ဒီမိုကရေစီ စွမ်းဆောင်ရည် ဘာကြောင့် အရမ်းကျဆင်းရသလဲ (၁)

ဖရန်စစ် ဖူကူယားမား

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

 ဒီမိုကရေစီဂျာနယ်ကို ပထမဆုံးအကြိမ် ပုံနှိပ်ထုတ်ဝေတော့ ဆင်မျူရယ် ဟန်တင်တန် ပြောတဲ့ ဒီမိုကရေစီ တတိယလှိုင်း ရိုက်ခတ်တာက အလယ်ကို ရောက်ပြီးလို့ နည်းနည်းတောင် ကျော်လာပါပြီ။ ဘာလင်တံတိုင်း ပြိုကျပြီးနောက် သိပ်မကြာခင် ဖြစ်ပြီး ဆိုဗီယက် ပြည်ထောင်စု မပြိုကွဲခင်လေးလို့လည်း ပြောနိုင်ပါတယ်။ ဥရောပတောင်ပိုင်းနဲ့ လက်တင် အမေရိက နိုင်ငံအများစုမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုတွေ လုပ်ဆောင်နေပြီးပါပြီ။

အရှေ့ဥရောပကတော့ ကြောက်မက်ဖွယ်ရာ အမြန်နှုန်းနဲ့ ကွန်မြူနစ်စနစ်ကို လမ်းခွဲနေပါပြီ။ ဆာဟာရတပိုင်း အာဖရိကနဲ့ ဆိုဗီယက် ပြည်ထောင်စုမှာတော့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုတွေ စတင်နေကြပါပြီ။ အားလုံးကို ခြုံပြောရမယ် ဆိုရင်တော့ ၄၅ နှစ်ဆိုတဲ့ ကာလအတွင်းမှာ ဒီမိုကရေစီ ဖော်ဆောင်ရေးက ကမ္ဘာတဝှမ်းမှာ သိသိသာသာ တိုးတက်လာခဲ့ပါ တယ်။

၁၉၇၀ ပြည့်နှစ်မှာ ရွေးကောက်ပွဲ အဓိက ဒီမိုကရေစီ နိုင်ငံပေါင်း ၃၅ ခုလောက်ပဲ ရှိရာကနေ ၂၀၁၄ ခုနှစ်မှာတော့ ၁၁၀ ကျော်အထိ တိုးတက် များပြားလာခဲ့ပါတယ်။ ဒါပေမယ့် လယ်ရီဒိုင်းမွန်း ထောက်ပြထားသလိုပါပဲ ဒီမိုကရေစီက ၂၀၀၆ ခုနှစ် ကစပြီး နောက်ပြန်လျှောကျထားပါပြီ။

ဖရီးဒမ်းဟောက်စ် ပေးမှတ်တွေက ၂၀၀၆ ခုနှစ်ကစပြီး နှစ်စဉ်နှစ်တိုင်း ကျဆင်းလာခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်ကလည်း ဒီမိုကရေစီအတွက် အားတက်စရာ မကောင်းလှပါ။ ရုရှားနဲ့ တရုတ်ဆိုတဲ့ အာဏာရှင်နိုင်ငံကြီး ၂ ခုက ဥရောပ-အာရှတိုက် ကြီးနှစ်ခုပေါင်းရဲ့ တဖက်တချက်စီမှာ လှုပ်ရှားနေပါတယ်။

ဒီမိုကရေစီ တတိယလှိုင်း ရိုက်ခတ်ချိန်မှာ အာရပ်နိုင်ငံတွေဆီ မရောက်ရှိနိုင်ခဲ့ပါ။ ဒါပေမယ့် ၂၀၁၁ ခုနှစ် အာရပ်နွေဦး လှုပ်ရှားမှုကြောင့်တော့ အာရပ်နိုင်ငံတွေက တတိယလှိုင်း ဖြစ်စဉ်ထဲမှာ ပါဝင်လာနိုင်တော့မယ်ဆိုတဲ့ မျှော်လင့်ချက်တွေ ကလည်း အီဂျစ်နိုင်ငံရဲ့ အာဏာရှင်လက်သစ်တွေ ပေါ်ထွန်းလာမှုကြောင့် ပြိုကွဲသွားပါတယ်။

