နှစ်လရာသီ×××ခါရာသီရွေ့ပေမယ့် ×××အာဇာနည်နေ့ကိုဖြင့် ×××မမေ့သင့်ပါသလေ။ ယနေ့ဖြင့် သတိတရားထားဖို့အခြေ××× အများပြည်သူတွေ၊ အများပြည်သူတွေ××× အာဇာနည်နေ့ကိုလေ ×××တွေးရှုကာပဲ အလေးပြုပါမယ်လေ×××စနစ်အခြေ ပြောင်းခဲ့ပေမယ့် ×××အဖြစ်ဟောင်းများတော့ ဖြေသော်မပြေ ×××လွမ်းမျက်ရည် မြေခပြီမို့×××ဆွေးတသသ တွေးဆ မရွှင်ပေ×××။ ရွှေရင်စို့ကွဲ ကြေကွဲဝမ်းနည်းရပုံတွေ××× ယနေ့ထက်တိုင်အခြေ×××သြော် မမေ့ရက်နိုင်ပါပေ××× အာဇာနည်ခေါင်းဆောင်ကြီးတွေ×××ကောင်းရာသုဂတိ ရောက်ရှိရပုံတွေ×××တေးကဗျာ အနုစာပေ×××ရေးကာ အလေးပြု အလေးပြုပါတယ်လေ×××။
ခေတ်ဟောင်း အဆိုတော် ဒေါ်မေလှမြိုင်ရဲ့ အလေးပြုပါတယ် ဆိုတဲ့ သီချင်းသံက လွမ်းလွမ်းဆွေးဆွေးကြီး ထွက်ပေါ်လာခဲ့တယ်။ လာမယ့် ဇူလိုင် ၁၉ ရက်ဆိုရင် အာဇာနည်နေ့ကို ရောက်တော့မှာပါ။ အခုကတည်းက ရာသီဥတုက မှုန်မှုန်မှိုင်းမှိုင်းနဲ့။ အဲဒီနေ့ ၊ အဲဒီလိုအချိန်ဆိုရင် မိုးလေးက ဖွဲဖွဲ၊ ဥသြဆွဲသံကို ကြားခဲ့ရဖူးတယ်။
ကျောင်းမှာ အာဇာနည်နေ့ ဟောပြောပွဲဆိုတာနဲ့လည်း ကြုံခဲ့ဖူးတယ် ဆိုရုံလေးပါပဲ။ နောက်ပိုင်းမှာတော့ အာဇာနည်နေ့ဆိုတာ ကျောင်းပိတ်ရက်ပါလားလို့သာ အသိဝင်လောက်အောင် သမိုင်းကို ဖျောက်ခဲ့ကြတယ်ပေါ့။
အခုတော့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ၆၉ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ဇူလိုင် ၁၉ ရက် နံနက် ၅ နာရီဆိုရင် မန္တလေးမြို့တော်ခန်းမမှာ ဆရာတော်တွေကို ဆွမ်းဆပ်ကပ်မယ်။ တရားနာမယ်။ ပြီးတော့ နံနက် ၁၀ နာရီ ၃၀ မိနစ် အချိန်မှာတော့ မန္တလာသီရိ အားကစားကွင်းရှေ့ ရင်ပြင်မှာ စစ်ရေးပြ အခမ်းအနား၊ အလေးပြုခြင်းနဲ့ ဥသြဆွဲခြင်းတို့ကို ပြည်သူလူထုနဲ့အတူ ဆောင်ရွက်သွားမယ်လို့ သိရတယ်။ ခရိုင်နဲ့ မြို့နယ်အသီးသီးမှာလည်း အခမ်းအနားတွေ ကျင်းပသွားမယ်လို့ သိရတယ်။
ဒီကနေ့ ဒီမိုကရေစီ အစိုးရသစ်လက်ထက်ရောက်မှ လူထုရဲ့ဆန္ဒတွေ အထမြောက်တော့မယ် ထင်ပါတယ်။ သမိုင်းကို ဖျောက်ဖျက်ဖို့ ကြိုးစားခဲ့ကြတဲ့ နှစ်တွေက မနည်းမနောဆိုတော့ ပြည်သူတွေရဲ့ ရင်ထဲမှာ ကိန်းအောင်းနေတဲ့ ဆန္ဒတွေက အများသား။ ဖြစ်ချင်တာတွေ၊ လုပ်ဆောင်ချင်တာတွေ အားလုံး ဖြစ်ခွင့်မရ၊ လုပ်ဆောင်ခွင့် မရခဲ့တဲ့ အာဏာရှင်အစိုးရလက်အောက်မှာ ရေငုံနှုတ်ပိတ်၊ တိတ်ဆိတ်နေခဲ့ကြရတာလည်း နှစ်ပေါင်း များခဲ့ပြီ။
