ပုဂ္ဂလိက ကိုယ်ပိုင်အထက်အတန်းကျောင်းတွေ တနှစ်နဲ့ တနှစ်တိုးပြီး ဖွင့်လှစ်ခွင့်ပေးလိုက်တာ အခုဆို မန္တလေးတိုင်းမှာ ၁၀၀ကျော် ရှိနေပါပြီ။ ကိုယ်ပိုင်ကျောင်းတွေ အများအပြား ဖွင့်လှစ်လာပေမယ့် ကျောင်းအချို့က သတ် မှတ်ထားတဲ့ စံချိန်စံညွန်းနဲ့ မညီသေးတာတွေ ရှိနေပါတယ်။
ကိုယ်ပိုင်ကျောင်းဖွင့်လှစ်နိုင်ဖို့ သတ်မှတ် အရည်အချင်းတွေ ထုတ်ပြန်ထားပေမယ့် ကိုယ်ပိုင်ကျောင်း အချို့က ထုတ်ပြန် ချက်တွေနဲ့ မကိုက်ညီဘူး။ ပညာရေးဝန်ကြီးဋ္ဌာနက ပုဂ္ဂလိက ကိုယ်ပိုင်အထက်တန်းကျောင်းတွေနဲ့ ပတ်သက်ပြီး အ ဆောက်အအုံ၊ စာသင်ခန်း၊ ကျန်းမာရေး စတာတွေကို စံနှုန်းသတ်မှတ်ထားပြီးသားပါ။
အဆောက်အအုံနဲ့ ပတ်သက်ပြီး သတ်မှတ်ထားတဲ့ ကျောင်းအကျယ်အဝန်းရှိရမယ်။ အရေးပေါ်ထွက်ပေါက် ရှိရမယ်။ လေ ဝင်လေထွက်ကောင်းရမယ်။ မီးသတ်ဆေးဘူး ထားရမယ်။ သင်ကြားရေးနဲ့ ပတ်သက်ပြီး စတုရန်းပေ ၄၀ ပတ်လည် စာ သင်ခန်းတခန်းမှာ ကျောင်းသားဦးရေ ၄၀ ပဲရှိရမယ်။
ဇီဝ၊ ဓာတု၊ ရူပစတဲ့ လက်တွေ့သိပ္ပံစမ်းသပ်ခန်းတွေပါရမယ်။ အားကစားကွင်း ပါရမယ်။ စုဝေးခန်းမ (Assembly) ပါရမယ်။ စာကြည့်တိုက်ပါရမယ်။ ပန်းချီ ဂီတခန်း၊ ကွန်ပျူတာခန်း ပါရမယ်။ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ကျောင်းအိမ်သာ၊ စားဖို ဆောင်၊ သောက်သုံးရေ သန့်ရှင်းရမယ်။ တကယ်လို့ ကျောင်းဖွင့်ခွင့် လျှောက်တဲ့အခါမှာ အဲဒီအခန်းတွေ ပါကြောင်း ဓာတ် ပုံနဲ့တကွ တင်ပြပြီး လျှောက်ရတာပါ။
ကိုယ်ပိုင်ကျောင်းအချို့က ကျောင်းဖွင့်ဖို့ မြေနေရာ အခက်အခဲကြောင့် ကစားကွင်းနဲ့ စာသင်ခန်း မလုံလောက်ဘူး။ တခန်း ကို ကျောင်းသားအယောက် ၄၀သာ သင်ရမယ်ဆိုပေမယ့် ၄၀ ထက်ကျော်ပြီး သင်နေရတဲ့ ကိုယ်ပိုင်ကျောင်းတွေရှိတယ်။ တချို့က ပေ၄၀ x ပေ ၆၀ မြေနေရာမှာ သုံးလေးထပ်အထပ်မြင့်ဆောက်ပြီး ကိုယ်ပိုင်ကျောင်းဖွင့်ထားတာလည်း ရှိတယ်။
