ဒီမိုကရေစီ စွမ်းဆောင်ရည် ဘာကြောင့် အရမ်းကျဆင်းရသလဲ (နိဂုံး)

ဖရန်စစ် ဖူကူယားမား

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

၁၉ ရာစု အမေရိကန် ပြည်ထောင်စုမှာ ဒီမိုကရေစီနဲ့ နိုင်ငံတော် အရည်အသွေးတွေက တခုနဲ့တခု ပဋိပက္ခဖြစ်နေခဲ့တာ ရှင်းပါတယ်။ အဲဒီလိုဖြစ်ရတဲ့ အကြောင်းရင်းကတော့ ဝင်ငွေနဲ့ ပညာရေး အဆင့်အတန်း နိမ့်ပါးတဲ့ တိုင်းပြည်တွေမှာ မဲပေးသူ တယောက်ချင်းအတွက် ရည်ရွယ်တဲ့ မက်လုံးတွေက အများပြည်သူ ဝန်ဆောင်မှုတွေ ပေးအပ်မယ်ဆိုတဲ့ မက်လံုံးတွေထက် မဲပေးသူတွေကို ပိုပြီးလှုံ့ဆော်နိုင်ခဲ့တာကြောင့်ပါ။

စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေ ပိုမို အဆင့်မြင့်လာတဲ့ အခါမှာတော့ အခြေအနေတွေ ပြောင်းလဲသွားပါတယ်။ ဝင်ငွေ ပိုမြင့်မားတဲ့ မဲပေးသူတွေကို တဦးတယောက်ချင်း ငွေပေးမှု ကနေတဆင့် လာဘ်ထိုးဖို့ ပိုပြီးခက်ခဲပါတယ်။ မဲပေးသူတွေက ပရိုဂရမ်အခြေပြု မူဝါဒတွေကိုပိုပြီး ဂရုစိုက်လာတတ်ကြပါတယ်။

ဒါ့အပြင် ဖွံ့ဖြိုးတိုးတက်မှု ပိုမိုမြင့်မားလာအောင် ဈေးကွက်စီးပွားရေး ကြီးထွားမှုက မောင်းနှင်ပေးပါတယ်။ တဦးတယောက်ချင်း ချမ်းသာကြွယ်ဝဖို့အတွက် နိုင်ငံရေးနယ်ပယ် ပြင်ပက တခြား လမ်းကြောင်းတွေကို လူတွေက ဈေးကွက် စီးပွားရေးကြောင့် ရှာတွေ့နိုင်ကြပါတယ်။

ချီးမြှင့်မြှောက်စား နိုင်ငံရေးစနစ်တွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့တဲ့ နောက်ဆုံး ထိုင်ဝမ် ရွေးကောက်ပွဲတွေကတော့ ၁၉၉၀ ပြည့်နှစ် အစောပိုင်း ကာလမှာပါ။ အဲဒီနောက်မှာတော့ ထိုင်ဝမ်ပြည်သူတွေက အလွယ်တကူ လာဘ်ထိုးလို့ မရတော့ လောက်အောင် ချမ်းသာသွားပါတယ်။

လူတဦချင်း ဝင်ငွေနိမ့်ပါးနေတဲ့ အချိန်မှာ ချီးမြှင့်မြှောက်စား နိုင်ငံရေးစနစ်ကို ဒီမိုကရေစီက မောင်းနှင်ပေးပေမယ့် တိုင်းပြည်တွေ ပိုပြီးချမ်းသာသွားတဲ့ အခါမှာတော့ အရည်အသွေးမြင့် အစိုးရတွေကို ဖန်တီးပေးနိုင်မယ့် လမ်းကြောင်းကိုပါ ပွင့်သွားစေပါတယ်။

ဒီနေရာမှာလည်း အမေရိကန် ပြည်ထောင်စုက ဥပမာပါ။ ၁၈၈၀ ပြည့်နှစ်တွေမှာတော့ အမေရိကန် ပြည်ထောင်စုက စိုက်ပျိုးရေး လူ့အဖွဲ့အစည်း အဖြစ်ကနေ စက်မှုမြို့ပြ နိုင်ငံအဖြစ်ကို အလျင်အမြန် ကူးပြောင်းနေခဲ့ပါပြီ။ မီးရထားလမ်းလို ခေတ်မီ နည်းပညာသစ်တွေနဲ့ ရက်လုပ်ထားတဲ့ ဧရာမ ဈေးကွက်ကြီးအဖြစ် ကူးပြောင်းနေခဲ့တာပါ။

