အိပ်ယာကထလိုက်တာနဲ့ မျက်မှန်ကောက်စွပ် ဖုန်းကလေးယူပြီးမှ အိမ်သာဝင်တဲ့ အလေ့အထ ဘယ်ကဘယ်လို ရလာမှန်းမသိ။ အဖေတို့ခေတ်က အိမ်သာထဲ စာအုပ်ပြုတ်ကျလို့လိုက်ဆယ်ရတဲ့ခေတ်။ သားသမီးတွေ မြေးတွေခေတ်မှာတော့ အိမ်သာထဲဖုန်းပြုတ်ကျလို့ ရေစိုပြီး ဖုန်းပျက်တဲ့ခေတ်။ နှစ်လေးဆယ်လောက်အတွင်းမှာ မီဒီယာဟာ စာအုပ်တွေ ပုံနှိပ် စာမျက်နှာတွေပေါ်ကနေ လက်ဖဝါးပေါ်ရောက်လာခဲ့ပါပကော။
ကလေးစိတ်ပညာသင်ယူဖူးတဲ့ ဘီအီးဒီကျောင်းဆင်း ဆရာဆရာမတွေဖြစ်တဲ့ အဖေနဲ့အမေဟာ သားသမီးတွေအတွက် စိတ်ယဉ်ကျေးမှုကို စာဖတ်ခြင်းနဲ့ ပျိုးထောင်ပေးခဲ့တယ်။
ဘဝမှာ ပထမဆုံး ဖတ်ဖူးတဲ့စာအုပ်ဟာ တရေးနိုး ထမေးရင်တောင် စဉ်းစားစရာ မလိုအောင် စွဲနေတဲ့ ဆရာထင်လင်းဘာသာပြန်တဲ့ “ပေါ်လီယာနာ” ဆိုတဲ့စာအုပ်။ ပေါ်လီယာနာရဲ့ ဝမ်းသာတမ်း ကစားနည်းကို ကစားတတ်သွားတဲ့ ကလေးတယောက်ဟာ တဘဝလုံးကို အကောင်းမြင်စိတ်နဲ့ ဖြတ်သန်းတတ်ဖို့ စိတ်အခြေခံကောင်းတခု ရလိုက်တာပါပဲ။
ဆိုရှယ်မီဒီယာခေတ်မှာတော့ အဆိုးမြင်စိတ်တွေ မနာလို မစ္ဆရိယ တွေများလွန်းလှတဲ့ ဆိုရှယ်မီဒီယာလူ့အဖွဲ့အစည်းကြီးထဲ 24/7 ပြုတ်ကျသွားတဲ့ လူငယ်အတော်များများဟာ အဆိုးမြင်စိတ်ကဲတဲ့ သဘောထားအမြင်တွေ ဓလေ့စရိုက်တွေသာ ကူးစက်ခံရတော့တယ်။
ဆိုရှယ်မီဒီယာ လူ့အဖွဲ့အစည်းဆိုတာ လွတ်လပ်စွာပြောရေးဆိုခွင့်ကို တလွဲသုံးသူ အတော်များများကြောင့် လွတ်လပ်စွာ ဝေဖန်ကဲ့ရဲ့ ဆဲရေးတိုင်းထွာ နှိမ်ချချိုးဖဲ့ ရိုင်းပျစော်ကား ရန်မီးပွားစေတဲ့ သာလာယံဇရပ်ကြီးတခုစာလောက်ထိ တန်ဖိုးကျဆင်းလာခဲ့တယ်။ ကမ္ဘာကြီးဟာ ရွာကြီးတရွာလိုဖြစ်လာမှတော့ အဲဒီရွာထဲ သာလာယံဇရပ်ကြီးတခု ရှိနေတာ မဆန်းလှပါဘူး။ သာလာယံဇရပ်ကြီးပေါ်က ရန်မီးပွား ကမ္ဘာရွာကြီးထဲ မကျအောင် မီးကင်းစောင့်ဖို့တော့ လိုအပ်တာပေါ့။