အာဇာနည်နေ့ဆိုတာ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အာဇာနည်ခေါင်းဆောင်ကြီးတွေ လုပ်ကြံခံခဲ့ရတဲ့ ဇူလိုင် ၁၉ ရက်ဟာ သမိုင်းရဲ့ ကြေကွဲဝမ်းနည်းဖွယ် အကောင်းဆုံး နေ့စွဲ တခုပါ။
အရင် စစ်အစိုးရ လက်ထက်တုန်းကတော့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဟာ လျစ်လျူရှုခံခဲ့ရတယ်။ မေ့ဖျောက်ခံခဲ့ရတယ်။ သမိုင်းသင်ခန်းစာထဲမှာ အကျယ်တဝင့်မပါခဲ့ဘူး။ ရေရေရာရာ ရှင်းမပြ၊ အောင့်မေ့ဖွယ် အခမ်းအနားတွေ နှစ်စဉ်ကျင်းပရာကနေ နောက်ပိုင်းမှာ ကျင်းပခွင့်မရတော့။ ကျောင်းသားလူငယ်တွေရဲ့ စိတ်ထဲမှာ သမိုင်းတန်ဖိုးတွေ လျော့နည်းလာတယ်လို့ ထင်မိတယ်။ ကျောင်းပြင်ပ လူမှုရေးနယ်ပယ်၊ နိုင်ငံရေးနယ်ပယ် အသီးသီးမှာလည်း အာဇာနည်နေ့ အခမ်းအနား ကျင်းပဖို့အရေး စာတွေတင်ရ၊ အချိန်တွေ ညှိနှိုင်းရ၊ လက်မှတ်တွေ ထိုးရ၊ တစ်ခါတလေ ကျင်းပခွင့်တောင် မပေးလို့ ဖြစ်သမျှ ခံမယ်ကွာဆိုတဲ့ စိတ်ဓာတ်တွေနဲ့ ဇွတ်တိုး လုပ်ဆောင်ကြတာတွေလည်း ရှိခဲ့တယ်။
အာဇာနည်ဗိမာန်ကို လာရောက် ဂါရဝပြုကြမယ့်သူတွေကို တားဆီး၊ လမ်းတွေကို သံဆူးကြိုးတွေချ၊ သေနတ်နဲ့ ချိန်ထားပြီး တားမြစ်ခဲ့တဲ့ အရုပ်ဆိုး အကျဉ်းတန် သွေးမြေကျခဲ့တဲ့ သမိုင်းဖြစ်ရပ်ကလည်း အထင်သား။
မှတ်မှတ်ရရ …မနှစ်သားဆီက။ ၆၈ နှစ်မြောက် အာဇာနည်နေ့မှာ ဥသြဆွဲပေးဖို့ အစိုးရကို ပြည်သူလူထုက တောင်းဆိုခဲ့ကြပေမယ့် တုတ်တုတ်မျှမလှုပ်။ အဲဒီတော့လည်း ဇူလိုင် ၁၉ နံနက် ၁၀ နာရီ ၃၀ တိတိမှာ လမ်းမထက်က ယာဉ်တွေဟာ မီးစိမ်းနေပေမယ့်လည်း လုံးဝ မောင်းနှင်ခြင်းမရှိဘဲ ရပ်ထားပြီး ကားဟွန်းသံကို ပြိုင်တူ တီးလိုက်ကြတယ်။ ဒါကို ကြားလိုက်ရသူ အားလုံး ကျက်သီးဖြန်းဖြန်းထပြီး ရောက်တဲ့နေရာမှာ မတ်တပ်ရပ်လို့ ငြိမ်သက်နေခဲ့ကြတယ်။ ဒီအဖြစ်အပျက်ဟာ ဖေ့စ်ဘွတ်စာမျက်နှာက တဆင့် လူထုရင်ထဲကို ရောက်သွားခဲ့တယ်။