စီးပွားရေးကြီးထွားမှုှုက စီးပွားရေး ဇာတ်ကောင်သစ်တွေ ပေါ်ထွက်လာအောင် မောင်းနှင်ပေးခဲ့ပါတယ်။ သူတို့တွေကတော့ မြို့ပြနေထိုင်သူ ပရော်ဖက်ရှင်နယ်တွေ၊ ပိုမိုရှုပ်ထွေးနက်နဲတဲ့ စီးပွားရေးလုပ်ငန်း အကျိုးစီးပွားတွေ၊ လူလတ်တန်းစားတွေ ဖြစ်ပြီး သူတို့တွေက အရည်အသွေးမြင့် အစိုးရစနစ်ကို လိုချင်ပါတယ်။

အဲဒီအချိန်တုန်းက တည်ရှိနေခဲ့တဲ့ ဆရာမွေး တပည့်မွေး စနစ်မှာလည်း သူတို့က အကျိုးအမြတ် များများ မရနိုင်ကြပါ။ အောက်ခြေ လူထုတွေရဲ့လှုပ်ရှားမှုကြောင့် ပင်ဒယ်လ်တန် ဥပဒေကို ၁၈၈၃ ခုနှစ်မှာ ပြဌာန်းနိုင်ခဲ့ပါတယ်။

အဲဒီဥပဒေကြောင့် အမေရိကန် ပြည်ထောင်စု ဗျူရိုကရေစီ ယန္တရားမှာ အရည်အချင်း အလိုက်ပဲ လူရွေးချယ်ခန့်အပ်တဲ့ မူဝါဒကိုပါ ချမှတ်နိုင်ခဲ့ပြီး နောက်ပိုင်းတက်လာတဲ့ သမ္မတတွေဖြစ်တဲ့ သီရိုဒိုရုစဗဲ့ (၁၉၀၁–၀၉) နဲ့ ဝုဒရိုးဝီလ်ဆင် (၁၉၁၃–၂၁) တို့က အဲဒီမူဝါဒကို ဆက်လက် မြှင့်တင်ပေးခဲ့ကြပါတယ်။

ပါတီလူကြီးတွေနဲ့ နိုင်ငံရေး ယန္တရားတို့က အဲဒီအချိန်ထက် မျိုးဆက်အများကြီး ကျော်လွန်ကာ ဆက်လက် ရှင်သန်နိုင်ခဲ့ ကြပါတယ်။ ဒါပေမယ့် ၂၀ ရာစု အလယ်လောက် အရောက်မှာတော့ ဆုံးဖြတ်ချက် ပြတ်သားခိုင်မာတဲ့ နိုင်ငံရေးလှုပ်ရှားမှု တွေကနေတဆင့် အမေရိကန်မြို့ကြီး တော်တော်များများမှာ တဖြည်းဖြည်းချင်း ဖယ်ရှားခံခဲ့ရပါတယ်။

ခေတ်ပြိုင် ဒီမိုကရေစီတွေဖြစ်တဲ့ ဘရာဇီးနဲ့ အိန္ဒိယနိုင်ငံတွေ အနေနဲ့ အကျင့်ပျက်ခြစားမှုနဲ့ ဆရာမွေး တပည့်မွေး ပြဿနာ တွေကို ဖြေရှင်းမယ်ဆိုရင် အမေရိကန် ပြည်ထောင်စုလို လုပ်ဆောင်ရမှာပါ။

ချမှတ်အကောင်အထည်ဖော်ဖို့ လိုအပ်ခြင်း

ဒါပေမယ့် ဒီနေ့ခေတ် ဒီမိုကရေစီနိုင်ငံတွေ အများအပြားမှာ မရှိတဲ့ အရေးကြီး အားသာချက်တခု အမေရိကန်ပြည် ထောင်စုမှာ ရှိပါတယ်။ အဲဒါကတော့ ၎င်းရဲ့ ရဲတပ်ဖွဲ့အင်အား တောင့်တင်းခြင်းဖြစ်ပြီး ပြဌာန်းလိုက်တဲ့ ဥပဒေကို အကောင်အထည် ဖော်နိုင်ခြင်းပါ။

