အမျိုးသမီးအခွင့်အရေး၊ တန်းတူညီမျှမှုနဲ့ မြန်မာနိုင်ငံ

မေစပယ်ဖြူ

This article has been converted from Zawgyi One to Unicode

အမျိုးသမီး အခွင့်အရေးလို့ ပြောလိုက်ရင် မြန်မာနိုင်ငံမှာတော့ ဒီလောက် အခွင့်အရေးတွေ ရနေပြီးသားကို ဘာ ထပ်လိုချင်သေးလို့လဲလို့ လူတွေ အများစုက ထင်တတ်ပါတယ်။ နောက်ပြီး အမျိုးသမီးတွေဆိုတာ အမျိုးသားတွေနဲ့ ဘယ်လိုမှ မတူတဲ့အတွက် တန်းတူညီမျှ အခွင့်အရေး ပေးဖို့ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲလို့ တချို့ကလည်း ဆိုတတ်ကြပါတယ်။

ဒီထက်ဆိုးတာကတော့ အမျိုးသမီး အခွင့်အရေးလို့ ပြောလိုက်ရင် အရှေ့အလယ်ပိုင်း နိုင်ငံတွေက အမျိုးသမီးတွေနဲ့ အမြဲနှိုင်းယှဉ်လေ့ရှိပြီး မြန်မာနိုင်ငံက အမျိုးသမီးတွေကို အဲဒီလို သိသာမြင်သာတဲ့ ခွဲခြား ဖိနှိပ်ထားတာ တွေမရှိဘဲ လူ့အဖွဲ့အစည်းထဲမှာ ပါဝင်ဆောင်ရွက်ခွင့်တွေ၊ နေရာပေး ဆက်ဆံမှုတွေ ရှိနေလျက်သားနဲ့ အမျိုးသမီး တွေက လိုတာထက် ပိုပိုကဲကဲ အခွင့်အရေး လိုချင်နေကြတာလို့ ထင်မြင် ယူဆနေတာပါပဲ။

ဖွံ့ဖြိုးရေးသမားတွေနဲ့ တိုင်းရင်းသား မျိုးနွယ်စုတွေကျပြန်တော့ ဒီလောက် ဆင်းရဲချို့တဲ့ပြီး အစစအရာရာမှာ တခြားနိုင်ငံတွေလို လူနေမှု အဆင့်အတန်း လိုက်မမီသေးတာတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ပြည်တွင်းစစ် ပဋိပက္ခတွေနဲ့ ရှိနေတော့ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့၊ ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့တွေက ပိုအရေးကြီးတာမို့ နိုင်ငံငြိမ်းချမ်းပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာတဲ့အခါ လူတိုင်းလူတိုင်းရဲ့အခွင့်အရေးတွေ ဟာလည်း သူ့အလိုလို ရလာမှာမို့ အမျိုးသမီးတွေ အတွက်လည်း ကျွဲကူးရေပါ လာမှာပေါ့တဲ့။
အခွင့်အရေး ဆုံးရှုံးနေရတာချင်းအတူတူ အမျိုးသမီးတွေအတွက် တမူထူးပြီး စဉ်းစားပေးနေစရာ မလိုဘူးလို့ ထင်ကြပြီး စစ်မှန်တဲ့ ဒီမိုကရေစီစနစ် ထွန်းကားလာတဲ့အခါ၊ တနည်းအားဖြင့် အခြေခံ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာ တန်ဖိုးထားမှုတွေ မြင့်တက်လာတဲ့အခါ အမျိုးသမီးတွေရဲ့ အခြေအနေဟာလည်း သူ့ဘာသာသူ တိုးတက် ကောင်းမွန်လာမှာဖြစ်တယ်လို့ ယုံကြည်ထားကြပါတယ်။
တကယ်တော့ လူ့အခွင့်အရေးလို့ ပြောလိုက်ရင် အမျိုးသားတွေရော၊ အမျိုးသမီးတွေပါ လူသားတွေပဲ ဖြစ်တာမို့ လူတိုင်းနဲ့ သက်ဆိုင်ပြီး မွေးရာပါ ရရှိပြီးသားဖြစ်လို့ လူတိုင်း ရယူပိုင်ဆိုင်ခွင့်ရှိသလို တန်းတူညီမျှ ခံစားခွင့် လည်းရှိပါတယ်။
တဦးချင်းစီနဲ့ လူအစုအဖွဲ့အလိုက် အတွက် အခြေခံကျတဲ့ လွတ်လပ်ခွင့်တွေနဲ့ လူ့ဂုဏ်သိက္ခာနဲ့ အညီ နေထိုင်ခွင့်တွေကို သက်ဆိုင်ရာအစိုးရတွေက လေးစားလိုက်နာဖို့ တာဝန်ရှိသလို လူတဦးချင်းစီနဲ့ လူအုပ်စုအလိုက် ရသင့်တဲ့ အခွင့်အရေးတွေကို မဆုံးရှုံးရအောင်၊ ဘယ်သူကမှ ချိုးဖောက်လို့ မရအောင် အကာအကွယ်ပေးရမှာ ဖြစ်ပါတယ်။