အခု နောက်ပိုင်း ဖွင့်လှစ်ခွင့်ရတဲ့ကိုယ်ပိုင်ကျောင်းတချို့က ကျောင်းဖွင့်နိုင်ဖို့ ဖွင့်ခွင့်ရထားပြီးသား နာမည်ကြီးကျောင်းတွေ မှာရှိတဲ့ စာကြည့်တိုက်၊ သိပ္ပံခန်း၊ ကွန်ပျူတာခန်းတွေကို ဓာတ်ပုံရိုက်ယူပြီး ကျောင်းဖွင့်ခွင့်ရဖို့ လျှောက်ကြတယ်။ အစိုးရ အနေနဲ့ ကိုယ်ပိုင်ကျောင်းတွေကို ဘယ်လိုမူဝါဒနဲ့ ချပေးနေလဲဆိုတာ မေးခွန်းထုတ်စရာဖြစ်လာပါတယ်။
ကိုယ်ပိုင်ကျောင်းတွေကို သတ်မှတ်တဲ့အရည်အသွေးနဲ့ မပြည့်စုံဘဲ ဖွင့်ခွင့်ပြုခဲ့ခြင်းကြောင့် နောက်ဆက်တွဲပြဿနာတွေ
ဖြစ်လာနိုင်ပါတယ်။ တကယ်လို့ ကိုယ်ပိုင်ကျောင်းဆက်ဖွင့်ဖို့ အမြတ်အစွန်း နည်းတာပဲဖြစ်ဖြစ်၊ ကျောင်းသားဦးရေလျော့ ကျလာတာကြောင့်ဖြစ်ဖြစ် ရုတ်တရက် ကျောင်းပိတ်ရရင် လက်ခံထားတဲ့ ကျောင်းသားတွေကို ဘယ်သူ တာဝန်ယူမလဲ၊
ဖွင့်ခွင့်ပေးတဲ့အစိုးရ၊ ဒါမှမဟုတ် တိုင်းဒေသကြီး အစိုးရအဖွ့ဲက တာဝန်ယူမှာလား။ ပညာရေး ဝန်ကြီးဋ္ဌာနက တာဝန်ယူ မှာလား၊ အဲဒီ ကျောင်းသားရဲ့အာမခံချက်ကို ဘယ်လိုပေးထားလဲ။
စာမလိုက်နိုင်တဲ့ ကျောင်းသားကို နည်းမျိုးစုံသုံးပြီး ကျောင်းကနေ ထုတ်ခဲ့ရင် အဲဒါကို ဘာနဲ့ ကာကွယ်မလဲ။ ကျောင်းသား မိဘတွေကြိုတင်စဉ်းစားရမယ့်ဖြစ်လာနိုင်တဲ့ ပြဿနာတွေပါ။ ကိုယ်ပိုင်ကျောင်းတကျောင်းမှာ ကျောင်းတက်နေတဲ့ ကျောင်းသားတဦးရဲ့ မိဘတဦးက အခုလို ရင်ဖွင့်ပြီး ပြောပြတယ်။
“တကယ်တော့ ကျောင်းသားမိဘတွေခမျာ ကိုယ်လုပ်တဲ့အပြုအမူ ကိုယ်ပြန်ခံနေရတာပါ။ အစိုးရကျောင်းမှာတုန်းက ပိုက် ဆံ ပိုတောင်းရင် တိုင်လိုက်တာပဲ၊ စာသင်တာမကောင်းရင် တိုင်လိုက်တာပဲ။ သင်ရိုးမကုန်ရင်လည်း တိုင်ပြန်ပြီ၊ ကိုယ်ပိုင် ကျောင်းတွေမှာ ကျောင်းလခ အဆမတန် တောင်းတာ ဘာသံမှ မထွက်ရဲဘူး။ နေရထိုင်ရ အဆင်မပြေလည်း မပြောရဲကြ ဘူး။ မနက်ကျောင်းချိန် တက်ရတဲ့ ကျောင်းသားတွေက နေ့လယ် နှစ်နာရီမှာ ရေချိုးရတယ်။ နွေခေါင်ခေါင် နေ့လယ်ဘက် ကြီး ရေချိုးခိုင်းတာကို မိဘတွေမှာ မနှစ်သက်ဘူး။ ကိုယ်ပိုင်ကျောင်းက ဘာလုပ်လုပ် မိဘတွေမှာ နှုတ်ဆိတ် နေတာများ တယ်။”