အဲဒီစွမ်းရည်က အင်္ဂလန်နိုင်ငံကနေ အမွေရလိုက်တဲ့ အင်္ဂလိပ်ရိုးရာ ဥပဒေမှာ အခြေတည်ပါတယ်။ လွတ်လပ်ရေး မရခင်မှာပဲ အဲဒီအင်္ဂလိပ်ရိုးရာ ဥပဒေကို အင်စတီးကျူးရှင်းအဖြစ် အမေရိကန်မှာ ခိုင်ခိုင်မာမာ ထူထောင်ထားပြီးသွားပါပြီ။ အဆင့်မျိုးစုံမှာရှိတဲ့ အမေရိကန်အစိုးရ အဖွဲ့တွေက အစိုးရ အလွှာပေါင်းစုံမှာ ရှိနေတဲ့ ရာဇဝတ်သားတွေကို စွဲချက်တင်၊ ရုံးတင်စစ်ဆေး၊ အပြစ်ဒဏ်ချမှတ်နိုင်တဲ့ အားကောင်းမောင်းသန် အာဏာကို အစဉ်အဆက် ထိန်းထားနိုင်ခဲ့ပါတယ်။

အဆိုပါ အကျပ်ကိုင် ဖိအားပေးနိုင်တဲ့ အာဏာကို တရားဥပဒေ စနစ်အပေါ် ပြည်သူတွေရဲ့ ယုံကြည်ထောက်ခံမှုကလည်း ကျောထောက်နောက်ခံ ပြုပေးထားပါတယ်။ ဒါကြောင့်မို့လည်း အာဏာကို စစ်မှန်တဲ့ သြဇာအာဏာအဖြစ် နေရာအများစုမှာ ပြောင်းလဲနိုင်ခဲ့ပါတယ်။

အကောင်အထည် ဖော်နိုင်တဲ့ စွမ်းရည်မှာ နယ်ပယ်တခု ပါရှိပြီး အဲဒီနယ်ပယ်မှာ နိုင်ငံတော် စွမ်းရည်နဲ့ တရားဥပဒေ စိုးမိုး ရေးတို့က ထပ်တူကျနေပါတယ်။ ပြီးတော့ အကျင့်ပျက် ခြစားမှုဆိုတဲ့ ပြဿနာကို ကိုင်တွယ်ဖြေရှင်းရာမှာ ၎င်းက အရမ်း အရေးကြီးပါတယ်။

အစိုးရအရာရှိတွေရဲ့အပြုအမူက မက်လုံးတွေအပေါ် မူတည်ပါတယ်။ တာဝန်ထမ်းဆောင်ခြင်းအတွက် လုံလောက်တဲ့ လစာဆိုတဲ့ မက်လုံးတွေတင် မဟုတ်ဘဲ ဥပဒေကို ချိုးဖောက်ရင် အပြစ်ပေးခံမှာကို ကြောက်ရွံ့ခြင်းဆိုတဲ့ မက်လုံးတွေလည်း ဖြစ်ပါတယ်။ နိုင်ငံတော်တော် များများမှာတော့ ဥပဒေကို ချိုးဖောက်လည်း ထောင်ချခံရနိုင်တဲ့ အလားအလာ အရမ်းနည်းတာကြောင့် အခွန်တွေကို မပေးဆောင်ကြသလို လာဘ်ပေးလာဘ်ယူ မှုတွေလည်း ဖြစ်ကြပါတယ်။

အများပြည်သူကဏ္ဍ စွမ်းဆောင်ရည်မှာ တိုးတက် ကောင်းမွန်လာစေရေး လတ်တလော ကြိုးပမ်းမှုတွေထဲမှာ အောင်မြင်မှုတွေ အများကြီးရှိတဲ့ အထဲက တခုကတော့ ဂျော်ဂျီယာနိုင်ငံပါ။ အဲဒီ အောင်မြင်မှုတွေမှာ ထိရောက်တဲ့ ချမှတ် အကောင်အထည်ဖော်မှုက အဓိကကျပါတယ်။