အမျိုးသမီးတွေကလည်း သူတို့ရသင့်တဲ့ အခွင့်အရေးကို ပေးကြပါလို့ ဘယ်သူ့ကိုမှ အသနားခံ တောင်းပန်နေကြတာ မဟုတ်ပါဘူး။ သို့သော် အမျိုးသမီးတွေအနေနဲ့ တန်းတူညီမျှ ခံစားထိုက်တဲ့ မွေးရာပါ အခွင့်အရေး ကို အသိအမှတ် မပြုတာ၊ ငြင်းဆန်နေတာတွေဟာ အမျိုးသမီးတွေရဲ့ လူ့အခွင့်အရေးကို ကိုယ်တိုင်ချိုးဖောက် နေတာဖြစ်တယ် ဆိုတာကို သတိပြုဖို့လိုပါတယ်။

လူ့အခွင့်အရေးဟာ တခုနဲ့တခု အပြန်အလှန် ဆက်စပ်နေလို့ ဘယ်အခွင့်အရေးကပဲ ကိုယ့်နိုင်ငံ၊ ကိုယ့်ယဉ် ကျေးမှုနဲ့ ကိုက်ညီလို့ ခံစားခွင့်ပြုနိုင်မယ်၊ ဘယ်အခွင့်အရေးကိုတော့ ခွင့်မပြုနိုင်ဘူးဆိုပြီး အစိုးရက သော်လည်းကောင်း၊ မည်သူတစုံတဦး၊ အသင်းအဖွဲ့အစည်းတွေက သော်လည်းကောင်း ရွေးချယ်ကန့်သတ်ပိတ်ပင် တားဆီးလို့ မရသလို အဲဒီလို လူတွေရဲ့ လွတ်လပ်ခွင့်နဲ့ လုံခြုံစွာ အသက်ရှင်နေထိုင်ခွင့်ကို ခံစားခွင့် မရစေတာဟာလည်း လူ့အခွင့်အရေးကို ချိုးဖောက်နေတာပဲဖြစ်ပါတယ်။

လူတိုင်းလူတိုင်းကသာ အခြေခံကျတဲ့ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာကြမယ်၊ သူတပါးရဲ့ အခွင့်အရေး တွေကိုလည်း မချိုးဖောက်နိုင်အောင် ကာကွယ်ကြမယ်ဆိုရင် အမျိုးသမီးတွေရဲ့ အခွင့်အရေးအတွက် လှုပ်ရှားမှုတွေ ကမ္ဘာနဲ့ အဝှမ်းဆိုသလို ရှိခဲ့မှာ မဟုတ်ပါဘူး။

၁၉၄၈ ခုနှစ်၊ ဇွန်လမှာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း ပေါ်ထွက်လာပြီး ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတိုင်းက အစိုးရတွေအနေနဲ့ နိုင်ငံသားတွေရဲ့အခြေခံ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာ အကာအကွယ် ပေးကြဖို့ ကတိကဝတ်တွေ ပြုခဲ့ကြသည့်တိုင်အောင် ၁၉၇၂ ခုနှစ်အထိ အမျိုးသမီးတွေဟာ ကဏ္ဍအသီးသီးမှာ အထူးသဖြင့် နိုင်ငံရေးနဲ့ ဆုံးဖြတ်ချက် ချနိုင်တဲ့နေရာတွေမှာ ပါဝင် ဆောင်ရွက်ခွင့်ရဖို့ ခွဲခြား သတ်မှတ်ခံရတာတွေကို ရင်ဆိုင်ခဲ့ကြရပါတယ်။

