ဒီမိုကရေစီ စွမ်းဆောင်ရည် ဘာကြောင့် အရမ်းကျဆင်းရသလဲ (၂)

ဖရန်စစ် ဖူကူယားမား

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

တရုတ်နဲ့ စင်ကာပူလိုမျိုး အာဏာပိုင်စနစ် ကျင့်သုံးတဲ့ နိုင်ငံတွေက အလားတူ ခေတ်မီ ဝန်ဆောင်မှုတွေကို ပေးအပ်နိုင်တာကြောင့် တခြား ကမ္ဘာ့ဒီမိုကရေစီ နိုင်ငံတွေနဲ့ နှိုင်းယှဉ်လိုက်ရင် သူတို့ရဲ့ဂုဏ်သိက္ခာတွေ တိုးမြင့်လာပါတယ်။ ဒီပြဿနာကို ဖော်ပြပေးနေတဲ့ လတ်တလော ဥပမာတွေကို အာဖဂန်နစ္စတန်နဲ့ အီရတ်မှာ တွေ့နိုင်ပါတယ်။

အာဖဂန်နစ္စတန်နဲ့ အီရတ်ကို အမေရိကန် ပြည်ထောင်စုက ၂၀၀၁ ခုနှစ်နဲ့ ၂၀၀၃ ခုနှစ်တွေမှာ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ပြီး နိုင်ငံတကာ အကူအညီရယူကာ ဒီမိုကရေစီ ရွေးကောက်ပွဲတွေကို ကျင်းပပေးခဲ့ပါတယ်။ နှစ်နိုင်ငံလုံးမှာ အစိုးရသစ် တွေကို နေရာချထားပေးနိုင်ခဲ့ပါတယ်။

နှစ်နိုင်ငံလုံး (အထူးသဖြင့်တော့ အာဖဂန်နစ္စတန်မှာ၊ အဲဒီမှာ ၂၀၀၉ နဲ့ ၂၀၁၄ သမ္မတ ရွေးကောက်ပွဲတွေက လိမ်ညာမှုတွေ အကြီးအကျယ် ရှိခဲ့တယ်လို့ စွပ်စွဲခံခဲ့ရ) မှာ ရရှိထားတဲ့ ဒီမိုကရေစီအရည်အသွေး ကို လူတော်တော် များများက မေးခွန်း ထုတ်ကြပါတယ်။

ဒါပေမယ့် တရားနည်းလမ်းကျမှု ရှိတယ်လို့ ပြောနိုင်တဲ့ ခေါင်းဆောင်မှုကို ဖော်ထုတ်ပေးနိုင်တဲ့ ဒီမိုကရေစီ ဖြစ်စဉ်တခုတော့ ပေါ်ပေါက်လာခဲ့ပါတယ်။ အဲဒီ နှစ်နေရာလုံးမှာ မပေါ်ပေါက်လာတာကတော့ တိုင်းပြည်ရဲ့ နယ်မြေပိုင်နက်ကို ပြည်တွင်း ပြည်ပရန်တွေကနေ ကာကွယ်ပေးနိုင်တဲ့ နိုင်ငံတော်နဲ့၊ အများပြည်သူအတွက် ဝန်ဆောင်မှုတွေကို ဘက်လိုက် ခွဲခြားခြင်း မရှိဘဲ မျှမျှတတ ဖြန့်ဝေပေးနေတဲ့ နိုင်ငံတော်ပါ။ နိုင်ငံနှစ်ခုလုံးမှာ ပြည်တွင်း လက်နက်ကိုင် ခုခံဆန့်ကျင်မှုတွေနဲ့ ကြုံတွေ့နေရပါတယ်။

၂၀၁၄ ခုနှစ်မှာတော့ အမေရိကန် လေ့ကျင့်ပေးထားတဲ့ အီရတ်စစ်တပ်က IS အဖွဲ့ တိုက်ခိုက်မှုနဲ့ တွေ့ကြုံရလို့ နိုင်ငံ မြောက်ပိုင်းမှာ ပြိုကွဲသွားပါတယ်။ နိုင်ငံနှစ်ခုလုံးမှာ အကျင့်ပျက် ခြစားမှုနှုန်းက အလွန်အမင်း များပြားနေကာ အဲဒါကြောင့် ဝန်ဆောင်မှုတွေကို ထောက်ပံ့ပေးရမယ့် အစိုးရ စွမ်းရည်တွေ လျော့နည်းသွားစေပြီး အစိုးရ တရားဝင်မှုပါ ဖျက်ဆီးခံလိုက် ရပါတယ်။ နှစ်နေရာလုံးမှာ နိုင်ငံတည် ဆောက်ရေးအတွက် အမေရိကန်နဲ့ ညွန့်ပေါင်း မဟာမိတ်တွေရဲ့ ပုံအောပြီး ရင်းနှီး မြှုပ်နှံမှုတွေမှာ အကျိုးသက်ရောက်မှုက အကန့်အသတ်နဲ့ပဲ ရှိနေပုံပါ။