မနေ့တနေ့ကပဲ ဖေ့စ်ဘွတ်တီထွင်သူ ဇူကာဘတ်ရဲ့ စာမျက်နှာမှာ ကမ္ဘာ့လူဦးရေ ၁.၆၅ ဘီလီယံလောက် ဟာ ဖေ့စ်ဘွတ် သာလာယံဇရပ်ပေါ် ရောက်နေကြပြီလို့ ဖတ်လိုက်ရပါတယ်။ ကမ္ဘာရွာကြီးတရွာလုံးက လူဦးရေရဲ့ ၂၂ ရာနှုန်းလောက် ဇရပ်ပေါ်ရောက်နေတဲ့ကိစ္စဟာ ပေါ့သေးသေးလေး မဟုတ်တာတော့ အသေအချာပါပဲ သာလာယံဇရပ်ကြီးပေါ် ရောက်လာတဲ့လူဦးရေဟာ တနေ့ထက်တနေ့ များလာလိုက်တာ အခု ၂၀၁၆ ခုနှစ် နှစ်လယ်ပိုင်းလောက်ဆိုရင်ကို ကမ္ဘာ့လူဦးရေရဲ့ ထက်ဝက်လောက်ဟာ ဆိုရှယ်မီဒီယာ သာလာယံဇရပ်ကြီးပေါ်ကို ရောက်လာဖို့ အလားအလာရှိတယ်လို့ We are Social လို့ခေါ်တဲ့ လန်ဒန်အခြေစိုက် ဆိုရှယ်မီဒီယာအခြေပြု ကမ္ဘာ့ရွာဈေးကွက်သုတေသန အေဂျင်စီကြီးတခုက သုံးသပ်ထားပါတယ်။
လွန်ခဲ့တဲ့နှစ် ၄၀ ကျော်တုန်းက ကမ္ဘာကြီးဟာ ရွာကြီးမဖြစ်သေးဘဲ တံခါးပိတ်နားပိတ်ဝါဒ တွေကျင့်သုံးပြီး တသီးတသန့် တထီးတနန်း နေခဲ့ကြတဲ့ခေတ်မှာ နိုင်ငံတကာ စာပေအနုပညာဆိုတာ မြန်မာပြည်မှာတော့ ရှားပါးပစ္စည်းတခုပါပဲ။ တနေ့သားမတော့ အဖေက အိမ်သာထဲ (ဘိုထိုင်မဟုတ် ဗမာထိုင်တွင်းအိမ်သာထဲ) မိတ်ဆွေတယောက်ဆီက ငှားလာတဲ့ ဆရာကြီးဦးဝင်းတင် ဘာသာပြန်ထားတဲ့ “ကွိ”စာအုပ်ကြီးယူသွားပြီး လိပ်ခေါင်းထွက်လောက်အောင် ထိုင်ဖတ်နေရာက တွင်းအိမ်သာထဲ စာအုပ်ပြုတ်ကျသွားခဲ့တယ်။
ရတောင့်ရခဲ ငှားလာခဲ့တဲ့စာအုပ်မို့ ပြန်ပေးရမှာဖြစ်လို့ ပြုတ်ကျသွားတဲ့စာအုပ်ကို ပြန်ဆယ်ပြီး ရေစင်စင်ဆေးရတော့ စာအုပ်အနှောင့်တွေပါပြုတ်ထွက်ကုန်ပြီး တရွက်ချင်း ခြောက်အောင် နေပြန်လှမ်းရတယ်။ စာရွက်တွေ အခြောက်လှမ်းနေရင်းက လေလွင့်သွားမှာစိုးလို့ ကျောက်ခဲတွေနဲ့ဖိနေတဲ့ အဖေ့နားသွားပြီး ဘာကြောင့်များ ဒီစာအုပ်ကြီးကို ဒီလောက်အရေးတယူ လုပ်နေရပါလိမ့်လို့ သိချင်စိတ်နဲ့ တရွက်ချင်းစီ လိုက်ဖတ်ကြည့်မိတယ်။ နှစ်တန်းသုံးတန်းလောက်အရွယ်ဆိုတော့ စာအုပ်ထဲက စာသားတွေ အတိအကျ မမှတ်မိတော့ပေမယ့် အဲဒီစာအုပ်ထဲက အဓိကဇာတ်ကောင်နှစ်ယောက်ဖြစ်တဲ့ ကွိနဲ့ ရှာလီဝေလင် တို့ကိုတော့ ခုထိအမှတ်ရတုန်းပါပဲ။