အမျိုးသမီးတွေဟာ ၁၉ ရာစုအထိ တန်းတူမဲပေးခွင့်၊ စီးပွားရှာခွင့်၊ ပစ္စည်းဥစ္စာ ပိုင်ဆိုင်ခွင့်နဲ့ တက္ကသိုလ်ပညာ သင်ကြားခွင့်တွေ အတွက် ဥရောပနိုင်ငံတွေမှာတောင် ခက်ခက်ခဲခဲ တိုက်ပွဲဝင် တောင်းဆိုခဲ့ကြရတယ်။

အားကောင်းလာတဲ့ နိုင်ငံတကာက အမျိုးသမီးအခွင့်အရေး လှုပ်ရှားမှုတွေကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ လုပ်ငန်းခွင်ဆိုင်ရာ အခွင့်အရေးနဲ့ လုပ်ခလစာ တန်းတူရရှိရေးအတွက် လှုံ့ဆော်တိုက်တွန်းမှုတွေဟာ ကမ္ဘာအနှံ့ ပျံ့နှံ့လာခဲ့တယ်။

အမျိုးသမီးတွေအပေါ် ခွဲခြားနှိမ်ချတဲ့ အမြင်တွေနဲ့ အမျိုးသားကြီးစိုးတဲ့ မဟာဖိုဝါဒ စနစ်ကြီးတခုလုံးကို ပြောင်းလဲနိုင်ဖို့ ၁၉၇၉ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ ကုလသမဂ္ဂ အထွေထွေညီလာခံကနေ စီဒေါစာချုပ်လို့ အများသိကြတဲ့ အမျိုးသမီးများအပေါ် နည်းမျိုးစုံနဲ့ ခွဲခြားဆက်ဆံမှု ပပျောက်ရေး နိုင်ငံတကာ သဘောတူစာ ချုပ်ကို အတည်ပြု ပြဌာန်းခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ အပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအများစုက ကတိကဝတ်ပြု လက်မှတ်ရေးထိုးထားတဲ့ စီဒေါ စာချုပ်မှာ အပိုဒ်ပေါင်း ၃၀ ပါဝင်ပြီး အခြေခံမူ ၃ ချက်အပေါ် လိုက်နာဆောင်ရွက်ကြရတာ ဖြစ်ပါတယ်။

အဲဒီအခြေခံမူ ၃ ချက်ကတော့ ခွဲခြားဆက်ဆံမှု မပြုရေး (Non Discrimination)၊ ပြည့်ဝသော တန်းတူညီ
မျှမှု (Substantive Equality) နဲ့ အစိုးရများက တိကျစွာ လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းတာဝန် (State Obligations) တွေ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ အစိုးရအနေနဲ့ ၁၉၉၇ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့ကတည်းက ဒီစီဒေါစာချုပ်ကို ကတိကဝတ်ပြု လက်မှတ်ရေးထိုး ခဲ့တာဖြစ်လို့ စာချုပ်ရဲ့အခြေခံမူတွေ အပါအဝင် စာချုပ်ပါ အချက်အလက်တွေကို လေးစား လိုက်နာပြီး အမျိုးသမီးတွေရဲ့ အခြေခံကျတဲ့ အခွင့်အရေးတွေ ချိုးဖောက်မခံရအောင်၊ တန်းတူညီမျှ အခွင့်အရေးတွေ ရရှိခံစားရစေဖို့ ဖြည့်ဆည်းပေးရန် သို့မဟုတ် တိုးတက်အောင် မြှင့်တင်ပေးရန် တာဝန်ရှိပါတယ်။

အပေါ်ယံကြည့်ရင် မြန်မာအမျိုးသမီးတွေဟာ သမိုင်း အဆက်ဆက်ကတည်းက မဲပေးခွင့်၊ အလုပ်လုပ်ပြီး စီးပွားရှာခွင့်နဲ့ ပညာသင်ယူခွင့်တွေကို ဥရောပနိုင်ငံတွေ ထက်တောင် စောပြီး ရနေခဲ့တာကြောင့် အမျိုးသားတွေနဲ့ တန်းတူညီမျှ အခွင့်အရေး ရနေပါတယ်လို့ လူအများစုက ထင်မြင်ယူဆကြပါတယ်။

ဒါပေမယ့်လည်း အမျိုးသမီးတွေ အနေနဲ့ နိုင်ငံကို ဦးဆောင်အုပ်ချုပ် မယ့်သူတွေကို မဲပေးရွေးချယ်ခွင့် ရှိပေမယ့် ကိုယ်တိုင် ဦးဆောင်အုပ်ချုပ်ခွင့် ရချင်တယ်ဆိုရင် တန်းတူအခွင့် ရှိနေပါရဲ့လား။

အလုပ်လုပ် စီးပွားရှာခွင့် ရှိတယ်ဆိုပေမယ့် ရာထူး၊ နေရာ၊ အဆင့်အတန်း၊ လုပ်ခလစာနဲ့ အကျိုးခံစားခွင့်၊ လုပ်ရတဲ့ အလုပ်တွေအပေါ် တန်ဖိုးထားနေရာပေးမှု အတူတူ ရှိနေပါရဲ့လား။ ပညာသင်ယူခွင့် တန်းတူရှိနေပေမယ့် သင်ကြား တတ်မြောက်ထားတဲ့ ပညာတွေကို အသုံးချခွင့်၊ အဲဒီပညာတွေနဲ့ နိုင်ငံကို အကျိုးပြုခွင့်ရော တန်းတူ ဖြစ်နေပါရဲ့လား ဆိုတာကို ထည့်စဉ်းစားဖို့ လိုပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးသမီးတွေကို ခွဲခြားဆက်ဆံမှုတွေ မရှိပါဘူး၊ မြန်မာ အမျိုးသမီးတွေဟာ အမျိုးသားတွေ လိုပဲ တန်းတူညီမျှ အခွင့်အရေးတွေ ရရှိနေပါတယ်လို့ ပြောရင် နိစ္စဓူဝ လမ်းပေါ်မှာ၊ အများပြည်သူဆိုင်ရာ နေရာတွေမှာ၊ အိမ်ထဲမှာ၊ နောက်ဆုံး ကိုယ့်အိပ်ယာပေါ်အထိ လသားအရွယ်နဲ့ ၁၀ နှစ်အောက် လူမမယ်ကလေး ကစလို့ သီလရှင်တွေအလယ်၊ အသက် ၇၀ ကျော် အဖွားအိုတွေအဆုံး အကြမ်းဖက် အနိုင်ကျင့်မှု အမျိုးမျိုး နဲ့ ကြုံတွေ့နေရတာကိုက အမျိုးသမီးတွေရဲ့ လူ့အခွင့်အရေးကို အဆုံးစွန် ချိုးဖောက်ခံနေရခြင်းနဲ့ ခွဲခြား ဆက်ဆံမှုတွေ ရှိနေတာကို ဖော်ပြနေခြင်း ဖြစ်ပါတယ်။

အမျိုးသမီးတွေ ခေါင်းဆောင်မှုနဲ့ ဆုံးဖြတ်ချက် ချနိုင်မယ့်နေရာတွေမှာ ပါဝင်ဆောင်ရွက်ခွင့်ရဖို့ တိုက်တွန်း ပြောဆိုတဲ့ အခါတိုင်းမှာ အရည်အချင်းရှိရင် အမျိုးသမီးတွေလည်း ခေါင်းဆောင်ခွင့် ရမှာပါဆိုတဲ့ တုံ့ပြန်မှုတွေ ရတတ်တယ်။

တကယ်တော့ အဲဒီလိုအမြင် ရှုထောင့်တွေဟာ ခေတ်အဆက်ဆက်မှာ အိမ်ထောင့်တာဝန်နဲ့ သားသမီး တာဝန်တွေကို အမျိုးသမီးတွေ အပေါ်ချည်း လုံးလုံး ပုံချထားခြင်းခံရပြီး အိမ်ရဲ့ပြင်ပက ရပ်ရွာ ပတ်ဝန်းကျင်နဲ့ သတင်း အချက်အလက်တွေကို အမျိုးသားများလို လက်လှမ်းမီရရှိခွင့်၊ အများပြည်သူနဲ့ ထိတွေ့ ဆက်ဆံခွင့်၊ သင်ယူ လေ့လာခွင့်တွေကို မသိမသာရော၊ သိသိသာသာပါ အမှောင်ချ ပိတ်ဆို့ခံနေရတဲ့ အဖြစ်တွေကို ထည့်မတွက်ရာ ရောက်ပါတယ်။