နိုင်ငံတည်ဆောက်ရေး ကျဆုံးမှုက ယူကရိန်းနိုင်ငံ အဖြစ်အပျက်တွေမှာလည်း အဓိက အခန်းကဏ္ဍမှာ ပါဝင် ပတ်သက်နေပါတယ်။ လိမ္မော်ရောင် တော်လှန်ရေးကြောင့် ၂၀၀၄ ခုနှစ် ယူကရိန်း သမ္မတ ရွေးကောက်ပွဲတွေကို မဖြစ်မနေ ကျင်းပပေးလိုက်ရပြီး အာဏာရှင်ဝန်ကြီးချုပ် ဗစ်တာယာ နူကိုဗစ်ချ်ကို ဗစ်တာယူရှင်ကိုက အနိုင်ရသွားတဲ့အခါ အနောက်နိုင်ငံ ဒီမိုကရေစီ ဘက်တော်သားတွေက လက်ခုပ်သြဘာ တီးခဲ့ကြပါတယ်။

ဒါပေမယ့် လိမ္မော်ရောင် ညွန့်ပေါင်း အစိုးရသစ်က အုပ်ချုပ်ရေးမှာ ဗရမ်းဗတာ နိုင်လှပြီး အကျင့်ပျက် ခြစားခဲ့ပါတယ်။ တိုင်းပြည်ရဲ့ အုပ်ချုပ်မှု အရည်အသွေး တိုးတက် ကောင်းမွန်အောင် မလုပ်ဆောင်ခဲ့ပါ။ ရလဒ်ကတော့ ဗစ်တာယူရှင်ကို ကို ဗစ်တာယာ နူကိုဗစ်ချ်က ၂၀၁၀ ရွေးကောက်ပွဲမှာ ပြန်ပြီး အနိုင်ရသွားခဲ့ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲက လွတ်လပ် တရားမျှ တပါတယ်လို့ လေ့လာသူအများစုက အမှတ်ပေးခဲ့ပါတယ်။

ယာနူကိုဗစ်ချ် သမ္မတ သက်တမ်းမှာလည်း ခေါင်းပုံဖြတ် အမြတ်ထုတ်တဲ့ အမူအကျင့်တွေ အကျင့်ပျက် ခြစားမှုတွေသာ ပိုမို များပြားလာခဲ့ပါတယ်။ ဥရောပသမဂ္ဂနဲ့ မပေါင်းဘဲ ဗလာဒီမာပူတင်ရဲ့ ယူရေးရှားသမဂ္ဂနဲ့ ပေါင်းစည်းနိုင်ရေး ကြိုးစားမယ်လို့ ၂၀၁၃ ခုနှစ်နှောင်းပိုင်းမှာ ကြေညာလိုက်တော့ မြို့တော် ကီယက်ဗ်မှာ ဆန္ဒပြပွဲတွေ နောက်တကျော့ ပေါ်ပေါက်လာပါတယ်။

အဲဒီအချိန်မှာပဲ ပူတင်ရဲ့ ရုရှားနိုင်ငံအပေါ် အုပ်ချုပ်မှုက လွတ်လပ်မှုတွေကို တဖြည်းဖြည်းနဲ့ ဆိတ်သုဉ်းလာစေပါတယ်။ ပြင်ပကမ္ဘာနဲ့ ဆက်ဆံမှုတွေကလည်း ပိုပြီးတော့ တင်းမာပြင်းထန်လာပြီး ၂၀၁၄ခုနှစ် ဖေဖော်ဝါရီမှာ ယာနူကိုဗစ်ချ်ကို ဖယ်ရှား လိုက်ချိန်မှာတော့ ခရိုင်းမီးယားဒေသကို ပူတင်က ပြောင်ပြောင်တင်းတင်း သိမ်းပိုက်လိုက်နိုင်ပါတယ်။

