မြန်မာ့ လိုအပ်ချက်ကို သယံဇာတ ဝင်ငွေဖြင့် ပေးချေနိုင်သည်
This article has been converted from Zawgyi One to Unicode
ယခုနှစ်က မြန်မာနိုင်ငံအတွက် အရေးကြီးသော နှစ်တနှစ်ဖြစ်ပါသည်။ မျှော်လင့်ချက်များ အလွန်မြင့်မားနေချိန်တွင် အစိုးရသစ်သည် ကျပ်ငွေ ၂၀ ထရီလီယံကျော် ဘတ်ဂျက်ကို မြန်မာပြည်သူတို့အတွက် ထင်သာမြင်သာ အကျိုးအမြတ်များအဖြစ်သို့ သူတို့ပြောင်းလဲပေးနိုင်ကြောင်း သက်သေပြရမည့် ကြီးမားသော ဖိအားအောက်တွင် ရှိနေသည်။ အဆိုပါ ရည်မှန်းချက်ကို ရရှိရန် အထောက်အကူဖြစ်စေမည့် အရေးပါသော ပြုပြင်ပြောင်းလဲမှုများ အကောင်အထည် ဖော်နေသော်လည်း လွယ်ကူမည်တော့ မဟုတ်ပါ။
ဥပမာ အစိုးရက ဘတ်ဂျက်ခွဲဝေချထားမှု နည်းလမ်းသစ်တခုကို ကျင့်သုံးခဲ့သည်။ အဆိုပါ စနစ်အရ ယခုအခါ ဝန်ကြီးဌာနများကြားတွင် ငွေကြေးကို ပိုမိုကြောင်းကျိုးဆီလျော်စွာ ချထားပေးနိုင်ပြီး ဝန်ကြီးဌာန၏ သုံးစွဲမှုကို ရနိုင်သည့် အရင်းအမြစ်ပေါ်တွင် အခြေခံ၍ သတ်မှတ်ထားသည်။ ၃ နှစ်စာ ဝင်ငွေကြိုတင်ခန့်မှန်းချက်ကြောင့်လည်း တစိတ်တပိုင်း ဖြစ်ပါသည်။ ရလဒ်အနေဖြင့် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးဝန်ဆောင်မှုများတွင် တိုးတက်လာခဲ့သည်။ အောက်ခြေ ကနဦးအဆင့်မှ မစတင်နိုင်ခဲ့သော်လည်း ပြည်နယ်နှင့် တိုင်းအစိုးရအဖွဲ့များကို ဘတ်ဂျက် ပိုမိုချထားပေးနိုင်ခဲ့သည်။
ပြုပြင်ပြောင်းလဲရေးအတွက် ဝင်ငွေခွန်နှင့် ကုန်သွယ်ခွန်များ တိုးမြှင့်ခဲ့သည်။ အစိုးရအတွက် အသုံးစရိတ်များ အပါအဝင် အထွေထွေ ဝန်ဆောင်မှု သုံးစွဲမှုများကိုလည်း ဖြတ်တောက်ခဲ့သည်။ ကာကွယ်ရေး အသုံးစရိတ်ကလည်း ၂၀၀၉ ခုနှစ်မှ စ၍ သိသိသာသာ တိုးတက်လာခဲ့သည်။
အဆိုပါပြောင်းလဲမှုများက တိုးတက်မှု၏ သင်္ကေတဖြစ်နေသည့် အချိန်တွင် သဘာ၀ သယံဇာတ အဓိက အားဖြင့် ရေနံ၊ သဘာဝဓာတ်ငွေ့၊ တွင်းထွက်နှင့် ကျောက်မျက်ရတနာများမှ ရရှိသည့် ဝင်ငွေများကို အသေးစိတ် စစ်ဆေးမှု မလုပ်ဘဲ ကျော်လွှားသွားခြင်းက ဘဏ္ဍာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို အနည်းဆုံး ၃ နေရာတွင် ခက်ခဲစေခဲ့သည်။
ပထမဆုံး အနေဖြင့် ဥပမာ သဘာဝအရင်းအမြစ် ကဏ္ဍမှ ကောက်ခံရရှိသည့် အစိုးရဝင်ငွေ အများစုကို လူမှုဝန်ဆောင်မှုများ သို့မဟုတ် အခြေခံအဆောက်အဦးများတွင် သုံးစွဲခဲ့ခြင်း မရှိပါ။ ထိုသို့ ပြုလုပ်မည့်အစား မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း၊ မြန်မာ့ကျောက်မျက်လုပ်ငန်း ကဲ့သို့သော အစိုးရပိုင် စီးပွားရေး လုပ်ငန်းကြီးများက သဘာ၀ သယံဇာတမှ ရရှိသည့် အလွန်များပြားသော ဝင်ငွေများကို “သီးခြားငွေစာရင်းများ” ဖြင့် ထိန်းသိမ်းထားသည်ကို တွေ့ရသည်။
သီးခြားငွေစာရင်း အချို့က တဆင့်ခံ ကန်ထရိုက်များ၊ နိုင်ငံတကာ အလှူရှင်များအတွက် ငွေပေးချေသည့် ယန္တယားများ အဖြစ် ဆောင်ရွက်နေချိန်တွင် အခြားငွေစာရင်းများက များပြားလှသည့် ဘဏ္ဍာငွေများကို မြန်မာ့စီးပွားရေး ဘဏ်တွင် အပ်နှံထားပြီး စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် စာရင်းစစ်ချုပ်ရုံးမှ အချို့သော သူများသာ ပြန်လည်ဆန်းစစ်ခြင်း ပြုလုပ်နိုင်ခဲ့သည်။ မြန်မာနိုင်ငံသားများမှာ ထိုငွေကြေးများကို မည်သို့ သုံးစွဲနေသည် သို့မဟုတ် မည်သူက အကျိုးခံစားနေရသည်ကို စောင့်ကြည့်နိုင်ခြင်း မရှိခဲ့ပါ။ တရားဝင် သတင်းအချက်အလက် မရှိသော်လည်း ကျနော်တို့၏ ခန့်မှန်းချက်အရ မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း (MOGE) ၏ သီးခြားငွေစာရင်းများတွင် ကျပ်ငွေ ၄.၆ ထရီလီယံ (အမေရိကန် ဒေါ်လာ ၃.၉ ဘီလီယံ) ခန့် ရှိနိုင်ပါသည်။
သီးခြားငွေစာရင်းများ၏ ပွင့်လင်းမြင်သာမှု ကင်းမဲ့ခြင်းအပြင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း၊ မြန်မာ့ ကျောက်မျက်လုပ်ငန်းနှင့် အခြား အစိုးရပိုင် စီးပွားရေး လုပ်ငန်းများ အနေဖြင့် ထိုကဲ့သို့ ကြီးမားသည့် ငွေပမာဏမျိုးကို ထိန်းသိမ်းထားရန် သင့် မသင့် မေးခွန်းထုတ်စရာ ဖြစ်လာသည်။ ၂၀၁၃-၁၄ ခုနှစ် တွင် မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း (MOGE) က ကျပ်ငွေ ၁.၃ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁.၁ ဘီလီယံ) ကျော်ကို သီးခြားငွေစာရင်းများသို့ လွှဲပြောင်းပြေးခဲ့သည်။ ထိုပမာဏမှာ တိုင်းပြည်တခုလုံး၏ ပညာရေး သို့မဟုတ် ကျန်းမာရေး အသုံးစရိတ်ထက် များပြားသော ပမာန ဖြစ်ပါသည်။
သို့သော်လည်း MOGE သည် မြန်မာနိုင်ငံ၏ ရေနံတူးဖော်မှုလုပ်ငန်း အများစုကို အော်ပရေတာ အဖြစ် တာဝန်ယူ စီမံ ခန့်ခွဲနေခြင်း မရှိပါ။ ထို့ကြောင့် ကြိုတင်ခန့်မှန်း၍ မရနိုင်သည့် ရှာဖွေရေး လုပ်ငန်းများတွင် ငွေကြေး အမြောက်အများ ရင်းနှီးမြှုပ်နှံရန် မလိုအပ်သလို ရှုပ်ထွေးသော ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများအတွက် များပြားသော ငွေကြေးများ လက်ဝယ်ထား ရှိရန်လည်း မလိုအပ်ပါ။
လက်ရှိအချိန်တွင် ပြည်ထောင်စုလွှတ်တော် နှင့် ပြည်သူ့အကျိုးစီးပွား ဆောင်ရွက်နေသည့် အဖွဲ့အစည်းများမှာ အဆိုပါ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းကြီးများက ပြန်လည်ရင်းနှီးမြှုပ်နှံရန် ရည်ရွယ်ချက်ဖြင့် မည်မျှလောက်အထိ ထိန်းသိမ်းထား သင့်ကြောင်း သို့မဟုတ် ၎င်းတို့၏ ဘတ်ဂျက်ကို အတည်ပြုပေးရေးအတွက် ပြည်ထောင်စုလွှတ်တော်သို့ ကြီးမားသည့် အခွင့်အာဏာပေးရန် စနစ်ကို မည်သို့ပြောင်းလဲသင့်သည်ဆိုသည်ကို အကြံပေးရန်အတွက် လုံလောက်သော သတင်း အချက်အလက်များ ရှိမနေပါ။
သို့သော်လည်း ရရှိထားသည့် သတင်းအချက်အလက်များ (အစိုးရပိုင် စီးပွားရေးလုပ်ငန်းတခုအား သုံးစွဲမှုထက် များစွာ ကျော်လွန်သည့် ငွေများကို ထိန်းသိမ်းခွင့်ပေးထားကြောင်း ညွှန်ပြနေသည့် အချက်များ) က MOGE သည် ၎င်းတွင် အခွင့် အာဏာရှိသည်ထက် များစွာ ကျော်လွန်၍ ထိန်းသိမ်းထားခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြနေသည်။ အကယ်၍ အဆိုပါငွေကြေးများ၏ အစိတ်အပိုင်းအများစုကို လူမှုဝန်ဆောင်မှုများ သို့မဟုတ် အခြေခံအဆောက်အဦး အတွက် သုံးစွဲခဲ့လျှင် သို့မဟုတ် ဘဏ္ဍာရေး လိုငွေပြမှုကို ဖြေရှင်းရာတွင် အသုံးချခဲ့လျှင် မြန်မာပြည်သူများအတွက် ပိုမို အကျိုးရှိမည် ဖြစ်သည်။
ဒုတိယအချက် အနေဖြင့် လက်ရှိအချိန်တွင် အစိုးရက ဘဏ္ဍာရေး လိုငွေပြမှုကို GDP ၏ ၅ ရာခိုင်နှုန်း အဖြစ် ကန့်သတ် ထားခြင်းမှာ မြန်မာကဲ့သို့ သဘာဝအရင်းအမြစ် ကြွယ်ဝပြီး ကြွေးမြီနှင့် GDP အချိုး ရာခိုင်နှုန်း နိမ့်သည့် နိုင်ငံတခုအတွက် သင့်တော်ခြင်း မရှိပါ။ အလွန်အကျွံ သုံးစွဲခြင်းကို အစိုးရ၏ အဓိက စိုးရိမ်သည်မှာ မှန်ပါသည်။ လက်ရှိ လုပ်နည်းလုပ်ဟန်မှာ စီးပွားရေးပညာရှင်များက (pro-cyclical) ဟုခေါ်သည့် GDP မြင့်သည့် အချိန်တွင် ပိုမိုသုံးစွဲပြီး GDP ကျဆင်း သည့် အချိန်တွင် သုံးစွဲမှုကို ဖြတ်တောက်သည့် မူဝါဒဖြစ်သည်။
ထိုသို့ဆောင်ရွက်ခြင်းက မက်ခရိုစီးပွားရေး စီမံခန့်ခွဲမှု၏ အခြေခံ အချက်များကို ဆန့်ကျင်နေသည်သာမက ရေနံ၊ သဘာ၀ ဓာတ်ငွေ့နှင့် တွင်းထွက်များမှ ဝင်ငွေပေါ်တွင်သာ မှီခိုနေရသော နိုင်ငံတခု အတွက် အန္တရာယ် ရှိပါသည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့ဈေးနှုန်းများ ကျဆင်းခြင်းကြောင့် ၂၀၁၄-၁၅ တွင် အစိုးရ၏ ဝင်ငွေ ကျပ် ၆၀၀ ဘီလီယံနီးပါး ကျဆင်းသွားခဲ့ရသည်။ သို့သော် ဥပဒေက အဆိုပါ ကျဆင်းမှုကို ကာမိစေရန် ငွေချေးယူမှုအား ယာယီတိုးမြှင့်ရန် ခွင့်ပြုမထားခဲ့ပါ။
အခြေခံ အဆောက်အဦးနှင့် လူမှုဝန်ဆောင်မှုတွင် အသုံးချခြင်းဖြင့် သိသာထင်ရှားသော စီးပွားရေးတိုးတက်မှုကို ဖန်တီး ပေးနိုင်သည့် နိုင်ငံတခုအတွက်မူ လက်ရှိ ဥပဒေက မဆီလျှော်ပါ။ ကမ္ဘာ့ဘဏ်၏ အဆိုအရ ၂၀၁၄ ခုနှစ်က မြန်မာ နိုင်ငံတွင် ကျန်းမာရေးစောင့်ရှောက်မှုအတွက် သုံးစွဲမှုက လူတဦးလျှင် အမေရိကန်ဒေါ်လာ ၂၀ ရှိခဲ့ရာ ကမ္ဘောဒီးယားတွင် ၆၁ ဒေါ်လာ၊ ဗီယက်နမ်နိုင်ငံတွင် ၁၄၂ ဒေါ်လာ နှင့် ထိုင်းနိုင်ငံတွင် ၃၆၀ ဒေါ်လာ ရှိခဲ့သည်နှင့် နှိုင်းယှဉ်ကြည့် နိုင်ပါ သည်။ အလွန်အကျွံ ငွေချေးယူခြင်း၏ အန္တရာယ်များအပေါ် အာရုံစူးစိုက်နေမည့်အစား အစိုးရအနေဖြင့် စီးပွားရေး အတက်အကျ ဖြစ်ခြင်း၏ မရေရာမှုများကို ကာကွယ်ရန် နှစ်အလိုက် သုံးစွဲမှုများကို ချောမွေ့အောင် ပြုလုပ်ခြင်းနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး စီးပွားရေးတိုးတက်မှုတို့ကို ဖြစ်စေမည့် နေရာများတွင် ပိုမို သုံးစွဲခြင်းများ ပြုလုပ်နိုင်ပါသည်။
တတိယအနေဖြင့် မြန်မာအစိုးရက သဘာဝအရင်းအမြစ် ကဏ္ဍမှနေ၍ ကောက်ခံသင့်သည့် ငွေကြေးများကို ကောက် ခံခြင်း မရှိပါ။ ထိုသို့ဖြစ်ရသည့်အတွက် အကြောင်းပြချက်များစွာ ရှိပါသည်။ တခုမှာ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန လက်အောက်ရှိ ပြည်တွင်း အခွန်များဦးစီးဌာနတွင် အရင်းအမြစ် နည်းပါးနေပြီး ရေနံနှင့် သယံဇာတ တူးဖော်ရေး ကုမ္ပဏီများကို စနစ်တကျ စာရင်းစစ်ရန် စွမ်းဆောင်ရည် မရှိခဲ့ပါ။ အခြားနိုင်ငံများမှ ၎င်းနှင့် အလားတူ အဖွဲ့အစည်း များ နှင့် နှိုင်းယှဉ်ကြည့်လျှင် ပြည်တွင်း အခွန်များဦးစီးဌာနသည် ၎င်း၏ တာဝန်ကို ထမ်းဆောင်ရန် လိုအပ်သည့် ဘတ်ဂျက် ပမာန၏ ၈ ပုံ ၁ ပုံသာ ရရှိသည်ကို တွေ့ရပါသည်။ ကျွမ်းကျင်သူများက ပြည်တွင်းအခွန်များ ဦးစီးဌာနကို သင့်တော်သည့် ရံပုံငွေ ချထားပေးခြင်းအားဖြင့် ရင်းနှီးမြှုပ်နှံမှုများမှ အစိုးရအတွက် ရာခိုင်နှုန်း ၁၀၀၀ (တထောင်) ကျော် ပြန်လည်ရရှိနိုင် မည်ဟု ဆိုကြသည်။
ထို့ပြင် ပြည်တွင်း အခွန်များ ဦးစီးဌာနသည် အခွန်နှုန်းထားများနှင့် အခွန်သက်သာခွင့်တို့ကို အနီးကပ် ထိန်းချုပ်နိုင်ခြင်း မရှိဘဲ ၎င်းတို့ကို ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နှင့် သတ္တုတွင်း ဝန်ကြီးဌာနတို့ကသာ ဆုံးဖြတ်နေခြင်း ဖြစ်သည်။ ကန်ထရိုက်စာချုပ်များကလည်း ပြည်သူလူထုအတွက်သာမက အခြားသော ဝန်ကြီးဌာနများအတွက်ပင် ပွင့် လင်းမြင်သာမှု မရှိဘဲ ဖြစ်နေသည်။
ပြည်တွင်း အခွန်များဦးစီးဌာန အနေဖြင့် ရင်းနှီးမြှုပ်နှံမှုဆွဲဆောင်ရေးတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်နေပြီး နိုင်ငံရေးအရ ထိန်းချုပ်ထားသည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်နှင့်လည်း ဟန်ချက်ညီမျှစွာ ဆောင်ရွက်နိုင်မှု အလွန်နည်းပါးသည်။ အခွန်သက်သာခွင့်ကို ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ပေးထားခြင်းက အစိုးရအတွက် ကျပ်ငွေ ဘီလီယံနှင့် ချီ၍ နစ်နာခဲ့သည့် အသွင်ရှိသည်။ ထို့ကြောင့် အစိုးရက သဘာဝအရင်းအမြစ်ကဏ္ဍမှ အကျိုးအမြတ် မျှတစွာ ရရှိခြင်း ရှိ၊ မရှိ နှင့် ပတ်သက်၍ မသဲမကွဲဖြစ်နေသည်။
ထို့ပြင် တွင်းထွက်လုပ်ငန်း ကဏ္ဍ (အထူးသဖြင့် အကျိုးအမြတ်များပြားသည့် ကျောက်မျက်ဈေးကွက်) မှ မှောင်ခိုကူးခြင်း နှင့် လုံလောက်သော သတင်းအချက်အလက် မရရှိခြင်းတို့ကြောင့် တခါတရံတွင် သတ္တုနှင့် ကျောက်မျက် အမှန်တကယ် တူးဖော်ထုတ်ယူမှု တန်ဘိုး၏ ၁၀ ရာခိုင်နှုန်း ခန့်ကိုသာ သိရှိရသည်။ အကယ်၍ ထုတ်လုပ်မှု အတိုင်းအတာ၏ တစိတ် တဒေသမျှကို ကြေညာပြီး သင့်တော်သော နှုန်းထားဖြင့် အခွန်ဆောင်ခဲ့သည်ဆိုလျှင်ပင် ကျန်သည့် တရားမဝင် လုပ်ဆောင်မှုများကြောင့် အစိုးရအတွက် နှစ်စဉ် ကျပ်ငွေ ထရီလီယံ နှင့် ချီ၍ နစ်နာဆုံးရှုံးမည် ဖြစ်သည်။ မကြေညာသည့် ကျောက်စိမ်းထုတ်လုပ်ရေးတခုတည်းက နှစ်စဉ် အခွန် ကျပ်ငွေ ၁၇.၅ ထရီလီယံ ကျော်ရှိနိုင်ပါသည်။ တိကျသေချာသော စာရင်းအင်းများ ရှိအောင် ဆောင်ရွက်ခြင်းအားဖြင့် နှစ်စဉ် အခွန် ကျပ်ငွေ ထရီလီယံပေါင်းများစွာ ရရှိနိုင်ပြီး ကျန်းမာရေး စောင့်ရှောက်မှုနှင့် ပညာရေး ဘတ်ဂျက် အတွက် လုံလောက်နိုင်မည် ဖြစ်ပါသည်။
အစိုးရ၏ ပြုပြင်ပြောင်းလဲရေးများက လမ်းကြောင်းမှန်ပေါ်တွင် ရှိနေပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရလက်ထက် လူမှုဘဝကောင်းမွန်ရေး အစီအစဉ်များနှင့် ပတ်သက်၍ သုံးစွဲမှုများ တိုးမြင့်လာမည်ဟု မျှော်လင့်ရသည်။ သို့သော်လည်း ငွေကြေးပမာနက များပြားသည့်အတွက် အစိုးရအနေဖြင့် သဘာ၀ အရင်းအမြစ်ကဏ္ဍ၏ အသေးစိတ် အကြောင်းအရာများကို အထူး အလေးပေးရမည် ဖြစ်ပါသည်။
မက်ခရို စီးပွားရေး စီမံခန့်ခွဲမှုကို အလေးပေးခြင်းနှင့် အတူ အစိုးရအနေဖြင့် တနှစ်ချင်း အလိုက် သုံးစွဲမှုကို လျှင်မြန်ချောမွေ့ စေနိုင်မည့် မူဝါဒတရပ်ကို အကောင်အထည် ဖော်နိုင်ပါသည်။ စီးပွားရေး အတက် အကျ စက်ဝန်းကို ကာကွယ်ခြင်းလည်း ဖြစ်သည်။ MOGE နှင့် MGE တို့၏ သီးခြားငွေစာရင်းများကိုလည်း ပိုမို၍ ပွင့်လင်းမြင်သာမှုရှိအောင် ပြုလုပ်နိုင်ပါသည်။ ကျန်းမာရေး၊ ပညာရေးနှင့် အခြေခံအဆောက်အဦး ကဏ္ဍများသို့ ငွေကြေးပိုမိုထောက်ပံ့ ပေးမည့်အစား MOGE နှင့် MGE တို့က ငွေကြေးအများအပြားကို ထိန်းသိမ်းထားခြင်းကိုလည်း ပြန်လည် သုံးသပ်နိုင်ပါသည်။ ငွေစာရင်း များကို စစ်ဆေးနိုင်ရန် ပြည်တွင်း အခွန်များ ဦးစီးဌာနသို့ အရင်းအမြစ်များ ပိုမိုထောက်ပံပေးခြင်း အားဖြင့်လည်း အခွန် ကောက်ခံမှုကို တိုးတက်ကောင်းမွန်လာအောင် ပြုလုပ်နိုင်ပါသည်။
နောက်ဆုံး အနေဖြင့် ကျောက်မျက်ထုတ်လုပ်ရေးကို စောင့်ကြည့်မှု တိုးတက်လာအောင် ပြုလုပ်ခြင်းနှင့် တရားမဝင် တူးဖော်မှုများကို တရားဝင်စနစ်တခုအတွင်းသို့ ရောက်ရှိလာအောင် ဆောင်ရွက်ခြင်းများဖြင့် အလွန်လိုအပ်နေသည့် ဘဏ္ဍာငွေများ ရရှိနိုင်ပါသည်။ အဆိုပါ မူဝါဒများက အများပြည်သူအတွက် ငွေသုံးစွဲမှု ဆုံးဖြတ်ချက်များ အရည်အသွေး တိုးတက် ကောင်းမွန်လာစေမည် ဖြစ်သလို သဘာဝအရင်းအမြစ်မှ ရရှိသည့် ဘဏ္ဍာငွေတိုးတက်လာစေခြင်းက တိုင်းပြည်အတွက် အလိုအပ်ဆုံး အရာများ ရရှိလာစေရန် အထောက်အကူ ပေးနိုင်ပါလိမ့်မည်။
(Andrew Bauer သည် Natural Resource Governance Institute (NRGI) မှ အကြီးတန်းစီးပွားရေး ပညာရှင် တဦးဖြစ်ပြီး Matthieu Salomon သည် (NRGI) ၏ မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာ ဖြစ်ပါသည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသော Natural Resources Can Pay for Burma’s Needs ကို ဘာသာပြန်သည်)