လစ်ဗျားနိုင်ငံ၊ ယီမင်နဲ့ ဆီးရီးယားနိုင်ငံတွေက မင်းမဲ့တိုင်းပြည်လို ဗရမ်းဗတာ ဖြစ်သွားလို့ ပြိုကွဲသွားပါတယ်။ ဆီးရီးယား နိုင်ငံနဲ့ အီရတ်မှာဆိုရင် IS အစွန်းရောက်အုပ်စုတောင် ပေါ်ပေါက်လာပါတယ်။  စတော့မားကတ်တွေ ပြန်လည် တည့်မတ် ပြင်ဆင်ခြင်းလို ကမ္ဘာတဝှမ်း ဒီမိုကရေစီ ပိုမိုထွန်းကားရေး လုပ်ဆောင်ရာမှာ ခဏတဖြုတ် နောက်ပြန်ဆုတ် အားယူနေ တာလား၊ ဒါမှမဟုတ် ကမ္ဘာ့နိုင်ငံရေးမှာ ရေစီးကြောင်း ပြောင်းလဲနေပြီ ဆိုတာကို ညွှန်ပြနေတာလား၊ ဒီမိုကရေစီစနစ် အပြင် တခြားရွေးချယ်စရာတွေ ပေါ်ပေါက်လာပြီလား ဆိုတာကို သိနိုင်ဖို့က ခက်ပါသေးတယ်။

ဒါပေမယ့် ဘယ်လိုပဲ ဖြစ်နေပါစေ ကမ္ဘာတခွင်မှာ ဒီမိုကရေစီရဲ့စွမ်းဆောင်မှုတွေက မကြာသေးခင် နှစ်တွေအတွင်း ကျဆင်းလာပြီ ဆိုတာကိုတော့ မသိချင်ယောင် ဆောင်နေလို့မရပါ။ ကျဆင်းမှုက အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂလို ဖွံ့ဖြိုး တိုးတက်မှုအရှိဆုံး အအောင်မြင်ဆုံး ဒီမိုကရေစီနိုင်ငံတွေနဲ့ စတင်ပါတယ်။

သူတို့တွေက ၂၀၀၀ ပြည့်နှစ် နှောင်းပိုင်းကစပြီး ကြီးမားပြင်းထန်တဲ့ စီးပွားရေး အကျပ်အတည်းကို တွေ့ကြုံနေရပြီး စီးပွားရေး ကြီးထွားမှု နှေးကွေး၊ ဝင်ငွေတွေတန့်နေတဲ့ ကာလတခုအတွင်း ပိတ်မိနေပါတယ်။ ဒါပေမယ့် ဘရာဇီး၊ တူရကီနဲ့ အိန္ဒိယလို ဒီမိုကရေစီနိုင်ငံသစ် တော်တော်များများမှာ ဘက်ပေါင်းစုံ စွမ်းဆောင်မှုတွေက စိတ်ပျက်ဖွယ်ရာ ကျဆင်းနေပါတယ်။ ဆန္ဒပြ လှုပ်ရှားမှုတွေနဲ့လည်း တွေ့ကြုံနေရပါတယ်။

အာဏာရှင်စနစ်ကို ခုခံဆန့်ကျင်တဲ့ ဒီမိုကရေစီ လှုပ်ရှားမှုတွေက ယူကရိန်းကနေ ဂျော်ဂျီယာနဲ့ တူနီးရှားနိုင်ငံ၊ ဟောင်ကောင်နဲ့ အီဂျစ်နိုင်ငံတွေအထိ အရပ်ဘက် အဖွဲ့အစည်းတွေမှာ တပြိုင်နက် ပေါ်ပေါက်လာခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေက တည်ငြိမ်ခိုင်မာပြီး ပုံမှန်လည်ပတ်နေတဲ့ ဒီမိုကရေစီကိုတော့ ဦးတည် မသွားနိုင်ကြသေးပါ။ ဒီတော့ ကမ္ဘာတခွင်မှာ ဒီမိုကရေစီ စွမ်းဆောင်မှုတွေက စိတ်ပျက်ဖွယ်ရာ ကောင်းလောက်အောင် ဘာလို့ ကျဆင်းနေတာလဲ ဆိုတာ မေးရပါမယ်။