၂၀၀၃ ခုနှစ် နှင်းဆီရောင် တော်လှန်ရေးပြီးတဲ့အခါ မီခေးလ် ဆာကာ့ရှ်ဗီးလီး အစိုးရက အကျင့်ပျက် ခြစားမှုကို မျက်နှာစာ ပေါင်းစုံမှာ နှိမ်နင်းခဲ့ပါတယ်။ ယာဉ်ထိန်းရဲ၊ အခွန်တိမ်းရှောင်မှု၊ “ဥပဒေတွင်းက ခိုးသားတွေ” လို့သိကြတဲ့ ရာဇဝတ်ဂိုဏ်းတွေရဲ့ စိမ့်ဝင်ပျံ့နှံ့ လုပ်ကိုင်နေမှုကို နှိမ်နင်းခဲ့ပါတယ်။

အဆိုပါ နှိမ်နင်းမှုကို ပွင့်လင်းမြင်သာရေး လုပ်ဆောင်မှုတွေ အပြုသဘောဆောင် လုပ်ဆောင်မှုတွေ (ဥပမာ၊ အစိုးရနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို အင်တာနက်ပေါ် တင်ခြင်း၊ ရဲအရာရှိတွေရဲ့ လစာကို အနည်းအများလိုက် တိုးမြှင့်ပေးခြင်း) တို့ကနေတဆင့် ဖော်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့် ထိရောက်တဲ့ ချမှတ် အကောင်အထည်ဖော်မှုက ရဲတပ်ဖွဲ့ အသစ်တွေ ဖွဲ့စည်းနိုင်ခြင်းအပေါ် မူတည်ပါတယ်။

အဲဒီတပ်ဖွ့ဲ အသစ်တွေက အဆင့်မြင့် အစိုးရအရာရှိဟောင်းနဲ့ စီးပွားရေးသမားတွေကို ဖမ်းဆီးမှုအပေါ် အများပြည်သူ သိအောင် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြပေးခြင်းလိုမျိုး အရာတွေ အများကြီးကို လုပ်ဆောင်ခဲ့ပါတယ်။ ဆာကာ့ရှ်ဗီးလီး အစိုးရအဖွဲ့ ပြီးဆုံးသွားချိန်မှာတော့ တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ထားတဲ့ ရဲအင်အားကို မတော်မတရားတဲ့ နည်းလမ်းတွေနဲ့ အလွဲသုံးစားပြုခဲ့ပါတယ်။ ဒါကြောင့်လည်း နိုင်ငံရေးအရ တုံ့ပြန်မှုတွေ ပေါ်ပေါက်လာပြီး ဘစ်ဒ်ဇီးနား အီဗန်ရှ် ဗီးလီးနဲ့ ဂျော်ဂျီယာ အိပ်မက်ပါတီတွေ ရွေးကောက်တင်မြှောက်ခံခဲ့ရပါတယ်။

ထိရောက်တဲ့ ဥပဒေ အကောင်အထည်ဖော်မှု ရရှိအောင် လုပ်ဆောင်ရာမှာ နိုင်ငံတော်က သုံးစွဲနိုင်တဲ့ ဖိအားပေး အကျပ်ကိုင် စွမ်းအားရဲ့အရေးကြီးမှုကို အဲဒီလို အာဏာ အလွဲသုံးစားမှုတွေက ဖုံးကွယ်နိုင်မယ် မဟုတ်ပါ။

အကျင့်ပျက် ခြစားမှုတွေကို ထိန်းချုပ်နိုင်ဖို့ဆိုရင် အပြုအမူပိုင်း ဆိုင်ရာမှာ ပြည်သူတွေ လက်ခံထားတဲ့ စံနှုန်းအယူအဆကို တခုလုံး ပြုပြင်ပြောင်းလဲဖို့ လိုအပ်ပါတယ်။ “င့ါပတ်ဝန်းကျင်မှာရှိတဲ့ လူတိုင်းက လာဘ်ယူနေကြချိန်မှာ ငါက မယူရင် ငတုံး ကြီးဖြစ်သွားမှာ” ဆိုတဲ့ အယူအဆမျိုးပါ။

အဲဒီလို အနေအထားတွေမှာ ကြောက်ရွံ့မှုက စိတ်ကောင်းစေတနာတွေ၊ စီးပွားရေး မက်လုံးတွေထက် အများကြီးပို ထိရောက်ပါတယ်။ “နှင်းဆီရောင်တော်လှန်ရေး” မတိုင်ခင်ကဆိုရင် ဂျော်ဂျီယာနိုင်ငံက အရင်ဆိုဗီယက် ပြည်ထောင်စုဟောင်း နိုင်ငံတွေထဲမှာ အကျင့်ပျက်ခြစားမှု အဖြစ်အများဆုံး တိုင်းပြည်အဖြစ် နာမည်ဆိုးထွက်ခဲ့ပါတယ်။