ယူကရိန်း အစိုးရသစ်နဲ့ သူ့ကို ထောက်ခံအားပေးတဲ့ အနောက်နိုင်ငံတွေက တဖက်၊ ရုရှားနိုင်ငံက တဖက် ဖြစ်ပွားနေတဲ့ လက်ရှိ ပဋိပက္ခက ဒီမိုကရေစီအရေးနဲ့ သိပ်ပြီး သက်ဆိုင်တာ မဟုတ်ဘဲ ခေတ်သစ် လူ့အဖွဲ့အစည်းနဲ့ ပတ်ထရာမိုနီရယ် စနစ်သစ်တို့ ထိပ်တိုက်တွေ့ကြတဲ့ သဘောပါပဲ။

ခရိုင်းမီးယားဒေသကို သိမ်းပိုက်လိုက်ပြီး နောက်မှာတော့ ရုရှားမှာ ပူတင်ရဲ့လူကြိုက်များ ရေပန်းစားမှုတွေ ထိုးတက်သွားပြီး ရွေးကောက်ပွဲ အသစ်တွေသာ ကျင်းပရင် သူပဲ အပြတ်အသတ် အနိုင်ရဦးမယ် ဆိုတာလည်း မေးခွန်းထုတ်စရာ မရှိပါ။

အဲဒီဒေသမှာ နေထိုင်သူတွေ ရင်ဆိုင်ရတဲ့ ရွေးချယ်စရာက တခြားဒေသတွေနဲ့ ကွာခြားပါတယ်။ ပုဂ္ဂိုလ်ရေး အစွဲကင်းပြီး အများပြည်သူ အကျိုးကို ထမ်းရွက်မယ့် အစိုးရအဖွဲ့ကို အခြေခံထားတဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်ရမလား ဒါမှမဟုတ် ပုဂ္ဂိုလ်ရေး ကြွယ်ဝချမ်းသာမှု အတွက် နိုင်ငံတော်ကို အသုံးချမယ့် အကျင့်ပျက်ခြစား အီလစ်ညွန့်ပေါင်းကြီး အုပ်ချုပ်တာကို ခံမလားဆိုပြီး ရွေးချယ်ရမှာပါ။

ကမ္ဘာ့ဒီမိုကရေစီ နိုင်ငံတွေမှာ တရားဝင်မှု တရားနည်းလမ်းကျမှုက သူတို့ရဲ့ ဒီမိုကရေစီ အင်စတီကျူးရှင်းတွေ ဘယ်လောက် နက်ရှိုင်း ခိုင်မာသလဲဆိုတာအပေါ် သိပ်ပြီး မူမတည်တော့ဘဲ အရည်အသွေးမြင့် အုပ်ချုပ်မှုကို ပေးအပ်နိုင်စွမ်းရှိခြင်း အပေါ်မှာကိုပဲ မူတည်နေပါတော့တယ်။

လိမ္မော်ရောင် တော်လှန်ရေးနဲ့ ဖြုတ်ချခံခဲ့ရသူ အာဏာရှင်တွေ ကျင့်သုံးခဲ့တဲ့ အကျင့်ပျက်ခြစားမှုတွေကို မကိုင်တွယ် မဖြေရှင်းနိုင်ရင် ယူကရိန်း နိုင်ငံသစ်က အသက်ဆက်ရှင်နိုင်မယ် မဟုတ်ပါ။ လွန်ခဲ့တဲ့ မျိုးဆက်တခု အတွင်းမှာတော့ ဒီမိုကရေစီက လက်တင် အမေရိက နိုင်ငံအများစုမှာ အမြစ်တွယ် ခိုင်မာခဲ့ပါတယ်။

ဒါပေမယ့် အဲဒီနိုင်ငံတွေဖြစ်တဲ့ ဘရာဇီးလ်၊ ကိုလံဘီယာ၊ မက္ကဆီကိုနိုင်ငံတွေမှာ ပျောက်ကွယ်နေတာက ပညာရေး၊ အခြေခံ အဆောက်အအုံနဲ့ နိုင်ငံသားလုံခြုံမှုလို အခြေခံကျတဲ့ အများပြည်သူ ဝန်ဆောင်မှုတွေကို ပေးအပ်နိုင်တဲ့ စွမ်းရည်ပါ။ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီ နိုင်ငံကြီးဖြစ်တဲ့ အိန္ဒိယမှာလည်း အလားတူ ဖြစ်ပျက်နေပါတယ်။ ၎င်းက အကျင့်ပျက် ခြစားမှုနဲ့ ဆရာမွေး တပည့်မွေးစနစ်ရဲ့ နှိပ်စက်ဖျက်ဆီးတာကို ခံစားနေရပါတယ်။