အဲဒီလိုပဲ အမျိုးသမီးတွေရဲ့ အမျိုးသားတွေနဲ့ မတူညီတဲ့ လိုအပ်ချက်တွေနဲ့ စိတ်ဝင်စားမှုတွေကို ထည့်သွင်း စဉ်းစားခြင်းမရှိဘဲ ရေးဆွဲပြဌာန်းထားတဲ့ နိုင်ငံရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံစနစ်နဲ့ ဥပဒေတွေ၊ မူဝါဒတွေနဲ့ ပြည်သူ့ဝန် ဆောင်မှုတွေ (System & Structural Barriers) အပါအဝင် လူ့အဖွဲ့အစည်းရဲ့အမျိုးသမီးတွေအပေါ် မတူညီတဲ့ တန်ဖိုးထား နေရာပေး ဆက်ဆံမှုနဲ့ ပုံသေကားကျ သတ်မှတ်ထားတဲ့ ရှေးရိုးစွဲ အမြင်တွေ (Cultural Barriers) ရှိနေတာတွေကို ဒီနေ့ခေတ်အထိ လျစ်လျူရှုခံထားရဆဲပါ။

အမျိုးသမီးတွေကို ကိုယ့်ကိုယ်ကိုယ် ကာကွယ်စောင့်ရှောက်မှု မပြုနိုင်တဲ့၊ တနည်းအားဖြင့် ယုံလွယ် ဉာဏ်နုံ့နည်း သူတွေအဖြစ် မိဘ သို့မဟုတ် တစုံတဦးရဲ့ ဆုံးဖြတ်ချက်နဲ့ အကူအညီ၊ အကာအကွယ် ပေးမှုကို လိုအပ်သူတွေအဖြစ် နိုင်ငံတော်နဲ့ လူ့အဖွဲ့အစည်းက မြင်ထားနေဆဲပါ။

အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်နဲ့ မျိုးဆက်ပြန့်ပွားနိုင်မှုကို ထိန်းချုပ် အသုံးချစရာ တခုအဖြစ် လက်ခံနေဆဲပါ။ လူမျိုး တမျိုးနဲ့ တမျိုး၊ လူအုပ်စုတခုနဲ့ တခု အနိုင်ယူ တိုက်ခိုက်ချင်တဲ့အခါ၊ ပဋိပက္ခတွေ ဖြစ်ပွားတဲ့အခါ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကို လက်နက်တခုလို အသုံးပြုနေကြဆဲပါ။

မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ အခွင့်အရေး တန်းတူညီမျှ ရနေပါပြီလားဆိုတဲ့ မေးခွန်းကို အမျိုးသမီးတွေရဲ့ ကိုယ်ပိုင်အဆင့်အတန်းနဲ့ ပင်ကိုယ် အရည်အသွေးတွေ (Right to status & identity) ကို အမျိုးသားတွေနဲ့ တန်းတူလက်ခံ အသိအမှတ်ပြုလာတဲ့ တနေ့၊ အမျိုးသမီးတွေရဲ့ လိင်မှုဆိုင်ရာနဲ့ မျိုးဆက်ပွားခြင်းဆိုင်ရာ အခွင့်အရေးတွေ (Sexual & Reproductive Rights) ကို အမျိုးသမီးတွေ ကိုယ်တိုင် ဆုံးဖြတ်ပိုင်ခွင့်ရလာတဲ့ တနေ့၊
အမျိုးသမီး ဖြစ်ခြင်းကြောင့် သီးသန့်ကြုံတွေ့နေရတဲ့ အကြမ်းဖက်မှု အမျိုးမျိုးကနေ ဘေးကင်းလုံခြုံစွာ နေထိုင်ခွင့် (Rights to security & protection from Violence) ရလာတဲ့ တနေ့၊ တူညီသော အလုပ်အတွက် လုပ်ခလစာနဲ့ အကျိုးခံစားခွင့်၊ တန်ဖိုးထား သတ်မှတ်ချက်တွေ တန်းတူ (Labor- Rights) ဖြစ်လာတဲ့ တနေ့၊ ဘယ်လူမျိုး၊ ဘယ်ဘာသာဝင် အမျိုးသမီးမဆို မြေယာ၊ ပစ္စည်းဥစ္စာနဲ့ အမွေ ဆက်ဆံပိုင်ခွင့်တွေကို အမျိုးသားများကဲ့သို့ ပိုင်ဆိုင်ရယူခွင့် ရှိလာတဲ့တနေ့ (Property & Inheritance Rights)၊ အခြေခံ လူမှုဝန်ဆောင်မှုတွေကို အမျိုးသမီးတွေ အခက်အခဲမရှိ လက်လှမ်းမီရရှိလာတဲ့ တနေ့ (Rights to basic social services)၊ နိုင်ငံရေးနဲ့ အများပြည်သူ ဆိုင်ရာ ဘဝတွေမှာ အမျိုးသားများကဲ့သို့ အချိုးညီ ပါဝင်ဆောင်ရွက်ခွင့် ရလာတဲ့ တနေ့ (Rights to participate in political & public life) ကျတော့မှပဲ ရနေပါပြီလို့ အကြွင်းမဲ့ ဖြေနိုင်မှာ ဖြစ်ပါတယ်။