အစိုးရကျောင်းထက်အဆပေါင်းများစွာ အကုန်အကျခံပြီး ကိုယ်ပိုင်ကျောင်းမှာ ပြောင်းထားကြပေမယ့် စီမံခန့်ခွဲမှု ညံ့တဲ့
ကိုယ်ပိုင်ကျောင်းအချို့ကြောင့် မိဘတွေ စိတ်မချမ်းသာ ဖြစ်ကြရတယ်။ ကျောင်းသားတွေမှာလည်း စိတ်မပျော်ရွှင်နိုင်ကြ ဘူး။
ကိုယ်ပိုင်ကျောင်းမှာ အဆောင်နေ ဆယ်တန်းကျောင်းသားတယောက်ရဲ့ ကျောင်းစရိတ်က ပညာသင်နှစ် တနှစ်စာ အတွက် ကျပ် ( ၂၅-၃၀)သိန်းလောက်ရှိတယ်။ ကျောင်းတက်ဖို့ ကျောင်းအဆောင်ကို သွားပို့တဲ့နေ့မှာပဲ မိဘတွေခမျာ
ဝမ်းနည်းမျက်ရည်နဲ့ ဖြစ်ခဲ့ရတယ်။
ကိုယ့်သားသမီးနေမယ့်အဆောင်က ထင်ထားသလို မဟုတ်ဘဲ နေရာကျပ်တယ်။ ပန်ကာမလုံလောက်လို့ ညဘက် ကောင်းကောင်း မအိပ်နိုင် စာမလုပ်နိုင်ဖြစ်ရတယ်။ ကျောင်းသားဦးရေက တနှစ်ထက် တနှစ် တိုးလာပေမယ့် နေဖို့ထိုင်ဖို့ အခန်းနဲ့ စာသင်ခန်းတွေက နေရာအခက်အခဲကြောင့် မတိုးချဲ့နိုင်သေးဘူး။
စာသင်ခန်းထဲမှာ သတ်မှတ်ထားတဲ့ လူဦးရေထက် နှစ်ဆလောက် ပိုများနေတယ်။ နေတဲ့အဆောင်မှာလည်း စာကြည့် စားပွဲကို သီးသန့်နေရာမထားနိုင်ဘဲ ခေါက်စားပွဲကို ကိုယ့်အိပ်မယ့် ကုတင်ပေါ်တင်ပြီး စာလုပ်ရတယ်။ ဆယ်တန်းတက် မယ့်သမီးကို ကိုယ်ပိုင်ကျောင်းမှာ အဆောင်နေသွားထားတဲ့ မိဘတယောက်က သူ့အဖြစ်ကို ဒီလိုပြောပြတယ်။
“ပိုက်ဆံချမ်းသာပြီး ကိုယ့်ကလေးတွေကို အဲဒီမှာ သွားပြီး ဒုက္ခခံခိုင်းသလို ဖြစ်နေပြီ။ တရက်မှ စိတ်မချမ်းသာရဘူး။ ဒီကြား ထဲ ကိုယ့်ကလေးက အတန်းထဲမှာ အဆင့်မကောင်းမှာလည်း ပူရသေးတယ်။ အဆင့်မကောင်းရင်လည်း နောက်ဆုံး အတန်းပို့ခံနေရဦးမယ်၊ ကိုယ်ပိုင်ကျောင်းထားလည်း ဘာမှတော့ ပိုမထူးလာပါဘူး။ ကလေးရော မိဘတွေပါ ပိုပင်ပန်း တယ်”
ကိုယ်ပိုင်ကျောင်းမှာ စာညံ့တဲ့ကလေးတွေကို သီးခြားခွဲထားတယ်။ ဂုဏ်ထူးထွက်မယ့် ကလေးကိုပဲ ဂရုစိုက်ကြတော့တယ်။