အိန္ဒိယမှာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တခုလုံး ကွန်ဂရက်ပါတီ ဦးဆောင် ညွန့်ပေါင်းအစိုးရက ဗရမ်းဗတာနဲ့ အကျင့်ပျက်ခြစား အုပ်ချုပ်ခဲ့ပြီး ၎င်းအစား ဘီဂျေပီပါတီခေါင်းဆောင် နရင်ဒရာမိုဒီက ပြတ်ပြတ်သားသား ခိုင်ခိုင်မာမာ အုပ်ချုပ်နိုင်မယ် မျှော်လင့်ချက်နဲ့ ၂၀၁၄ ခုနှစ်မှာ မဲပေးရွေးချယ်ခဲ့ပါတယ်။

ခေတ်မီနိုင်ငံတခု ဘယ်လိုတည်ဆောက်မလဲ

ဒီမိုကရေစီ အသွင်ကူးပြောင်းမှုနဲ့ ပတ်သက်လို့ ပြုစုရေးသားထားတဲ့ စာအုပ်စာပေတွေလည်း အခုဆိုရင် အများကြီးရှိနေပြီး အဲဒီအထဲက အများပြားကို ဒီမိုကရေစီ ဂျာနယ်က ကနဦး ထုတ်ဝေခဲ့တာပါ။ လွန်ခဲ့တဲ့ ဆယ်စုနှစ် တခုခွဲအတွင်း နိုင်ငံတချို့က ပတ်ထရာမိုနီရယ် စနစ်သစ်ကနေ ခေတ်မီနိုင်ငံတခုအဖြစ် ကူးပြောင်းထားနိုင်ပေမယ့် ဘယ်လို ကူးပြောင်းရမယ် ဆိုတာကိုတော့ ပြုစုရေးသားထားတဲ့ စာအုပ်စာပေတွေက နည်းပါသေးတယ်။

ဒါက အောက်ခြေမှာ တည်ရှိနေတဲ့ ပြဿနာရဲ့ သဘောသဘာဝကို သေချာ နားမလည်ခြင်းကနေ ဖြစ်ပေါ်လာတဲ့ ပညာရပ်ပိုင်းဆိုင်ရာ ချို့ယွင်းအားနည်းချက်ပါ။ ဥပမာ၊ နိုင်ငံခေတ်မီခြင်းနဲ့ အကျင့်ပျက်ခြစားမှု ကင်းမဲ့ခြင်းကို တွဲဖက် မြင်တတ်ကြပါ တယ်။

အကျင့်ပျက်ခြစားမှုက လူ့အဖဲ့ွအစည်းတွေမှာ ကြီးမားတဲ့ ပြဿနာဖြစ်နေပြီး ၎င်းအကြောင်းကို စာအုပ်စာတမ်းတွေ တော်တော်များများ ပြုစု ရေးသားပြီးကြပါပြီ။ အကျင့်ပျက်ခြစားမှု အတိုင်းအတာနဲ့ နိုင်ငံစွမ်းဆောင်ရည် ညံ့ဖျင်းမှုတို့ ကြားမှာ ဆက်နွယ်ချက် ခိုင်ခိုင်မာမာ ရှိနေပေမယ့် သူတို့နှစ်ခုက မတူပါ။

နိုင်ငံတခုမှာ အကျင့်ပျက်ခြစားမှုတွေ အတော်လေး နည်းပါးနေပြီး တချိန်တည်းမှာ အခြေခံကျတဲ့ ဝန်ဆောင်မှုတွေ မပေးနိုင်လောက်အောင် စွမ်းဆောင်ရည် ကင်းမဲ့နေတာကလည်း ဖြစ်နေနိုင်ပါတယ်။ ဆီရာယာလီယွန် ဒါမှမဟုတ် လိုင်ဘေးရီးယားနိုင်ငံတွေက အီဘိုလာရောဂါကို မကိုင်တွယ်နိုင် ဖြစ်နေတာက သူတို့တွေရဲ့ ပြည်သူ့ ကျန်းမာရေးစနစ်မှာ အကျင့်ပျက်ခြစားမှုတွေ တင်းကြမ်း ပြည့်ကျပ်နေလို့ဆိုပြီး ဘယ်သူမှ မပြောနိုင်ပါ။

