ကျနော်တို့နိုင်ငံမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမူတွေ ရှိနေပါပြီ။ ဒါပေမယ့် တရားဥပဒေစိုးမိုးမှုကတော့ ယနေ့အထိ ထိထိရောက်ရောက် အရေးယူပေးနိုင်တာ မတွေ့ရသေးပါဘူး။ ဘယ်သူမှ ဥပဒေအထက်မှာ မရှိစေရဆိုတဲ့ မူဝါဒကို ကျနော်တို့ ကျင့်သုံးနိုင်အောင် ကြိုးစားရပါဦးမယ်။
ဒီမိုကရေစီစနစ်လို့ပြောရင် မည်သူမဆို ပြစ်မှုတစုံတရာကျူးလွန်ရင်၊ လူ့အခွင့်အရေးချိုးဖောက်ရင် အပြစ်ပေးအရေးယူရ မယ်။ မည်သူမဆို တန်းတူညီမှု အခွင့်အရေးရဖို့လည်း လိုပါတယ်။ ဒါမှဟုတ်ရင်တော့ ဥပဒေက စာရွက်ပေါ်မှာပဲ ရှိနေပါ လိမ့်မယ်။ ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ သူရဲသမိန်ကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကိုပဲကြည့်ပါ။
မြန်မာ့လူ့အခွင့်အရေးကော်မရှင်ကတော့ အခင်းဖြစ်ပွားရာ သူရဲသမိန်ရွာကို ဇွန်လ ၂၈ ရက်က သွားရောက်လေ့လာတာ တွေတော့ တွေ့ရပါတယ်။ အခင်းဖြစ်ပွားပြီး ၆ ရက်မြောက်နေ့မှ သွားရောက်လေ့လာခြင်း ဖြစ်ပါတယ်။ ဒီမတိုင်ခင်ကတော့ မွတ်ဆလင်ရွာသားတွေဘက်က ရွာသား ၂၀၀ လောက် လုံခြုံမူမရှိလို့ ဆိုပြီး ရွာကနေ ထွက်သွားပါတယ်။
လုံခြုံမူမရှိတဲ့ အကြောင်းရင်းကတော့ ရှင်းပါတယ်။ ရဲက မွတ်ဆလင်တွေရဲ့ ပိုင်ဆိုင်မှုနဲ့ အသက်အိုးအိမ်တွေကို အကာအကွယ် မပေးနိုင်ခဲ့လို့ပါ။ အမူထဲမှာ ပါဝင်နေတဲ့သူတွေ ယနေ့အထိ ဘာမှ အရေးယူ ပေးတာမရှိဘူး။ ကျနော်တို့ ဧရာဝတီသတင်းအဖွဲ့က အခင်းဖြစ်ပွားပြီး တနေ့မှာပဲ အဲဒီရွာကို ရောက်သွားတယ်။
အဲဒီလူတွေ မနက်ကပဲ နေအိမ်ကို ပြန်သွားတယ်။ အခြေအနေက တည်ငြိမ်နေပြီလို့ ရဲက ပြောတဲ့ အတွက်ကြောင့်လို့ သိရပါတယ်။
ကျနော်တို့ ရောက်နေတုန်းမှာ အခြေအနေက အထိတ်တလန့်နဲ့ ရှိနေတုန်းပါ။ လူအုပ်စုတစုက ရဲစခန်းရဲ့မျက်နာချင်းဆိုင် စစ်တောင်းမြစ်ရဲ့အခြားတဖက်ကမ်းမှာ တုတ်ချောင်းတွေနဲ့ ကျနော်တို့ရှိရာဘက်လာပြီး အကြမ်းဖက်ဖို့ ခြိမ်ခြောက်နေသေးတယ်။ စက်လှေ ၂ စီးနဲ့ မောင်းလာပါတယ်။ ဒါပေမယ့် မြစ်ရဲ့အလယ်တဝက်ရောက်တော့ ရဲစခန်းဘက်ကို မလာဘဲနဲ့ အခြားအရပ်မျက်နာ တဖက်ကမ်းကို မောင်းထွက်သွားတယ်။
အဲဒီလူအုပ်စု အော်ဟစ်မှုကြောင့် ကျနော်တို့ရှေ့မှာ မွတ်ဆလင်မိသားစု အယောက် ၂၀ ကျော် သူတို့အိမ်ကနေ အဝတ်ထုတ်တွေနဲ့ ရဲစခန်းထဲ ပြေးဝင်သွားတယ်။ ပြေးလာတဲ့သူတွေအထဲမှာ ကလေးငယ်တွေလည်းပါတယ်။ ပြီးတော့ အမျိုးသမီးလူကြီးပိုင်းတွေလည်း ပါတယ်။ တချို့က ကြောက်လန့်လို့ ငိုနေတာလည်း ရှိပါတယ်။
ဒါကို ကျနော်တို့နဲ့အတူ ထိုင်နေတဲ့ ရဲတွေအားလုံးလည်း မြင်နေကြပါတယ်။ ပြီးတော့ အဲဒီ အော်ဟစ်သွားတဲ့လူတွေ ဘယ်သူ ဘယ်ကလဲ ဆိုတာ ရဲက သိပါတယ်။ ဒါပေမယ့် ဖမ်းဆီး အရေးယူခြင်း မရှိပါဘူး။ အဲဒီလို ခဏခဏ ခြိမ်း ခြောက်ခံနေရတော့ ထွက်ပြေးကြတော့တာပါပဲ။
ဘာကြောင့် ဘယ်သူတဦးတယောက်ကို အရေးမယူရတာလဲလို့ တာဝန်ခံတယောက်ဖြစ်တဲ့ ရဲမှူးအုန်းလွင်ကို ဧရာဝတီက မေးခဲ့ပါတယ်။
သူပြောပြတာက နှစ်ဦးနှစ်ဖက်ကို ကျေအေးလိုက်တာပဲ ကောင်းတယ်။ အဲဒီအတွက် ဖမ်းဆီးအရေးယူတာတော့ ရဲက မလုပ်ဘူး။ ကျေအေးတဲ့ကိစ္စပဲ ရဲက လုပ်ပေးလိုက်ကြောင်း ပြောပြတယ်။ သူထပ်ပြီး ပြောသွားတာက အမူခင်းထဲမှာ ပါဝင်တဲ့ရွာသားတွေကို ဖမ်းဆီးအရေးယူရင် ပြဿနာ ဒီထက်ပိုကြီးသွားနိုင်တယ်လို့ သူက ဆက်ပြီး ပြောပြပါတယ်။ ဘာ ဖြစ်လို့လည်းဆိုတော့ မွတ်ဆလင်တွေက လူနည်းစုဖြစ်တော့ အခြေအနေတည်ငြိမ်မှုကို ဦးစားပေးကြောင်း ရဲမှူးက ပြောပြ တယ်။
ကျနော်တို့သတင်းအဖွဲ့က ဖျက်ဆီးထားခံရတဲ့ ဗလီဘုရားကျောင်းဆီကို သွားတယ်။ ပြီးတော့ ဖျက်ဆီးခံထားရတဲ့ အိမ်နဲ့ ပစ္စည်းစုဆောင်းဖို့ ဆောက်လက်စရှိတဲ့ ဂိုထောင် အဆောက်အအုံတခုဆီကို သွားကြည့်ပါတယ်။
ကျနော်တို့လျှောက်လာတဲ့လမ်းမှာ ဆိုင်ကယ်မောင်းနေတဲ့ ပုဂ္ဂိုလ်တချို့ကိုတွေ့ရပါတယ်။ ၎င်းတို့ဟာ အကြမ်းဖက်မှုထဲမှာ ပါဝင်နေသူတွေ ဖြစ်ကြောင်း ဗလီဆရာဟာဂျီ ဦးဝင်းရွှေက ကျနော့်ကို လက်ညှိုးနဲ့ ထိုးပြပါတယ်။ အခုဖျက်သွားသူတွေက အဲဒီက ရွာသားတွေဖြစ်ပြီး သူသိတဲ့လူတွေပဲ ဖြစ်တယ်။ တိုင်းဒေသကြီးအစိုးရကလူတွေ လာတုန်းကလည်း အဲဒီလူရဲ့ နာ မည်တွေ ပေးထားတယ်။ ဒါပေမယ့် အရေးယူဆောင်ရွက်ပေးတာ မရှိပါဘူးတဲ့။ လမ်းပေါ်မှာပဲ အခုထိ အဲဒီလူတွေ ဆိုင်ကယ်မောင်းနေသေးကြောင်း ဦးဝင်းရွှေက ဆက်ပြောပါတယ်။
သူရဲသမိန်ရွာမှာ မွတ်ဆလင် အိမ်ခြေ ၃၇ အိမ်ပဲ ရှိတယ်။ ဗုဒ္ဓဘာသာအိမ်ခြေကျတော့ ၁၅၀၀ လောက်ရှိတယ်။
မြန်မာနိုင်ငံရဲ့ တရားဥပဒေဟာ လူများစုဖြစ်လို့ လူနည်းစုကို အနိုင်ကျင့်ခွင့် ပေးထားပါသလား။ ရပ်ရွာတည်ငြိမ် အေးချမ်းရေးနဲ့ ဘာသာရေး လူမှုရေး သဟဇာတဖြစ်မှုကို ပျက်ပြားအောင် ပြုလုပ်သူ အပြစ်ကျူးလွန်သူတွေဟာ ကိုယ့်ဆွေမျိုး ကိုယ့်ဘာသာဝင် ဖြစ်တာကြောင့် ရပ်ကြည့်နေရုံပဲဆိုရင် ဒါကို တရားဥပဒေလို့ခေါ်နိုင်မလားဆိုတာ မေးခွန်ထုတ်စရာ ဖြစ်လာနေပါတယ်။
(လဝီဝမ်သည် ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ အကြီးတန်းသတင်းထောက်ဖြစ်ပြီး မွန်တိုင်းရင်းသားတဦးလည်း ဖြစ်သည်)