ဒီနေ့အချိန်မှာတော့ အုပ်ချုပ်ရေး စံချိန်စံညွှန်းတွေနဲ့ တိုင်းတာရင် ဂျော်ဂျီယာနိုင်ငံက အကျင့်ပျက်ခြစားမှု အနည်းဆုံးနိုင်ငံ ဖြစ်နေပါပြီ။ ဖိအားပေး အကျပ်ကိုင်နိုင်တဲ့ အာဏာကို အင်ပြည့်အားပြည့် မသုံးစွဲဘဲ ထိထိရောက်ရောက် အုပ်ချုပ်နေနိုင်တဲ့ နိုင်ငံတွေကို ဥပမာအဖြစ် ပေးဖို့ ရှာရတာ ခက်ခဲပါတယ်။

ဖိအားပေး အကျပ်ကိုင်နိုင်တဲ့ အင်အားကို ကောင်းမွန်အောင် တပြိုင်နက်တည်း ထည့်သွင်း မလုပ်ဆောင်ဘဲ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ခံမှုတွေ တိုးတက်လာစေရေး လုပ်ဆောင်မှုတွေကနေ တဆင့် ကောင်းမွန်တဲ့ အုပ်ချုပ်မှုပေါ်လာစေရေး ခေတ်ပြိုင်ကြိုးစား အားထုတ်မှုတွေက ကျဆုံးပျက်စီးမှာ သေချာပါတယ်။

ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းတွေရဲ့ နိုင်ငံရေး အစိတ်အပိုင်းတွေက လူမှုလှုပ်ရှားပြောင်းလဲမှုတွေနဲ့ အမီမလိုက်နိုင်တာကြောင့် နိုင်ငံရေးစနစ် ပျက်စီးယိုယွင်းမှုဆီ ဦးတည်သွားတယ်လို့ ဆင်မျူရယ်ဟန်တင်တန်က Political Order in Changing Societies စာအုပ်မှာ ပြောခဲ့ပါတယ်။ ဒီမိုကရေစီနိုင်ငံတွေမှာ နိုင်ငံတော် အင်စတီကျူးရှင်းတွေက ဖွံ့ဖြိုးတိုးတက်မှုကို အမီ မလိုက်နိုင်ခြင်းနဲ့လည်း ဆက်စပ်နေပါတယ်။

အမေရိကန် ပြည်ထောင်စုနဲ့ တခြား ဒီမိုကရေစီနိုင်ငံတွေက ဒီမိုကရေစီကို မြှင့်တင်အားပေးကြရာမှာ အခုပြောခဲ့တဲ့ သုံးသပ်ချက်တွေက အရေးကြီးတဲ့နေရာကနေ ပါဝင်နေပါတယ်။ ဟိုတုန်းကဆိုရင်တော့ အရပ်ဘက် အဖွဲ့အစည်းတွေကို မြေတောင်မြှောက် အားပေးခြင်းကနေ တဆင့်၊ အာဏာရှင်စနစ်ကနေ အသွင်းကူးပြောင်းခြင်းရဲ့ကနဦးအဆင့်မှာ အားပေးခြင်း ကနေတဆင့် အာဏာရှင်နိုင်ငံတွေမှာ ကစားကွင်းတွေ တပြေးညီဖြစ် တရားမျှတလာစေဖို့ အလေးအနက်ထား လုပ်ဆောင် ခဲ့ကြပါတယ်။

ဒါပေမယ့် အောင်မြင်တည်တံ့ ခိုင်မြဲတဲ့ ဒီမိုကရေစီကို ဖန်တီးတည်ဆောက်ရာမှာ နောက်ထပ်အဆင့် ၂ ခုလိုပါတယ်။ အဲဒီ ၂ ဆင့်အတွင်းမှာ အာဏာရှင် ဆန့်ကျင်ရေး စုရုံးလှုပ်ရှားမှုတွေက အင်စတီကျူးရှင်းအဖြစ် ခိုင်မာသွားပြီး အခက်အခဲတွေကို ဖြတ်ကျော်နိုင်တဲ့ လုပ်ဆောင်မှုတွေအဖြစ် ကူးပြောင်းသွားပါတယ်။