တကယ့်ပြဿနာက ဆရာဝန်၊ သူနာပြု၊ ဆေးရုံ၊ လျှပ်စစ်မီး၊ သန့်ရှင်းတဲ့ရေ စသဖြင့် လူသားနဲ့ ရုပ်ဝတ္ထု အရင်းအမြစ်တွေ မပြည့်စုံ မလုံလောက်တာပါ။ ဒါကြောင့်မို့ နိုင်ငံတော်ခေတ်မီရခြင်း အဓိကအချက်ကို ပြောမယ်ဆိုရင် အကျင့်ပျက်ခြစားမှု ကင်းမဲ့ခြင်းကို ပြောတာထက် နိုင်ငံတော်စွမ်းရည်ကို ပြောခြင်းက ပိုပြီးနီးစပ်ပါတယ်။

ခေတ်မီနိုင်ငံတခုက စီးပွားရေးနဲ့ လူမှုရေး စာရင်းဇယားတွေကို ပြုစုထိန်းသိမ်းခြင်းကနေ၊ သဘာဝကပ်ဘေး ကူညီ ကယ်ဆယ်ခြင်း၊ ရာသီဥတု ကြိုတင်ခန့်မှန်းခြင်း၊ လေယာဉ်ပျံသန်းမှု လမ်းကြောင်းတွေ ထိန်းသိမ်းပေးခြင်းအထိ စိတ်ရှုပ်ထွေးစရာ ကောင်းလောက်အောင် များပြားလှတဲ့ ဝန်ဆောင်မှုတွေကို ပေးအပ်ကြပါတယ်။

အဲဒီလို ဝန်ဆောင်မှုမျိုးတွေ ပေးနိုင်ဖို့ဆိုရင် အစိုးရဌာနတွေ လည်ပတ်စေနိုင်မယ့် လူသားအရင်းအမြစ် လုပ်ငန်းတွေ၊ ရုပ်ဝတ္တု အခြေအနေတွေမှာ ကြီးကြီးမားမား ရင်းနှီးမြှုပ်နှံရမှာ ဖြစ်ပါတယ်။ အကျင့်ပျက် ခြစားမှု မရှိဘူးဆိုရုံနဲ့တော့ အဆိုပါ အရာတွေအားလုံး ပေါ်ပေါက်လာမယ် မဟုတ်ပါ။ ဒါပေမယ့် “နိုင်ငံတော် စွမ်းဆောင်ရည်” ဆိုတဲ့ စကားလုံးကတောင် သူ ထမ်းရွက်ရမယ့် ရည်ရွယ်ချက်တွေကို မဖမ်းဆုပ်နိုင်ပါ။

၎င်းစွမ်းရည်ကို ဘယ်လောက် အတိုင်းအတာအထိ ပုဂ္ဂိုလ်ရေး အစွဲကင်းကင်းနဲ့ အသုံးချနေတယ်ဆိုတာ မဖော်ပြနိုင်ပါ။ ဒါ့အပြင် ခိုင်မာအားကောင်းတဲ့ နိုင်ငံတော် စွမ်းဆောင်ရည်တွေကို အရင်တုန်းက ထုတ်ဖော်နိုင်ခဲ့တဲ့ နည်းလမ်းတွေ ကိုလည်း ရှင်းရှင်းလင်းလင်း ဖော်ပြနိုင်ခြင်း မရှိသေးပါ။

ကောင်းမွန်တဲ့ အုပ်ချုပ်မှုတွေကို ဘယ် လိုဖော်ဆောင်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အလှူရှင် အသိုက်အဝန်းမှာ ဘုံသဘောတူညီချက် တစုံတရာ အခုတော့ ရှိလာပါပြီ။ အဲဒီ သဘောတူညီချက်ကို ပူးပေါင်းပါဝင် ဘတ်ဂျက် ရေးဆွဲခြင်း၊ အစိုးရများ ပွင့်လင်းမြင်သာရေး လှုပ်ရှားမှုနဲ့ အစိုးရလုပ်ငန်းများ ပွင့်လင်းမြင်သာမှုှ ရှိရေး ကြိုးပမ်းနေကြတဲ့ အဖွဲ့အစည်းတွေရဲ့လုပ်ငန်းတွေမှာ ထည့်သွင်း လုပ်ဆောင်ထားကြပါပြီ။