ဝတ္တုတွေဖတ်တဲ့အခါမှာ ပါလာတတ်တဲ့ စံပြဇာတ်ကောင်တွေရဲ့ စရိုက်ဟာ အနည်းနဲ့အများတော့ စာဖတ်သူကို လွှမ်းမိုးလေ့ရှိပါတယ်။ ဘာသာပြန်သူ လက်ထဲရောက်လာတဲ့စာအုပ် ဒါမှမဟုတ် သူရွေးချယ်တဲ့ အတ္ထုပ္ပတ္တိတွေပေါ်မူတည်ပြီး မော်စီတုံး၊ ဖီဒယ်ကပ်စထရို၊ ဟိုချီမင်း၊ ငုယင်ဗန်ထရွိုင်း၊ လီနင် တို့ဟာ မြန်မာစာဖတ်ပရိသတ်တွေကြားထဲ ရောက်လာတယ်။ ဒီစာအုပ်တွေကြောင့်လည်း အာရှနဲ့နိုင်ငံတကာက အမျိုးသားခေါင်းဆောင်တွေရဲ့ နိုင်ငံရေးအယူအဆတွေဟာ လူငယ်စာဖတ်သူ တွေကြား တနည်းတဖုံ သြဇာလွှမ်းမိုးမှု ရှိခဲ့တယ်ဆိုတာ မငြင်းနိုင်ပါဘူး။
အဲဒီခေတ်က မြန်မာစာရေးဆရာကြီးတချို့ဟာ ပင်ကိုယ်ရေးဝတ္တုတွေမရေးခင်မှာ နိုင်ငံခြားဝတ္တုတွေကို မြန်မာမှုပြုကြတာတွေရှိပါတယ်။ ဆာအာသာ ကိုနင်ဒွိုင်းရဲ့ ရှားလော့ဟုမ်းဟာ ဆရာကြီး ရွှေဥဒေါင်းရဲ့ ဦးစံရှားဖြစ်လာတယ်။ ဒါတွေဟာ နိုင်ငံတကာစာပေရဲ့ လွှမ်းမိုးမှုတခုပါပဲ။
ဒစ်ဂျစ်တယ်နည်းပညာတွေ မပေါ်ခင်ကတော့ ရသစာပေဆိုတာ နိုင်ငံတကာ ခံစားမှု အတွေ့အကြုံတွေကို “ရှယ်”ကြတဲ့ ဆိုရှယ်မီဒီယာတမျိုးလို့ ဆိုရမယ် ထင်ပါတယ်။ ခေတ်ရဲ့သရုပ်ကိုထင်ဟပ်တဲ့ လှုမှုရေး စီးပွါးရေး နိုင်ငံရေးနောက်ခံ တွေပါတယ်။ အဲဒီခေတ်က လူ့အဖွဲ့အစည်းကို ကိုယ်စားပြုတဲ့ ဇာတ်ကောင်စရိုက်တွေ ပါတယ်။ ဖြတ်သန်းခဲ့တဲ့ခေတ်တွေက ယဉ်ကျေးမှုတွေကိုဖွဲ့ဆိုကြတယ်။ ရှုပ်ထွေးပွေလီတဲ့ လူ့ဘုံလောကအကြောင်း ရေးသားကြတယ်။ ဒါကြောင့်လည်းအဲဒီခေတ်က ရှေးဆန်တဲ့မိဘတွေက မိန်းကလေးတွေကို ဝတ္တုမဖတ်ခိုင်းတာဖြစ်ပါလိမ့်မယ်။ အခုခေတ် ဆယ်ကျော်သက်လူငယ်လေးတွေကို မိဘတွေက ဆိုရှယ်မီဒီယာပေးသုံးဖို့ တွန့်ဆုတ်သလိုပါပဲ။
ဒီကနေ့ ဆိုရှယ်မီဒီယာခေတ်မှာတော့ စံပြဇာတ်ကောင်ဖန်တီးမှု အဆုံးသတ်သွားပါပြီ။ ကိုယ်ကိုယ်တိုင်ကသာ စက္ကန့်မလပ်ဇာတ်ကောင်ဖြစ်နေပါတော့တယ်။ ကိုယ့်ဇာတ်လမ်းကို အကောင်းဆုံးဖြစ်အောင်ရေးတယ်။ ကိုယ့်ရဲ့ကြည့်အကောင်းဆုံးဓါတ်ပုံတွေ ဗီဒီယိုတွေကို ကိုယ်ပိုင်စာမျက်နှာမှာတင်တယ်။ “ငါလာတယ် ငါမြင်တယ် ငါအောင်ပွဲခံတယ်” ဆိုတဲ့ ဂျူးလီယက်ဆီဇာရဲ့ အသုံးအနှုန်းလိုမျိုး ငါသွားတယ် ငါစားတယ် ငါအနိုင်ရတယ်ဆိုတဲ့ “ငါ”လွှမ်းမိုးမှု အတ္တဟိတလှိုင်းလုံးတွေသာ ဆိုရှယ်မီဒီယာပေါ်မှာ တဖွားဖွားပေါ်ပေါက် လာပါတော့တယ်။ ဒါကြောင့်လည်း လူမှုပညာရှင်တွေက ဒီနေ့ခေတ် လူငယ်မျိုးဆက်ကို Meme generation မီမီဂျန်နရေးရှင်းလို့ ခေါ်ကြတယ်။ ကမ္ဘာကြီးကို မိမိလက်ဖဝါးပေါ်တင်ထားနိုင်ပြီဆိုပြီး ကိုယ့်ကိုယ်ကို ဟုတ်လှပြီ ထင်နေသူတွေက ထုနဲ့ထေးပါ။
ဈေးကွက်စီးပွားရေးအရ ဆိုရှယ်မီဒီယာဟာ စီးပွားရေးသမားတွေအတွက် အကောင်းဆုံး ကြော်ငြာဈေးကွက်ကြီးတခု ဖြစ်လာခဲ့တယ်။ တယ်လီဖုန်းအော်ပရေတာတွေကလည်း Facebook ကို အခမဲ့အသုံးပြုလိုက်ပါဆိုပြီး မျက်နှာပြည့်ကြော်ငြာတွေသုံးပြီး အကြီးအကျယ် ဈေးကွက်မြှင့်တင်ရေး လုပ်နေကြပြီ။ ဒါဟာ ကမ္ဘာနဲ့အဝှမ်း လက်ခံနေရတဲ့ အမှန်တရားပါပဲ။ ရသစာပေမဆိုထားနဲ့ နယူးယောက်တိုင်းတို့လို ကမ္ဘာကျော်သတင်းစာတိုက် တွေတောင် ဒေဝါလီခံရမယ့်ကိန်းဆိုက်နေလို့ ပုံနှိပ်သတင်းစာကနေ အွန်လိုင်း ဒစ်ဂျစ်တယ် သတင်းစာအဖြစ်ကို ခေတ်ရဲ့တောင်းဆိုမှုနဲ့အညီ ပြောင်းလဲလာကြရတယ်။ ဒစ်ဂျစ်တယ်သတင်းစာကို လူဖတ်များလာစေဖို့ ဆိုရှယ်မီဒီယာတွေနဲ့ ချိတ်ဆက် ကြော်ငြာ လာကြရတယ်။
သြဇာအာဏာချဲ့ထွင်လိုတဲ့ နိုင်ငံရေးသမားတွေအတွက် နိုင်ငံရေးမဲဆွယ်ပွဲတွေ ကျင်းပရာနေရာကြီး တနေရာဖြစ်လာခဲ့တယ်။ ဘာသာရေးအစွန်းရောက်သူတွေရဲ့ ဝါဒဖြန့်တရားဟော စင်မြင့်ကြီးတခု ဖြစ်လာခဲ့တယ်။
ရသသုတ နိုင်ငံတကာစာအုပ်စာပေတွေဟာ ဧည့်ခန်းဆောင်က စာအုပ်စင်တွေပေါ်မှာပဲ ဟန်ပြသက်သက်ဖြစ်လာကြပြီး ကိုယ့်လက်ဖဝါးပေါ်က လက်ညှိုးတထောက်စာ ဆိုရှယ်မီဒီယာ ဝဲသြဃထဲမှာပဲ အိပ်စားကာမ ပြုနေတဲ့သူတွေ တနေ့တခြား များလာတာ တွေ့ရပါတယ်။ ဖေ့စ်ဘွတ်မျက်နှာ တရွာထင်တဲ့ခေတ်မှာတော့ အဆိုးမြင်ဝါဒတွေ များလာတာမို့ မိုးခေါင်လည်းဆဲ၊ ရေရှားလည်း ဆဲ၊ မီးပျက်လည်း ဆဲ၊ ထင်ရာဆဲ မြင်ရာဆဲမို့ ဆဲရေးခြင်းမှာ တဖက်ကမ်းခတ် လာကြပါတော့တယ်။ ဘယ်တုန်းကမှ မသိခဲ့ပေမယ့် ဆိုရှယ်မီဒီယာပေါ်တွင် သိမြင်ချစ်ကျွမ်းဝင်ကြပြီး အုတ်တံတိုင်းကြီးပေါ်မှာ(အွန်လိုင်းပေါ်မှာ)ပါ သံဝါသပြုနိုင်တဲ့အဆင့်ထိ ရောက်လာကြတယ်။