အမျိုးသမီး အခွင့်အရေးလို့ ပြောလိုက်ရင် အမျိုးသားတွေ ရထားတဲ့အထဲက တချို့တဝက်ကို ခွဲဝေပေးရမှာ မဟုတ်သလို အမျိုးသမီးတွေရဲ့ပါဝင်ဆောင်ရွက်ခွင့် ဆိုတာဟာ အမျိုးသားတွေ လက်ရှိရယူထားတဲ့ နေရာတွေကို ဖယ်ပေးဖို့ တောင်းဆိုနေတာ မဟုတ်ပါ။

လူသားတဦးအနေနဲ့ အမျိုးသားတွေလိုပဲ ရယူခွင့်ရှိပြီးသား ဖြစ်ပေမယ့် ဒီကနေ့အထိ ငြင်းပယ် လျစ်လျူရှုထား ခြင်းခံရတဲ့ အခွင့်အရေးတွေအတွက် အမျိုးသမီးတွေက တောင်းဆိုနေတာ ဖြစ်တယ်။ အမျိုးသမီးတွေကို အပြည့်အဝ အခွင့်အရေးပေးပြီး ပါဝင်ခွင့်ပေးခြင်းအားဖြင့် ဘာတွေ ရလာမှာမို့လို့လဲ ဆိုရင်တော့ စီးပွားရေးဖွံ့ဖြိုး တိုးတက်ပြီး တည်ငြိမ်အေးချမ်းတဲ့ နိုင်ငံအများစုဟာ ကျား၊ မ တန်းတူညီမျှမှုကို အလေးထား ဆောင်ရွက်တဲ့ နိုင်ငံတွေ ဖြစ်တယ်ဆိုတာ တွေ့ရမှာဖြစ်ပါတယ်။

ရာစုနှစ်များစွာ ပြည်တွင်းစစ် ပဋိပက္ခနဲ့ အာဏာရှင် စနစ်ဆိုးကြောင့် နလန်မထူနိုင်ခဲ့တဲ့ နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင်၊ တည်ငြိမ် အေးချမ်းအောင် ပြောင်းလဲ တည်ဆောက်တဲ့နေရာမှာ အမျိုးသမီးတွေရဲ့ အမြင်နဲ့ ပါဝင် ဆောင်ရွက်မှုတွေကို လျစ်လျူရှု ထားခဲ့မယ်ဆိုရင် ရေရှည်တည်တံ့ ခိုင်မာတဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှောင့်နှေး ကြန့်ကြာစေမှာ ဖြစ်ပါတယ်။

နိုင်ငံလူဦးရေ ထက်ဝက်ကျော်ကို ကိုယ်စားပြုတဲ့ အမျိုးသမီးတွေရဲ့ကာယ၊ ဉာဏ်အားကို အပြည့်အဝ ထည့်ဝင် လုပ်ဆောင်စေမယ်ဆိုရင် အမျိုးသားများချည်း လုပ်ဆောင်နေခြင်းထက် ပိုမို အကျိုးရှိ ထိရောက်ပြီး နိုင်ငံတွင်းမှာရှိတဲ့ လူ့စွမ်းအား အရင်းအမြစ်တွေကို အမြော်အမြင်ရှိရှိ အသုံးပြုရာရောက်မှာ ဖြစ်ပါတယ်။

စစ်မှန်တဲ့ ဒီမိုကရေစီစနစ်နဲ့ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် တန်းတူညီမျှ ကျားနဲ့ မ၊ သာတူခွင့်ရေး ဆောင်ရွက်ပေးခြင်းဖြင့် ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့နိုင်ငံကို တည်ဆောက်သွားနိုင်ဖို့ ဆန္ဒပြုပါတယ်။

ကိုးကား
– Human Rights TOT manual by Human Rights Education Institute of Burma (HREIB)
– CARE Myanmar GBV curriculum for DSW

(မေစပယ်ဖြူသည် Gender Equality Network (GEN) ၏ ဒါရိုက်တာ တဦးဖြစ်သည်။)

Loading