ကောင်းမွန်တဲ့ အုပ်ချုပ်မှုဆိုတာ ပိုမို ပွင့်လင်းမြင်သာမှုတွေ၊ တာဝန်ခံမှုတွေကနေ ပေါက်ဖွားလာတယ်ဆိုတဲ့ သီအိုရီက အပေါ်က ပြောခဲ့တဲ ချည်းကပ်မှုတွေရဲ့ အခြေခံပါပဲ။ အစိုးရရဲ့ အကျင့်ပျက်ခြစားမှုတွေနဲ့ ဗရမ်းဗတာလုပ်ဆောင်မှုတွေ အကြောင်း ပိုပြီးသိလာလေ နိုင်ငံသားတွေက ပိုမိုဒေါသထွက်လာပြီး နိုင်ငံတော် စွမ်းဆောင်ရည်တွေ တိုးတက်လာဖို့ တောင်းဆိုလာကြမယ်။

အဲဒီကနေတဆင့် အစိုးရတွေ ကိုယ်တိုင်က ၎င်းတို့ကို ၎င်းတို့ ပြုပြင်ပြောင်းလဲ လာကြမယ်လို့ အဆိုပါ ချည်းကပ်နည်းတွေက ယူဆထားပါတယ်။ တနည်းပြောရရင်တော့ အရည်အသွေး ပိုကောင်းတဲ့ ဒီမိုကရေစီက အကျင့်ပျက်ခြစားမှုနဲ့ နိုင်ငံတော် စွမ်းရည် အားနည်းပျော့ညံ့မှုတွေကို ဖြေရှင်းနိုင်မယ့် အဖြေဖြစ်မယ်လို့ ယူဆထားပါတယ်။

ဒီမဟာဗျူဟာရဲ့ တခုတည်းသော အားနည်းချက်က လက်ရှိမှာ အုပ်ချုပ်မှု အရည်အသွေးမြင့်မားတဲ့ အစိုးရတွေကို အဲဒီ ချည်းကပ်နည်း အတိုင်း တည်ဆောက်ခဲ့တာဆိုပြီး ပြနိုင်တဲ့ လက်တွေ့ အထောက်အထားက မရှိသလောက်ကို နည်းနေတာပါ။

သမိုင်းမှာပဲ ကြည့်ကြည့် မျက်မှောက်ခေတ်ကိုပဲ ကြည့်ကြည့် အဲဒီလို တည်ဆောက်ခဲ့တဲ့ နိုင်ငံမျိုးကို မတွေ့ရပါ။ ဒါပေမယ့် ပြဿနာက တရုတ်၊ ဂျပန်၊ ဂျာမနီ၊ ပြင်သစ်နဲ့ ဒိန်းမတ်တို့လို စွမ်းဆောင်ရည်မြင့်မားတဲ့ အစိုးရတွေကို ပိုင်ဆိုင်ထားတဲ့ နိုင်ငံတွေက ခေတ်မီ “ဗေးဘာ” ဗျူရိုကရေစီ ယန္တရားတွေကို အာဏာပိုင်စနစ် ကျင့်သုံးနေတုန်း တည်ဆောက်ခဲ့တာပါ။ နောက်ပိုင်းမှာ ဒီမိုကရေစီအဖြစ် ပြောင်းသွားနိုင်တဲ့ နိုင်ငံတွေကလည်း နိုင်ငံရေး အသွင်ကူးပြောင်းမှုကို ကြံ့ကြံ့ခံ ဖြတ်ကျော်နိုင်ခဲ့တဲ့ အရည်အချင်း ဦးစားပေး နိုင်ငံတော် ယန္တရားကို အမွေဆက်ခံနိုင်ခဲ့သူတွေပါ။

ခေတ်မီအစိုးရတွေအဖြစ် ဖန်တီးတည်ဆောက်ဖို့ အကြောင်းတရားတွေက အကြားအမြင်ပြည့်စုံပြီး တက်ကြွလှုပ်ရှားတဲ့ နိုင်ငံသားတွေက ပေးတဲ့ အောက်ခြေဖိအား မဟုတ်ဘဲ အီလစ်တွေရဲ့ ဖိအားဖြစ်နေပါတယ်။ နိုင်ငံတော်လုံခြုံရေးကြောင့် အီလစ်တွေက အဲဒီလို ဖိအားတွေကို မကြာခဏ ပေးတတ်ပါတယ်။