အတန်းတင် စာမေးပွဲဖြေဖို့ လျှောက်လွှာတင်ရမယ့်အချိန်ရောက်ရင် ဘယ်သူက ဂုဏ်ထူးထွက်နိုင်တယ်၊ ဘယ်သူက အောင်နိုင်တယ်။ ဘယ်သူက ကျနိုင်တယ်ဆိုတာ သေသေချာချာသိရပြီ။
စာညံ့တဲ့ကလေးတွေကို အခန်းသပ်သပ် စုထားပြီး ဂရုတစိုက် စာမသင်ပေးကြတော့ဘူး။ ဂုဏ်ထူးထွက်နိုင်လောက်တဲ့ ကျောင်းသားတွေကို သီးသန့်စပယ်ရှယ်တန်းဆိုပြီး ဆရာသီးသန့်နဲ့ သေချာကြပ်မတ် သင်ကြားပေးတယ်။ ကိုယ်ပိုင် ကျောင်းတွေရဲ့အဓိက ရည်ရွယ်ချက်က အောင်ချက်မြင့်မားရေးနဲ့ ဂုဏ်ထူးများများ ထွက်ဖို့ပဲဖြစ်တယ်။
ကိုယ်ပိုင်ကျောင်းတွေမှာ တနှစ်နဲ့တနှစ် ကျောင်းသားဦးရေ တိုးလာပေမယ့် အစိုးရကျောင်းတွေမှာ ကျောင်းသားဦးရေ လျော့လျော့လာတယ်။ အထူးသဖြင့် ဆယ်တန်း ကျောင်းသားဦးရေ လျော့လာတယ်။ ဒါဟာ အစိုးရကျောင်းတွေအတွက် ကောင်းတဲ့ လက္ခဏာ မဟုတ်ပါဘူး။
အစိုးရကျောင်းတွေကို မိဘနဲ့ ကျောင်းသားတွေ အယုံအကြည်နည်းလာတာဟာ မေးခွန်းထုတ်စရာဖြစ်လာပါတယ်။ (အစိုး ရကျောင်းတွေမှာ ရှိတဲ့ ဆရာ/ဆရာမတွေက သင်ကြားရေးအပြင် သင်ကြားရေးနဲ့ မသက်ဆိုင်တဲ့ အခြား ဗာဟီရကိစ္စတွေ မှာ အချိန်ပေးနေရတာတွေလည်း ပြန်လည်စဉ်းစားသုံးသပ်ရမယ့် အချိန်ရောက်နေပါပြီ။)
အခုအချိန်မှာ အစိုးရကျောင်းတွေကို ပြန်ပြီး အဆင့်မြှင့်တင်ဖို့ လိုနေပါပြီ။ အစိုးရကျောင်းတွေမှာ ကစားကွင်း၊ စာကြည့် တိုက်၊ သိပ္ပံခန်းတွေ၊ စုဝေးခန်းမတွေ၊ အနုပညာအချိန်၊ ကာယချိန်၊ အသင်းအပင်း စတဲ့ အားသာချက်တွေ ရှိနေပြီးသား ဖြစ်တယ်။ အဲဒီအားသာချက်တွေကို အကျိုးရှိရှိ အသုံးချကြရမှာ ဖြစ်ပါတယ်။
ကိုယ်ပိုင်ကျောင်းအချို့ရဲ့သင်ကြားရေးပုံစံက ဈေးများများယူထားတဲ့ ကျူရှင်အကြီးစားသာဖြစ်နေသေးပြီး စာကိုလည်း သင်၊ စိတ်ကိုလည်းသင်တဲ့ ကိုယ်ပိုင်ကျောင်းတွေ များလာမှသာ လူ့အဖွဲ့အစည်း တိုးတက်လာမှာဖြစ်ပါတယ်။
(ယဉ်ယဉ်ခန့်သည် မန္တလေးအခြေစိုက် အမျိုးသမီး သတင်းစာဆရာတဦး ဖြစ်သည်)