လွန်ခဲ့တဲ့ မျိုးဆက်တခုအတွင်း အဲဒီလို ဒီမိုကရေစီ နောက်ပြန်လျှောကျမှု ဖြစ်ပေါ်နေရတာအတွက် တခုတည်းသော အရေးတကြီး အကြောင်းအချက် တခုရှိပါတယ်။ အဲဒါကတော့ အင်စတီကျူးရှင်းတွေ မထူထောင်နိုင်ခြင်းပါပဲ။ ဆိုလိုတာ ကတော့ တည်ထောင်ခါစ ဒီမိုကရေစီ နိုင်ငံသစ်တွေရဲ့ နိုင်ငံတော်စွမ်းရည်က ပြည်သူတွေ တောင်းဆိုနေတဲ့ ဒီမိုကရေစီ နည်းကျ တာဝန်ခံမှုကို အမီမလိုက်နိုင် မဖြည့်ဆည်းပေးနိုင်ခြင်းပါ။

အာဏာရှင်စနစ် ကျင့်သုံးတဲ့ နိုင်ငံအဖြစ်ကနေ လွတ်လပ်ပြီး တရားမျှတတဲ့ ပုံမှန်ရွေးကောက်ပွဲတွေ ကျင်းပတဲ့ နိုင်ငံအဖြစ်ကို ပြောင်းလဲရတာ ခက်ပါတယ်။ ဒါပေမယ့် ပတ်ထရာမိုနီရယ်စနစ် (ပြည်သူပိုင်နဲ့ ပုဂ္ဂလိက ခွဲခြားခြင်းမရှိဘဲ ခေါင်းဆောင် တဦးတည်းက အာဏာရှင်ဆန်ဆန် ချုပ်ကိုင်ထားတဲ့ နိုင်ငံရေးစနစ်) ဒါမှမဟုတ် ပတ်ထရာမိုနီရယ် လက်သစ် နိုင်ငံအဖြစ် ကနေ ခေတ်မီပြီး ပုဂ္ဂိုလ်ရေးအစွဲကင်းတဲ့ နိုင်ငံတခုဖြစ်အောင် ပြောင်းရတာ ပိုပြီး ခက်ပါတယ်။

ခေတ်မီပြီး အုပ်ချုပ်မှုစနစ် ကောင်းတဲ့ နိုင်ငံတွေ အဖြစ်ကို မကူးပြောင်းနိုင်ခြင်းက လတ်တလော ဒီမိုကရေစီ အသွင်ကူး ပြောင်းမှုတွေအတွက် သေလောက်တဲ့ အားနည်းချက်ကြီး ဖြစ်နေပါတယ်။

 အဓိပ္ပာယ်ဖွင့်ဆိုချက်တချို့

ခေတ်သစ် လစ်ဘရယ် ဒီမိုကရေစီစနစ်ကို အခြေခံ အင်စတီကျူးရှင်း ၃ ခုနဲ့ ပေါင်းစပ်ထားပါတယ်။ သူတို့တွေကတော့ နိုင်ငံတော်ရယ်၊ တရားဥပဒေစိုးမိုးရေးနဲ့ ဒီမိုကရက်တစ် တာဝန်ခံမှုတို့ပါ။ ပထမဆုံး တခုဖြစ်တဲ့ နိုင်ငံတော်ဆိုတာကတော့ သတ်မှတ်ထားတဲ့ နယ်မြေပိုင်နက် တခုအတွင်း ဖိအားပေး အကျပ်ကိုင်နိုင်တဲ့ အာဏာကို တဦးတည်း တရားဝင် အသုံးပြုခွင့်ပါ။

ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့၊ လူ့အဖွဲ့အစည်းကို ပြည်ပရန်ကနေ ကာကွယ်ဖို့၊ ဥပဒေတွေကို အကောင်အထည်ဖော်ဖို့၊ အခြေခံကျတဲ့ အများပြည်သူ ဝန်ဆောင်မှုတွေကိုပေးဖို့ နိုင်ငံတော်က အာဏာကို စုစည်းပြီး ကျင့်သုံးပါတယ်။ တရားဥပဒေ စိုးမိုးမှုဆိုတာကတော့ လူ့အဖွဲ့အစည်းရဲ့ တန်ဖိုးတွေကို ရောင်ပြန်ဟပ်ဖော်ပြတဲ့ စည်းမျဉ်းစည်းကမ်း အစုအဝေးပါ။

အဲဒီ စည်းမျဉ်းစည်းကမ်းတွေက  နိုင်ငံသားတွေကိုသာ စည်းနှောင်ထားတာ မဟုတ်ဘဲ ဖိအားပေး အကျပ်ကိုင်အာဏာကို ကျင့်သုံးတဲ့ အီလစ်တွေကိုလည်း စည်းနှောင်းထားပါတယ်။ အာဏာရှိသူတွေကို ဥပဒေက မစည်းနှောင်ထားနိုင်ရင် အုပ်ချုပ်ရေးကဏ္ဍရဲ့ အမိန့်ပေးမှု သက်သက်သာ ဖြစ်သွားပြီး ဥပဒေ အသုံးပြု အုပ်ချုပ်ခြင်း သက်သက်သာ ဖြစ်သွားပါလိမ့်မယ်။

နောက်ဆုံးတခုဖြစ်တဲ့ ဒီမိုကရေစီနည်းကျ တာဝန်ခံမှုဆိုတာကတော့ အစိုးရတရပ်အနေနဲ့ အုပ်ချုပ်သူတွေ ကိုယ်တိုင်ရဲ့ အကျိုးစီးပွား ဆိုတာထက် လူ့အဖွဲ့အစည်းတခုလုံး အကျိုးစီးပွားကို ဦးထိပ်ထား လုပ်ဆောင်စေတာပါ။ ဒီမိုကရေစီနည်းကျ တာဝန်ခံမှုဆိုတာကို လွတ်လပ်တရားမျှတတဲ့ ပါတီစုံရွေးကောက်ပွဲလိုမျိုး လုပ်ငန်းစဉ်တွေ ကနေတဆင့် ရရှိနိုင်ပေမယ့် လုပ်ငန်းစဉ်အရ တာဝန်ခံမှုဆိုတာက အနှစ်သာရပိုင်း တာဝန်ခံမှုနဲ့တော့ အမြဲတမ်း ထပ်တူမကျနိုင်ပါ။

အဆိုပါ အင်စတီကျူးရှင်း ၃ ခုက တခုနဲ့တခု ပဋိပက္ခဖြစ်တတ်ပေမယ့် လစ်ဘရယ် ဒီမိုကရေစီဆိုတာ သူတို့ ၃ ခုကို ဟန်ချက်ညီအောင် ထိန်းညှိပေးပါတယ်။ နိုင်ငံတော်က အာဏာကို ထုတ်ဖော်ကျင့်သုံးပါတယ်။ တရားဥပဒေ စိုးမိုးမှုနဲ့ ဒီမိုကရေ စီနည်းကျ တာဝန်ခံမှုကတော့ အာဏာကို ထိန်းကွပ်ပေးဖို့၊ ပြည်သူလူထုအကျိုးစီးပွားနဲ့အညီ ကျင့်သုံးပေးစေဖို့ ကြိုးစားပါတယ်။

အာဏာကို ထိန်းကွပ်တဲ့ အင်စတီကျူးရှင်းတွေ မရှိတဲ့ နိုင်ငံက အာဏာရှင်စနစ်ပါပဲ။ ကျင့်သုံးစရာ အာဏာမရှိဘဲ ထိန်းကွပ်မှုတွေပဲရှိတဲ့ နိုင်ငံကတော့ မင်းမဲ့ဗရမ်းဗတာ နိုင်ငံဖြစ်သွားပါမယ်။  ဆင်မြူရယ် ဟန်တင်တန် ပြောလေ့ ရှိတာကတော့ အာဏာကို မထိန်းကွပ်ခင်မှာ ကျင့်သုံးစရာ အာဏာရှိရပြီး ကျင့်သုံးနိုင်ရပါမယ်။

အလက်ဇန်းဒါး ဟမ်မီလ်တန် စကားနဲ့ဆိုရင်တော့ “အားနည်းပျော့ညံ့တဲ့ အုပ်ချုပ်မှုဆိုတာ ဆိုးဝါးတဲ့ အုပ်ချုပ်မှုပါပဲ။ ညံ့ဖျင်းစွာ လုပ်ဆောင်တဲ့ အစိုးရဆိုတာ သီအိုရဘယ်လိုပဲ ခေါ်နိုင်ပါစေ ဆိုးဝါးတဲ့ အစိုးရပါပဲ”။ ပတ်ထရာမိုနီ ရယ်စနစ်နဲ့ ခေတ်မီနိုင်ငံတွေကို ခွဲခြားနိုင်ဖို့ကလည်း အရေးကြီးပါတယ်။

ခေတ်မီနိုင်ငံတွေကတော့ နိုင်ငံသားဖြစ်မှု အပေါ်မှာ မူတည်ကာ အားလုံးကို တန်းတူရည်တူ သဘောထားဆက်ဆံပြီး ပုဂ္ဂိုလ်ရေးအစွဲ ကင်းနိုင်ဖို့ ကြိုးစားပါတယ်။ အုပ်ချုပ်သူနဲ့ ပုဂ္ဂိုလ်ရေး ဆက်နွယ်မှု ရှိခြင်းမရှိခြင်းက အရေးမကြီးပါ။ ပတ်ထရာ မိုနီရယ်စနစ်နိုင်ငံတွေမှာတော့ နိုင်ငံတခုလုံးကို ပုဂ္ဂိုလ်တဦးတယောက်ရဲ့ ပိုင်ဆိုင်မှုတမျိုးအဖြစ် သဘောထားပါတယ်။

အများပြည်သူ အကျိုးစီးပွားဆိုတာနဲ့ အုပ်ချုပ်သူရဲ့ ပုဂ္ဂိုလ်ရေး အကျိုးစီးပွား ဆိုတာကို ခွဲခြားမထားပါ။ ဒီနေ့ခေတ်မှာတော့ တိုင်းပြည်တခုလုံးကို ပိုင်ဆိုင်ပါတယ်လို့ ဘယ်သူကမှ မကြေညာရဲတော့တာကြောင့် ပတ်ထရာမိုနီရယ်စနစ် လူ့အဖွဲ့အစည်း စစ်စစ်ဆိုတာတော့ မရှိပါ။

လွန်လေပြီးသော အတိတ်မှာတော့ ဘုရင်တွေ၊ ဘုရင်မတွေက အဲဒီလို ကြေညာခဲ့ပါတယ်။ ဒါပေမယ့် ခေတ်သစ် လူ့အဖွဲ့အစည်း ဟန်ဆောင်ထားတဲ့ ပတ်ထရာမိုနီရယ် စနစ် လက်သစ်တွေတော့ ရှိနေကြပါတယ်။ သူတို့တွေက အမှန်တကယ်မှာတော့ အစိုးရအဖွဲ့ အတွင်းလူတွေ ပုဂ္ဂိုလ်ရေး အကျိုးအမြတ်ရှိစေဖို့ လည်ပတ်နေတဲ့ သူခိုးတွေ အုပ်ချုပ်စနစ်ပဲဖြစ်ပြီး အဲဒီသူခိုးတွေက အသုံးပြုခွင့်ငွေကြေးကို ဝေမျှယူနေပါတယ်။

ပတ်ထရာ မိုနီရယ် စနစ်သစ်ကို ဒီမိုကရေစီနဲ့အတူ ပူးတွဲတွေ့ရနိုင်ပြီး ကျယ်ပြန်တဲ့ ဆရာမွေး၊ တပည့်မွေး နိုင်ငံရေးအုပ်စုဖွဲ့ စနစ်ကို မွေးထုတ်ပေးပါတယ်။ အဲဒီစနစ်ထဲမှာ နိုင်ငံရေးသမားတွေက နိုင်ငံပိုင်အရင်းအမြစ်တွေကို သူတို့အပေါ် ထောက်ခံသူ ကွန်ရက်တွေနဲ့ ဝေမျှယူနေကြပါတယ်။