ပထမအဆင့်ကတော့ လူမှုရေးလှုပ်ရှားမှုတွေ ဖွဲ့စည်းလုပ်ဆောင်မှုကို ရွေးကောက်ပွဲဝင်နိုင်တဲ့ နိုင်ငံရေးပါတီတွေအဖြစ် ပြောင်းလဲခြင်းပါ။ များသောအားဖြင့်တော့ အရပ်ဘက် အဖွဲ့အစည်းတွေက အကြောင်းကိစ္စတွေကို ကိုယ်တွယ် အာရုံစိုက်ရာမှာ နယ်ပယ် ကျဉ်းမြောင်းကြပြီး မဲပေးသူတွေကို စည်းရုံးလှုံ့ဆော်ဖို့ တည်ဆောက်ထားကြတာ မဟုတ်ပါ။

အဲဒီလို လုပ်နိုင်ခြင်းက နိုင်ငံရေးပါတီတွေရဲ့တခုတည်းသော နယ်ပယ်ဖြစ်ပါတယ်။ နိုင်ငံရေးပါတီတွေ မတည်ဆောက်နိုင်
ခြင်းက အသွင်ကူးပြောင်းနိုင်ငံတွေရှိ လစ်ဘရယ် အင်အားစုတွေ မဲပုံးမှာ ရှုံးနိမ့်ရခြင်းရဲ့ အကြောင်းရင်း ဖြစ်နေပါတယ်။ ရုရှား၊ ယူကရိန်းကနေ အီဂျစ်အထိ နိုင်ငံတွေမှာ လစ်ဘရယ် အင်အားစုတွေ အဲဒီလိုရှုံးနိမ့်နေတာ တွေ့ရပါတယ်။

ဒုတိယလိုအပ်တဲ့ အဆင့်ကတော့ နိုင်ငံတည်ဆောက်ရေးနဲ့ နိုင်ငံ့စွမ်းရည်ပါ။ ဒီမိုကရက်တစ် အစိုးရတခုက အာဏာရသွားပြီ ဆိုတာနဲ့ အမှန်တကယ်ကို အုပ်ချုပ်ရပါတော့တယ်။ ဆိုလိုတာကတော့ တရားနည်းလမ်းကျကျ ရရှိထားတဲ့ လုပ်ပိုင်ခွင့် အာဏာကို ကျင့်သုံးပြီး ပြည်သူလူထုအတွက် အခြေခံဝန်ဆောင်မှုတွေကို ပေးအပ်ရပါတယ်။

ဒီမိုကရေစီ မြှင့်တင်ပေးချင်တဲ့ နိုင်ငံတကာအသိုက်အဝန်းက ဒီမိုကရေစီနည်းကျ အုပ်ချုပ်ရေးမှာ ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို သိပ်ပြီးတော့ အာရုံမစိုက်ဘဲ အစောပိုင်း စုရုံးလုပ်ဆောင်မှုတွေနဲ့ အသွင်ကူးပြောင်းရေးကိုသာ အလေးပေး အာရုံစိုက်ကြပါတယ်။ ထိရောက်ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစွမ်းရည်သာ မရှိရင် ဒီမိုကရေစီနိုင်ငံသစ်တွေက ၎င်းကိုအားပေး ထောက်ခံသူတွေရဲ့ မျှော်လင့်ချက်တွေကို ပျက်စီးသွားစေမှာဖြစ်ပြီး သူတို့ကိုယ်တိုင်လည်း တရားဝင်မှု ဆုံးရှုံးသွားမှာ ဖြစ်ပါတယ်။

တကယ်တော့ အမေရိကန်သမိုင်းက ပြထားသလိုပါပဲ၊ နိုင်ငံခေတ်မီ တိုးတက်ရေးကို အာရုံစိုက် မလုပ်ဆောင်တဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေးကြောင့် အစိုးရအရည်အသွေး အားနည်းကျဆင်းမှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။ နိုင်ငံ ခေတ်မီ တိုးတက်ရေးကို အာဏာပိုင်စနစ် ကျင့်သုံးတဲ့ အခြေအနေတွေ အောက်မှာသာ ဖော်ဆောင်နိုင်မယ်လို့ မဆိုလိုပါ။

