မြန်မာနိုင်ငံအနှံ့အပြားက မြို့ကြီးတွေမှာ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အဖြစ် ဇွန်လ ၂၆ ရက်နေ့က မူးယစ်ဆေးဝါးတွေ မီးရှို့ဖျက်ဆီးခဲ့ကြတယ်။ ဒါဟာ ဒီနှစ်မှ လုပ်တာတော့မဟုတ်ဘူး။
နှစ်ပေါင်းများစွာ ဒီလိုနေ့တွေရောက်တိုင်း ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးတယ်။ လမ်းကြိတ်စက်တွေနဲ့ ကြိတ်တယ်။ တခါတရံ သံတမန်တွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကိုပါ ဖိတ်ခေါ်ပြသခဲ့တဲ့နှစ်တွေလည်း ရှိတယ်။ တချို့ နှစ်တွေမှာ တနှစ်တည်းမှာတင် နှစ်ကြိမ်သုံးကြိမ် ဖျက်ဆီးမီးရှို့တာတွေ လုပ်ခဲ့တာလည်းရှိပါတယ်။
ဖမ်းမိမူးယစ်ဆေးဝါး တရားခံတွေကိုလည်း နှစ်ရှည်ထောင်ဒဏ်တွေ ချခဲ့တယ်။ ဒါပေမယ့် မူးယစ်ဆေးဝါးက ပပျောက် မသွားတဲ့အပြင် ပုံစံမျိုးစုံနဲ့ပါ မြို့ကြီးပြကြီးတွေထိ ဝင်ရောက်လာနေဆဲဖြစ်တယ်။
အထူးသဖြင့် စိတ်ကြွဆေးအန္တရာယ်က တမျိုးသားလုံးနဲ့ သက်ဆိုင်တဲ့ အရေးကိစ္စဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါးတိုက်ဖျက်ရေးနေ့ အပြီး နောက်တရက်မှာ (ဇွန်လ ၂၇) ရက်နေ့မှာ ရခိုင်ပြည်နယ်အတွက် စံချိန်တင်လောက်တဲ့ ပမာဏအထိ စိတ်ကြွဆေး ၈သိန်းနီးပါး (ကာလပေါက်ဈေး ကျပ်သိန်းပေါင်း ၃၀၀၀၀ နီးပါးဖိုး) ဖမ်းဆီးရမိခဲ့တယ်။
၂၀၁၆ခုနှစ် မေလ ၂၈ ရက်နေ့ကလည်း ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်အတွင်းမှာ WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေး ပြားပေါင်း သိန်း၂၁၀ ကျော်( ၂၁၀၅၀၀၀၀ တိတိ) ဖမ်းဆီးရမိခဲ့ပါသေးတယ်။ အလားတူ မန္တလေးတိုင်းဒေသကြီးအောင်မြေ သာစံမြို့နယ်အတွင်းက နေအိမ်မှာလည်း စိတ်ကြွမူးယစ်ဆေးဝါးတွေ ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၃၀၀၀၀ ကျော်ဖိုးကို အိမ်ငှားနေထိုင်ကြသူတွေထံက သိမ်းဆည်းရမိခဲ့ပါသေးတယ်။
၂၀၁၆ ခုနှစ် မတ်လ ၃ ရက်နေ့က ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်အတွင်းမှာ မူးယစ်ဆေးပြား ၆ သိန်း လင်ခရူဆာ ကားတစီး၊ ရိန်းရိုဗာ ကားတစီးနဲ့ လူ ၆ ယောက်တို့ ဖမ်းဆီးရမိခဲ့တယ်။ ၂၀၁၅ ခုနှစ် ဇူလိုင်၂၆ ရက်နေ့ မနက်ပိုင်းကလည်း ရန်ကုန်မြို့ မင်္ဂလာဒုံ စက်မှုဇုံအနီးက ကွန်တိန်နာကားပေါ်မှာ စိတ်ကြွဆေးပြားပေါင်း ၂၆၇သိန်းကျော်(ကာလတန်ဖိုး ကျပ် ၁၃၃.၅ ဘီ လီယံဖိုး) ဖမ်းဆီးရမိခဲ့ပါသေးတယ်။
ဒီနှစ်ထဲမှာပဲ ၂၀၁၆ ခုနှစ် မတ်လ ၅ ရက်နေ့က မန္တလေးမြို့ပြည်ကြီးတံခွန်မြို့နယ် ၆၁ လမ်းမှာ မူးယစ်ဆေးပြားပေါင်း ၆ သန်း ကျော် ( ကာလတန်ဖိုး ကျပ်သန်းပေါင်း ၃၂.၄၇ဘီလီယံ) ဖိုး ကွန်တိန်နာကားနဲ့ ဖမ်းဆီးရမိခဲ့ပါသေးတယ်။ မန္တလေးတိုင်း အတွက် အများဆုံးဖမ်းမိခဲ့တဲ့ စံချိန်တင် အရေအတွက်ဖြစ်ပါတယ်။
အရေအတွက် အမြောက်အမြား ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးမှု အချို့မှာ အရေးကြီးတရားခံတွေ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်တယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ မူးယစ်မှုက အရေးကြီးတရားခံတွေကို အမြန်ဆုံး ဖမ်းဆီးပြီး တရားစွဲဆိုနိုင် အောင် ဆောင်ရွက်ကြဖို့ လိုပါမယ်။
အများပြည်သူတွေရဲ့အမြင်မှာ မူးယစ်ဆေးဝါးဆိုတာ ဆပ်ပြာခွက်နဲ့ မဖြစ်ညစ်ကျယ် သယ်မှသာ အဖမ်းခံရနိုင်တာပါကွာ ဆိုတဲ့ အမြင်မျိုး မြင်ခဲ့ရင် ရဲတပ်ဖွဲ့ရဲ့ ပုံရိပ်ထိခိုက်နိုင်ပါတယ်။
ကုလသမဂ္ဂ မူးယစ်ဆေးဝါးထိန်းချုပ်ရေးရုံး( UNODC) ရဲ့ကမ္ဘာ့မူးယစ်ဆေးဝါးအစီရင်ခံစာအရ မြန်မာနဲ့ လာအိုနိုင်ငံတို့က ဆယ်စုနှစ်အတွင်း မူးယစ်ဆေးဝါးထုတ်လုပ်မှု မြင့်တက်ခဲ့တယ်လို့ ထုတ်ပြန်ထားတယ်။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့မှာ ရာထူးကြီးကြီး တာဝန်ထမ်းဆောင်ခဲ့သူတယောက်ကိုလည်း ထိုင်းနိုင်ငံမှာ မူးယစ်ဆေးဝါးကိစ္စနဲ့ ဖမ်းဆီးခံထားရတယ်။
မူးယစ်ဆေးဝါး ပြဿနာက လွယ်မယောင်နဲ့ ခက်နေတယ်။ တိမ်မယောင်နဲ့ နက်နေပါတယ်။ ကချင်ပြည်နယ်ဘက်မှာ လည်း မူးယစ်ဆေးဝါးဆန့်ကျင်တဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ဘိန်းခင်းတွေ ဝင်ရောက်ဖျက်ဆီးတဲ့သတင်း ပြည်တွင်း ထုတ်သတင်းဂျာနယ်တွေမှာ ဖော်ပြခဲ့ကြဖူးတယ်။
မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းရာမှာ တားဆီးနှိမ်နင်းရုံနဲ့ မထိရောက်ဘူးဆိုတာ သမိုင်းက သက်သေပြခဲ့ပြီးပြီ။ မူးယစ် ဆေးဝါးပပျောက်ဖို့ အမျိုးမျိုးကြိုးစားခဲ့ပေမယ့် အခုထိ မအောင်မြင်သေးဘူး။ မူးယစ်ဆေးဝါးကင်းစင်ဖို့ဆိုတာ စိုက်ပျိုးထုတ်လုပ်ဖြန့်ချိသူမရှိမှသာ ဖြစ်နိုင်ပါလိမ့်မယ်။
စိုက်ပျိုးထုတ်လုပ်နေသူတွေ မစိုက်နိုင်အောင် ဒေသ ရာသီဥတုရေမြေနဲ့ ကိုက်ညီတဲ့ ဈေးကွက်ရှိ အစားထိုး သီးနှံတွေ စိုက်ပျိုးချင်လာအောင် တောင်သူတွေကို မက်လုံးပေးရပါလိမ့်မယ်။ ဒေသရာသီဥတုနဲ့ ကိုက်ညီတဲ့ သီးနှံတွေ စိုက်ပျိုးနိုင်ဖို့ နည်းပညာတွေ ပေးရပါမယ်။
စိုက်ပျိုးမယ့်သီးနှံက ဈေးကွက်ရှိတဲ့ သီးနှံလည်းဖြစ်ဖို့ လိုတယ်။ ဈေးကွက်မရှိတဲ့သီးနှံကို ဘယ်တောင်သူကမှ အပင်ပန်း ခံစိုက်ချင်မှာ မဟုတ်ဘူး။ အမိန့် အာဏာသုံးပြီး ဒါမစိုက်နဲ့ ဒါစိုက် လုပ်လို့မရနိုင်ဘူး။ အဲဒီလို လုပ်ခဲ့ရင်လည်း အာဏာပိုင် တွေလာစစ်ဆေးတုန်း ခဏသာ စိုက်ပြပျိုးပြမှာဖြစ်ပြီး အာဏာပိုင်တွေ ကားပေါ်တက် လက်ပြနှုတ်ဆက်လိုက်တာနဲ့ စိုက် ခင်းလည်း ဘယ်သူမှ ကြည့်မှာ မဟုတ်တော့ဘူး။
မူးယစ်ဆေးဖြန့်ချိသူတွေကလည်း သုံးစွဲသူထံ အရောက်ပို့နိုင်အောင်ထိ လက်တံရှည်ရှည်နဲ့ နည်းမျိုးစုံသုံး ဖြန့်ချိနေဆဲ ဖြစ်တယ်။ အနုပညာလောကမှာ မူးယစ်ဆေးကြောင့် မကြွေသင့်ဘဲ ကြွေသွားခဲ့ရတဲ့ ကြယ်ပွင့်တွေ များလှပြီ။
ပညာရပ်နယ်ပယ်တွေမှာလည်း မူးယစ်နွံနစ်ပြီး ပန်းကောင်းအညွှန့်ကျိုးခဲ့ရသူတွေ မနည်းဘူး။ တိုင်းသူပြည်သားဆိုတာ တိုင်းပြည်ရဲ့ရတနာတွေသာ ဖြစ်တယ်။ မူးယစ်ဆေးထုတ်သူရောင်းချသူ သုံးစွဲသူတွေဟာလည်း နိုင်ငံသူနိုင်ငံသားတွေ သာ ဖြစ်ကြတယ်။
နိုင်ငံသစ်ကို ချီတက်ရာမှာ နိုင်ငံသားအားလုံးရဲ့အားတွေ အထူးလိုအပ်ပါတယ်။ မူးယစ်ဆေးဝါးသုံးစွဲကြသူတွေထဲမှာ လူ ကြီးလူငယ် ယောကျာ် မိန်းမ အရွယ်စုံတယ်။ ပုဂ္ဂလိကကျောင်းအချို့မှာ မူးယစ်ဆေးဝါးပြဿနာကို အရေးကြီးပြဿနာ အဖြစ် ကိုင်တွယ်ဖြေရှင်းနေရတယ်။
မူးယစ်ဆေးဝါးက အမျိုးသားရေးပြဿနာအဖြစ် ရှုမြင်ပြီး အစိုးရရော တိုင်းရင်းသားတွေရော အရပ်ဘက်အဖွဲ့အစည်းတွေပါ ပူးပေါင်းဖြေရှင်းမှသာ အဖြေမှန်ကို ရရှိနိုင်ပါမယ်။
(သန်းနိုင်ဦးသည် မန္တလေးအခြေစိုက် သတင်းစာဆရာတဦး ဖြစ်သည်)