တခါတရံမှာ စကားတခွန်းဟာ ဒါဇင်ချီတဲ့ လက်မှတ်ရေးထိုးမှုတွေ ကတိကဝတ်တွေထက် ပိုပြီး သမိုင်းတွင် ကျန်ခဲ့တတ်ပါတယ်။
“ရွှေလက်နဲ့ခေါ်လို့ မလာရင် ဘူးလက်နဲ့ခေါ်မယ်” ဆိုတဲ့ လွှတ်တော်အမတ်ဦးလှဆွေရဲ့ စကားတခွန်းကြောင့် ဘူးလက်လှဆွေဆိုတဲ့ အမည်တွင်ရာကနေ အခုဆိုရင် ဘူးလက်ဂျာနယ်ဆိုပြီး ထွက်လာတဲ့အထိ ဒီနာမည်ဟာပေါက်ခဲ့ပြီ။
ဒါပေမယ့် ဒီစကားဟာ တိုင်းရင်းသားတွေကို အသည်းပေါက်စေခဲ့တဲ့ စကားတခွန်း ဖြစ်ခဲ့တယ်ဆိုတာ ပြောခဲ့တဲ့သူကိုယ်တိုင် သိမှသိပါ့မလားလို့ သံသယဝင်မိတယ်။
၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းက ကချင်ပြည်နယ် လိုင်ဇာဒေသက ဒုက္ခသည်စခန်းတွေကို ရောက်ခဲ့ချိန်မှာ စခန်းတာဝန်ခံ ကချင်ခေါင်းဆောင်တဦးက အဲဒီစကားအသုံးအနှုန်း ကြောင့်ပဲ ဦးသိန်းစိန်အစိုးရ စတင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် သံသယဝင်မိတယ်လို့ ပြောခဲ့ပါတယ်။ အဲဒီအချိန်က လိုင်ဇာဋ္ဌာနချုပ်ရဲ့ နောက်ဆုံးခံတပ်ဖြစ်တဲ့ လိုင်ဇာမြို့ကနေ ၈ ကီလိုမီတာလောက်ပဲဝေးတဲ့ လဝါယန်တောင်ကုန်းနားထိ မြန်မာ့တပ်မတော်က ရောက်နေခဲ့တဲ့အချိန်ပေါ့။
KIA ကချင်စစ်သားတွေဟာ လဝါယန်တောင်ကုန်းပေါ်မှာ ကတုတ်ကျင်းတွေတူးပြီး သူတို့ရဲ့နောက်ဆုံးခံတပ်ကို ကာကွယ်ဖို့ အသင့်စောင့်နေခဲ့ကြတယ်။ မြန်မာ့တပ်မတော်နဲ့ KIA အကြား ၁၉၉၄ ခုနှစ်က လက်မှတ်ရေးထိုးခဲ့ကြတဲ့ အပစ်အခတ်ရပ်စဲရေး စာချုပ်ရဲ့ အကျိုးဆက်ဟာ ဒါပဲလားလို့ ကချင်တပ်ကြပ်ကြီး တစ်ယောက်က မေးခွန်းထုတ်ခဲ့ဖူးတယ်။
တကယ်တော့ ဘူးလက်ဆိုတာ ကမ်းလို့ရတဲ့ လက်တစုံ မဟုတ်ပဲ ယုံကြည်မှုတွေကို ပျက်စီးစေတတ်တဲ့ လူသတ်လက်နက်တွေထဲက ကျည်ဆန်တတောင့်သာ ဖြစ်နေခဲ့တာကိုး။
လက်နက်နဲ့ဖြေရှင်းခြင်းဟာ အဖြေမဟုတ်ဘူးဆိုတာ နှစ် ၇၀ နီးပါးကြာခဲ့တဲ့ ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်မီးက သက်သေပါပဲ။
ပြည်တွင်းစစ်နောက်ခံကား
၁၉၈၈ ခုနှစ်စစ်အာဏာမသိမ်းခင် မဆလအစိုးရလက်ထက်မှာ “ရောင်စုံသူပုန် သောင်းကျန်းသူတွေ”လို့ အစိုးရသတင်းစာတွေမှာ မကြာခဏဖေါ်ပြခံရတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ရှိခဲ့ပါတယ်။ အဲဒီအဖွဲ့တွေထဲမှာ အင်အားအကြီးမားဆုံးနဲ့ ကာလအရှည်ကြာဆုံး ရပ်တည်ခဲ့တဲ့ လက်နက်ကိုင်တပ်ဖွဲ့ လေးဖွဲ့လောက်ပဲ ရှိခဲ့ပါတယ်။ KNU လို့ခေါ်တဲ့ ကရင်အမျိုးသားသမဂ္ဂ၊ KIA လို့ခေါ်တဲ့ ကချင်လွတ်လပ်ရေးတပ်၊ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ SSA လို့ခေါ်တဲ့ ရှမ်းပြည်တပ်မတော်တို့ဖြစ်ကြပြီးတော့ တရုပ်ဗမာနယ်စပ်တလျောက်နဲ့ ထိုင်းဗမာနယ်စပ်တလျောက်တွေမှာ အခြေစိုက်ခဲ့ကြပါတယ်။
ဗြိတိသျှအစိုးရဟာ တောင်တန်းပြည်မ သွေးခွဲအုပ်ချုပ်ရေးနည်း (Divide and Rule) ကို အသုံးပြုပြီး မြန်မာပြည်ကိုအုပ်ချုပ်ခဲ့တယ်လို့ သမိုင်းမှာ သင်ခဲ့ဖူးပါတယ်။
တကယ်တော့ အင်အားကြီးမားတဲ့ရန်သူကို အင်အားချည့်နဲ့သွားအောင် အစည်းပြေ သွားအောင်လုပ်ပြီး အုပ်ချုပ်ဖို့ ကြိုးစားတဲ့ Divide and Rule နည်းလမ်းဟာ စစ်သေနင်္ဂဗျူဟာတရပ်ဆိုရင်လည်း မမှားပါဘူး။ မဆလပါတီကျဆုံးပြီး ၁၉၈၈ နောက်ပိုင်း တက်လာတဲ့ စစ်အစိုးရဟာ Divide and Rule ကို ပိုင်ပိုင်နိုင်နိုင် အသုံးချခဲ့တယ်လို့ ဆိုကောင်းဆိုနိုင်ပါတယ်။
စစ်အစိုးရဟာ အဲဒီအချိန်က အင်အားအကြီးဆုံးလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ၊ SSA နဲ့ KIA တို့ကနေ ခွဲထွက်လာတဲ့ ဝ၊ ကိုးကန့်နဲ့ ကချင်လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ၁၉၈၉ ခုနှစ်မှာ အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုခဲ့ပြီး ရှမ်းပြည်နယ်အတွင်းမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသ ၄ ခု နဲ့ ကချင်ပြည်နယ်အတွင်းမှာ အထူးဒေသ ၁ ခု သတ်မှတ်ပေးခဲ့တယ်။
“ဝလူမျိုးတွေက တကယ်တော့ အခြားသူတွေရဲ့ စစ်ပွဲတွေမှာ အသုံးချခံရတဲ့ နယ်ရုပ်တွေဗျ၊ နေဝင်းအစိုးရနဲ့ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ တိုက်တဲ့တိုက်ပွဲတွေမှာ ဝလူမျိုးတွေကို နှစ်ဖက်စလုံးက အသုံးချပြီး တိုက်ခိုင်းကြတာ၊ ကျနော်တို့လိုအပ်တဲ့ အစားအစာနဲ့ အဝတ်အစားတွေရဖို့ သူများစစ်ကို ဝင်တိုက်ပေးရတာ၊ နောက်ဆုံးတော့ သူများက အသုံးချလို့ ကျနော်တို့ အချင်းချင်း ပြန်တိုက်နေရတာပဲလို့ သဘောပေါက်လာတယ်” လို့ ဝခေါင်းဆောင်တဦးက ပြောထားတာကို စာရေးဆရာ Tom Cramer ရေးတဲ့ United Was State Party: Narco-Army or Ethnic Nationalist Party? စာအုပ်မှာ ဖတ်ခဲ့ဖူးပါတယ်။
၁၉၈၉ ခု နောက်ပိုင်း ပြုလုပ်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးလုပ်ငန်းတွေကို ဗိုလ်ချုပ်ခင်ညွန့် ဦးဆောင်တဲ့ စစ်ထောက်လှမ်းရေးအဖွဲ့တွေကပဲ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
အပစ်အခတ်ရပ်စဲရေး လုပ်လိုက်တာနဲ့ ငြိမ်းချမ်းရေး အလိုအလျောက်ရသွားတာတော့ မဟုတ်ပါဘူး။ လူထုက ရွေးကောက်တင်မြှောက်ထားတာမဟုတ်တဲ့ စစ်အစိုးရတရပ်ဟာ လက်နက်ကိုင်အဖွဲ့အစည်းများနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနိုင်တဲ့ အနေအထားမှာလည်း မရှိခဲ့ပါဘူး။ ဒါပေမယ့် မိတ်ဖက် စီးပွါးရေးလုပ်ငန်းတွေတော့ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်အတော်များများနဲ့ တွဲလုပ်ခဲ့ကြတယ်။
အဲဒီလို ဟိုမရောက်ဒီမရောက် အပစ်အခတ်ရပ်စဲရေးနဲ့ နယ်စပ်ဒေသတွေကို အထူးဒေသတွေအဖြစ် သတ်မှတ်ပေးလိုက်ခြင်းရဲ့ ရလဒ်ဟာ မူးယစ်ဆေး၊ သစ်၊ တွင်းထွက်ကျောက်တွေနဲ့ ရှားပါးတောတွင်းတိရိစ ္ဆာန် အစရှိတဲ့အရာတွေကို တရားမဝင် ကူးသန်းရောင်းဝယ်မှုတွေ ပြုလုပ်ဖို့ လမ်းဖွင့်ပေးလိုက်တာနဲ့ အတူတူပါပဲ။
UNODC ရဲ့သုတေသနမှတ်တမ်းတွေအရဆိုရင် ၁၉၉၀ ပတ်ဝန်းကျင်လောက်ကတည်းက မြန်မာနိုင်ငံမှာ စိတ်ကြွဆေး ထုတ်လုပ်ဖြန့်ချိမှုတွေ အမြောက်အမြား စတင်ခဲ့တာဖြစ်ပြီး၊ မြန်မာ-ယူနန်-ကွမ်ကျိုးလမ်းဟာ မူးယစ်ဆေး အဓိကဖြန့်ချိတဲ့ လမ်းကြောင်းတခု ဖြစ်တယ်လို့ လေ့လာရပါတယ်။
၁၉၈၉ ကနေ ၂၀၁၂ အတွင်း မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေအကြား အပစ်အခတ်ရပ်စဲရေးတွေ ပြုလုပ်ခဲ့ကြရာက ပေါ်ပေါက်လာခဲ့တဲ့ နောက်ဆက်တွဲအကျိုးဆက်ကတော့ အင်အားကြီးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ တွေကနေ ခွဲထွက်လာတဲ့ လက်နက်ကိုင်အဖွဲ့ငယ်လေးတွေ အလျှိုအလျှိုပေါ်ပေါက် လာတာပါပဲ။
၁၉၈၈ မတိုင်ခင်က အင်အားကြီးလက်နက်ကိုင်တပ်ဖွဲ့ လေးဖွဲ့လောက်ပဲရှိခဲ့ရာကနေ လက်ရှိမှာတော့ နယ်ခြားစောင့်တပ်ဖွဲ့၊ ပြည်သူ့စစ်အဖွဲ့၊ အထူးအစီအစဉ်နဲ့ ဖွဲ့စည်းထားတဲ့အဖွဲ့ အစရှိသဖြင့် အသွင်မျိုးစုံနဲ့ လက်နက်ကိုင်အဖွဲ့ပေါင်း ၃၀ ကျော်လောက် ရှိလာပါတယ်။
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ (Myanmar Peace Monitor) က ထုတ်ပြန်တဲ့စာရင်းဇယားတွေအရ အဲဒီထဲက ၁၃ ဖွဲ့ဟာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိထားပြီး၊ လက်ရှိဆက်တိုက်နေတာက လေးဖွဲ့လောက်ရှိပါတယ်၊ ကျန်အဖွဲ့တွေကတော့ နယ်ခြားစောင့်တပ်ဖွဲ့၊ ပြည်သူ့စစ်အဖွဲ့တွေအနေနဲ့ အသွင်ပြောင်းထားကြပါတယ်။
၁၉၈၈ နောက်ပိုင်း စာရင်းဇယားများအရ ပြည်တွင်းစစ်ကြောင့် နေရပ်စွန့်ခွါထွက်ပြေး လာကြရတဲ့ စစ်ပြေးဒုက္ခသည်ပေါင်း ၄သိန်းခန့်ဟာ ပြည်တွင်းမှာရော ပြည်ပဒုက္ခသည် စခန်းများမှာပါ ရောက်ရှိနေကြပါတယ်။
မြန်မာပြည်ရဲ့ပြည်တွင်းစစ်နဲ့ နိုင်ငံရေးလူမျိုးရေး ပဋိပက္ခတွေကြားမှာ သေဆုံးခဲ့ရသူ ပြည်သူပေါင်းဟာ တသိန်းသုံးသောင်းကနေ နှစ်သိန်းခွဲလောက်ထိရှိခဲ့ပြီလို့ အမေရိကန်နိုင်ငံ မန်ဆာချူးဆက်တက္ကသိုလ် နိုင်ငံရေး စီးပွါးရေး သုတေသနအင်စတီကျုက ပြုလုပ်တဲ့ Modern Conflicts Database စာတမ်းနဲ့ ပြင်သစ်ဘာသာနဲ့ ပြုစုထားတဲ့ သုတေသနစာတမ်းတစောင်မှာ ဖတ်ရှုရပါတယ်။
ယုံကြည်မှုတည်ဆောက်ခြင်း
နှစ်ငါးဆယ်ကျော် ပြည်တွင်းစစ်မီးတောက်လောက်ခဲ့တဲ့ ကိုလံဘီယာနိုင်ငံမှာလည်း အစိုးရနဲ့ FARC လက်နက်ကိုင်တပ်ဖွဲ့အကြား အပစ်အခတ်ရပ်စဲရေးနဲ့ အပြီးတိုင် လက်နက်စွန့်ဖို့ ငြိမ်းချမ်းရေးသဘောတူညီချက်ကို ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းလောက်မှ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် ဘန်ကီမွန်းနဲ့ လက်တင်အမေရိကနိုင်ငံများက သမ္မတများ ရှေ့မှောက်မှာ လက်မှတ်ထိုးခဲ့ပါတယ်။
အဲဒီ သမိုင်းဝင်ငြိမ်းချမ်းရေးသဘောတူညီချက်ရဲ့ သော့ချက်က FARC လက်နက်ကိုင်တပ်ဖွဲ့ ဟာ လက်ရှိ ကိုလံဘီယာသမ္မတ Juan Manuel Santos ကို “ယုံကြည်ကိုးစားဖွယ် လက်တွဲဖေါ်” အနေနဲ့ သတ်မှတ်ခဲ့လို့ပဲ ဖြစ်ပါတယ်တဲ့။
မြန်မာနိုင်ငံမှာ ပြည်သူအများစုရဲ့ ထောက်ခံမဲတွေနဲ့ ရွေးချယ်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရသစ် တက်လာလာခြင်း ဦးစားပေးဆောင်ရွက်တဲ့လုပ်ငန်းတွေထဲမှာ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ထိပ်ဆုံးက ပါဝင်ပါတယ်။ ရက် ၁၀၀ အတွင်းမှာကိုပဲ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ရာစုပင်လုံ ကျင်းပဖို့၊ တိုင်းရင်းသားအဖွဲ့များနဲ့ လက်နက်ကိုင်အဖွဲ့အစည်း ပေါင်းစုံပါဝင်နိုင်ဖို့တို့ကို အရှိန်အဟုန်နဲ့ပြုလုပ်နေတာ တွေ့ရပါတယ်။
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်တွင်းစစ် နှစ် ၇၀ ကျော် အတွင်းမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် လက်နက်ကိုင်အဖွဲ့အစည်းများနဲ့ ဦးဆောင်ဆွေးနွေးတဲ့ ပထမဦးဆုံး အရပ်သားခေါင်းဆောင် အမျိုးသမီးတယောက် ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များနဲ့ တွေ့ဆုံတဲ့နေရာမှာ သုံးတဲ့အသုံးအနှုန်းတွေကို အထူးသတိထားတာ တွေ့ရပါတယ်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့နဲ့ ဂျွန်လကုန်ပိုင်းက နေပြည်တော်မှာ တွေ့ဆုံချိန်မှာလည်း “နောင်မျိုးဆက်တွေအတွက် ထားခဲ့ရမယ့် အကောင်းဆုံး အမွေအနှစ်ဆိုတာ ငြိမ်းချမ်းရေးပါပဲ။ ကျမတို့ နိုင်ငံဟာ ငြိမ်းချမ်းမှ တိုးတက်နိုင်မှာပါ။ မငြိမ်းချမ်းတဲ့ နိုင်ငံဟာ တိုးတက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ညီညွှတ်မှ ငြိမ်းချမ်းနိုင်မှာပါ။ ဒါ့ကြောင့် ကျမတို့က ညီညွှတ်ရေးကို ရှာဖွေရမယ်။ ညီညွှတ်ရေးကို အခြေခံတဲ့ ငြိမ်းချမ်းရေးကို ဆောက်တည်ရမယ်” လို့ဆိုခဲ့ပါတယ်။
သူပြောခဲ့တဲ့စကားတွေထဲက “ညီညွတ်ရေးကို အခြေခံသည့် ငြိမ်းချမ်းရေး”၊ “လျှို့ဝှက်ရည်မှန်းချက်များ မရှိ”၊ “ရင်းနှီးသော မိသားစုဝင်များအဖြစ် တွေ့ဆုံ” စတဲ့စကားလုံးတွေကို ကြည့်ခြင်းအားဖြင့် အစိုးရနဲ့ တိုင်းရင်းသားတွေကြား ယုံကြည်မှုတည်ဆောက်ဖို့ကို အထူးအလေးထားကြောင်း တွေ့နိုင်ပါတယ်။
အရင်စစ်အစိုးရလက်ထက်က သုံးခဲ့တဲ့ Divide and Rule ဗျူဟာကြောင့် မြန်မာနဲ့ တိုင်းရင်းသားတွေကြား ယုံကြည်မှု ပျက်ပြားခဲ့ရတာတွေကို ပြန်လည်တည်ဆောက် ဖို့ကြိုးစားတဲ့ ပထမဆုံးခြေလှမ်းတွေလို့လည်း ပြောလို့ရနိုင်ပါလိမ့်မယ်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် သူ့လက်ထဲမှာ ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်ထားနိုင်တာဆိုလို့ မဲဆန္ဒရှင်တိုင်းရင်းသားပြည်သူများက ယုံယုံကြည်ကြည်နှင်းအပ်လိုက်တဲ့ အခွင့်အာဏာ တစ်ခုပဲရှိပါတယ်။
လက်နက်ကိုင်ထားတဲ့သူ အချင်းချင်း ညှိနှိုင်းကြတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေဟာ လက်နက်ကိုင်အဖွဲ့အစည်းများရဲ့ ရေရှည်ရပ်တည်မှု နဲ့ အကျိုးစီးပွါးအပေါ် အခြေခံပြီး အပေးအယူ လုပ်ကြရတာပါ။
အရပ်သားအစိုးရနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကြား ညှိနှိုင်းကြတဲ့အခါမှာတော့ “အပြစ်မဲ့ပြည်သူတွေရဲ့ ရေရှည်ရပ်တည်မှုနဲ့ အကျိုးစီးပွါး” ကိုသာ ဘုံထားပြီး အပေးအယူလုပ်မှ အောင်မြင်နိုင်မှာပါ။
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)က သတင်းစာရှင်းလင်းပွဲလုပ်ရာမှာ ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့တဲ့ “ဖက်ဒရယ်ပြည်ထောင်စုတစ်ခု ဖြစ်ပေါ်ရန် မိမိတို့ ဘာပေးနိုင်မလဲဆိုသည့် စေတနာ အပြည့်အ၀ ထားရန်”တိုက်တွန်းထားတဲ့ စကားတခွန်းကို “တိုင်းရင်းသားများအနေဖြင့် တောင်းစရာလည်းမရှိသလို ပေးစရာလည်း မကျန်တော့”လို့ ပြောဆိုသွားခဲ့တာ ရှိပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ တိုင်းရင်းသားများကို တန်းတူရည်တူ အခွင့်အရေးပေးဖို့၊ အသိအမှတ်ပြုဖို့နဲ့ တိုင်းရင်းသားပြည်သူတွေရဲ့ အသက် အိုးအိမ်စည်းစိမ် လုံခြုံမှုနဲ့ အကျိုးစီးပွါးအတွက် “တောင်းဆိုမှုတွေပြုလုပ်ဖို့” လိုကို လိုအပ်ပါတယ်။
အဲသလိုပဲ မဲဆန္ဒရှင်တိုင်းရင်းသားပြည်သူများက နှင်းအပ်လိုက်တဲ့ အခွင့်အာဏာရထားတဲ့ အစိုးရသစ်နဲ့လက်တွဲပြီး မိမိတို့ဒေသက တိုင်းရင်းသားပြည်သူများရဲ့ အကျိုးစီးပွါးကို ဘယ်လိုသယ်ပိုးသွားကြမလဲလို့ စဉ်းစားဖို့လည်း လိုအပ်လာပါပြီ။
မိမိတို့ သွေးရင်းတိုင်းရင်းသားများရဲ့ အနာဂါတ်အတွက် မိမိတို့ကိုယ်တိုင်ပေးစရာ လက်ဆောင်တခု ရှိနေပါသေးသည်။
အဲဒါကတော့ မြေပေါ်မြေအောက်တွင်းထွက် သယံဇာတများစွာထက် အဖိုးထိုက်တန်လှတဲ့ “ငြိမ်းချမ်းရေးအမွေအနှစ်” ပဲ မဟုတ်ပါလား။
(မွန်မွန်မြတ်သည် ရန်ကုန်အခြေစိုက် အမျိုးသမီး စာရေးဆရာ၊ သတင်းစာဆရာ တဦးဖြစ်သည်)