ရင့်ကျက်ခိုင်မာသွားပြီဖြစ်တဲ့ ဒီမိုကရေစီနိုင်ငံတွေက ဒီမိုကရေစီကို မတည်ဆောက်ခင်မှာ နိုင်ငံတော် တည်ဆောက်မှုကို အရင်လုပ်ခဲ့တာ (ဒါကို ဆင်မျူရယ် ဟန်တင်တန်က အာဏာရှင်ဆန်ဆန် အသွင်ကူးပြောင်းမှုလို့ နာမည်တပ်) မှန်ပေမယ့် အဲဒီလို လုပ်ဆောင်ခြင်းက မျက်မှောက်ခေတ် နိုင်ငံတွေအတွက် အောင်မြင်စေမယ့် မဟာဗျူဟာဖြစ်တယ်လို့ ကျိန်းသေပေါက် မပြောနိုင်ပါ။

ဒီနေ့ခေတ် နိုင်ငံတွေမှာ ဒီမိုကရေစီအပေါ် တောင်းဆိုမှုနဲ့ မျှော်မှန်းချက်တွေက အဲဒီတုန်းကထက် အများကြီး ပိုမြင့်မားနေပါတယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံတွေက ဒီမိုကရက်တစ် အင်စတီကျူးရှင်းတွေနဲ့ တရားဥပဒေ စိုးမိုးမှုကို တည်ဆောက်နေတဲ့ တပြိုင်နက်တည်းမှာပဲ ခေတ်မီနိုင်ငံတွေဖြစ်အောင် ဖော်ဆောင် တည်ဆောက်ရပါမယ်။

ဆိုလိုတာကတော့ ဒီမိုကရေစီ အားပေးမြှင့်တင်ရေး အသိုက်အဝန်းက နိုင်ငံခေတ်မီ တည်ဆောက်ရေးကို အများကြီး ပို အာရုံစိုက်လုပ်ကိုင်ဖို့ လိုပါတယ်။ အာဏာရှင် အစိုးရတွေကို မောင်းထုတ်နိုင်လောက်ရုံနဲ့ ကျေနပ်နေလို့မရပါ။

ဒီမိုကရေစီဂျာနယ် အနေနဲ့လည်း ဉာဏ်ပညာပိုင်းဆိုင်ရာ ချဲ့ထွင်တင်ပြမှုတွေ လုပ်ဆောင်ဖို့ လိုနေတယ်ဆိုတာကို သွယ်ဝိုက်ပြောသလိုပါပဲ။ ဒီမိုကရေစီနိုင်ငံတွေ ဘယ်လို ပေါ်ပေါက်လာပြီး ဘယ်လို တည်ငြိမ် ခိုင်မာသွားတယ် ဆိုတာနဲ့ ပတ်သက်ပြီး လေ့လာတဲ့ နယ်ပယ်မှာ ဂျာနယ်က အင်တိုက်အားတိုက် ပါဝင်လုပ်ဆောင်ဖို့ လိုသလို ခေတ်သစ်နိုင်ငံတော် အင်စတီကျူးရှင်းတွေ ဘယ်လို ဖြစ်တည်လာပြီး ဘယ်လိုကျဆုံး ပျက်စီးသွားကြတယ် ဆိုတာကိုပါ အလေးအနက် အာရုံစိုက် လေ့လာဖို့လိုပါတယ်။

ဖရန်စစ်ဖူကူယားမားသည် Center on Democracy, Development and the Rule of Law at Stanford တွင် Olivier Nomellini Senior Fellow ဖြစ်သည်။ သူနောက်ဆုံး ပြုစုရေးသားထားသော စာအုပ်မှာ Political Order and Political Decay: From the Industrial Revolution to the Globalization of Democracy (2014) ဖြစ်သည်။ ယခု စာတမ်းကို Journal of Democracy နှင့် Johns Hopkins University Press တို့၏ ခွင့်ပြုချက်ကို ရယူပြီး Educational Initiatives (ပညာရှေ့ဆောင်) က ဘာသာပြန်ဆိုခြင်း ဖြစ်သည်။ Educational Initiatives (www.eduinitiatives.org) အဖွဲ့သည် ဒီမိုကရေစီနှင့် ပတ်သက်သော သင်တန်းများ၊ အရည်အသွေးမြှင့် သင်တန်းများကို ပို့ချပေးနေသော ရန်ကုန်အခြေစိုက် အဖွဲ့အစည်းဖြစ်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading