖော်ရေးအပိုင်း ဖြစ်ပေါ်လာမယ်လို့ အာမ ခံချက် မပေးနိုင်ပါ။ ပွင့်လင်းမြင်သာမှုအတွက် ပြဌာန်းတဲ့ ဥပဒေအပြင် အင်စတီကျူးရှင်း လက်နက်တွေထဲမှာ နိုင်ငံရေး သ မားတွေ၊ အစိုးရဝန်ထမ်းတွေနဲ့ တရားသူကြီးတွေက သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို မဖြစ်မနေ ထုတ်ပြန်အသိပေးရမယ်ဆိုတဲ့ သတ်မှတ်ချက်ကိုလည်း ထည့်သွင်းထားသင့်ပါတယ်။

နောက်ဆုံးအဆင့်ကတော့ ပါဝင်သူတွေအားလုံး “ရိုးသား သန့်ရှင်းသွားပြီ” ဖြစ်ကြောင်း ပြလိုစိတ်ဖြစ်ပေါ်လာဖို့ မက်လုံး တွေ ဖန်တီးပေးထားဖို့ပါပဲ။ ရွေးကောက်ပွဲလိုမျိုး အခြေအနေတွေအောက်မှာ နိုင်ငံရေးသမားတွေ အနေနဲ့ သူတို့ပိုင်ဆိုင် ပစ္စည်းတွေကို ဖွင့်ဟပြောဆိုစေခြင်း၊ ပြည်သူလူထုကလည်း သေချာဂရုစိုက် လေ့လာစောင့်ကြည့်ခြင်းဖြင့်လည်း မက်လုံး တွေ ပေါ်ပေါက်လာနိုင်ပါတယ်။

နိုင်ငံရေးသမားတွေအနေနဲ့ အကျင့်ပျက်ခြစားတဲ့ အမူအကျင့်တွေကို ရှောင်ရှားဖို့ ဖိအားပေးတိုက်တွန်းတဲ့ မက်လုံးတွေကို လည်း ဈေးကွက်သဘောတရားအတိုင်း အမြင့်ဆုံးဆွဲတင်ပေးပါလိမ့်မယ်။ အင်စတီကျူးရှင်း လက်နက်တွေကို ကိုင်စွဲထား နိုင်တာကြောင့် “ညွန့်ပေါင်းအင်အားစုကြီး”က ပိုင်ဆိုင်မှုတွေအကြောင်း ဖွင့်ဟကြေညာဖို့ တိုက်တွန်းတဲ့ လှုပ်ရှားမှုတွေလုပ် ဆောင်ခြင်းဖြင့် နိုင်ငံရေးနယ်ပယ်ထဲက ဒါမှမဟုတ် အသက်မွေးဝမ်းကျောင်းပညာ နယ်ပယ်ထဲက အထူးအခွင့်အရေး အုပ် စုတွေကို ဖယ်ရှားဖို့ ကြိုးစားသင့်ပါတယ်။ သြဇာလွှမ်းမိုးမှုအပေါ် လက်ဝါးကြီးအုပ်ထားတာကိုလည်း အဆုံးသတ်နိုင်ဖို့ ကြိုး စားသင့်ပါတယ်။

“အုပ်စုကောင်းစားရေးဝါဒ” ခုခံဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို လုပ်ဆောင်ဖို့ ဘယ်အချိန်က အသင့်တော်ဆုံးလဲဆိုတာကို တော့ မေးရမှာပါ။ လူအများစုက လက်ရှိအခြေအနေကို ကျေနပ်အားရနေတဲ့ အနေအထားမှာတော့၊ အကျင့်ပျက်ခြစားမှု တွေကြောင့် တဦးတယောက်ချင်းမှာ ဆုံးရှုံးစရာမရှိဘူးလို့ ထင်မြင်နေကြတဲ့ အနေအထားမှာတော့ “အုပ်စုကောင်းစားရေး ဝါဒ”ကို ဘယ်လိုမှ မခုခံမဆန့်ကျင်နိုင်ပါ။ ဒါကြောင့်မို့ စီးပွားရေးအကျပ်အတည်း ဖြစ်နေတုန်းမှာ ဒါမှမဟုတ် လူ့အဖွဲ့အ စည်းအတွင်း တခြားအကျပ်အတည်းတွေ ပေါ်လာတုန်းမှာ ခုခံဆန့်ကျင်မယ်ဆိုရင်တော့ အကောင်းဆုံးပါ။

အရေးကြီးတဲ့ နိုင်ငံရေးအပြောင်းအလဲ အချိန်အခါတွေကလည်း လုပ်ခွင့်သာစေနိုင်ပါတယ်။ အကောင်းဆုံး ဥပမာကတော့ ဥရောပသမဂ္ဂနဲ့ ပေါင်းစည်းကြတဲ့ ကွန်မြူနစ်ခေတ်လွန် နိုင်ငံတွေပါ။ သမဂ္ဂဝင်ဖြစ်သွားရင် မဖြစ်မနေလိုက်နာရမယ့် သတ် မှတ်ချက်တွေကို “အုပ်စုကောင်းစားရေးဝါဒ” ကို ခုခံဆန့်ကျင်ရာမှာ အသုံးပြုနိုင်ခဲ့ကြပါတယ်။

အဲဒီနိုင်ငံတွေမှာ အရပ်ဘက် အဖွဲ့အစည်းတွေက နိုင်ငံတော် အင်စတီကျူးရှင်းတွေထက် ပိုပြီးတော့ ထိရောက် ထက်မြက် မှုရှိတဲ့ စာရင်းစစ်ဖြစ်ခဲ့ပါတယ်။ ပိုပြီးတော့ ယုံကြည်ကိုးစားနိုင်တဲ့ နစ်နာမှုတိုင်ကြားရေးအရာရှိ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်မို့ နိုင်ငံအစိုးရတွေအနေနဲ့ အဆိုပါလုပ်ငန်း တာဝန်တွေကို အပြည့်အ၀ ထမ်းဆောင်နိုင်ဖို့ မရင့်ကျက်သေးခင်မှာ အရပ်ဘက် အဖွဲ့အစည်းတွေက လုပ်ဆောင်နိုင်ဖို့အတွက် ငွေကြေးထောက်ပံ့ပေးသင့်ပါတယ်။

အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး အားထုတ်ကြိုးပမ်းမှုတွေ အောင်မြင်အောင် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးဖို့လိုတာက ပြည်တွင်းနဲ့ပြည်ပ ပူးပေါင်းဆောင်ရွက်မှုတွေအပြင် ရေရှည်ချမှတ်ထားရမယ့် လုပ်ဆောင်စရာတွေ ရှိပါတယ်။

  • တာဝန်ခံမှုနဲ့ ပွင့်လင်းမြင်သာမှုတွေ ပိုမိုအားကောင်းလာစေဖို့ နိုင်ငံတကာ အသိုက်အဝန်းက ဖိအားတွေကို ဆက် လက်ပေးသင့်ပါတယ်။
  • နိုင်ငံတော်အပေါ် နိုင်ငံသားတွေရဲ့ မှီခိုနေရမှုကို ဖြေရှင်းနိုင်ဖို့ စဉ်းစားပေးရမှာဖြစ်ပြီး ပြည်သူပိုင်ပိုက်ဆံနဲ့ ခန့်ထားတဲ့ ဝန်ထမ်းဦးရေကို တဖြည်းဖြည်းချင်း လျှော့ချသွားခြင်းဖြင့်လည်း ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။ နိုင်ငံတော်က တိုက်ရိုက်ထိန်း ချုပ်ထားတဲ့ အရင်းအမြစ်တွေကို လျှော့ချခြင်းဖြင့်လည်း ဖြေရှင်းနိုင်ပါတယ်။ နောက်ထပ်နည်းလမ်းတွေလည်း ရှိနိုင်ပါ တယ်။
  • အခန်းကဏ္ဍတိုင်းမှာ လွတ်လပ်တရားမျှတစွာ ပြိုင်ဆိုင်နိုင်စေမယ့် စနစ်တွေကို ထည့်သွင်းတည်ဆောက် ပေးရပါ မယ်။

အခုပြောတဲ့ လမ်းညွှန်ချက်တွေက လက်တွေ့အောင်မြင်မှုတွေကို အခြေခံ ထားတာဖြစ်ပြီး နောက်ထပ် လမ်းညွှန်ချက်တွေ လည်း ရှိနေနိုင်ပါသေးတယ်။ ဒါပေမယ့် နည်းပညာ အထောက်အကူပြုလုပ်ငန်းတွေကနေ ရရှိလာမယ့် အကျင့်ပျက်ခြစား မှုတိုက်ဖျက်ရေး ကိရိယာတွေ ပစ်ပယ်ထားရမယ်လို့တော့ မဆိုလိုပါ။ အဲဒီအစား တချို့အခြေအနေတွေမှာ ကျင့်သုံးဖို့ မဖြစ် နိုင်တဲ့ ကိရိယာတွေကို မှီခိုအားထားတာ မဖြစ်အောင် သတိပေးလိုတဲ့ သဘောပဲဖြစ်ပါတယ်။

အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး အေဂျင်စီက တရားစီရင်ရေး လွတ်လပ်မှု အစဉ်အလာရှိခဲ့တဲ့ ဒီမိုကရေစီ သြစတေးလျ နိုင်ငံမှာ အလုပ်ဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် အဲဒီလိုမျိုး အေဂျင်စီက အရင် ဆိုဗီယက်ပြည်ထောင်စုဟောင်းမှာ ဆိုရင် “လူ ကြီး”တွေကို ဖမ်းဆီးဖို့ ဒါမှမဟုတ် အပြစ်ပေးအရေးယူဖို့ မဖြစ်နိုင်ပါ။

အစိုးရတွေရဲ့ ပူူးပေါင်းဆောင်ရွက်မှုကို ရနိုင်ရင်တော့ အကောင်းဆုံးဖြစ်ပေမယ့် အစိုးရတွေကို အားကိုးပြီးတော့ “အုပ်စု ကောင်းစားရေးဝါဒ” ကို မတိုက်ဖျက်နိုင်ပါ။ သူနိုင်-ကိုယ်နိုင် အဖြေထွက်စေတဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး လှုပ်ရှား မှုဆိုတာမရှိပါ။ တစုံတယောက်ကတော့ လက်လွှတ်ဆုံးရှုံးရမှာဖြစ်ပြီး (အခုပြောနေတဲ့ အကျင့်ပျက်ခြစားနိုင်ငံတွေမှာ ဆို ရင်တော့) ထိပ်ဆုံးမှာ ရောက်နေသူတွေပဲ လက်လွတ်ဆုံးရှုံးကြမှာဖြစ်ပါတယ်။

အဲဒီလို နိုင်ငံတွေ လူ့အဖွဲ့အစည်းတွေမှာ “အုပ်စုကောင်းစားရေးဝါဒ”ကို ဆန့်ကျင်တော်လှန်ရတယ် ဆိုတာက တိုင်းပြည် ခေတ်မီအောင်လုပ်ခြင်း ဒီမိုကရေစီ ဖော်ဆောင်ခြင်းဆိုတဲ့ လုပ်ငန်းကြီးတွေရဲ့ သဘာ၀ အစိတ်အပိုင်းပဲ ဖြစ်ပါတယ်။

အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကို ဆောင်ရွက်ကြရတာက တခါတလေမှာတော့ ပြည်တွင်းစစ်အသွင် ဆောင်နေပေမယ့် (ဒီမိုကရေစီ သမိုင်းကြောင်းက ပြထားသလိုဆိုရင်တော့) တာဝန်ခံမှုရှိတဲ့ အစိုးရတွေ ပေါ်ထွန်းလာရေးဆိုရင် ပြည် တွင်းစစ်တွေကို တခါတရံမှာ လိုအပ်နေတတ်ပါတယ်။

(အလီနာ မွန်ဂျူပစ်ပီဒီ (Alina Mungiu-Pippidi) သည် ရိုမေးနီးယားနိုင်ငံ၊ ဘူခါရက်စ်မြို့ရှိ Romanian Academic Society အဖွဲ့၏ ဒါရိုက်တာ ဖြစ်သည်။ Freedom House နှင့် United Nations Development Programme တို့တွင် အတိုင်ပင်ခံ ပညာရှင်လည်း ဖြစ်သည်။ Coalition for a Clean Parliament ၏ ခေါင်းဆောင်လည်း ဖြစ်ပြီး ၎င်းအဖွဲ့သည် ၂၀၀၄ ရိုမေးနီးယား ရွေးကောက်ပွဲများတွင် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးလှုပ်ရှားမှုကို ဦးဆောင်ခဲ့သည်။ ယခု စာတမ်းကို Journal of Democracy နှင့် Johns Hopkins University Press တို့၏ ခွင့်ပြုချက်ကို ရယူပြီး Educational Initiatives (ပညာရှေ့ဆောင်) က ဘာသာပြန်ဆိုခြင်း ဖြစ်သည်။ Educational Initiatives (www.eduinitiatives.org) အဖွဲ့သည် ဒီမိုကရေစီနှင့် ပတ်သက်သော သင်တန်းများ၊ အရည်အသွေးမြှင့် သင်တန်းများကို ပို့ချပေးနေသော ရန်ကုန်အခြေစိုက် အဖွဲ့အစည်းဖြစ်သည်။)

Loading