ကုန်ဈေးနှုန်းတွေ တက်လိုက်တာ

သွေး (စစ်ကိုင်း)

This article has been converted from Zawgyi One to Unicode

အခုတလော အိမ်ရှင်မတွေ အများဆုံးပြောကြတာက ကုန်ဈေးနှုန်းတွေ တက်လာတယ်ဆိုတဲ့ အကြောင်းပါ။ တကယ်တော့ ကုန်ဈေးနှုန်းတက်တာဟာ မဆန်းပြားတဲ့ ကိစ္စဖြစ်ပေမယ့် ကျမတို့ရဲ့ နေ့စဉ်လူနေမှုဘဝအပေါ် သက်ရောက်မှုတွေရှိနေပါတယ်။ စား၊ ဝတ်၊ နေရေးဆိုတဲ့ အရေး၃ ပါးမှာ မစားဘဲ ဘယ်သူမှ မနေနိုင်တော့ စား သောက်ကုန်တွေ ဈေးတက်တာက ခေါင်းခြောက်စရာပါ။

သိသာတာကတော့ ပြီးခဲ့တဲ့ မေလကုန်ပိုင်းကစလို့ အသီးအရွက်တွေ၊ ကြက်ဥ၊ ဘဲဥတွေ ဈေးတက်ခဲ့တယ်ဆိုတာပါပဲ။ ကျမကိုယ်တိုင် အိမ်ရှင်မတယောက်ဖြစ်တော့ ဈေးဝယ်ရတာ အရင်ကထက် ပိုက်ဆံပိုကုန်လာပါတယ်။ ကန်စွန်းရွက်တစည်းကို ၂၅၀/၃၀၀ ကျပ်၊ ရုံးပတီ တစည်းကို ၂၀၀/၂၅၀ ကျပ်၊ မုန်လာဥဖြူ တပိဿ ၃၀၀၀ ကျပ်၊ ခရမ်းချဉ်သီး တပိဿာ ၃၀၀၀ ကျပ်၊ ပဲထောင့်ရှည် တစည်းကို ၂၅၀/၃၀၀ ကျပ်၊ ကြက်သွန်ဖြူ တပိဿာကို ၅၀၀၀ ကျပ်၊ ပန်းဂေါ်ဖီစိမ်း (ဘဂိုကိုလီ) တထုပ်ကို ၁၀၀၀/၁၂၀၀ ကျပ်အထိ ဈေးတွေ တရိပ်ရိပ် ခုန်တက်လာပါတယ်။

ကျမတို့ ငယ်စဉ်က ကြက်ဥ/ဘဲဥတလုံး ပြား ၆၀၊ အမဲသားတပိဿာ ကျပ် ၃၀၊ ဆီတပိဿာ ကျပ် ၃၀ပဲ ရှိတယ်ဆိုရင် အခုခေတ်မှာ လူဖြစ်တဲ့ သူတွေက ယုံတမ်းစကားတွေလို့ ထင်ကြပါလိမ့်မယ်။ ကျမအဖေဟာ စာရေးခြင်းတခုတည်းနဲ့ပဲ ဇနီးကိုရော၊ သား သမီး ၆ ယောက်ကိုပါ ဝဝလင်လင် ကျွေးနိုင်ခဲ့တာကို အမှတ်ရမိပါရဲ့။ လက်ရှိအနေအထားမှာတော့ ဇနီးမောင်နှံ နှစ်ယောက်တည်းပဲရှိတာတောင် ဈေးဝယ်ရင် အရာရာချင့်တွက်ရတဲ့ အနေအထားကို ရောက်နေပါပြီ။

ဒီလိုစဉ်းစားကြည့်ရအောင်ပါ။ မိသားစု ၄ ယောက်ပဲရှိတဲ့ အိမ်ထောင်တခုမှာ နံနက်စာကို ပဲပြုတ်နဲ့ ထမင်းကြော်ပဲ စားရင်တောင် အနည်းဆုံးပဲပြုတ်ကို ၅၀၀ ကျပ်ဖိုး ဝယ်မှ လောက်ပါလိမ့်မယ်။ ဈေးပေါတဲ့ ကော်ဖီမစ်ကိုပဲ ဖျော်သောက်တယ်ထားဦး၊ ကော်ဖီမစ် ၄ ထုပ်အတွက် ၄၀၀ ကျပ် ကုန်ပါလိမ့်မယ်။ ကြက်သားတပိဿာ ၇၀၀၀ ကျပ် လောက်ရှိနေတာမို့ အစိတ်သားချက်ရင်ပဲ ၁၇၅၀ ကျပ် ကျပါတယ်။  အသီးအရွက်ကြော်ဖို့ဆိုရင် ပဲတောင့်ရှည် ၃ စည်းကြော်ရင်ပဲ ၇၅၀ ကနေ ၉၀၀ ကျပ်အထိ ကုန်ကျပါတယ်။ တို့စရာအတွက် အနည်းဆုံး ၅၀၀ ကျပ်လောက်သုံးမှ ရပါလိမ့်မယ်။

ဆန်ဖိုး၊ ဆီဖိုး၊ ကြက်သွန်ဖိုးမပါသေးဘဲ ကုန်ကျစရိတ် ၄၀၀၀ ကျပ် ဝန်းကျင်ဖြစ်နေပါပြီ။ ဆန်က ပေါ်ဆန်းမွှေးဆိုရင် တပြည်ကို ၂၀၀၀ ကျပ်အထိရှိပြီး ဟင်းသီးဟင်းရွက် ဒါမှမဟုတ် နေကြာဆီကို သုံးရင်တောင် ဆီတပိဿာ ၂၀၀၀ ကျပ်ဝန်းကျင်ရှိပါတယ်။ ကျောင်းနေအရွယ်တွေရှိရင် မုန့်ဖိုးပေးရမှာပါ ထည့်တွက်ရင် မိသားတစုရဲ့ တနေ့တာကုန်ကျစရိတ်ဟာ အနည်းဆုံး ၇၀၀၀ ကျပ်ကနေ ၁၀၀၀၀ ကျပ်အထိ ဖြစ်နေတာကို တွေ့နိုင်ပါတယ်။

“ကုန်ဈေးနှုန်း” ဆိုတဲ့ ဝန်ထုပ်ဝန်ပိုးကြီးက ဖိစီးထားတာ အစိုးရအဆက်ဆက်ပါပဲ။ လတ်တလောဈေးတွေ တက်လာရတဲ့ အကြောင်းရင်းဟာ ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်လာတာနဲ့ ရာသီဥတုဖောက်ပြန်မှုကြောင့် သီးနှံစိုက်ပျိုးမှုမှာ နစ်နာမှု၊ မြင့်မားလှတဲ့ သယ်ယူပို့ဆောင်ရေးစရိတ်တွေကြောင့်ပါ။ လယ်သမားတွေ စိုက်ပျိုးရေး ချေးငွေကျပ် ဘီလီယံ ၅၀၀ ကို ဗဟိုဘဏ်က စိုက်ထုတ်မယ်ဆိုတဲ့ သတင်းကလည်း ကုန်ဈေးနှုန်းကို စောင့်တွန်းလိုက်သေးတယ်။ အစိုးရသစ်မှာ လုပ်ဆောင်စရာတွေများနေတာ၊ လုပ်နိုင်သလောက်လုပ်နေတာကို နားလည်ပေမယ့် ငွေကြေးဖောင်းပွမှုကို မထိန်းချုပ်နိုင်ရင်၊ တဦးချင်းဝင်ငွေမြင့်မားမလာရင် ပြည်သူတွေဟာ ဆင်းရဲတွင်းနက်နေ ဦးမှာပါပဲ။

အတိတ်ကဖြစ်စဉ်တွေကို ပြန်ကြည့်ရင်လည်း ဝန်ထမ်းတွေကို လစာတိုးပေးတိုင်း ကုန်ဈေးနှုန်းလိုက်တက်တာမို့ ပြည်သူ့ဘဝတွေ ထူးခြားပြောင်းလဲလာတာ မရှိခဲ့ပါဘူး။

ကုန်ဈေးနှုန်း ကောင်းမှုကြောင့် အိမ်ရှိလူကုန် အလုပ်လုပ်တာတောင် စားလောက်ရုံပဲရှိရင် လူတန်းစေ့နေထိုင်နိုင်ဖို့ မလွယ်ကူတော့ပါဘူး။ နိုင်ငံရေးကို စိတ်မဝင်စားဘူးဆိုတဲ့ အိမ်ရှင်မတယောက်အနေနဲ့ ကုန်ဈေးနှုန်းအတက်အကျကိုတော့ စိတ်မဝင်စားဘဲ နေနိုင်မှာ မဟုတ်ပါဘူး။ ဘယ်လိုအစိုးရပဲတက်တက် အခြေခံလူတန်းစားတွေရဲ့ မျှော်လင့်ချက်ဟာ ဝမ်းဝအောင် စားနိုင်ဖို့၊ ခါးလှအောင် ဝတ်နိုင်ဖို့နဲ့ လူတန်းစေ့ ရပ်တည်ရှင်သန်နိုင်ဖို့ပါပဲ။ လေအေးပေးစက်တပ်ဆင် ထားတဲ့ ကော်ဖီဆိုင်တွေ၊ ဟင်းတပွဲကို သောင်းချီပေးရတဲ့ စားသောက်ဆိုင်တွေ၊ တညတည်းနဲ့ သိန်းချီပြီး သုံးဖြုန်းနိုင်တဲ့ လူတန်းစားတွေရှိနေပေမယ့် တကယ့်ကို အနည်းစုပဲဖြစ်ပါတယ်။

စားဖို့အတွက်ပဲ ဝင်ငွေအများစုကို သုံးရတဲ့အတွက် တခြားတခြားသော ကျန်းမာရေး၊ ပညာရေး မှာသုံးစွဲနိုင်တဲ့ ငွေပမာဏက လျော့ကျသွားပါတယ်။ ဒါ့အပြင် အိမ်ငှားနေထိုင်ရသူတွေအတွက် အိမ်လခပါပေါင်းလိုက်ရင် “ဘူးလေးရာဖရုံဆင့်” စေတဲ့အထိ ဖြစ်စေပါတယ်။ ကိုယ့်ဝမ်းကိုယ် ဝဝလင်လင် မစားရရင် နောက်ဆက်တွဲ အနေနဲ့ ရာဇဝတ်မှုတွေပါ ကျူးလွန်သူက ကျူးလွန်လာနေတာကိုလည်း ဝမ်းနည်းစရာတွေ့မြင်နေရပါတယ်။

၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွက် မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်းဟာ ၁၂ ဒသမ ၆၈ ရာခိုင်နှုန်းအထိ ရှိလာနိုင်တယ်လို့ ခန့်မှန်းမှုတွေလည်း ထွက်ပေါ်နေပါတယ်။ ဒါကြောင့် အစိုးရသစ်အနေနဲ့ ငွေကြေးဖောင်းပွမှုနှုန်းကို ထိန်းချုပ်နိုင်မယ့် နည်းလမ်းတွေကို စဉ်းစားသင့်ပါတယ်။ အရပ်သားအစိုးရအပေါ် ပြည်သူတွေရဲ့ ယုံကြည်မှုကို ဆက်ပြီး ထိန်းသိမ်းနိုင်ဖို့ စီးပွားရေးအရ တိုးတက်မှု၊ နိုင်ငံရေးအရ တည်ငြိမ်မှု ရှိရမှာပါ။ နိုင်ငံသူ၊ နိုင်ငံသားတွေ နေပျော်တဲ့ နိုင်ငံဖြစ်ဖို့ စား၊ ဝတ်၊ နေရေးဆိုတဲ့ အခြေခံလိုအပ်ချက်တွေပြည့်စုံမှု ရှိရမှာပါ။

(သွေး(စစ်ကိုင်း)သည် ရန်ကုန်အခြေစိုက် အမျိုးသမီး စာရေးဆရာတဦးဖြစ်သည်)

Loading