အရင် အစိုးရကတော့ သမိုင်းကို ဖျောက်ဖု့ိကြိုးစားတဲ့နေရာမှာ အထင်ကရရုပ်တုတွေကိုပါ မချန်။ အထင်ကရ နေရာတွေမှာ စိုက်ထူထားတဲ့ဗိုလ်ချုပ် ရုပ်တုတွေ မရှိတော့။ အချို့နေရာတွေက ရုပ်တုတွေ နေရာမှာ ဆွမ်းအုပ်ကြီးတွေ၊ ပန်းပွင့်ပုံကြီးတွေ အစားထိုးလို့ထိုးပေါ့။
မန္တလေးမှာကော ဘာထူးသလဲ။ အာဇာနည်လမ်းလို့ အများသိတဲ့ လမ်းကို ဘီလမ်းလို့ ပြောင်းခဲ့တယ်။ ၁၉၉၂ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်မှာ ခန့်ညားထည်ဝါစွာ စိုက်ထူခဲ့တဲ့ ဗိုလ်ချုပ် မြင်းစီးကြေးရုပ်ကြီး ရှိခဲ့တယ်။ လမ်း ၈၀ နဲ့ ၂၆ လမ်းထောင့် ကျုံးရေပြင်မှာပေါ့။ နန်းမြို့နဲ့ အင်မတန် ပနံရလှတဲ့ အဲဒီမြင်းစီးကြေးရုပ်ကြီးကို နေရာရွှေ့ပစ်ခဲ့တယ်။
၁၉၉၄ ခုနှစ် ကျုံးတူးဖော်ရေးတွေ ပြုလုပ်တဲ့အခါမှာ တအိမ်တယောက် မလိုက်မနေရစနစ်နဲ့ ဗိုလ်ချုပ်ကြေးရုပ်ကို အာဏာပိုင်တွေက ရွှေ့ပြောင်းပစ်လိုက်ပါတယ်။ လူသွားလူလာကျဲကျဲ၊ လမ်းကျဉ်းကျဉ်း (ယခုလောက် လမ်းမကျယ်) ဖုန်တလုံးလုံးသာ ရှိသေးတဲ့ မနော်ရမ္မံ ဥယျာဉ်ရဲ့ အကွယ် တနေရာမှာ ရက်ရက်စက်စက် ရွှေ့ပြောင်းပစ်လိုက်တယ်။ နှိုက်ထုတ်ယူသွားခဲ့ကြပါတယ်။ ဗိုလ်ချုပ်ကြေးရုပ်ကို သန့်ရှင်းရေးလုပ်ခွင့်မပေး၊ ပန်းစည်းချခွင့်မပေး၊ အလေးပြုခွင့်မပေး။ ဒီလိုပါပဲ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်ပြီး ဟောခွင့်ပြောခွင့်မပေး၊ အသိပညာ ဖြန့်ဝေခွင့်မပေး။ ဒီလိုနဲ့ ဗိုလ်ချုပ်ကြေးရုပ်ထုကလည်း နှစ်ပေါင်းများစွာ ချုံတွေကြားမှာ စွန့်ပစ်ခဲ့ကြတယ်။ နှစ်ပေါင်း ၂၀ နီးပါးရှိခဲ့ပါပြီ။
အခုတော့ လူထုက တင်မြှောက်လိုက်တဲ့ လူထုအစိုးရ၊ ဒီမိုကရေစီ အစိုးရသစ်ကို ရောက်ရှိလာခဲ့ပါပြီ။ ဖြစ်သင့်တာတွေလည်း ဖြစ်နေပြီ။ ဖြစ်ချင်တာတွေကိုလည်း ဖြစ်မြောက်အောင် ဆောင်ရွက်ပေးနေပါပြီ။ အမြို့မြို့ အနယ်နယ်၊ အရပ်ရပ်မှာလည်း အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ဗိုလ်ချုပ်ရုပ်ထုတွေ စိုက်ထူဖို့ ဆောင်ရွက်နေကြပြီ။ ဒါ့ကြောင့် မန္တလေးမြို့ခံတွေ လိုလား တောင့်တနေကြတဲ့ ဗိုလ်ချုပ် မြင်းစီးကြေးရုပ်ကြီးကို နေရာမှန်မှာ ပြန်လည်ထားရှိပေးနိုင်၊ မပေးနိုင် ဆိုတဲ့ အဖြေကို မန္တလေးတိုင်းဒေသကြီး အစိုးရအနေနဲ့ စဉ်းစားပေးသင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။