စာအုပ်အရောင်းဆိုင်တွေနေရာမှာ မိုဘိုင်းဖုန်းဆိုင်တွေ၊ ဘီယာဘားတွေက အစားဝင်လာကြပြီ။ ရသမဂ္ဂဇင်းတိုက်တွေ တတိုက်ပြီးတတိုက် ပိတ်သွားကြပြီ။စာအုပ်ထုတ်ဝေရေး လုပ်ငန်းတွေ တဖြည်းဖြည်း ရပ်သွားကြပြီ။ ရသစာပေရေးတဲ့သူတွေ တဖြုတ်ဖြုတ်ပျောက်ကွယ်သွားကြပြီ။ လက်တဝါးစာ ဆိုရှယ်မီဒီယာ ဖါးခြေရာခွက်လေးထဲ ခေါင်းစိုက်မနေကြပဲ စိတ်ယဉ်ကျေးမှုတွေ ပြန်လည်ပျိုးထောင်ဖို့ နည်းလမ်းကောင်းတွေ ရှာသင့်ပါပြီ။ ဆရာကြီးဦးတင်မိုးရဲ့ ရှုံးမယ့်စစ်ပေမယ့် ဆက်တိုက်ဆိုတာ ပြေးမြင်မိတယ်။
ကိုယ့်အိမ်ရှေ့ဧည့်ခန်းက စာအုပ်စင်လေးတွေ ဆိုရှယ်မီဒီယာလှိုင်းလုံးကြီးထဲ မျောပါမသွားဖို့ ကိုယ့်ခွန်ကိုယ့်အားလေးနဲ့ ကျစ်ကျစ်ပါအောင်ဖက်ထားရုံနဲ့ ရပါ့မလား။
ပထမဆုံးစတင်ရမယ့်သူက မိမိကိုယ်တိုင်ပါပဲ။ အိပ်ယာနားထားအိပ်တဲ့ မိုဘိုင်းဖုန်းကို လက်လှမ်းမမှီတဲ့နေရာမှာ ထားခြင်းနဲ့ စကြည့်မယ်။ တယ်လီဖုန်းမျက်နှာပြင်ကို အချိန်ပြည့် ပွတ်သပ်နေတတ်တဲ့ လက်ညှိုးကလေးတွေကို စာအုပ်တွေဖတ်ရှုဖို့ စာမျက်နှာတွေကို ပွတ်သပ်လှန်လှောတတ်လာအောင် အလေ့အကျင့်ပြောင်းကြည့်မယ်။
Facebook ပေါ်က What’s on your mind? ဆိုတဲ့နေရာမှာ ကိုယ့်တကိုယ်ရည်ခံစားမှု တွေကိုပဲ ထပ်ခါတလဲလဲ ရေးတင်နေမယ့်အစား၊ မိမိရဲ့ ဆိုရှယ်မီဒီယာစွဲလန်းမှုကြောင့် လျစ်လျူရှုခံထားရတဲ့ မိမိအိမ်သားတွေ သားသမီး ဇနီးမယား လင်သားတွေ မိမိပတ်ဝန်းကျင်က မိတ်ဆွေတွေရဲ့ စိတ်ထဲ ဘယ်လိုခံစားနေရမယ်ဆိုတာ သိအောင် ကြိုးစားကြည့်မယ်။
ဆိုရှယ်မီဒီယာပေါ်က တကြောင်းစ နှစ်ကြောင်းစ အိုင်ဒီယိုလော်ဂျီ အကျိုးအပဲ့တွေကြား စီးမျောနေမယ့်အစား အနုပညာ သုတ ရသ အတွေးအခေါ်မျိုးစုံကို ပေးနိုင်တဲ့ စာအုပ်ပေါင်းစုံရှိရာ မိမိအိမ်က ဖုံထုတက်နေတဲ့ စာအုပ်စင်အဟောင်းလေးဆီ ငဲ့စောင်းကြည့်ကြမယ်။ တသောင်းတန် ဖုန်းငွေဖြည့်ကတ် ဝယ်မယ့်အစား စာအုပ်တန်းမှာ အချိန်ပိုပေးပြီး ဖတ်ချင်စဖွယ် စာအုပ်အသစ်လေးငါးအုပ်လောက် ဝယ်ပြီး ဖတ်ဖို့ အချိန်ပေးကြည့်ကြမယ်။၊ အဲဒီအခါမှာ ကိုယ်နေထိုင်တဲ့ ကမ္ဘာကြီးဟာ လက်ဖဝါးမျှသာ မဟုတ်ကြောင်း တွေ့ရှိနားလည်လာမှာပါ။
(မွန်မွန်မြတ်သည် ရန်ကုန်အခြေစိုက် အမျိုးသမီး စာရေးဆရာ သတင်းစာဆရာတဦး ဖြစ်သည်)