အဲဒီလူ့အဖွဲ့အစည်းတွေမှာ လူတဦးတယောက်ချင်းက နိုင်ငံရေးဝင်လုပ်ကြပေမယ့် အများပြည်သူ ကောင်းကျိုး အတွက် ဆိုပြီး အမြော်အမြင်ရှိရှိ လုပ်ဆောင်နေတာ မဟုတ်ဘဲ ကိုယ်ကျိုးစီးပွား ချမ်းသာရေးအတွက် လုပ်ဆောင်နေကြတာပါ။ နိုင်ငံတခုကို လည်ပတ်ရာမှာ ဖိအားပေး အကျပ်ကိုင်နိုင်ခြင်းက အဓိကကျနေဆဲဖြစ်ပြီး အဲဒီလို အဓိကကျဆဲ ဖြစ်တာကြောင့်လည်း နိုင်ငံတော်ကို ကြောက်ရွံ့မှုနဲ့ မုန်းတီးမှုတွေ ဖြစ်ပေါ်လာစေပါတယ်။

အာဏာရှင်အာဏာနဲ့ အခြေခံ အဆောက်အအုံ အာဏာဆိုပြီး အာဏာ ၂ မျိုးရှိတာကို မိုက်ကယ်မန်းရဲ့ ခွဲခြားပြမှုက နာမည်ကျော်ပါတယ်။  အာဏာရှင်အာဏာက ဖိအားပေး အကျပ်ကိုင်ခြင်းနဲ့ ဆက်စပ်နေပြီး အခြေခံ အဆောက်အအုံ အာဏာကတော့ အများပြည်သူအတွက် ဝန်ဆောင်မှုတွေ ထောက်ပံ့ပေးခြင်း၊ အများပြည်သူ အကျိုးစီးပွားကို စောင့်ရှောက် ပေးခြင်းနဲ့ ဆက်စပ်နေပါတယ်။

အဲဒီလို ခွဲခြားပြောဆိုမှုကြောင့် “ကောင်းမွန်” တဲ့ နိုင်ငံတော်တွေမှာ အခြေခံ အဆောက်အအုံ အာဏာရှိပြီး ဆိုးသွမ်းတဲ့ နိုင်ငံတော်ကတော့ အာဏာရှင် အာဏာကို အသုံးပြုတယ်လို့ ယူဆစရာပါ။ ဒါပေမယ့် အမှန်တကယ်မှာတော့  ဖိအားပေး အကျပ်ကိုင်ခြင်းက နိုင်ငံတွေ အားလုံးအတွက် အရေးကြီးပါတယ်။

အောင်မြင်တဲ့ နိုင်ငံတော်တွေက အာဏာကို သြဇာအဖြစ် ပြောင်းလဲပစ်နိုင်ပါတယ်။ ဆိုလိုတာကတော့ နိုင်ငံတော်ရဲ့လုပ်ဆောင်မှုတွေက တရားနည်းလမ်း ကျတယ်ဆိုတဲ့ ယုံကြည်ချက်အပေါ်အခြေခံပြီး နိုင်ငံသားတွေက သူတို့ ဆန္ဒအလျောက် လိုက်နာ လုပ်ဆောင်စေနိုင်ခြင်းပါ။ ဒါပေမယ့် နိုင်ငံသားတွေ အားလုံးကတော့ ဥပဒေ လိုက်နာလိုစိတ် ရှိမှာ မဟုတ်တာကြောင့် တရားနည်းလမ်းအကျဆုံး ဒီမိုကရေစီ နိုင်ငံတွေကတောင် ဥပဒေ အကောင်အထည်ဖော်ဖို့ ရဲ အင်အား လိုအပ်နေပါ တယ်။

ဥပဒေချိုးဖောက်လို့ ထောင်ချတာ မရှိဘူးဆိုရင် အကျင့်ပျက်ခြစားမှုတွေကို ထိန်းချုပ်ဖို့ မဖြစ်နိုင်သလို အခွန် ကောက်ခံဖို့လည်း မဖြစ်နိုင်ပါ။ ဥပဒေ ချမှတ် အကောင်အထည် ဖော်နိုင်ခြင်းကလည်း ဥပဒေတွေ ထုတ်ပြန်ရုံ သက်သက်နဲ့တော့ဖြစ် မလာနိုင်ပါ။

လူအင်အားနဲ့ လေ့ကျင့်မှုမှာ ရင်းနှီးမြှုပ်နှံရမှာဖြစ်ပြီး အာဏာကျင့်သုံးမှုအပေါ် ပြန်ပြီးထိန်းချုပ်မယ့် အင်စတီကျူးရှင်း ဆိုင်ရာ စည်းမျဉ်း စည်းကမ်းတွေကိုလည်း ချမှတ်ရမှာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၂၅ နှစ်အတွင်း တွေ့ကြုံထားရတဲ့ သင်ခန်းစာတွေကနေ တခုခုကို သင်ယူထားတယ်ဆိုရင် အဲဒါက လစ်ဘရယ် ဒီမိုကရေစီကို ဒီမိုကရေစီ၊ တရားဥပဒေစိုးမိုးမှု၊ ခေတ်မီနိုင်ငံတော်ဆိုပြီး ဒေါက်တိုင်ကြီး ၃ ခုနဲ့ တည်ဆောက်ထားတဲ့ အထဲမှာ ဒီမိုကရေစီ ဒေါက်တိုင်ကို တည်ဆောက်ရတာက တရားဥပဒေစိုးမိုးမှု ဒါမှမဟုတ် ခေတ်မီနိုင်ငံတော်ဆိုတဲ့ ဒေါက်တိုင်ကို တည်ဆောက်ရတာထက် ပိုလွယ်ကူတယ် ဆိုတာပါပဲ။

နောက်တမျိုးပြောရရင်တော့ ခေတ်မီနိုင်ငံတခုကို တည်ဆောက်ရခြင်းက ဒီမိုကရက်တစ် အင်စတီကျူးရှင်းတွေ တည်ဆောက်ခြင်း နောက်ကို အမီမလိုက်နိုင်သေးဘူး ဖြစ်နေပါတယ်။ ဒါကြောင့် အရည်အသွေးမြင့်မားတဲ့ အစိုးရ ဝန်ဆောင်မှုတွေကို နိုင်ငံသားတွေက တောင်းဆိုနေတဲ့အပေါ် ဒီမိုကရေစီနိုင်ငံသစ်တွေ (တချို့ ဝါရင့်ဒီမိုကရေစီ နိုင်ငံကြီးတွေရော) က အမီမလိုက်နိုင် မဖြည့်ဆည်းပေးနိုင်တဲ့ ဟန်ချက်မညီ အခြေအနေတွေ ပေါ်ပေါက်လာတာပါ။ နောက်ဆက်တွဲအနေနဲ့ ဒီမိုကရေစီစနစ်တွေမှာ တရားဝင်မှု တရားနည်းလမ်းကျမှု ဆုံးရှုံးတာဆက်ပြီး ဖြစ်လာနိုင်ပါတယ်။

(ဆက်လက်ဖော်ပြပါမည်။)

 ဖရန်စစ်ဖူကူယားမားသည် Center on Democracy, Development and the Rule of Law at Stanford တွင် Olivier Nomellini Senior Fellow ဖြစ်သည်။ သူနောက်ဆုံး ပြုစုရေးသားထားသော စာအုပ်မှာ Political Order and Political Decay: From the Industrial Revolution to the Globalization of Democracy (2014) ဖြစ်သည်။ ယခု စာတမ်းကို Journal of Democracy နှင့် Johns Hopkins University Press တို့၏ ခွင့်ပြုချက်ကို ရယူပြီး Educational Initiatives (ပညာရှေ့ဆောင်) က ဘာသာပြန်ဆိုခြင်း ဖြစ်သည်။ Educational Initiatives (www.eduinitiatives.org) အဖွဲ့သည် ဒီမိုကရေစီနှင့် ပတ်သက်သော သင်တန်းများ၊ အရည်အသွေးမြှင့် သင်တန်းများကို ပို့ချပေးနေသော ရန်ကုန်အခြေစိုက် အဖွဲ့အစည်းဖြစ်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading