သခင်အကျင့်ကို ကျင့်ကြပါ

သန်းနိုင်ဦး

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ယခုရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ပြည်သူ့ဆေးရုံမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန် တယောက်က သူနာပြုဆရာမတယောက်ကို တာဝန်ချိန်အတွင်း ပါးရိုက်ခဲ့ပါတယ်။ အလားတူ မန္တလေးတိုင်းဒေသကြီး အတွင်းမှာလည်း ကျောင်းဆရာမတယောက်က မူလတန်း ကျောင်းသားလေးကို အချက် ၅၀လောက် ရိုက်နှက်ဆုံးမခဲ့တာ ကြောင့် ဆေးရုံတက်ခဲ့ရတယ်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းက မြို့နယ်တခုမှာတော့ ထွေ/အုပ် အရာထမ်းတဦးက သူ့မြို့နယ်အတွင်းမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့မွေးနေ့ပွဲကို တနိုင်ငံလုံးကျင်းပနေချိန်မှာ ကျင်းပခွင့်မပြုခဲ့ပါဘူး။

အဲဒီ ဖြစ်စဉ်တွေမှာ ဌာနအကြီးအကဲက လက်အောက်ဝန်ထမ်းကို ကိုယ်ထိလက်ရောက် ကျူးလွန်တဲ့ဖြစ်စဉ်ပါခဲ့သလို ပဲ့ပြင်ထိန်းကျောင်းရမယ့် ဆရာမဖြစ်သူက တပည့်ဖြစ်သူကို အရွယ်နဲ့မမျှအောင် အပြင်းအထန် အပြစ်ပေးတာလည်း ပါဝင်ခဲ့တယ်။

ပြည်သူတွေကို ဝန်ဆောင်မှုပေးရမယ့် ပြည်သူ့ဝန်ထမ်းတွေ ပြည်သူတွေရဲ့လိုအင်နဲ့ ဆန့်ကျင်ပြီး အာဏာရှင်သဖွယ် ပြုမူကျင့်ကြံနေထိုင်နေကြတာ ဆယ်စုနှစ်များစွာ ကြာခဲ့ပါပြီ။
တကယ်တော့ အဲဒီဝန်ထမ်းတွေဟာ ကျနော်တို့ လူ့အဖွဲ့အစည်း အတွင်းမှာလည်း ထိုက်ထိုက်တန်တန် နေရာပေးခံကြရသူတွေဖြစ်ကြတယ်။

ဘာကြောင့် ကိုယ်ထိလက်ရောက် ရိုက်နှက်တဲ့ အပြုအမူထိ ဖြစ်ရတာလဲ။ သူတပါးရဲ့ကိုယ်စိတ်နှလုံး နာကျင်မှုအပေါ် သာယာတတ်တဲ့ အနုစား စိတ်ရောဂါ ရရှိနေကြသူတွေ ဒီလိုလုပ်တတ်ကြတယ်ဆိုတာ စိတ်ပိုင်းဆိုင်ရာ သုတေသနပြုချက်တခုမှာ ဖတ်ဖူးပါတယ်။

အထက်ပါ ဖြစ်ရပ် ၃ခုစလုံးမှာ မှားခြင်းမှန်ခြင်းက သီးခြားကိစ္စဖြစ်ပြီး ပြဿနာတွေ ကိုင်တွယ်ဖြေရှင်းပုံက အာဏာရှင်ဆန်ဆန် အပြုအမူတွေ ဖြစ်ခဲ့ရတာပါ။

အမှောင်ခေတ်မှာ အာဏာရှင်တွေ တရားလက်လွတ် နိုင်ထက်စီးနင်း ပြုမူခဲ့စဉ်က ကျနော်တို့ အားလုံး နှာခေါင်းရှုံ့ခဲ့ကြတယ်။ အခု အမှောင်ခေတ်က လွန်မြောက်လို့ ရောင်နီသန်းချိန်ရောက်ပြီ။ အာဏာရှင်ဆန်ဆန် အပြုအမူတွေ ဆက်လုပ်နေကြဦးမှာလား။ အခွင့်ထူးခံလူတန်းစား ဆက်ဖြစ်နေချင်တာလား။ ကိုယ့်ရဲ့အပြုအမူ၊ အပြောအဆို၊ အနေအထိုင် လုပ်နည်းလုပ်ဟန်တွေက ရှေ့လျှောက် ပြောင်းလဲနေတဲ့ လူ့အသိုင်းအဝိုင်းနဲ့ သဟဇာတ ဖြစ်ပါဦးမလား စတဲ့ မေးခွန်းတွေ ကိုယ့်ဘာသာ မေးခွန်းထုတ်ကြစေလိုပါတယ်။ ထင်ရာစိုင်းပြီး ငါတကောကောမှုတွေ လုပ်လေ့ရှိတဲ့ အာဏာရှင်စနစ်ကို မကြိုက်လို့ တွန်းလှန် ပြောင်းလဲနေကြတဲ့ခေတ်ကြီးထဲမှာ အာဏာရှင်ဆန်ဆန် အပြုအမူတွေ လုပ်မိနေရင် ခေတ်မမီတော့ဘူးဆိုတာရော သတိပြုမိကြရဲ့လား။

ကျနော်တို့တတွေ ကံမကောင်း အကြောင်းမလှစွာ အာဏာရှင်တွေရဲ့ ဓားမိုးအုပ်ချုပ်မှုအောက်မှာ ရာစုတဝက်ကျော် ကြာ အောင်နေထိုင်ခဲ့ကြရတယ်။ တပါတီအာဏာရှင်စနစ်ရော စစ်အာဏာရှင်စနစ်မှာပါ ကိစ္စကြီးငယ် ဟူသမျှမှာ ဖြစ်နိုင်၏ မဖြစ်နိုင်၏ မစဉ်းစားဘဲ အာဏာရှင်တွေ အလိုကျ ဗောင်းတော်ညိတ် စိတ်တော်သိ နေထိုင်ခဲ့ကြရတယ်။ ကျနော်တို့ လူ့အဖွဲ့အစည်းက နှစ် ပေါင်း ၅၀လောက် အာဏာရှင်တွေနဲ့ လက်ပွန်းတတီး နေခဲ့ကြရသူတွေဖြစ်တော့ အာဏာရှင်တွေရဲ့အကျင့်ဆိုးစရိုက်ဆိုး တွေက သာမန်ပြည်သူလူထုဆီတောင် မသိလိုက်မသိဖာသာ ကူးစက်ခံခဲ့ရတယ်။

အာဏာရှင်တွေရဲ့လုပ်ရပ်တွေ အမြဲမြင်တွေ့ခဲ့ကြရတော့ မသိလိုက် မသိဘာသာ ယူခဲ့မိတဲ့ အကျင့်ဆိုးတွေရှိနိုင်သလို အာဏာရဲ့အရသာကို ကြိုက်လို့ တမင်ယူခဲ့ကြတဲ့ ဓလေ့ဆိုးတွေလည်း ရှိနိုင်ပါတယ်။ ကိုယ်နဲ့ လုပ်ဖော်ကိုင်ဖက် အချင်းချင်းကြားမှာ ဗိုလ်ကျစိုးမိုးချင်လာကြတယ်။ ဇာတ်တူသားစားဖို့ ဝန်မလေးတဲ့သူတွေဖြစ်လာကြတယ်။ ရနိုင်မယ်ဆို ဘနဖူးလည်း သိုက်တူးမယ်ဆိုတဲ့ ခပ်ည့ံ့ညံ့စိတ်ဓာတ်တွေ မင်းမူလာကြတယ်။

အဲဒီအကျင့်ဆိုးက ကျနော်တို့ဆီမှာ ကင်ဆာရောဂါတခုသဖွယ် အမြစ်တွယ်နေခဲ့ပါပြီ။ ဒီမိုကရက်တစ်ယဉ်ကျေးမှုဆီ သွားမယ့် ကျနော်တို့ လူ့အဖွဲ့အစည်းအတွက် အင်မတန် အန္တရာယ်များပါတယ်။ လူမှုရေးသိပ္ပံပညာရှင်တွေ နားလည်တတ်ကျွမ်းသူတွေ ခေါင်းချင်းဆိုင်ကြရမယ့် အချိန်ပါပဲ။ သာမန်ပြည်သူတွေမှာ (ဝန် ထမ်းတွေရော အရပ်သားတွေပါ) အာဏာရှင်စိတ်ဓာတ် ကိန်းအောင်းလာတာ၊ ကိုယ်ထိလက်ရောက် တပါးသူကို ကျူးလွန်လိုက်တာဟာ မသိကျိုးကျွံပြုရမယ့် ကိစ္စမဟုတ်ဘူး။ အချိန်တန်ရင် ပြီးသွားမှာပါလို့ လက်လွတ်စပယ် ပစ်ထားဖို့ မသင့်ဘူး။ ရောဂါရှာဖွေ ကုသ ပျောက်ကင်းရေး ဝိုင်းဝန်းဆွေးနွေး အဖြေရှာကြရမှာပါ။

တကယ်တော့ ကျနော်တို့လူ့အဖွဲ့အစည်းဟာ ရှေးနှစ်ပေါင်းများစွာ တို့ဗမာအစည်းအရုံးခေတ် (၁၉၃၀ ခုနှစ်) ကတည်းက ဒီမိုကရက်တစ် လူ့ဘောင်ကို ရည်သန်ပြီး သခင်စိတ်ဓာတ် သခင်အကျင့်ကို ကျင့်ကြံအားထုတ်ခဲ့ကြတာပါ။ သခင်စိတ်ဓာတ် သခင်အကျင့်ဆိုတာ ကိုယ့်ကိုယ်ကိုယ် သခင်အဖြစ်ခံယူသလို ကျန်တဲ့သူတွေကိုလည်း သခင်လို့ သဘော ထားပြီး တန်းတူရည်တူ ဆက်ဆံပါတယ်။ တို့ဗမာအစည်းအရုံးရဲ့ သခင်နဲ့ ပတ်သက်တဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်က အခုလို ဖြစ်ပါတယ်။

“သခင်ဆိုသည်မှာ လူတိုင်း လူတိုင်း၏ အခွင့်အရေးကို ရရှိပိုင်ဆိုင်ရန်အတွက် ဆောင်ရွက်လုပ်ကိုင်ကြသူများနှင့် လူတိုင်း လူတိုင်းတို့၏ လူတန်းစေ့နေထိုင်ရေးတို့ကို ကြံစည်လုပ်ကိုင်ကြသူများကို ဆိုလိုသည်”တဲ့။

မိတ်ဆွေ ကိုယ်တိုင်သော်လည်းကောင်း မိတ်ဆွေပတ်ဝန်းကျင်မှာသော်လည်းကောင်း အောက်တန်းကျတဲ့ အာဏာရှင် စိတ်ဓာတ်တွေ အာဏာရှင် အပြုအမူတွေ တွေ့မြင်လာရင် တို့ဗမာအစည်းအရုံးကြီးရဲ့ သခင်စိတ်ဓာတ်၊ သခင်အကျင့်ကို ချက်ချင်း သတိရလိုက်စေချင်ပါတယ်။

(သန်းနိုင်ဦးသည် မန္တလေးအခြေစိုက် သတင်းစာဆရာတဦး ဖြစ်သည်)

Did you find apk for android? You can find new Free Android Games and apps.
Loading