“စစ်ပွဲကြောင့် နိုင်ငံတွေ ပေါ်ပေါက်လာပြီး၊ နိုင်ငံတွေကြောင့်ပဲ စစ်ပွဲတွေ ပေါ်ပေါက်လာပြန်တယ်” လို့ ပြောခဲ့တဲ့ ချားလ်စ်တီလီရဲ့ နာမည်ကျော်စကားက အစောပိုင်း ခေတ်သစ်ဥရောပ အတွေ့အကြုံတွေကိုသာ အနှစ်ချုပ်ဖော်ပြနေတာ မဟုတ်ဘဲ နွေဦး-ဆောင်းဦးကာလ (၇၇၀-၄၇၆ ဘီစီ) နဲ့ စစ်မက်ကာလ (၄၇၅-၂၂၁ ဘီစီ) အတွင်း တရုတ်ပြည် အကြောင်းကိုပါ ဖော်ပြနေပါတယ်။ အဲဒီကာလတွေကြောင့်ပဲ ဘီစီအီး ၃ ရာစု “ကွင်” ပေါင်းစည်းရေးကာလအတွင်း ပုဂ္ဂိုလ်ရေး အစွဲကင်းတဲ့ နိုင်ငံတော် ပေါ်ပေါက်လာတဲ့အထိ ဦးတည်သွားစေပါတယ်။

ပွင့်လင်းမြင်သာမှုတွေနဲ့ တာဝန်ခံမှုတွေ တိုးပွားလာစေခြင်းကနေတဆင့် ကောင်းမွန်တဲ့ အုပ်ချုပ်မှုတွေကို မြှင့်တင်ပေးဖို့ လက်ရှိ အလှူရှင်တွေနဲ့ NGO တွေရဲ့ အားထုတ်ကြိုးပမ်းမှုတွေက နိုင်ငံတွေရဲ့ စွမ်းဆောင်မှုကို သိသိသာသာ တိုးတက် ကောင်းမွန် လာစေတယ်ဆိုတာ ပြသနိုင်တဲ့ သက်သေ အထောက်အထားတွေကလည်း မရှိသလောက်ကို နည်းပါတယ်။

အစိုးရစွမ်းဆောင်မှုအကြောင်း သတင်းအချက်အလက်တွေ ပိုပြီး ရရှိနိုင်ခြင်းနဲ့ အစိုးရလုပ်ဆောင်မှုတွေရဲ့ အရည်အသွေး ကြားမှာ အပြန်အလှန် ဆက်နွယ်မှုတွေ ရှိနေတယ်ဆိုတဲ့ သီအိုရီက ရဲတင်းလွန်းတဲ့ ယူဆချက် တော်တော်များများ အပေါ်မှာ အခြေခံထားတာပါ။ အဲဒီယူဆချက်တွေကတော့ နိုင်ငံသားတွေက (တိုင်းရင်းသား အုပ်စုချင်းတူလို့ အစိုးရက မြှောက်စားပေမယ့် ကျေနပ်မနေဘဲ) အစိုးရ စွမ်းဆောင်ရည် ညံ့ဖျင်းမှုကို သတိထားစောင့်ကြည့်မယ် ဆိုတဲ့ ရဲတင်းလွန်းတဲ့ ယူဆချက်ပါ။

အစိုးရကို ဖိအားပေးဖို့ သူတို့က နိုင်ငံရေးအရ စုစည်းလှုပ်ရှားနိုင်ကြတယ်ဆိုတဲ့ ရဲတင်းလွန်းတဲ့ ယူဆချက်ပါ။ တိုင်းပြည်ရဲ့ နိုင်ငံရေး အင်စတီကျူးရှင်းတွေကြောင့် အောက်ခြေ ပြည်သူတွေရဲ့ခံစားမှုကို နိုင်ငံရေးသမားတွေဆီ ရောက်အောင် ပို့ဆောင်ပေးနိုင်ပြီး အဲဒီလို ပို့ဆောင်ပေးနိုင်တာကြောင့် နိုင်ငံရေးသမားတွေက တာဝန်ခံလာရပါတယ်ဆိုတဲ့ ရဲတင်းလွန်းတဲ့ ယူဆချက်ပါ။ နိုင်ငံသားတွေ တောင်းဆိုတဲ့အတိုင်း လုပ်ဆောင်ပေးဖို့ အစိုးရတွေမှာ စွမ်းရည် အမှန်တကယ် ရှိပါတယ်ဆိုတဲ့ ယူဆချက်တွေပါ။

နိုင်ငံတော် ခေတ်မီခြင်းနဲ့ ဒီမိုကရေစီတို့ကြား သမိုင်းနဲ့ချီတဲ့ ဆက်နွယ်ချက်က ခေတ်ပြိုင် သီအိုရီတွေ ပြောတာထက် ပိုပြီး ရှုပ်ထွေးပွေလီပါတယ်။ ဒီမိုကရေစီ (မဲပေးပိုင်ခွင့်နဲ့ တိုင်းတာ) နဲ့ နိုင်ငံတော် ခေတ်မီရေးတွေ ဆင့်ကဲဖြစ်ပေါ်လာခဲ့တဲ့ မူဘောင်ကို မာတင်ရှက်ဖ်တာ ချပြခဲ့ပါတယ်။

အဲဒီလိုဖြစ်စဉ်အပေါ်မှာ အစိုးရတွေရဲ့ ရေရှည်အရည်အသွေးက အဆုံးအဖြတ်ပေးတယ်လို့ ကျနော်ကလည်း ပြောထား ဖူးပါတယ်။ မဲပေးပိုင်ခွင့်ကို မတိုးချဲ့နိုင်ခင်မှာ ခေတ်မီနိုင်ငံတော်အဖြစ် စုစည်းတည်ဆောက်နိုင်ခဲ့တဲ့ တိုင်းပြည်တွေက ယနေ့ မျက်မှောက်အချိန်အထိ ဆက်လက် ရှင်သန်ရပ်တည်နိုင်တယ်ဆိုတာ တွေ့ရပါတယ်။

နိုင်ငံတော် ပြုပြင်ပြောင်းလဲမှုထက် ဒီမိုကရေစီ ပွင့်လင်းလွတ်လပ်မှု အရင်ဖြစ်ပေါ်လာတဲ့ တိုင်းပြည်တွေမှာတော့ ဆရာမွေး တပည့်မွေးဝါဒ ကျယ်ကျယ်ပြန့်ပြန့် ထွန်းကားလာတာ တွေ့ရပါတယ်။ လူဖြူယောက်ျားတွေအတွက် မဲပေးခွင့်ကို ပထမဆုံး ဖွင့်လှစ်ပေးခဲ့တဲ့ အမေရိကန်ပြည်ထောင်စုမှာ အဲဒီအတိုင်း ဖြစ်ပေါ်လာတာ တွေ့ရပါတယ်။

အဲဒီမှာ ကမ္ဘာ့ပထမဆုံး ဆရာမွေး တပည့်မွေး အုပ်စုဖွ့ဲ နိုင်ငံရေးစနစ် (အမေရိကန်သမိုင်းမှာ အကျိုးအမြတ် ဒါမှမဟုတ် ချီးမြှင့်မြှောက်စား စနစ်လို့သိကြ) ကို ဆက်ပြီးတော့ ဖန်တီးခဲ့ပါတယ်။

(ဆက်လက်ဖော်ပြပါမည်။)

ဖရန်စစ်ဖူကူယားမားသည် Center on Democracy, Development and the Rule of Law at Stanford တွင် Olivier Nomellini Senior Fellow ဖြစ်သည်။ သူနောက်ဆုံး ပြုစုရေးသားထားသော စာအုပ်မှာ Political Order and Political Decay: From the Industrial Revolution to the Globalization of Democracy (2014) ဖြစ်သည်။ ယခု စာတမ်းကို Journal of Democracy နှင့် Johns Hopkins University Press တို့၏ ခွင့်ပြုချက်ကို ရယူပြီး Educational Initiatives (ပညာရှေ့ဆောင်) က ဘာသာပြန်ဆိုခြင်း ဖြစ်သည်။ Educational Initiatives (www.eduinitiatives.org) အဖွဲ့သည် ဒီမိုကရေစီနှင့် ပတ်သက်သော သင်တန်းများ၊ အရည်အသွေးမြှင့် သင်တန်းများကို ပို့ချပေးနေသော ရန်ကုန်အခြေစိုက် အဖွဲ့အစည်းဖြစ်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading